အပိုင်း၄၀
Viewers 5k

🥰 Chapter 40 ✅



ယိုလင်လင်: [ တကယ်ကြီးလား... မြောင်လွေ့မင်က တကယ်လက်ခံလိုက်မယ်လို့တောင် မထင်ထားဘူး ... ကျေးဇူးတင်ပါတယ်ဟာ လိပ်စာပို့ပေးထားလိုက် ငါမနက်ဖြန်စောစောလာခဲ့မယ်... ]


မင်လျိုရီ: [ အိမ်ကဒရိုက်ဘာကို လာကြိုခိုင်းလိုက်မယ် နင်ကအဆင်သင့်ပဲလုပ်ထား ]


ယိုလင်လင်: [ ဒီလိုဘောစိကို သူငယ်ချင်းတော်ထားရတာ ကောင်းလိုက်တာ ]


မင်လျိုရီ: [ နင်နဲ့ဒီအကြောင်းပြီးမှဆက်ပြောမယ် ... ခဏနေရင် ဟဲယန်ဖုန့်နဲ့ အတန်းရှိသေးလို့... ပြီးရင်စာအုပ်ဆိုင်မှာ လိုအပ်တာလေးတွေသွားဝယ်မယ်... အချိန်ရရင်အတူတူသွားကြမလား ]


ဟဲယန်ဖုန့်သည် ငယ်ရွယ်သေးသော်လည်း မင်လျိုရီသည် ဧည့်ခန်းတွင်သာစာသင်ရန် ရွေးချယ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ယောက်ျားလေးနှင့် မိန်းကလေးသည် တစ်ခန်းထဲအတူရှိချိန်တွင် စောင့်ထိန်းရမည့်စည်းရှိသည်။ အထူးသဖြင့်အရွယ်ရောက်ခါကာစ လူနဲ့ဆိုရင်ပေါ့။ 


နေ့လည်ဘက်တွင် မင်လျိုရီသည်ယိုလင်လင်အား စာအုပ်ဆိုင်သို့ခေါ်သွားခဲ့ပြီး လမ်းကြုံလက်ဖက်ရည် ဝင်သောက်ကြရန် ဆုံးဖြတ်ခဲ့ကြသည်။ စာအုပ်ဆိုင်တွင် လူများနေသည်ကိုတွေ့သောအခါ ယိုလင်လင်သည် ပုံမှန်မဟုတ်ဟု ခံစားလိုက်ရသည်။ 


"ဒီနေ့ပွဲတော်တွေဘာတွေ ရှိလို့လား" 


မင်လျိုရီ အံ့အားသင့်သွားသော်လည်း များများစားစား ထပ်မစဥ်းစားတော့ချေ။ နှစ်ယောက်လုံးစာအုပ်များရွေးချယ်လိုက်ကြပြီး နေ့စဥ်သုံးပစ္စည်းအချို့ပါယူလိုက်ကြသည်။ မင်လျိုရီသည် အခြေခံအဆင့် အင်္ဂလိပ်စာအုပ်အားကိုင်ပြီး လှန်လှောကြည့်နေသည်စဉ် ဘေးမှအမျိုးသမီးအသံတစ်ခုပေါ်ထွက်လာသည်။ 


"မင်လျိုရီ...တကယ်ကြီးလား....အင်္ဂလိပ်အခြေခံကို အခုမှလေ့လာမှာလား" 


မင်လျိုရီ ခေါင်းမော့ကြည့်လိုက်သောအခါ ဝတ်ကောင်းစားလှဝတ်ထားပြီး သူမအရှေ့တင်ရပ်နေသော ချိုက်ရီရှီးကို တွေ့လိုက်ရသည်။ သူမ နှလုံးသားထဲမှ ကျိန်ဆဲရန်သာတတ်နိုင်တော့သည်။ 


'ရေစက်ပါတဲ့ ရန်သူတော်ကြီး ရောက်လာပါပြီ'


မင်လျိုရီသည် သူမအစားယောင်ကျိကျိုးကို လက်ထပ်ခဲ့ရပြီး သူမသည်လည်း ချိုက်မိသားစု၏ သခင်မလေးဖြစ်သည်။ ယောင်ကျိကျိုး ပြန်နိုးလာသည့်အချိန်တွင် ချိုက်ရီရှီးက ကောင်းမွန်သည့်အရာအားလုံးကို ဆုလာဘ်အဖြစ်ယူပေဦးမည်။ ချိုက်မိသားစုနှင့် ယောင်မိသားစုကို ချုပ်ကိုင်နိုင်ရန်အတွက် သူမသည်ယောင်ကျိကျိိုးကို မင်လျိုရီအား လက်စားချေရန်တွန်းအားပေးခဲ့သည်။ စာအုပ်ထဲမှ မင်လျိုရီကြုံခဲ့ရသော ကံကြမ္မာတစ်ဝက်ခန့်သည် ချိုက်ရီရှီးကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ 


