အပိုင်း၃၅
Viewers 6k

🥰 Chapter 35 ✅



မင်လျိုရီသည် ယောင်ကွေဒေါသထွက်မည်စိုးသောကြောင့် သူ၏ နောက်ကျောကို နှစ်သိမ့်သည့်အနေဖြင့် ပုတ်ပေးလိုက်သည်။ ထိုနောက် အိမ်အကူများထဲမှ ရင်းနှီးသည့် မျက်နှာတစ်ချို့ကို ရွေးထုတ်လိုက်သည်။ 


အိမ်မှာဆက်ခေါ်ထားမည်သူထဲတွင် ကျန်းချွမ် ပါသောအခါ ယောင်ကွေက မျက်မှောင်ကျုံ့လိုက်သည်။ 


"ပီလောပီနံဆန်ပြုတ်ကို ချက်တာသူမလား နမော်နမဲ့ရှိလိုက်တာ ဘာလို့သူ့ကိုခေါ်ထားမှာလဲ" 


"မဟုတ်ပါဘူး အဖေ" 


မင်လျိုရီက ရှင်းပြလိုက်သည်။ 


"ကျန်းချွမ်က နေ့လယ်စာနဲ့ ညစာကို တာဝန်ယူထားတာပါ" 


ယောင်ကွေသည် ထပ်မပြောတော့ဘဲ ကျန်သည့်အိမ်အကူများကို သူနဲ့အတူ ပြန်ခေါ်သွားလေသည်။ 


ယောင်ကျိရန်သည် ဘာမှမပြောပေ။ ယခုအခြေအနေသည် သူရင်ဆိုင်ရမည့် အခက်အခဲများ၏ အစသာရှိသေးကြောင်းကို သိသည်။ ယောင်ကွေသည် သူ့ကို လွယ်လွယ်ကူကူနဲ့တော့ လွှတ်ပေးမည်မဟုတ်ချေ။ သို့သော် သူမကြောက်ပါ။ ယောင်ကွေ ဘာပဲပြောပြော ဘာပဲလုပ်လုပ် သူ့တွင် အရံအစီအစဥ်များရှိသေးသည်။ 


ယောင်ကွေသည် ကုမ္ပဏီသို့ ပြန်ရောက်သည်အထိ ဘာစကားမှမပြောလာဘဲ မျက်လုံးမှိတ်ကာ အနားယူနေသည်။ ထိုအရာက ယောင်ကျိရန်ကို ပို၍ နှလုံးခုန်မြန်စေသည်။ 


ရွေ့လျားနေသည့် ကားရပ်တန့်သွားသောအခါ ယောင်ကွေ၏ စူးရှသည့်မျက်လုံးကရုတ်တရက်ပွင့်လာသည်။ ယောင်ကျိရန်အတွက်တော့ ထိုအကြည့်သည် ချွန်ထက်သည့် ဓားတစ်ချောင်းကဲ့သို့ဖြစ်ပြီး သူ့အား ပင်အပ်များပေါ်တွင် ထိုင်နေရသကဲ့သို့ ခံစားရစေသည်။ သူ့အားနည်းချက်များကို လုံးဝချမပြရဲပေ။ အဘယ်ကြောင့်ဆိုသော် ယောင်ကွေတွင် နည်းလမ်းကောင်းများရှိကြောင်း သူသိလေသည်။ 


မထင်မှတ်ထားစွာဖြင့် ယောင်ကွေက ပြောလာသည်။ 


"ဒီတစ်လော အလုပ်ကို ကြိုးစားနေတာပဲ" 


ထို့နောက်ကားထဲမှ ထွက်သွားခဲ့သည်။ 


ယောင်ကျိရန် သက်ပြင်းအရှည်ကြီးချလိုက်မိသည်။ သူသည် နဖူးပေါ်မှ ချွေးများကိုသုတ်လိုက်ပြီး အတော်ကြာအထိ စကားမပြောပေ။ 


ယောင်ကွေနှင့် အခြားသူများ ထွက်သွားပြီးနောက်တွင် ဗီလာသည် နေချင်စဖွယ်လေထုလေး ပြန်ဖြစ်ပေါ်လာသည်။ 


