🥰 Chapter 41 ✅
မင်လျိုရီသည် ယိုလင်လင်၏ လက်ကိုဆွဲကာ ဆိုင်ထဲမှာ အမြန်ပြန်ထွက်လာခဲ့သည်။ သူတို့ကိုပြောသင့်တာမှန်သမျှ ပြောခဲ့ပြီးပြီဖြစ်၍ ယောင်ကျိရန်သည် ခေါင်းခဲကာကျန်ခဲ့လောက်ပြီး ချိုက်ရီရှီးသည်လည်း ရှုပ်ထွေးသွားလောက်မည်။
မင်လျိုရီသည် ရှုပ်ထွေးနေသော ယိုလင်လင်ကိုတီးတိုးပြောလိုက်သည်။
"လင်လင် နင့်ကိုငါနောက်မှရှင်းပြမယ်...ဘာဖြစ်လို့ ငါတို့ဒီလောက်ကံဆိုးပြီး သူတို့နဲ့ ထိပ်တိုက်ဆုံမိရတာလဲမသိဘူး "
ထိုအချိန် ဝတ်ကောင်းစားလှအမျိုးသမီးကြီးတစ်ဦးသည် သူမတို့ဘေးမှဖြတ်သွားခဲ့သည်။ သူမက မင်လျိုရီအား ဖြတ်ကနဲတွေ့လိုက်ရသည့်အတွက် စိတ်ထဲရင်းနှီးသလိုခံစားရပြီး နောက်ပြန်လှည့်ကြည့်လိုက်ချိန်တွင် မင်လျိုရီကား ထိုနေရာတွင်မရှိတော့ပေ။ အမျိုးသမီးကြီးသည်ခေါင်းခါလိုက်ပြီး သူမအထင်မှားတာဖြစ်မည်ဟု တွေးလိုက်သည်။ သူမက အလျင်အမြန်ပဲ သူမ၏သမီးချိုက်ရီရှီးကို အားပေးရန်ထွက်သွားတော့သည်။
မဒမ်ချိုက်သည် အဝေးမှချိုက်ရီရှီးနှင့် ယောင်ကျိရန်တို့စကားပြောနေသည်ကိုလှမ်းမြင်နေရသော်လည်း သူတို့၏မျက်နှာအမူအရာအရာမှာ ပျော်ရွှင်နေပုံမရပေ။ ထို့ကြောင့် သူမလည်းသူတို့ကို မနှောင့်ယှက်တော့ဘဲ နေရာရှာကာထိုင်လိုက်တော့သည်။
ချိုက်ရီရှီးက ဒေါသတကြီးပြောလိုက်သည်။
"ယောင်ကျိရန် အဲဒါဘာကိုဆိုလိုတာလဲ... မင်လျိုရီက ရှင်သူ့ကိုရှင်းပြခွင့်တောင်မပေးဘူးလို့ပြောနေတယ်... ရှင်နဲ့သူနဲ့က ဘာတွေလဲ"
ယောင်ကျိရန်၏မျက်နှာသည် ဘာပြန်ပြောရမှန်းမသိ၍ ကူကယ်ရာမဲ့နေပုံပေါ်သည်။ သူကိုယ်တိုင်လဲ မင်လျိုရီက ထိုသို့ပြောလာမည်ဟု မထင်ထားခဲ့ပေ။ ထို့အပြင် ယောင်ကျိရန်သည်အရာအားလုံးကို သူ့လက်ထဲတွင် ထိန်းချုပ်ထားနိုင်စဥ်က မင်လျိုရီအား ခြိမ်းခြောက်ထားခဲ့သောကြောင့် သူမပါးစပ်မှထိုသို့သောစကား ထွက်မလာသင့်ပေ။
