🥰 Chapter 37 ✅
ယောင်ကျိကျိုး ထိတ်လန့်သွားတော့သည်။ သူ့ဇနီးပြောနေသမျှကို နားရှိ၍သာကြားရသော်လည်း နားမလည်ပေ။ ဤမိန်းကလေးသည် မင်လျိုရီမဟုတ်ဟု အချိန်တိုင်းခံစားမိသော်လည်း ယခု သူမ၏စကားများသည် သူ့ကိုစိတ်ရှုပ်ထွေးသွားစေသည်။
'ပြီးတော့... ဘာတဲ့... ထွက်သွားမယ်....သူ့မျက်လုံးတွေနဲ့ သူမကိုမတွေ့ရသေးခင်မှာ သူမက ထွက်သွားတော့မယ်တဲ့လား...'
ယောင်ကျိကျိုး၏ နှလုံးသားသည် အောင့်တက်လာသည်။ နှစ်လထက်နည်းသောအချိန်အတွင်းတွင် သူဒီလိုမျိုးပုံစံဖြင့် မနေနိုင်ချေ။ သို့သော် သူ့တွင်ပဟေဠိများရှိသည်။ သူ့ဇနီးက သူပြန်နိုးလာမဲ့အချိန်အတိကျကို ဘယ်လိုများသိနေရတာလဲ...ဒီအချိန်တွင် ဘာမှထပ်မတွေးနိုင်တော့ဘဲ အချိန်မှီပေးလာမည့် အကြောင်းပြချက်များကိုပဲ မျှော်လင့်ရတော့မည်ဖြစ်သည်။
သူ့ဇနီး သု့အနားကထွက်မသွားခင် သူပြန်နိုးလာမှဖြစ်မည်။ အကယ်၍ သူမသာ နှုတ်ဆက်စကားမဆိုဘဲ တကယ်ထွက်သွားရဲလျှင် သူဘာလုပ်မိမယ်မှန်း သူ့ကိုယ်သူမသိပေ။
ကျောက်ချမ်းက ယောင်ကျိကျိုး၏ ခန္ဓာကိုယ်အား အလုံအလောက် ရေစိမ်ပြီးနောက်တွင်တော့ ကောင်းမွန်စွာသန့်ရှင်းပေးလိုက်သည်။ မင်လျိုရီက ထိုအချိန်ကို အခွင့်ကောင်းယူကာ ဟဲယန်ဖုန့်နှင့် ဆက်သွယ်ရန် ကြိုးစားလိုက်သည်။ သူမရဲ့ ဘာသာစကားသင်တန်းကို အကောင်အထည်ဖော်မှ ရတော့မည်။ ထို့နောက် ယိုလင်လင်ကို သူမဘက်မှ ပထမဆုံးအကြိမ် စတင်ဆက်သွယ်လိုက်ပြီး အိပ်ယာထက်လှဲကာ စကားပြောနေလိုက်သည်။
မင်လျိုရီ: [ လင်လင် သတင်းကောင်းရှိတယ် ဒီနေ့ ဒေါက်တာမြောင်က ငါ့ယောက်ျားကို လာကြည့်ပေးတယ်သိလား သူပြောတာတော့ ပြန်နိုးလာဖို့ ခြောက်ဆယ်ရာခိုင်နှုန်းလောက်သေချာတယ်တဲ့ ]
ယိုလင်လင်: [ ငွေနဲ့ဂုဏ်ရဲ့ အင်အားကြီးမှုက ဘယ်လိုတောင်လားဟ....မြောင်လွေ့မင်က တကယ်ကြီး နင့်အိမ်ကို ဆေးလာကုပေးတယ်ပေါ့ လျိုရီ နင်ဘယ်လိုမိသားစုကများ ဆင်းသက်လာတာလဲဟယ် ]
မင်လျိုရီ ထိုအကြောင်း စဥ်းစားလိုက်သည်။ သူမက သာမန် "အိမ်ရှင်မ" တစ်ယောက်ပါပဲ။
မင်လျိုရီ: [ ငါ့ယောက်ျားရဲ့ မိသားစုက အဆက်အသွယ်ရှိတယ်လေ ]
ယိုလင်လင်: [ ငါလည်း ဒီလို အဆက်အသွယ်ရှိချင်လိုက်တာ လျိုရီ... နင့်ကိုတကယ် မနာလိုဘူး ]
