🥰Chapter 38 ✅
မင်လျိုရီ ထွက်သွားသည်နှင့် ယောင်ကျိကျိုး၏ လက်ချောင်းသည်လည်း ထပ်မံလှုပ်ရှားသွားသည်။ သူသည် ပျော်လွန်း၍လေပေါ်မြောက်တက်သလိုပင်ခံစားလိုက်ရသည်။ ပထမအကြိမ်ဆိုတာရှိရင် ဒုတိယအကြိမ်ဆိုတာမဝေးတော့ပေ။ ညဘက်တွင် သူ့ဇနီးလေးနှင့် အိပ်စက်ရမည်ကိုတွေးမိကာသူ၏နှလုံးသားတစ်ခုလုံးပျော့ပျောင်းလာသည်။ သူ့လက်များကို သူ့ဇနီးလေး၏ လက်များနှင့် ယှက်နွှယ်နိုင်ပါစေဟု ဆုတောင်းမိသည်။
ထိုနေ့ညတွင်တော့ မင်လျိုရီသည် သူမကိုယ်တိုင်နှင့် ယောင်ကျိကျိုးအား skincare လုပ်ပေးခဲ့ပြီး လူနှစ်ယောက်ပြုလုပ်ရသည့် ယောဂကိုလဲ ကစားခဲ့သည်။ နှစ်ယောက်ပြုလုပ်ရသည်ဟုဆိုသော်လည်း ဒုတိယလူ၏ အသုံးဝင်မှုသည် မရှိသလောက်ပင်။ သို့သော် ထိုအရာသည် မင်လျိုရီ၏ တစ်နေ့တာ အနားယူခြင်းဖြစ်သောကြောင့် သူမကဂရုတစိုက်နဲ့ အရှက်အကြောက်ကင်းမဲ့စွာ ယောင်ကျိကျိုး၏ ခန္ဓာကိုယ်နှင့် ယောဂကစားနေတော့သည်။
ယောင်ကျိကျိုးသည် အစတွင်အသားမကျသော်လည်း မင်လျိုရီ၏ပြေပြစ်သောနဖူးလေးသည် သူ၏လက်ဖဝါးတွင် နေရာယူလိုက်ချိန် သူသာ အမူအရာဖော်ပြနိုင်ပါက ပြုံးနေမိမည်ဖြစ်သည်။
မင်လျိုရီသည် ကိုယ်ကိုပစ်လှဲချလိုက်ပြီး ခဏလောက်ငြိမ်သွားသည်။ ထို့နောက် သူမက လေသံတိုးတိုးလေးဖြင့်ပြောလိုက်သည်။
"ရှင်ဒီလောက် အကြာကြီးအိပ်နေတာ အခုချိန် ပြန်မနိုးတော့ရင် ရှင့်ရဲ့ဗိုက်ကပေါင်မုန့်တွေအကုန် ပျောက်သွားလိမ့်မယ်နော်... လာ... ကျွန်မကြည့်ပေးမယ်"
ထိုသို့ပြောပြီးနောက် မင်လျိုရီသည် သူမ၏ အပြစ်သား လက်ကလေးကို ဆန့်ထုတ်ပြီး သူ၏ညအိပ်ဝတ်စုံကို မ ကာ အညာအတာကင်းမဲ့စွာ ကိုင်ကြည့်နေတော့သည်။ အမှန်လဲ သူ၏ဝမ်းဗိုက်ကြွက်သားများသည် အရင်ကလောက် မပေါ်လွင်တော့ပေ။
မင်လျိုရီသည် ကြွက်သားများကို သေသေချာချာ လေ့လာလိုက်သည်။ သို့သော် သူမ လက်များကမရပ်တန့်သွားပေ။ ယောင်ကျိကျိုးသည် သူမ ပထမဆုံး ကြွက်သားများကိုင်ကြည့်ဖူးသော ယောက်ျားဖြစ်သည်။
ယောင်ကျိကျိုးသည် သူမလှုပ်ရှားမှုများကြောင့် သူ၏ကြွက်သားများလျော့ရဲလာသည်ကို ခံစားမိသွားသည်။ သို့သော် ထိုအရာနှင့်ပတ်သက်ပြီး ကိစ္စတော့မရှိပေ။ သူ့ခြေထောက်တွေ မသန်စွမ်းရင်တောင်မှ လေ့ကျင့်ခန်းပြန်လုပ်လို့ရသေးသည်။ သူနိုးထလာတာနဲ့ ဝမ်းဗိုက်ကြွက်သားတွေကို ပြန်ယူလို့ရသည်။
ယောင်ကျိကျိုး ကောင်းကောင်းပင် ဝမ်းမနည်းလိုက်ရ သူ၏အတွေးများကို မင်လျိုရီက ဖြတ်ပြောတော့သည်။
"ရှင့်ကြွက်သားတွေကို ရဖို့အများကြီးကြိုးစားထားရတာကို ဒီလိုပျောက်ကွယ်သွားတော့ မကျေမနပ်ဖြစ်နေမှာကိုသိပါတယ် ဒါပေမဲ့ စိတ်မပူပါနဲ့ ကျွန်မနေ့တိုင်း ကိုင်ကြည့်ပေးပါ့မယ် အရင်ရှိခဲ့စဥ်က ပုံစံကို ရှင်ပုံဖော်ကြည့်လို့ရတာပေါ့"