သို့သော်လည်း မင်လျိုရီ၏ ချိုသာသည့်အသံ၊ ဝမ်းနည်းနေသည့် မျက်ဝန်းများက ယောင်ကျိရန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထုံထိုင်းသွားစေသည်။ သူ၏ ဦးနှောက်သည်လည်း ထိုထိတ်လန့်စရာအခြေအနေကြောင့် မတုန့်ပြန်နိုင်ဘဲရပ်တန့်နေခဲ့သည်။ သူပြန်ပြီး တုန့်ပြန်နိုင်ချိန်တွင်တော့ မင်လျိုရီကား ထွက်သွားချေပြီ။ ထို့ကြောင့် ယောင်ကျိရန်သည် ချိုက်ရီရှီးအား ရှင်းပြရုံသာတတ်နိုင်တော့သည်။
"မင်းသိပါတယ်... သူကငါ့မရီးလေ သူ့ကိုအရမ်းအရှက်ရအောင် မလုပ်ချင်လို့ပါ... ဘေဘီ စိတ်မဆိုးပါနဲ့ ကိုယ်မှားပါတယ်ကွာ... မင်းက ဒီနေ့ရဲ့ဘော့စ်ပဲလေ ဟုတ်တယ်မလား ကိုယ့်ကိုဒီတစ်ခါတော့ ခွင့်လွှတ်ပေးကွာ... နော်"
ချိုက်ရီရှီးသည် ယောင်ကျိရန် လက်လျှော့ထားလိုက်ပြီးမှန်း သိသည်။ အကယ်၍ သူတို့သာထိုအကြောင်းဆက်ပြောပါက သူမ၏ချောမောပြီး အပြစ်ကင်းစင်သည့်ပုံရိပ်နှင့် ကိုက်ညီတော့မည်မဟုတ်ပေ။ ယခုခဏတွင်တော့ သူမက ထိုကိစ္စကို ဘေးချိတ်ထားရုံသာ တတ်နိုင်သည်။
သူမက သဘောထားကြီးသည့် အမူအရာဖြင့်မေးလိုက်သည်။
"ကျွန်မဒီနေ့ လှရဲ့လား"
ယောင်ကျိရန်သည် ထိုအမေးကိုကြားမှသက်ပြင်းချလိုက်မိသည်။ သူမသာ ခုနကအကြောင်းအား ဆက်မေးနေလျှင် သူဘာဆက်လုပ်ရမည်မှန်း မသိတော့ပေ။ ထို့အပြင် ဒီနေရာကလူအရမ်းများလွန်းသည်။
"ဒါပေါ့ ဒီနေ့ပိုလို့တောင်လှသေးတယ်...မင်းလောက်လှတဲ့သူ မရှိသေးဘူး"
ချိုက်ရီရှီး စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်ပြပြီးနောက် ထိုင်စောင့်နေသော သူမမိခင်အား တွေ့သွားတော့သည်။ သူမက ချက်ချင်းအပြေးသွားပြီး ဖက်ထားလိုက်သည်။ ချိုက်ရီရှီး၏မိခင်သည် သူမခေါင်းလေးအား ချစ်မြတ်နိုးစွာပုတ်ပေးရင်း ညင်သာစွာပြောလိုက်သည်။
"ဒီအရွယ်ပဲရောက်နေပြီ အမေကို ချွဲချင်နေတုန်းလား...မေမေ့ရဲ့အရမ်းတော်တဲ့ ကလေးလေး စိတ်မလှုပ်ရှားနဲ့နော်"
ချိုက်ရီရှီး ခေါင်းငြိမ့်လိုက်ပြီးစောင့်ဆိုင်းဧရိယာသို့ တည့်တည့်မတ်မတ်သွားလိုက်သည်။ သူမအတွေးထဲတွင် ယောင်မိသားစုရော ချိုက်မိသားစုကိုရော လိုချင်သည်။ ထို့ကြောင့် ဘယ်သူပဲဖြစ်ဖြစ် သူမလမ်းကို ပိတ်ရပ်လာလျှင် ထိုသူအားစုတ်ဖြဲပစ်မည်ဖြစ်သည်။
......
