အပိုင်း၃၆
Viewers 6k

🥰 Chapter 36 ✅



မင်လျိုရီက ပြောလိုက်သည်။ 


"သူ့ကိုသေချာနှိပ်ပေးလိုက်... တစ်ယောက်တည်းမထားခဲ့နဲ့ဦး ... အခုလေးတင် ကန်ထဲလျောကျသွားလို့" 


"နားလည်ပါပြီ... မဒမ် အအေးမမိအောင် ကိုယ်ကိုခြောက်အောင်သုတ်လိုက်ပါဦး " 


ကျောက်ချမ်းက အေးဆေးစွာ ပြောလာသည်။ 


ထိုအခါမှ မင်လျိုရီသည် သူမ​၏လက်ရှိပုံစံမှာ အမြင်မတော်ရှက်စဖွယ်ဖြစ်နေမှန်း သတိရသွားခဲ့သည်။ သူမက ညအိပ်ဝတ်စုံပါးလွှာလွှာလေးဝတ်ထားခဲ့ပြီး ယခုတွင်ထိုဝတ်စုံသည် ရေများကြောင့်ကိုယ်လုံးပေါ်သို့ ကပ်နေလေသည်။ ကံကောင်းချင်တော့ ကျောက်ချမ်းသည် သူမကို တိုက်ရိုက်မကြည့်လာခဲ့ပေ။ မဟုတ်ရင်တော့ အရှက်ကွဲလိုက်မည့်ဖြစ်ခြင်း....


ရှောင်ဖန်းသည် သဘက်တစ်ထည်နှင့်ပြန်ရောက်လာကာ မေးလိုက်သည်။ 


"သခင်မက သခင်နဲ့ ရေအတူချိုးဖို့လား ကျွန်မတို့ ခဏထွက်သွားပေးရမလား" 


မင်လျိုရီ ဘာမှထပ်မပြောတော့ဘဲ ပြုံးကာလှည့်ထွက်သွားတော့သည်။ 


မင်လျိုရီထွက်သွားသည့်အခါမှ ကျောက်ချမ်းသည် ယောင်ကျိကျိုးအား ရေချိုးကာ နှိပ်နယ်ပေးလိုက်သည်။ သူ့စိတ်ထင်ပဲလားတော့မသိပေ။ ကျောက်ချမ်းသည် သူ၏လက်ကို ရေကန်ထဲသို့နှစ်လိုက်သည့်အချိန်တွင် ရေထဲမှအားအင်ပြည့်ဝမှုနှင့်သန်စွမ်းမှုကို ခံစားမိလိုက်သည်။


ယောင်ကျိကျိုး သူ၏ အသိစိတ်များပြန်ရလာသောအခါ သူသည် ရေချိုးကန်ထဲသို့ပင် ရောက်နေပြီဖြစ်သည်။ ယနေ့တွင် ဆရာဝန်လာသွားကာ သူ့အား အပ်စိုက်ကုထုံးလုပ်ပေးခဲ့မှန်း သိပြီးဖြစ်သည်။ ထို့အပြင် သူ့ဇနီးက သူ့အားမနက်စာကျွေးနေချိန် ဆရာဝန်၏အသံအား ကြားလိုက်ရသည်။ 


အပ်စိုက်ကုထုံး၏ အကျိုးကျေးဇူးကြောင့်ဖြစ်မည် ယောင်ကျိကျိုးသည် ရေနွေးကန်ထဲစိမ်နေသည့်အချိန်တွင် ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုကြီးအား ခံစားမိလိုက်သည်။ ထိုအချိန်တွင် သူ့ခန္ဓာကိုယ်အား ပြန်ထိန်းချုပ်လို့ရတော့မည်ဟုပင် ထင်လိုက်မိသည်။ သို့သော် ထင်သည့်အတိုင်း ကြိုးစားလိုက်ချိန်တွင်တော့ အမှန်တကယ် လှုပ်ရှား၍မရသေးချေ။ သူထိုအရာနှင့်ပတ်သက်ပြီး စိတ်ဓာတ်ကျခံနီးအချိန်တွင် ပတ်ဝန်းကျင်သည် တိတ်ဆိတ်သွားပြီး နံဘေးတွင် မည်သူမျှမရှိတော့ဘဲ ရေများမှာပါးစပ်အတွင်းသို့ ဝင်ရောက်လာသည်။ အကယ်၍ဒီလိုသာဆက်သွားလျှင် သူရေနစ်သွားတော့မည်....ကူညီပေးဖို့ အော်ခေါ်ချင်သော်လည်း သူ့တွင်အစွမ်းအစမရှိပေ။ 


အရင်အချိန်များတွင် သေခြင်းတရားသည် သူ့ဘဝ​၏လွတ်မြောက်ရာဟု ထင်ကောင်းထင်ခဲ့လိမ့်မည်။ သို့သော် အခုတွင် သူ့ဘဝသည်ကွာခြားနေပြီဖြစ်သည်။ သူအသက်ရှင်ချင်သည်...