မင်လျိုရီ သူမကိုယ်တိုင်တောင် မသိလိုက်ဘဲ တကိုယ်လုံးတုန်ရီလာခဲ့သည်။ ဤခန္ဓာကိုယ်၏မူလမှတ်ဉာဏ်များကြောင့် ဒေါသထွက်လာသလိုကြောက်ရွံခြင်းများလည်း ဖြစ်ပေါ်လာသည်။ 


သို့သော်လည်း ဒီတစ်ကြိမ်တွင် မင်လျိုရီတစ်ယောက်တည်းမဟုတ်ပေ။ ယိုလင်လင်သည် သူမဘေးတွင်ရှိနေသည်။ သူမက တုန်ရီနေသည့် မင်လျိုရီကို ထိန်းကိုင်လိုက်ပြီး ချိုက်ရီရှီးကိုကြည့်ကာပြောလိုက်သည်။


"ဟေး နင်ကဘယ်သူလဲ... မသိတဲ့လူတွေဆို တိရစ္ဆာန်ရုံက ဒေါင်းမကြီး အပြင်ကိုလွတ်လာတယ်လို့ ထင်ကုန်ဦးမယ်... ဝတ်ထားတာကလဲမျက်စိနောက်လိုက်တာ"


 ချိုက်ရီရှီး၏ မျက်နှာတည်သွားကာ မျက်လုံးများကို ကျဥ်းမြောင်းလိုက်ပြီး စကားပြန်မပြောရသေးခင်မှာပင် ယောင်ကျိရန်က ပြေးဝင်လာသည်။


မင်လျိုရီ အော်ပြောလိုက်ချင်သည်။ 


'အိုးး နောက်တစ်ယောက်ရောက်လာပြန်ပြီ' 


ယောင်ကျိရန်က ချိုက်ရီရှီးကိုကြည့်လိုက်သည်။ သို့သော် သူကမင်လျိုရီနှင့် တွေ့ရမည်ဟုမျှော်လင့်မထားခဲ့သောကြောင့် ရုတ်တရက်မေးလိုက်သည်။ 


"နင်က ဘယ်လိုလုပ် ဒီရောက်နေတာလဲ" 


ယိုလင်လင်က ပတ်ခနဲပြန်ပြောလိုက်သည်။ 


"စာအုပ်ဆိုင်က နင်တို့မိသားစုပိုင်တာမလို့လား နင်ကရောဘယ်သူလဲ... ငါတို့ဘာသာဘယ်လိုရောက်ရောက်ပေါ့" 


ယောင်ကျိရန်သည် ဤစာအုပ်ဆိုင်က အမှန်တကယ်လဲ ယောင်မိသားစုအပိုင်ဟု ပြောတော့မည့်ဆဲဆဲတွင် ချိုက်ရီရှီးက ဖြတ်ပြောလိုက်သညိ။ 


"လျိုရီ ငါက ငါ့စာအုပ်အသစ်အတွက် တွေ့ဆုံပွဲလေးလာလုပ်တာလေ နင်လာချင်ရင် ငါ့ဝန်ထမ်းကို စီစဥ်ခိုင်းလိုက်မယ်" 


ထို့နောက် သူမက အနည်းငယ်စဥ်းစားသည့်ပုံစံလုပ်ပြီး ဆက်ပြောလိုက်သည်။ 


"ဒါနဲ့ နင် အင်္ဂလိပ်စာလေ့လာနေပြန်ပြီလား ကိုယ့်ဘာသာအင်္ဂလိပ်စာအခြေခံကို လေ့လာတာက မသင့်တော်ဘူးထင်တယ်နော်... နင်က ကျောင်းလဲသေချာမတက်ခဲ့ရတော့ ငါဆရာကူရှာပေးရမလား အကူညီလိုရင် ငါ့ကိုလာရှာလိုက်နော်" 


"နင်ကဘာလို့ ရုတ်တရက်ကြီး အင်္ဂလိပ်စာသင်နေတာလဲ" 


ယောင်ကျိရန် မျက်မှောင်ကျုံ့လိုက်သည်။ 


ထိုအချိန်တွင် မင်လျိုရီသည် ခန္ဓာကိုယ်ကိုပုံမှန်အတိုင်း ပြန်ထိန်းချုပ်နိုင်သွားသောကြောင့် စကားစပြောလာတော့သည်။ 


"ငါ့ဘာသာ ဘာသင်သင် နင့်ကို သံတော်ဦးတင်နေရမှာလား" 


ထိုသို့ပြောပြီးနောက် ယိုလင်လင်နှင့် ထွက်သွားရန်ပြင်လိုက်သည်။ သူမ ချိုက်ရီရှီးကြောင့်နဲ့ အချိန်တွေမဖြုန်းတီးချင်ပေ။