အထူးသဖြင့် မင်လျိုရီသည် ပို၍စိတ်သက်သာရာရခဲ့

သည်။ ယောင်ကျိရန်သည် သူ၏ရန်သူကို လျှော့တွက်ခဲ့သည်ဟု ဆိုရမည်။ 


အပ်စိုက်ကုထုံးလုပ်ပြီးနောက်တွင် ယောင်ကျိကျိုး၏ ခန္ဓာကိုယ်ပေါ်မှ ချွေးများစိမ့်ထွက်လာသည်ကို မြင်ရသည်။ ချွေးအကုန်ထွက်သွားသောအခါ အိမ်အကူများကို ယောင်ကျိကျိုးအား ရေသေချာချိုးပေးရန် မှာလိုက်လေသည်။ ယခုအချိန်မတိုင်ခင်အထိ သူသည် ရေပတ်သာတိုက်ခဲ့ရသည်။ မင်လျိုရီသည် ထိုအခွင့်အရေးကိုသုံးပြီး ယောင်ကျိကျိုးအား ဝိညာဥ်စမ်းရေဖြင့် ရေချိုးစေချင်ခဲ့သည်။


အိမ်အကူလေးသည် မင်လျိုရီအား ကူညီပြီးယောင်ကျိကျိုးကို ရေချိုးကန်ထဲသို့ နေရာချပေးသည်။ ထို့နောက်မင်လျိုရီသည် အိမ်အကူလေးကို ထွက်သွားဖို့ပြောလိုက်သည်။ သူမသည် မျက်လုံးနှစ်ဖက်လုံးကို လက်များဖြင့်ကာထားသော်လည်း လက်ချောင်းများအကြားမှ ခိုးကြည့်ချင်စိတ်ကို တားမရပေ။ ထိုလူသည် ပူစီဖောင်းများထနေသော ရေကန်ထဲတွင်ရှိနေသည့်အတွက်သူ၏ခန္ဓာကိုယ်အား မမြင်ရပေ။ မင်လျိုရီသည် စိတ်သက်သာသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။


သူတို့နှစ်ဦးသည် တစ်ကုတင်ထဲတွင်အိပ်ပြီး အသားချင်းထိခဲ့ကြသော်လည်း ယောင်ကျိကျိုး၏ အဝတ်မဲ့ခန္ဓာကိုယ်ကို ကြည့်ရှုရန် သူမ မပြင်ဆင်ရသေးချေ။ သူမ ယောင်ကျိကျိုးအတွက် ဝိညာဥ်စမ်းရေထုတ်ရန် ကြိုးစားသော်လည်း အာရုံစူးစိုက်လို့မရဘဲ ဖြစ်နေသည်။ 


'အပူချိန်မြင့်မားမှုကြောင့်လား ဒါမှမဟုတ် ယောင်ကျိကျိုးရဲ့ တည်ရှိမှုကြောင့်ပဲလား....'


ချီစွမ်းအင်နှင့် ခန္ဓာကိုယ်မှ သွေးများသည် စီးဆင်းနေပြီး သူမကိုယ်အတွင်းမှ အပူချိန်သည် ဟိုဟိုဒီဒီ ရွေ့လျားနေသည်။ သို့သော် သူမ စိတ်ပူပန်လေလေ အာရုံစူးစိုက်မရတော့လေဖြစ်သည်။ လေကောင်းလေသန့်ထွက်ရှူမှ ဖြစ်တော့မည်။ အချိန်များစွာကြာမြင့်ပြီးနောက်တွင်မူအောင်မြင်စွာဖြင့် ဝိညာဥ်စမ်းရေခွက်တစ်ဝက်မျှ ရလာသော်လည်း လုံလောက်လောက်ရရှိအောင် ထပ်မံအာရုံစိုက်၍မရတော့ပေ။ 


သူမ ခွက်အားကိုင်ကာ ရေချိုးခန်းတံခါးကိုဖွင့်လိုက်စဥ် ယောင်ကျိကျိုး၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရေချိုးကန်ထဲသို့ လျှောကျနေသည်ကို မြင်၍ထိတ်လန့်သွားတော့သည်။ ဆပ်ပြာမြုပ်များသည် သူ၏နှာဖျားသို့ပင် ရောက်တော့မည်။ ယောင်ကျိကျိုး ရေမွန်းသွားမည်ကို စိုးသောကြောင့် မင်လျိုရီ ရေချိန်းခန်းသို့ အပြေးဝင်လာခဲ့သည်။ သို့သော် အထိတ်တလန့်ပြေးလာမှုကြောင့် မင်လျိုရီသည် ခြေလှမ်းတစ်လှမ်းသာ လှမ်းရသေးသည် ရေချိုးကန်ထဲသို့ ချော်လဲကျသွားတော့သည်။ ထို့နောက် သူမ မတုံ့ပြန်နိုင်ခင်မှာပင် ယောင်ကျိကျိုးအား အပေါ်မှဖိအုပ်မိသွားခဲ့သည်။ 