စိတ်ပျက်အားငယ်မှုများအကြားတွင် ခပ်သုတ်သုတ်လျှောက်လာသော ခြေသံအားကြားလိုက်ရပြီးနောက် ရေကျသံနှင့်အတူ နူးညံချိုမြိန်သော ခန္ဓာကိုယ်လေးသည် သူ့အားဖိလာခဲ့သည်။ 


ယောင်ကျိကျိုး၏ နှလုံးသားသည် အပျော်များဖြင့် ပြည့်နှက်သွားတော့သည်။ သူမက သူ့ကိုကယ်တင်ဖို့ အချိန်မီရောက်လာခဲ့ပြီး တစ်ကြိမ်ပြီးတစ်ကြိမ် သူ့အား မျှော်လင့်ချက်များ ဆောင်ယူလာပေးခဲ့သည်။ 


ထို့်နောက် သူ့၏ဇနီးဝတ်ထားခဲ့သောအဝတ်သည် ရေစိုသွားပြီး ခန္ဓာကိုယ်ပေါ်သို့ ကပ်သွားသည်ကို ခံစားမိလိုက်သည့်အပြင် သူမတစ်ကိုယ်လုံးသည် သူ့အပေါ်သို့ ဖိထားခဲ့သည်။ 


ယောင်ကျိကျိုးသည် သူမနှင့်ရေထဲတွင်ရုန်းကန်နေစဥ် သူမ၏နူးညံ့သောရင်ဘတ်ကို ထင်ထင်ရှားရှား ခံစားမိလိုက်သည်။ နောက်ဆုံးတွင်တော့ သူ့အားပင့်တင်ပေးနိုင်ရန် အင်အားရရှိသွားဟန်တူသည်။ ထို့နောက် သူမ ထွက်ခွာသွားတော့သည်။ 


သူမ မရှိတော့သည့်အချိန်တွင် ယောင်ကျိကျိုးသည် အထီးကျန်သလိုခံစားရပြီး အသုံးမဝင်တော့သလိုပင်။ သူ့အတွက် ရေချိုးသည့်အမှုကိစ္စလေးကပင် ထိခိုက်သွားစေနိုင်ပြီး သူ့ဇနီးလေး ဒဏ်ရာရသွားမလားပင် မသိနိုင်ပေ။


သူ့ဇနီးထွက်သွားမှန်း ကြားလိုက်ရသောအခါ ယောင်ကျိကျိုးသည် ထိုနေ့ည သူတို့အတူအိပ်စက်သည့်အချိန်တွင် သူ့ဇနီးလေး၏အခြေအနေကို မည်သို့စစ်ဆေးနိုင်မလဲဟု တွေးနေခဲ့ပြီး အာရုံများကိုစုစည်းထားခဲ့သည်။ သူ ကိုမာဝင်သွားခဲ့သည်မှာ တစ်လလောက်ကြာပြီဖြစ်ပြီး ခန္ဓာကိုယ်သည် တဖြည်းဖြည်းပြန်ကောင်းလာကြောင်း ခံစားမိသည်။ သို့သော် အချိန်ကကြာလွန်းသည်။ ယခုတွင်မူ သူသည်အသိစိတ်ပြန်ရသည့်အချိန်တိုင်း တစ်နေရာထဲသို့ အာရုံစူးစိုက်ထားကာ ကြွက်သားများလှုပ်ရှားနိုင်ရန် ကြိုးစားခဲ့သည်။ တိုးတက်မှုရလဒ်သည် သေးငယ်လွန်းသော်လည်း သူလက်လျော့မည်မဟုတ်ပေ။ သူပြန်နိုးထလာဖို့ စောင့်နေသည့်တစ်စုံတစ်ယောက်ရှိကြောင်း ကောင်းကောင်းကြီးသိလေသည်...


