🥰 Chapter 44 ✅
ယောင်ကျိရန်သည် ကိုယ့်ကိုကိုယ်ခွင့်လွှတ်ပေးတတ်သူဖြစ်သည့်အတွက် ထိုနေ့ညနေ၏မတော်မဆမှုကို မင်လျိုရီအားအပြစ်တင်လိုက်သည်။ အကယ်၍ မင်လျိုရီကြောင့်သာမဟုတ်ရင် ယောင်ကျိရန်သည် သူ့၏အရင်မိန်းကလေးကို ပျင်းစရာကောင်းသည်ဟုထင်ပြီး ရမ်ရို့ရို့နှင့်တွဲမိမည်မဟုတ်ပေ။
'ဒါတွေအကုန် မင်လျိုရီကြောင့်ပဲ... သူ့ကြောင့်ပဲ...'
ယောင်ကျိရန်သည် ဒီနေ့လိုအဖြစ်အပျက်များနှင့် ကြုံတွေ့ခဲ့ရပြီး ချိုက်ရီရှီးရှေ့တွင် အရှက်ခွဲခံလိုက်ရသည်။ ယောင်ကျိရန်၏ နှလုံးသားထဲမှအတွေးများ မှောင်မိုက်သွားခဲ့သည်။
'မင်လျိုရီ...ဒီတစ်လော အရမ်းကိုမှ အေးအေးချမ်းချမ်းဖြတ်သန်းနေရပုံပဲ'
...
မြောင်လွေ့မင်သည် နောက်တစ်နေ့မနက်စောစောတွင် ရောက်လာခဲ့သည်။ တရက်ပြီးတရက် ယောင်ကျိကျိုး၏ခန္ဓာကိုယ်သည် တိုးတက်မှုအသစ်တစ်ခုရှိနေတတ်ပြီး မြောင်လွေ့မင်ကိုစိတ်ဝင်တစားဖြစ်စေသည်။ စိတ်အားထက်သန်စွာဖြင့် ယောင်ကျိကျိုးကိုဆေးလိမ်းပေးခဲ့သောနေရာများတွင် ဓာတ်မတည့်မှုနှင့်အပူလောင်ဒဏ်ရာများ ရှိမရှိကိုအရင်စစ်ဆေးကြည့်လိုက်သည်။
ထိုအချိန်တွင် မင်လျိုရီသည် အိမ်စာမပြီးသည်ကိုဆရာသိသွားမှာ ကြောက်ရွံနေသောကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။ သူမက ဘေးတွင် ရင်တမမနှင့်ရပ်နေပြီး သူမလက်များကိုစိတ်လှုပ်ရှားမှုကြောင့်ပွတ်သပ်နေသည်။ မြောင်လွေ့မင်သင်သည် မည်မျှပင်တော်တက်နေပါစေ သူမ ကြပ်ထုပ်များကို စောစောဖယ်ခဲ့သည့်အကြောင်းကိုတော့ မသိလောက်ဟု မင်လျိုရီတွေးမိသည်။ ထိုအချိန်တွင် မြောင်လွေ့မင်ကရုတ်တရက်ထမေးလိုက်သည်။
"မနေ့က ကြပ်ထုပ်ကို ဘယ်လောက်ကြာကြာကပ်ခဲ့လဲ"
မင်လျိုရီ မျက်မှောင်ကျုံ့သွားသည်။ သူမကြောက်ရွံ့သည်အရာသည် အမှန်တကယ်ဖြစ်လာပြီ။ သူမက သူသတိမထားမိဘူးဟုထင်ခဲ့သော်လည်း သတိထားမိခဲ့သည်။ သို့သော် မင်လျိုရီသည် ယောင်ကျိကျိုး၏ကောင်းကျိုးအတွက် ပြုလုပ်ပေးခဲ့ခြင်းဖြစ်သောကြောင့် သူမကသေမှာမကြောက်ဘဲ ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ်... ယောင်ကျိကျိုးက အပူဒဏ်ကို ကျင့်သားမရမှာစိုးလို့ပါ ...ဒါပေမဲ့ အချိန်သိပ်မကွာပါဘူး ငါးမိနစ် ဆယ်မိန်လောက်ပဲ စောပြီးဖယ်လိုက်တာပါ"
မြောင်လွေ့မင်သည် မင်လျိုရီအား စိတ်ဝင်တစားကြည့်လိုက်သည်။ ယောင်ကျိကျိုးသည် ကိုမာဝင်သည့်အခြေအနေတွင်ဖြစ်ပြီး အကယ်၍မသက်မသာဖြစ်ခဲ့ရင်တောင် ချက်ချင်းကြီးသတိထားမိဖို့က မဖြစ်နိုင်ပေ။ ဒါကိုမင်လျိုရီက ဘယ်လိုလုပ်ပြီး သိသွားခဲ့တာလဲ...