ထိုသို့ပြောပြီး သူမသည် နောက်ထပ်အကြိမ်ရေအနည်းငယ်မျှ ထပ်ကိုင်ကြည့်လိုက်သည်။
ယောင်ကျိကျိုး တွေးလိုက်သည်။
'ဇနီးလေးက သူ့ abs တွေကို တကယ်ကြိုက်တာပဲ'
နောက်ခဏအကြာတွင် မင်လျိုရီ အိပ်မောကျသွားတော့သည်။
ယောင်ကျိကျိုး စိတ်ထဲမှ စတင်ရေတွက်လိုက်သည်။
'3....2...1'
ထို့နောက် မင်လျိုရီသည် ဒီဘက်ပြန်လှည့်ကာ မျောက်တစ်ကောင်ကဲ့သို့ သူ့အားဖက်တွယ်လာတော့သည်။ သူမ ပေါင်တံတွေသည် သူ့ကိုယ်လုံးပေါ်တွင်ရှိနေပြီး လက်မောင်းတွေကတော့ သူ့ရင်ဘတ်ပေါ် တင်ထားကာ သူမမျက်နှာသည် သူ့ပခုံးထက်တွင် ရှိနေသည့်အတွက် သူ့လည်ပင်းဆီသို့ သူမအသက်ရှူလိုက်တိုင်း လေလာဟပ်နေတော့သည်။ ထို့အပြင် သူမတစ်ကိုယ်လုံးသည်လည်း ထူးခြားသည့်စမ်းချောင်းအနံ့လေးသင်းနေသည်။
ယောင်ကျိကျိုး အမှန်တကယ်ကို မျက်လုံးများဖွင့်ကာ ထိုနူးညံ့သည့်ကောင်မလေးကို ကြည့်ချင်လှသည်။
သူ၏ နှလုံးသားထဲမှ လှောင်ရယ်လိုက်သည်။ သူတစ်ချိန်လုံး အင်အားရှိသမျှ လှုပ်ရှားနိုင်ရန်ကြိုးစားခဲ့သည့် သူလက်ချောင်းဟာလည်း အသုံးမဝင်တော့ပေ။
'သူမက သူ့ရင်ခွင်ထဲရောက်နေမှတော့ သူမလက်ကိုကိုင်ဖို့ကြိုးစားတာက အရာဝင်ပါဦးမလား...'
ထိုသို့ဆိုရင်တောင် ယောင်ကျိကျိုးသည် ကြိုးစားကြည့်ရုံမှလွဲပြီး မတတ်နိုင်ပေ။ လှုပ်ရှားကြည့်ရန် ကြိုးစားလိုက်ချိန်တွင် သူ၏လက်ချောင်းသည် အနည်းငယ်တုန်ရီလာသော်လည်း သူမလက်သည်သူလက်လှမ်းမမှီနိုင်သည်နှင့် အကွာအဝေးတွင်ရှိနေလေသည်။ ထိုအရာက သူ့အားစိတ်ပျက်အားငယ်စေပြီး နောက်ဆုံးတွင်တော့ သူမရဲ့အင်္ကျီစကိုသာဆုပ်က်ုင်ထားနိုင်လိုက်သည်။ ထိုအရာငယ်လေးကလဲ သူ့အား နူးညံ့ပျော့ပျောင်းသွားစေသည်။
သူတို့နှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် အတော်လေးနီးစပ်လာပြီဟု ယောင်ကျိကျိုးထင်မိသည်။ သူ၏ဇနီးသည် သူမပုံစံအမှန်ကို တွန့်ဆုတ်မနေဘဲ ထုတ်ပြလာသည့်အတွက် သူတွေးမိလိုက်သည်။
'လက်ထပ်ထားတဲ့ စုံတွဲတွေဆိုတာ ဒါမျိုးကိုပြောတာပဲနေမယ်'
ထိုကဲ့သို့နှင့် ယောင်ကျိကျိုးသည် အပျော်များနှင့် အိပ်စက်သွားတော့သည်။
နောက်တစ်နေ့မနက် မြောင်လွေ့မင်ရောက်လာသောအခါ မင်လျိုရီသည် ယောင်ကျိကျိုးအား ဝိညာဥ်စမ်းရေပါဝင်သည့် သီးစုံအနှစ်ကို ကျွေးနေလေသည်။
ထိုအရာကိုမြင်သောအခါ မြောင်လွေ့မင် စိတ်ထဲလှုပ်ရှားသွားသည်။
'သူပဲ အလုပ်အလွန်အကျွံလုပ်မိ၍လားမသိ လူနာကိုကျွေးတဲ့ သီးစုံအနှစ်က အရမ်းအရသာရှိတဲ့ပုံပေါ်နေတယ်လို့ ထင်မိသွားတာလဲ...'
