🥰Chapter 39 ✅
မင်လျိုရီ အလွန်ပျော်သွားသည်။
"ကျွန်မမှာ သူငယ်ချင်းတစ်ယောက်ရှိတယ် သူ့ရဲ့ခင်ပွန်းလောင်းကလဲ ကိုမာဝင်နေတာလေ သူတို့က A မြို့ကပဲ...အကယ်၍ ရှင့်မှာအချိန်ရတယ်ဆို သူတို့အတွက် ရက်ချိန်းယူချင်လို့ပါ"
မင်လျိုရီက ရပ်လိုက်ပြီး မြောင်လွေ့မင်ဘာမှပြောမလာမှသာ စကားဆက်ခဲ့သည်။
"အဲဒီသူငယ်ချင်းက လူကောင်းတစ်ယောက်ပါ သူက ကိုမာဝင်တဲ့လူတွေအတွက် ငွေကြေးထောက်ပံ့ပေးတဲ့ ပရဟိတအဖွဲ့အစည်းတောင် တည်ထောင်ထားတယ် ပြီးတော့ ကိုမာဝင်တဲ့မိသားစုဝင်တွေအတွက်လဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြေရှင်းပေးဖို့ ထောက်ပံ့ရေးအသင်းထဲမှာ ပါဝင်ထားတဲ့လူပါ..."
မြောင်လွေ့မင်က ပြောလိုက်သည်။
"ကျွန်တော့်အချိန်ဇယားကပြောင်းသွားပြီဆိုပေမဲ့ အချိန်သိပ်မရလို့ သူတို့ကို ဒီကိုပဲလာခိုင်းလိုက်လို့ရမလား...တစ်ပတ်ခါလောက်ဆိုရင်ရော..."
မင်လျိုရီက အပေးအယူကို အလေးအနက်ခေါင်းငြိမ့်ပြလိုက်သည်။
မြောင်လွေ့မင်က ပြုံးလိုက်ကာ ထွက်ခွာရန်ပြင်လိုက်တော့သည်။
မင်လျိုရီသည် သူ့ကိုလိုက်ပို့ပြီး အိမ်ပြန်လမ်းတွင်စားဖို့ သရေစာအချို့ပါထည့်ပေးလိုက်သည်။
မြောင်လွေ့မင်ကားပေါ်သို့ရောက်သောအခါ သီးစုံအနှစ်ပါသည့် အိတ်ကလေးကိုမြင်တော့ စိတ်ဝင်တစားနှင့် မြည်းကြည့်လိုက်သည်။ အရသာသည် သူထင်ထားသည်ထက် ပို၍ပင်လတ်ဆတ်လှသည်။ ကြည့်ရတာ ယောင်မိသားစုကို ဆေးကုပေးနေသည့်အချိန်များအတွင်း မပျင်းရလောက်တော့ပေ။
အိပ်ခန်းထဲတွင် မင်လျိုရီသည် ကြပ်ထုပ်ကို ခဏခဏ အထက်အောက်လှန်ပေးနေပြီး ဆေးကြပ်ထုပ်ပူကြောင့် ယောင်ကျိကျိုး အပူလောင်မည်ကို စိုးရိမ်နေလေသည်။
ယောင်ကျိကျိုးဘက်တွင်မူ ခံစားချက်များ ဆိုးရွားနေသည်။ မူလမင်လျိုရီသည် သူ့အားအရင်ကကြပ်ထုပ်အပူကပ်ပေးဖူးကာ သူ့အတွက်ဆိုးရွားလှသည့်အတွေ့အကြုံဖြစ်ခဲ့သည်။ သူ့အရေပြားသည် ဘာမှဖြစ်မသွားသော်လည်း စိတ်ပိုင်းဆိုင်ရာအနေနဲ့လက်မခံနိုင်ပေ။ အကယ်၍ သူသာလှုပ်ရှားနိုင်ပါက ယခုချက်ချင်း တွေဝေမှုမရှိဘဲထိုဆေးကြပ်ထုပ်ကို လွှင့်ပစ်မိမည်ဖြစ်သည်။
မင်လျိုရီသည် သူ၏အဆင်မပြေမှုကို ခံစားမိသည့်အလား ကြပ်ထုပ်ကို အထက်အောက် အကြိမ်ကြိမ်လှန်ပေးနေသည်။ ညွှန်ကြားချက်များအရ နာရီဝက်မျှထိုအတိုင်းထားရမည်ဆိုသော်လည်း မင်လျိုရီသည် ယောင်ကျိကျိုးနှင့်စိတ်ချင်းဆက်သွယ်နေသကဲ့သို့ သူ၏အတိတ်ဆိုးများကို ပြန်လည်မြင်ယောင်လာသည်။ မူလမင်လျိုရီက ယောင်ကျိကျိုးအား အပူလောင်ဒဏ်ရာများ ချန်ပေးခဲ့သည့်အတိတ်များပင်ဖြစ်သည်။
မင်လျိိုရီသည် ယောင်ကျိကျိုး၏အရေပြားက ကြပ်ထုပ်ပူဒဏ်ကို မခံနိုင်မည်စိုးသဖြင့် ဖြည်းဖြည်းချင်းသာကပ်ပေးလျက်ရှိသည်။ မင်လျိုရီ ကကြပ်ထုပ်ကို တစ်ဖက်လှန်လိုက်ချိန်တွင်တော့ ယောင်ကျိကျိုး၏ ကြပ်ထုပ်အားလွှင့်ပစ်ချင်သည့်စိတ်မှာ ပိုမိုကြီးထွားလာခဲ့သည်။