ယနေ့ရေချိုးချိန်တွင် ယောင်ကျိကျိုးသည် ကိုယ်ထဲသို့ အဆုံးအစမဲ့စီးဝင်နေသော စွမ်းအင်များကိုခံစားလိုက်ရပြီး ထိုအရာသည် သူ့အတွက်ကောင်းမွန်သည့်အရာဟု ခံစားလိုက်ရသည်။


ထိုအချိန်တွင် ကျောက်ချမ်းသည် သူ့အားရေချိူးပေးခြင်းပြီးစီးသွားကာ သူ၏အလုပ်အား အပြီးသတ်နေသည်။ 


မင်လျိုရီသည်လည်း ရေချိုးပြီးသွားခဲ့သည်။ သူမသည် အချိန်ကိုကြည့်လိုက်ရာ နာရီဝက်မျှကုန်

လွန်သွားကြောင်း သိလိုက်သည်။ ဝိညာဥ်စမ်းရေအား ဖြုန်းတီးရာကျမည်စိုးသည့်အတွက် သူမက အမိန့်ပေးလိုက်သည်။ 


"ကျိကျိုးက ရေသေချာမချိုးတာကြာပြီဆိုတော့ နည်းနည်းလောက် ထပ်စိမ်ပါစေဦး" 


"ဟုတ်ကဲ့ပါ" 


ကျောက်ချမ်း ပြန်ဖြေလိုက်ပြီး သူ့အလုပ်ကို အပြီးသတ်လိုက်ကာ တံခါးနားသို့ သွားရပ်ပြီးအဝေးမှသာ စောင့်ကြည့်လိုက်သည်။ ဤအကွာအဝေးကနေဆို နှစ်ယောက်စလုံး၏ လုံခြုံရေးကို သေချာမြင်ရသည့်အပြင် သူတို့စကားဝိုင်းကိုလဲ မကြားရပေ။ 


မင်လျိုရီ စိတ်အေးသွားရသည်။ ဒီတစ်ယောက်က တကယ်ပဲ ယုံကြည်လို့ရတဲ့လူဖြစ်သည်။ ဇာတ်လိုက်ဆိုတော့လဲ ထင်ထားတဲ့အတိုင်း အနားတွင် ကူညီပေးမည့်လူများ အဆင်သင့်ပင်။ 


မင်လျိုရီသည် သူမကြောင့် ယောင်ကျိကျိုး၏ အားထုတ်မှုများ အနှောင့်ယှက်ဖြစ်သွားသည်ကို မသိဘဲ ယနေ့ဖြစ်ပျက်သမျှကို စတင်ပြောဆိုတော့သည်။ 


ယောင်ကျိကျိုးသည်လည်း လက်များကိုအာရုံစိုက်နေရာမှ သူ၏ဇနီးလေးထံသို့ စိတ်အာရုံကိုပို့လိုက်သည်။ 


သူမ၏ အသံသည် ရှက်ဝဲဝဲဖြစ်နေသည့်ပုံပေါ်သည်။ 


"ယောင်ကျိကျိုး ကျွန်မဒီနေ့ပဲ မကောင်းတဲ့လူအတော်များများကို ဖယ်ရှားနိုင်ခဲ့တယ် အဲဒါကြောင့် ကျွန်မတို့ကို အစာအဆိပ်ခပ်မှာတို့ဘာတို့ စိုးရိမ်စရာမလိုတော့ဘူး ပြီးတော့ ဒေါက်တာမြောင်က လာကြည့်ပေးသွားသေးတယ်...သူပြောတာတော့ ရှင်နိုးလာဖို့ ခြောက်ဆယ်ရာခိုင်နှုန်းပဲရှိတယ်တဲ့ ကျွန်မကတော့ မယုံပါဘူး ဘာလို့ဆို ရှင်က တစ်ရာရာခိုင်နှုန်း ပြန်နိုးလာမှာမလို့လေ...ပြီးတော့ ရှင်ဘယ်အချိန်နိုးလာမလဲဆိုတာကျွန်မသိတယ် အမ်....နောက်နှစ်လလောက်နေရင် ရှင်ပြန်နိုးလာလိမ့်မယ်" 


ယောင်ကျိကျိုးကား အလွန်အမင်း ရှုပ်ထွေးသွားတော့သည်။ 


"ဒီတော့ ကျွန်မမှာ အချိန်သိပ်မကျန်တော့ဘူး မနက်ဖြန်ကစပြီး ဘာသာစကားတွေလေ့လာတော့မယ်... ကျွန်မ ဟဲယန်ဖုန့်ကို မြန်နိုင်သမျှမြန်မြန်လာဖို့ ဆက်သွယ်ပြီးသွားပြိီ... ရှင်ပြန်နိုးလာတဲ့အချိန် ကျွန်မကို အလွတ်ပေးမှာမဟုတ်ဘူးလေ....ပြည်ပကိုထွက်သွားတာပဲကောင်းပါတယ် ကျွန်မ ကောလိပ်လဲမတက်ခဲ့ဘူးလေ ... နှစ်အနည်းငယ်ကြာပြီးသွားရင်တော့ ရှင်ကျွန်မကို မမုန်းလောက်တော့ဘူးမလား ဟင်" 


မင်လျိုရီက စဥ်းစဥ်းစားစားဖြင့် ပြောလာသည်။


🥰