မင်လျိုရီ: [ ဒီလိုဆိုရင်ရော နောက်တစ်ခါ ဒေါက်တာမြောင်ရောက်လာလို့ရှိရင် နင့်အိမ်ကိုလဲ သွားကြည့်ပေးနိုင်မလားမေးပေးမယ် သဘောတူတာမတူတာတော့ ဒေါက်တာမြောင်အပေါ်ပဲ မူတည်တယ်နော် ]
ယိုလင်လင်: [ 'နောက်တစ်ခါ' တဲ့လား နင့်မှာ ငွေတွေ အာဏာတွေက ဘယ်လောက်တောင်ရှိတာလဲ မြောင်လွေ့မင်ကို ဘယ်နှစ်ကြိမ်လောက်များ အိမ်ခေါ်ပင့်နိုင်သေးလဲ ]
မင်လျိုရီ: [ ငါရက်ချိန်းယူပေးမယ် အကယ်၍မရခဲ့ရင်တော့ နင့်ခင်ပွန်းလောင်းကို ငါ့အိမ်ခေါ်လာခဲ့လေ သူ့ကို လူနာတစ်ယောက်လောက် ပိုကြည့်ပေးနိုင်မလားမေးလိုက်မယ် ]
ယိုလင်လင်: [ လျိုရီ ကျေးဇူးကြီးမားလှပါတယ် နင်နဲ့စတွေ့ပြီးကတည်းကငါ့ဘဝကြီးကအလင်းရောင်တွေ ဖြာကျလာသလိုပါပဲဟယ်]
မင်လျိုရီ: [ နင်ကသာ ငါ့ရဲ့နေရောင်ခြည်လေးပါ ဒါနဲ့ လင်လင် ကိုမာဝင်တဲ့လူတွေကို ထောက်ပံ့တဲ့ အဖွဲ့အစည်းအပြင် တခြားပရဟိသအသင်းတွေရော ရှိသေးလား ]
ထိုစကားကြားတော့ ယိုလင်လင်က ပို၍ပင်စိတ်လှုပ်ရှားသွားပြီး မင်လျိုရီကို ချက်ချင်းဖုန်းခေါ်လိုက်ကာ သူမ ဖွဲ့စည်းမည့်လူမှုကူညီရေးအဖွဲ့အစည်းအကြောင်း အသေးစိတ်ပြောပြလိုက်သည်။ အဖွဲ့အစည်းသည် ကိုမာဝင်လူနာများ၏ မိသားစုဝင်တွေအတွက်ဖြစ်ပြီး ဟဲယန်ဖုန့်နှင့် ဟဲလောရုန်တို့ကဲ့သို့သော ကလေးများအတွက်ဖြစ်သည်။ ရေရှည်တွင် ထိုကဲ့သို့သောအခြေအနေနှင့် လူများသည် ကိုယ့်ကိုကိုယ် တန်ဖိုးမထားတတ်ခြင်း၊ ယုံကြည်ချက်မရှိခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများရှိလာနိုင်သည်။
မင်လျိုရီလည်း ဘာမှမပြောဘဲ အဖွဲ့အစည်းထဲဝင်လိုက်လေသည်။ ထိုကလပ်သည် သူမ၏ ဒုတိယမြောက်တစ်ခုပင်။
မင်လျိုရီ လတ်တလော သတိပြုမိသည့် အချက်တစ်ခုရှိသည်။ ထိုအရာကား ယောင်ကျိကျိုးသည် အလွယ်တကူ ချွေးထွက်လေ့ရှိသည်။ ထိုအရာသည် ဝိညာဥ်စမ်းချောင်းနှင့် အပ်စိုက်ကုထုံး၏ အကျိုးကျေးဇူးကြောင့်ဖြစ်မည်ဟု မှတ်ယူထားသည်။ သို့သော် သူမမသိခဲ့တာက ထိုအရာသည် ယောင်ကျိကျိုးထံမှ သူ၏လက်ချောင်းကို လှုပ်ရှားနိုင်ရန်ကြိုးစားရာမှထွက်ပေါ်လာသည့် ရလဒ်သာဖြစ်သည်။
နောက်ပိုင်းတွင် ယောင်ကျိကျိုးသည် သူ၏အသိစိတ်ကို အရင်ကထက် ခပ်စိတ်စိတ်ရလာခဲ့သည်။ အရင်က သူသည် ဘေးနားတွင်မင်လျိုရီရှိမှ အသိစိတ်ရခြင်းဖြစ်ပြီး သူမထွက်သွားသည်နှင့်အသိစိတ်က ချက်ချင်းပျောက်ကွယ်သွားသည်။ ယခုလတ်တလောတွင်တော့ မင်လျိုရီအနားမရှိသော်လည်း သူ၏အသိစိတ်ကို အချိန်ခဏလောက်တော့ ဆက်လက်ထိန်းထားနိုင်ပြီဖြစ်သည်။