ယောင်ကျိကျိုးသည် အသက်ရှူရခက်ခဲလာပြီး ချောင်ပိတ်ခံထားရသော သားရဲတစ်ကောင်ကဲ့သို့ဖြစ်နေသည်။ စိတ်ထဲတွင် ခေါင်းအားနံရံနှင့် ပြေးဆောင့်နေမိပြီး တဖြည်းဖြည်းနှင့် အသိစိတ်များဝေဝါးလာသည်။
ထိုအချိန် ရုတ်တရုတ်ပမာဏသေးငယ်သည့် သန့်ရှင်းသောစမ်းရေများ ပါးစပ်အတွင်းသို့ ဝင်ရောက်လာသည်။ သူ့ဇနီးလေးသည် သူ့အားဂရုတစိုက်ဖြင့်ရေတိုက်နေခဲ့သည်။
ဤမိန်းကလေးသည် သူ၏ အကြောက်တရားများကို လျှော့ချပေးနိုင်ပြီး တောင်ကျစမ်းရေအလား သန့်ရှင်းသည့်ကိုယ်ရောင်ကိုယ်ဝါကိုပိုင်ဆိုင်ထားသော နတ်သူငယ်နှင့်တူသည်။ သို့သော်လည်း သူ့ကိုယ်ပေါ်တွင်ရှိနေသည့် ကြပ်ထုပ်များကို အဝေးသို့ဖယ်ချင်နေတုန်းဖြစ်သည်။ အထူးသဖြင့် မျက်လုံးပေါ်ကတစ်ခုသည် စိတ်ဆင်းရဲဖွယ်ကောင်းလွန်းသည်။
မင်လျိုရီသည် အချိန်ကိုကြည့်လိုက်သည်။ အခုမှ ဆယ်မိနစ်ကျော်သာရှိသေးသည်...သူမ အနည်းငယ် တွေဝေသွားပြီး ယောင်ကျိကျိုးပေါ်မှ ကြပ်ထုပ်များကို ဖယ်ပေးလိုက်သည်။
"ယောင်ကျိကျိုး ကျွန်မရှင့်ကို အချိန်စေ့အောင် ကပ်မပေးချင်လို့မဟုတ်ဘူးနော် ကျွန်မက ရှင်နေသားမကျမှာစိုးလို့...ဒီနေ့တော့ ဒီလောက်ပဲပေါ့... နောက်နေ့မှ ထပ်ကပ်ကြမယ်လေ ကျွန်မကို စိတ်မဆိုးရဘူးနော်"
ထိုသို့ပြောပြီး ကြပ်ထုပ်များကို အမြန်ဖယ်လိုက်သည်။
ထိုအချိန်တွင် ယောင်ကျိကျိုးအတွက် မင်လျိုရီ၏ စကားသံသည် နတ်သမီးအလားပင်။ သူမကို ဘယ်လိုလုပ် စိတ်ဆိုးနိုင်မှာလဲ...
ကြပ်ထုပ်များဖယ်လိုက်သောကြောင့် ဆိုးရွားသည့်ခံစားချက်များအားလုံး ချက်ချင်းပျောက်ကွယ်သွားတော့သည်။
အကောင်းတိုင်းကျန်သေးသည့် အရေပြားကိုခံစားမိမှ ယောင်ကျိကျိုး၏ ကြောက်စိတ်များ လွင့်ပယ်သွားတော့သည်။ ထိုအခိုက်အတန့်သည် မှော်ဆန်စွာပင် သူ့ရင်ထဲမှ သံယသများအားလုံး ဖယ်ရှားခံလိုက်ရသည်။ အတိတ်မှ သူ့မှတ်ဥာဏ်များသည် အရင်ကလောက် မလေးလံတော့သလိုပင်။ သူ၏ဇနီးလေးသည် ကောင်းကင်ဘုံမှ သူ့အတွက်လွှတ်လိုက်သည့် နတ်သမီးတစ်ပါးဖြစ်မည်ဟု ထင်မိသည်။
သူမ၏အပြုအမူများကြောင့် သူ့ခံစားချက်များလျင်မြန်စွာပေါ့ပါးလာမည်ဟု မထင်ထားခဲ့ပေ။
နောက်တစ်နေ့ အပ်စိုက်ကုထုံးလုပ်ပြီးသွားချိန်တွင် ယောင်ကျိကျိုးသည် မင်လျိုရီ၏ စိတ်လှုပ်ရှားနေသည့် အသံအားကြားလိုက်ရသည်။
"ဒီနတ်သမီးပုံ ခေါင်းစွပ်လေးက လှလိုက်တာ... ပန်းရောင်အေပရွန်လေးကလဲလှတာပဲ... ပြီးတော့ ဒီမျက်တောင်တုလေးက ယောင်ကျိကျိုးနဲ့ဆို လုံးဝလိုက်ဖက်နေမှာ... သူ့ရဲ့ ဖြူဖွေးနေတဲ့ အသားနဲ့ဆို ဒီနှုတ်ခမ်းနီလေးနဲ့ ကြည့်ကောင်း...."