သို့သော်လည်း မင်လျိုရီ၏အပြုအမူသည် ချိုက်ရီရှီးကိုအံ့အားသင့်စေသည်။ အတိတ်တွင် မင်လျိုရီသည် ဘာပြောပြောနာခံတတ်သူဖြစ်ပြီး သူမအိမ်တွင်အနည်းငယ် အာဏာရှိကောင်းရှိပေလိမ့်မည်။ သို့သော် ယောင်ကျိကျိုး ကိုမာဝင်ပြီးနောက်တွင် သူမ​၏သခင်မယောင်ဆိုသည့်ဂုဏ်ပုဒ်က ဘယ်လိုလုပ်ပြီးတန်ဖိုးရှိတော့မှာလဲ... အဲ့ဒါတောင် ဒီနေရာမှာ ယောင်ကျိရန်ရှိနေရက်နဲ့ သူမက ထိုလေသံနဲ့ ပြောဆိုရဲတယ်ပေါ့...


ချိုက်ရီရှီးသည် မင်လျိုရီ၏ ကိုယ့်ကိုကိုယ်ထင်ကြီးမှုများသည် ဘယ်နေရာမှရောက်လာသလဲ မသိပေ။ ပညာအရည်အချင်းဖြစ်ဖြစ် အဆင့်အတန်းဖြစ်ဖြစ် သူမသည် မင်လျိုရီထက်သာသည်။ အကယ်၍ မင်လျိုရီက ချိုက်သခင်မလေး အစစ်ဖြစ်တော့လဲ ဘာလုပ်နိုင်မှာမလို့လဲ... 


မင်လျိုရီသည် သခင်မလေးဖြစ်ရန် ကံမပါလာဘဲ သူမ ချိုက်ရီရှီးအတွက် လမ်းခင်းကြမ်းဖြစ်ဖို့သာ ကံကြမ္မာပါလာသူဖြစ်သည်။ သူမကိုမြင်တော့ တုန်ရီသွားသည့်မင်လျိုရီအား ပြန်တွေးမိတော့ ချိုက်ရီရှီးရင်ထဲတွင် အနည်းငယ်စိတ်သက်သာရာရသွားခဲ့သည်။ ဒါပေမဲ့ မင်လျိုရီက ဘာလို့ဒီလောက်မြန်မြန် တည်ငြိမ်သွားရတာလဲ...


ယောင်ကျိရန်သည် သည်းမခံနိုင်တော့ပေ။ 


"မင်လျိုရီ မလေးမစားမလုပ်နဲ့ ချိုက်ရီရှီးရဲ့ ဒီပွဲက လူတိုင်းတက်နိုင်တဲ့ပွဲမဟုတ်ဘူး လက်မှတ်လေးရဖို့တောင်ခက်ခဲတယ်... ရော့ ဒီလက်မှတ်ကိုယူပြီး သွားပျော်လိုက်" 


မင်လျိုရီ မျက်လုံးလှိမ့်လိုက်သည်။ ချိုက်ရီရှီးရဲ့ စာအုပ်အသစ်က ချိုက်မိသားစုရဲ့လူထုအာရုံစိုက်မှုရယူဖို့အတွက်သာမဟုတ်ခဲ့ရင် ဒီလိုတွေ့ဆုံပွဲကရှိလာစရာအကြောင်းမရှိပေ။ သို့သော် သူမရဲ့ အချိန်တွေကိုဒီနေရာမှာ ဖြုန်းဖို့အချိန်မရှိပေ။ ချိုက်ရီရှီး၏ ဂုဏ်မောက်နေသည့် ပုံကိုတွေ့တော့ သူမက ယောင်ကျိရန်ကိုပြောလိုက်သည်။ 


"ယောင်ကျိရန် ဘယ်လိုဖြစ်လို့ ငါ့ကိုသိမ်ငယ်

အောင်လုပ်ဖို့အတွက်နဲ့ အပြင်လူကိုကူညီပေးနေတာလဲ" 


ထို့နောက် သူမ ယိုလင်လင်​၏လက်ကိုဆွဲကာ ထွက်သွားတော့သည်။


ယောင်ကျိရန်၏ မျက်နှာသည် စိမ်းဖန့်သွားသည်။ မင်လျိုရီက ဘာလို့သူတို့အကြားမှာ မပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးရှိတဲ့ပုံစံနဲ့ ပြောသွားရတာလဲ...


ချိုက်ရီရှီး၏ အမူအရာသည် ပို၍ပင် ရုပ်ဆိုးသေးသည်။ 


'ယောင်ကျိကျိုး အောက်ပိုင်းသေသွားတော့ သူမက ယောင်ကျိရန်နဲ့ ဆက်သွယ်ဖို့ ကြိုးစားနေတယ်ပေါ့...'


ဆိုလိုတာက သူ့ရဲ့ယောက်ျားနေရာကို ယောင်ကျိကျိုးကနေ ယောင်ကျိရန်ဆီ ပြောင်းလဲတော့မယ်ပေါ့လေ။ မင်လျိုရီဆိုတဲ့ ခွေးမကတော့ ရှိသမျှအကုန် ခိုးနေတော့တာပဲ။



🥰