နောက်ဆုံးတစ်ခေါက် ရေချိုးလိုက်ခြင်းသည် သူ့အား အချိန်ကြာရှည်စွာ အသိစိတ်ထိန်းသိမ်းနိုင်အောင်
ပြုလုပ်ပေးပြီး မကြာခဏ ချွေးများစိမ့်ထွက်လာခြင်း၏ အကြောင်းပြချက်လဲဖြစ်သည်။ သူ၏ အားအင်များအားလုံးကို စုစည်းရန်ကြိုးစားလိုက်သည်။ ထို့နောက် လက်ချောင်းမှစတင်ကာ လှုပ်ရှားကြည့်ပြီး ထိုဖြစ်စဥ်ကိုပဲ ထပ်တလဲလဲ ပြုလုပ်နေလိုက်သည်။
သို့သော်လည်း သူ့၏အသိစိတ်များ ပျက်ကွယ်သွားသည့်အချိန်အထိ ထိုလက်ချောင်းအား လှုပ်ရှားလို့မရသေးပေ။
ထိုအချိန်တွင် မင်လျိုရီသည် ကိုမာဝင်လူများစားနိုင်သည့် အစားအသောက်အားလုံးကို ရှာဖွေလိုက်ပြီး ဝိညာဥ်စမ်းရေကိုပါ ထည့်လိုက်သည်။ ဒါပေါ့ သူမက ယိုလင်လင်ကို သူမအသစ်ပြုလုပ်ထားတဲ့ သီးစုံအနှစ်ရဲ့ ပါဝင်မှုအချိုးအစားတွေ ပို့ပေးလိုက်ပြီး အားလုံးကိုစမ်းကြည့်ဖို့ပြောလိုက်သည်။ သေချာပေါက် ဝိညာဥ်စမ်းရေအကြောင်းကိုတော့ ထည့်ပြောမည်မဟုတ်ချေ။
မင်လျိုရီ ယောင်ကျိကျိုးအား သီးစုံအနှစ်ကို ကျွေးလိုက်သော်လည်း ယောင်ကျိကျိုးက သူမအား အရသာရှိကြောင်း အမူအရာဖြင့် ဖော်ပြနိုင်မည်မဟုတ်ပေ။
သို့ပေမဲ့ ယောင်ကျိကျိုးသည် သူ၏ ပထမဆုံးအနေဖြင့် အစားသောက်များကို အရသာခံလို့ရသွားခြင်းကြောင့် အလွန်အမင်းစိတ်လှုပ်ရှားသွားသည်။ မတိုင်ခင်က စားခဲ့ရသော အရည်များသည် သူ့ပါးစပ်ကို ထုံထိုင်းသွားစေသည်။ သူ့ဇနီးသူ့ကို အစာကျွေးတဲ့အချိန်တိုင်း ဝိညာဥ်စမ်းရေ၏ အရသာကိုသာ ခံစားလို့ရခဲ့ပြီး အခုတစ်ကြိမ်တွင်တော့ ကွဲပြားစွာဖြင့် လတ်ဆတ်သည့်အနံ့လေးသည် ပိုမိုပြင်းထန်လာသည်။
ထို့ကြောင့် ယောင်ကျိကျိုးသည် အားအင်များပြည့်ဝလာကာ လက်ချောင်းကို ထပ်မံရွေ့လျားကြည့်တော့သည်။ အံ့အားသင့်ဖွယ်ကောင်းစွာသူ၏ လက်ချောင်းသည် အနည်းငယ် တွန့်သွားခဲ့သည်။
ယောင်ကျိကျိုး၏ လက်သည် မင်လျိုရီမမြင်နိုင်သော နေရာတွင်ရှိနေသောကြောင့် ထိုဖြစ်စဥ်ကို မတွေ့လိုက်ရဘဲ ယောင်ကျိကျိုး ထပ်မံချွေးထွက်လာသည်ကိုသာ မြင်လိုက်ရသည်။ ထို့ကြောင့် သီးစုံအနှစ်အား ကျွေးပြီးသည်နှင့် ယောင်ကျိကျိုးကို အင်္ကျီလဲပေးဖို့ရာ ကျောက်ချမ်းအား အမြန်သွားရှာတော့သည်။
🥰