ထိုအသံနှင့်အတူ ယောင်ကျိကျိုးသည် သူ၏ခေါင်းအား ခေါင်းစွပ်အစွပ်ခံလိုက်ရသည်ကို ခံစားမိလိုက်ပြီး ခန္ဓာကိုယ်ကိုလဲ အေပရွှန်ဝတ်ပေးခံလိုက်ရသည်။ မျက်လုံးကို မျက်တောင်အတုများတပ်ပေးပြီး အမျိုးအမည်မသိသည့် အရာများလဲ နှုတ်ခမ်းပေါ်သို့အတင်ခံလိုက်ရသည်....
မင်လျိုရီ သူမ၏ နှလုံးသားအောက်ခြေမှ သက်ပြင်းချလိုက်သည်။ ရုပ်ချောတဲ့လူတွေကိုတော့ တကယ်ပဲ အရှုံးပေးပါသည်။ ထို့နောက် သူမကြိုးကြိုးစားစားလုပ်ထားသည့် ရလဒ်ကို မှတ်တမ်းတင်ဓာတ်ပုံရိုက်လိုက်သည်။
ယောင်ကျိကျိုးနားမလည်နိုင်ပေ...သူမရဲ့ ဒီဆန်းပြားတဲ့ဝါသနာကဘာပါလိမ့်
မင်လျိုရီက အလျင်အမြန် အဖြေပြန်ပေးလိုက်သည်။
"မိန်းမလိုဝတ်ထားတဲ့ယောက်ျားရေ... အခု ကျွန်မရှင့်ကို ခြိမ်းခြောက်ထားလိုက်ပြီနော်... အနာဂတ်မှာ ကျွန်မကို လက်စားချေတာဖြစ်ဖြစ် နှိပ်စက်တာဖြစ်ဖြစ်လုပ်လို့ကတော့ ရှင့်ရဲ့ cross-dress ထားတဲ့ဒီပုံတွေကို လိုင်းပေါ်တင်ပစ်မယ်.... ရှင်တို့လို ချမ်းသာပြီးအင်အားကြီးတဲ့လူတွေက နာမည်ပျက်မှာကြောက်ကြတယ်မဟုတ်လား အခုကြောက်ပြီလားပြော"
ယောင်ကျိကျိုးတစ်ယောက် နားမလည်နိုင်ပေ။
သူဇနီးက ဘာကြောင့် အသက်ချမ်းသာပေးဖို့ တောင်းဆိုနေမှန်း စတင်ပြီးသိချင်လာသည်။ သူ့ဆီက လက်စားချေခံရမှာကြောက်လို့ ကြိုတင်ပြင်ဆင်ထားရတဲ့အထိလေ...ပြည်ပကိုတောင် ထွက်ပြေးဦးမယ်တဲ့....သူမက တကယ်ပဲ မင်လျိုရီလား...
ယောင်ကျိကျိုး၏ နှလုံးသားလည်း လေးလံသွားလေသည်။
သို့သော် သူ၏ဇနီးအတွက် ဆင်ခြေများရှာဖွေပေးနေမိတုန်းပင်။ အကြောင်းတစ်ခုခုကြောင့်နေမှာပါ...သူ့ဇနီးသည် ယခုကွဲပြားသွားပြီဟု ခံစားရသည်။ သူမသည် မူလမင်လျိုရီမဟုတ်မှန်း သေချာပေါက် သူယုံကြည်သည်.... အတိတ်၊ လက်ရှိ၊ အနာဂတ်အကြောင်း သူမသိထားတာ အရမ်းများလွန်းသည်....
သူနိုးထလာချိန်တွင်တော့ အနာဂတ်သည် သူ့လက်ထဲသို့ သေချာပေါက်ကိုရောက်လာမည်ဟု ယုံကြည်သည်။
ကျေနပ်သွားသော မင်လျိုရီသည် ဓာတ်ပုံဆက်မရိုက်တော့ဘဲ ယိုလင်လင်နှင့် မြောင်လွေ့မင်ဆီမှ သတင်းကောင်းကို ဝေမျှနေလိုက်သည်။
🥰