မင်လျိုရီသည် ရှော့ပင်းမောလ်သို့သွားသည့် လမ်းတစ်လျှောက် ယိုလင်လင်အားခေါ်လာပြီးနောက် ထိုင်စရာကော်ဖီဆိုင်လေးအား တွေ့လိုက်သည်။ သူတို့သည် တစ်လမ်းလုံး မပြေးရုံတမယ်လျှောက်ခဲ့ကြသည်။ သူမ ယောင်ကျိရန်ဆီမှာတော့ အဖမ်းမခံချင်ပေ။
ယိုလင်လင်သည် ထိုင်ခုံတွင်မထိုင်သေးဘဲ ချက်ချင်းမေးခွန်းထုတ်လာသည်။
"လျိုရီ... အဲဒီ ဒွမ်မာကွင်းနှစ်ယောက်ကို သိတာလား"
"ဘာလို့သိချင်တာလဲ"
"မြန်မြန်ပြောစမ်းပါဟဲ့ သိချင်လို့ပါဆို"
မင်လျိုရီသည် ယိုလင်လင်၏ အမေးစကားကိုကြားတော့ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်ပေါက်လာသည်။ ဘယ်လိုဖြေသင့်လဲ...အကောင်းဘက်ကပြောရရင်တော့ သူတို့သည် သူမမိသားစုဝင်များ ဖြစ်သည်။
မင်လျိုရီက ပြုံးပြီးလျှို့ဝှက်နက်နဲစွာဖြေလိုက်သည်။
"ငါတို့က ကံကြမ္မာကသတ်မှတ်ပေးထားတဲ့ ရန်သူတွေလို့ပြောလို့ရတယ်"
ယိုလင်လင် ရုတ်တရက်ပဲ နားလည်လိုက်သည်။ ဒါက ကံကြမ္မာကသတ်မှတ်ပေးထားတဲ့ ရန်သူတွေ လုပ်လေ့ရှိတဲ့ ရုပ်ရှင်ဆန်ဆန် အဖြစ်အပျက်တစ်ခုလား... နောက်တစ်မျိုးအနေနဲ့ပြောရရင် ရုပ်ရှင်ကားကြီးတစ်ခုပင်... ပြီးတော့ live action အနေနဲ့ ဖြစ်သည်။
ယိုလင်လင်က အပြုံးလေးဖြင့်ပြောလိုက်သည်။
"ငါနားလည်ပါပြီ ဒါတွေက ချမ်းသာပြီး အင်အားကြီးတဲ့လူတွေအကြားက ရန်ပွဲလေးတစ်ခုပါပဲ"
မင်လျိုရီ ခဏလောက်စဥ်းစားလိုက်ပြီးနောက် သူမနှင့် ယောင်မိသားစု၏ ဆက်ဆံရေးကို မဖွင့်ဟတော့ချေ။ ဒါသည် သူမမိသားစု၏ အတွင်းရေးဖြစ်ပြီး အိမ်တွင်းရေးအပုပ်အပွများကို အပြင်သို့ယူဆောင်မသွားသင့်ပေ။ မင်လျိုရီသည် ထိုကဲ့သို့သောစည်းမျဥ်းများကို နားလည်သောကြောင့် ဖုံးကွယ်ရန်ဆုံးဖြတ်လိုက်သည်။
"အဲဒီမိန်းမက ငါ့ယောက်ျားကို ကြိုက်ခဲ့ဖူးတယ်လေ...သူ့ဘေးကတစ်ယောက်ကတော့ ငါ့ယောက်ျားနဲ့ အမျိုးတော်တယ်"
ထိုစကားကိုကြားလိုက်ရတော့ ယိုလင်လင်သည် စပ်စုချင်စိတ် တဖွားဖွားဖြစ်လာတော့သည်။ သူမ ထိုမျှလောက် စိတ်လှုပ်ရှားစရာကောင်းမည်ဟု မထင်ထားခဲ့ပေ...ယခုလေးတင် ဖြစ်ပျက်ခဲ့တာကိုကြည့်ခြင်းအားဖြင့် ကိစ္စများသည် မင်လျိုရီပြောပြသလောက် မရိုးရှင်းနိုင်ပေ။
စပ်စုချင်စိတ်ကအနိုင်ရရှိသွားသည့် လင်လင်သည်ထပ်မံမေးလိုက်သည်။
"လျိုရီ..: ဒါက ချမ်းသာတဲ့လူတွေအကြောင်းရိုက်ထားတဲ့ ဒွမ်မာကားကျနေတာပဲ... အဲဒီ အမျိုးတော်တဲ့တစ်ယောက်က နင့်ကိုကြိုက်နေတာလား... လေးပွင့်ဆိုင်အချစ်ရေးလို့တော့ ငါ့ကိုမပြောနဲ့နော် ရက်စက်ချက်ပဲ...လျိုရီ နင့်ရဲ့ အဲဒီအမျိုးတော်တဲ့တစ်ယောက်က ဟိုမိန်းမနဲ့ တွဲနေပြီလား"
🥰