ထင်ထားသည့်အတိုင်း ယောင်ကျိကျိုးသည် ပြီးပြည့်စုံသည့်လူသားတစ်ဦးပင်။


သို့သော် မင်လျိုရီတွင် ရှက်နေရန်အချိန်မရှိပေ။ သူမ ရေထဲတွင် အနည်းငယ်ရုန်းကန်လိုက်ပြီး နောက်ဆုံးတွင် ခေါင်းဖော်နိုင်သွားသော်လည်း ဆပ်ပြာရည်များကြောင့် အမြင်အာရုံများ ဝေဝါးကုန်သည်။ ဝေဝါးနေသည့် အမြင်အာရုံကို ဂရုမထားဘဲ ရေထဲသို့ လိုက်စမ်းကာ ယောင်ကျိကျိုး၏ လက်မောင်းကို ဆွဲပြီး ကန်ပေါ်သို့ ပြန်ဆွဲတင်ရသည်။ 


ထို့နောက် မင်လျိုရီသည် မျက်လုံးထဲမှဆပ်ပြာများကို ရေဆေးရသည်။ သူမမျက်လုံးဖွင့်ကြည့်လိုက်သောအခါ ယောင်ကျိကျိုး၏ မျက်နှာသည် သူမရှေ့တွင်ရှိနေပြီး စမ်းရေကြောင့် ပြောင်လက်နေလေသည်။ 


မင်လျိုရီ၏ နှာခေါင်းသည် ယောင်ကျိကျိုး၏ နှာခေါင်းနှင့် လက်မအနည်းငယ်သာကွာဝေးပြီး ယောင်ကျိကျိုး၏ မျက်နှာပေါ်မှ အမွှေးနုများကိုပင် မြင်နေရသည်။ ယောင်ကျိကျိုးသည် အခုချိန်တွင် မျက်လုံးပွင့်မလာ၍သာတော်သေးသည် မဟုတ်ရင်....


ထိုအချိန်တွင် ယောင်ကျိကျိုးဆီလာသော သူနာပြု ကျောက်ချမ်းသည် အတွင်းမှဆူညံသံများကို ကြားသည့်အတွက်တံခါးခေါက်ကာ မေးလိုက်သည်။ 


"မဒမ် အကူအညီလိုပါသလား" 


ကျောက်ချမ်းသည် စကားနည်းသော်လည်းအလုပ်တွင် ဂရုတစိုက်ရှိကာ ကျွမ်းကျင်သည်။ သူသည် ယောင်ကျိကျိုးအား မင်လျိုရီ မျက်နှာလွှဲထားမိခဲ့သည့် skincare ကိစ္စကို ပုံမှန်ပြုလုပ်ပေးခဲ့သည့်သူလည်းဖြစ်သည်။ 


မင်လျိုရီ အရင်ကသတိမထားခဲ့မိသော်လည်း ကျောက်ချမ်း၏ ငယ်ရွယ်သောအသံသည် သူ့အား တည်ငြိမ်ကာ ယုံကြည်အားထားလို့ရသည့် ပုံရိပ်မျိုးပေးလေသည်။ သက်ပြင်းတစ်ချက်ချပြီးနောက် မင်လျိုရီသည် ဝိညာဥ်စမ်းရေထည့်နိုင်ရန် ကျောက်ချမ်းကို အရင်ထွက်သွားခိုင်းခဲ့သည်ကို သတိရသွားခဲ့သည်။ 


'ဒါပေမဲ့ ဝိဥာဥ်စမ်းရေရော....'


မင်လျိုရီ ရှာလိုက်သောအခါ ဝိညာဥ်စမ်းရေထည့်ထားသည့်ခွက်အား ရေချိုးကန်ထဲတွင်တွေ့လိုက်ရသည်။ 


'စမ်းရေတွေလည်း ရေကန်ထဲဖိတ်သွားလောက်ပြီပေါ့...'


မင်လျိုရီ သူမရင်ဘတ်ကို ပုတ်လိုက်သည်။ တော်သေးလို့ပေါ့...ထို့နောက် မတ်တပ်ရပ်ပြီး ပြောလိုက်သည်။ 


"ဝင်လာပြီး ကျိကျိုးကို နှိပ်နယ်ပေးလို့ရပြီနော်" 


ကျောက်ချမ်းသည် သူမအသံကြားသောအခါ ရေချိုးခန်းအတွင်းသို့ ဝင်လာသည်။ အခန်းအတွင်း ရှုပ်ပွနေသည်ကိုတွေ့သော်ငြား မင်လျိုရီထံသို့ အကြည့်မပို့ခဲ့ပေ။ သူသည် ခေါင်းငုံ့ကာ အပြင်တွင်ရှိနေသော ရှောင်ဖန်းကိုပြောလိုက်သည်။ 


"မဒမ်အတွက် တပတ်သွားယူခဲ့" 


🥰