မင်လျိုရီသည် မြောင်လွေ့မင်၏ ထိုသို့သော ပုံစံကိုမြင်လိုက်ရတော့ သူ့အားမနက်စာမစားရသေးဘူးဟု ထင်သွားပြီး အမြန်ထကာ မနက်စာသုံးဆောင်မလားဟု မေးလိုက်သည်။
"ကျွန်တော် စားပြီးခဲ့ပါပြီ"
မြောင်လွေ့မင်က ရှိုးတိုးရှန့်တန့်ဖြင့် ပြန်ဖြေလိုက်သည်။
"သူ့ကိုကျွေးနေတာ ဘာလဲဆိုတာသိချင်လို့ကြည့်နေတာပါ"
မင်လျိုရီ ချက်ချင်းပဲ သဘောပေါက်သွားပြီး အိမ်စေကို နမူနာအနည်းငယ်ယူလာရန် ခိုင်းလိုက်ကာ သူ့ကိုလဲ နေရာဖယ်ပေးလိုက်သည်။
မြောင်လွေ့မင်သည် ယောင်ကျိကျိုးအား နှလုံးခုန်နှုန်းအရင်စမ်းပြီးနောက် သူ့မျက်နှာသည် တဖြည်းဖြည်းပြောင်းလဲသွားတော့သည်။ အရင်တစ်ခေါက်က ယောင်ကျိကျိုး၏ နှလုံးခုန်နှုန်းသည် အားနည်းခဲ့သော်လည်း ဒီနေ့တွင် အများကြီးတိုးတက်လာကာ ပိုမိုအားကောင်းလာသည်။ သူသည် အပ်စိုက်ကုထုံး တစ်ရက်လောက်လုပ်ရုံနှင့် ထိုမျှလောက်တိုးတက်လာမည်ဟု မထင်ခဲ့ပေ။ တစ်ခဏမျှမျက်ခုံးကျုံ့ကာ တွေးတောပြီးနောက်ပြောလိုက်သည်။
"အပ်စိုက်ကုထုံးကလွဲပြီး တခြားဘာများထပ်လုပ်ပေးလိုက်သေးလဲ"
"ကျွန်မ ရေချိုးပေးလိုက်တယ်"
ဟု မင်လျိုရီက ဖြေသည်။
မြောင်လွေ့မင်က ခေါင်းငြိမ့်လိုက်သည်။
"အပ်စိုက်ကုထုံးနဲ့ရေချိုးတာက ကြည့်ရတာအကျိုးသက်ရောက်မှုအတော်ရှိပုံပဲ သူ့ရဲ့သွေးခုန်နှုန်းက သိသိသာသာတိုးတက်လာတယ်...ကျွန်တော် အကြမ်းဖျင်းခန့်မှန်းတာတော့ ကြပ်ထုပ်ထိုးပေးရင် ပိုပြီး ရလဒ်ကောင်းလာလောက်တယ်"
မြောင်လွေ့မင်၏ အပ်စိုက်ကုထုံးဖြင့် ကုသပြီးသွားသောအခါ ရှောင်ဖန်းသည် ဆေးကြပ်ထုပ်ပြုလုပ်ပြီး ယောင်ကျိကျိုး၏ မျက်လုံးနှင့် ဒူးခေါင်းများအပေါ် တင်ထားလိုက်သည်။
မြောင်လွေ့မင်က မင်လျိုရီအားပြောသည်။
"ဒူးခေါင်းအတွက်က ဒီလောက်အပူဆိုလုံလောက်တယ် ဒါပေမဲ့ မျက်လုံးအတွက်ဆိုရင်တော့ နည်းနည်းပူသေးတယ် တပတ်ပါးလေးတစ်ထည်ခံပြီး လုပ်ဖို့လိုတယ်"
မင်လျိုရီက သေသေချာချာ ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။
"ကျွန်မ မှတ်ထားလိုက်ပါ့မယ်"
မြောင်လွေ့မင်သည် ခေါင်းငြိမ့်ပြကာ အချိန်စေ့ခါနီးပြီဖြစ်သဖြင့် ပြန်ရန်အဆင်သင့်ပြင်လိုက်သည်။
"ဒေါက်တာမြောင်"
မင်လျိုရီ ခြေလှမ်းအမြန်လှမ်းလိုက်ကာ မေးလိုက်သည်။
"ဒေါက်တာမြောင် ရှင့်မှာ အချိန်ဇယားလွတ်နေတာများ မရှိဘူးလား"
"အချိန်ဇယားနည်းနည်းပြောင်းသွားလို့ ဒီတစ်ပတ်လုံး ကျွန်တော် A မြို့မှာပဲရှိနေမှာ အဲ့ဒါကြောင့် မနက်တိုင်း အပ်စိုက်ကုထုံးလာလုပ်ပေးပါ့မယ်"
ဟု မြောင်လွေ့မင်က ပြောလိုက်သည်။
🥰