မြောင်လွေ့မင်က ပုံမှန်ပဲ မေးလိုက်သည်။
"ဟုတ်လား...ဒါဆို သူ့အတွက် အဆင်မပြေမှန်း ဘယ်လိုသိသွားတာလဲ"
မင်လျိုရီသည် မြောင်လွေ့မင်၏ မျက်နှာအမူအရာကို ကြည့်ပြီး အနည်းငယ်ထိတ်လန့်သွားခဲ့သည်။ သူမက ထိုကြီးမြတ်လှသည့် "နတ်ဘုရားလို ဆေးပညာရှင်" ၏ဒေါသအားဆွမိမည်ကို စိုးရိမ်နေခဲ့သည်။
'မြောင်လွေ့မင်သာ စိိတ်ဆိုးပြီးထထွက်သွားရင် ယောင်ကျိကျိုးကို ဘယ့်နှယ်လုပ်ကြမလဲ...'
မြောင်လွေ့မင်အား ဒေါသမထွက်စေရန် မင်လျိုရီသည် အပြစ်ဝန်ခံနေသော ကလေးတစ်ယောက်ကဲ့သို့ ပြောလိုက်သည်။
"ကျွန်မ ခံစားမိတာပါ... အရင်က သူအပူလောင်ဖူးတော့ အခုတစ်ခေါက်မှာ သူ့အတွက်အဆင်မပြေဖြစ်နေမှန်း စိတ်ထဲကသိနေတာ...အဲဒါကြောင့် သူ့အရေပြားကအထိမခံနိုင်ဖြစ်မှာကို စိုးရိမ်မိလို့ပါ... ဒီရှေ့နှစ်ရက်က ဘာပြဿနာမှမရှိတာကို တွေ့ပြီးပြီဆိုတော့ ဒီနေ့ကစပြီး ရှင်ပြောတဲ့အချိန်အတိုင်း အတိအကျလိုက်နာပါ့မယ်"
မြောင်လွေ့မင်က တိတ်တဆိတ် မျက်မှောင်ကျုံ့လိုက်သည်။ မင်လျိုရီသည် ပို၍ပင်ထိတ်လန့်လာတော့သည်။ ဥာဏ်ကြီးရှင်တွေက သူမတူတဲ့အကျင့်စရိုက်တွေရှိကြတယ်တဲ့...အခု သူမက ဒီ ကြီးမြတ်တဲ့ "နတ်ဘုရားလို ဆေးပညာရှင်" ချမှတ်ပေးတဲ့ ဆေးအညွှန်းကို ကိုယ့်ဘာသာပြောင်းလဲပစ်လိုက်မိသည်ဆိုတော့ သူထွက်သွားတော့မှာလား။
မင်လျိုရီ ကြောက်လန့်တကြားပြောလိုက်သည်။
"ဒေါက်တာမြောင် စိတ်မဆိုးပါနဲ့ ... ရှင့်စကားကိုနားမထောင်တာမဟုတ်ပါဘူး"
မြောင်လွေ့မင် စိတ်မဆိုးပါ။ ထို့အပြင် သူ့ကိုယ်သူ အမှားလုပ်မိသည်ဟုပင် ခံစားလိုက်ရသည်။ မင်လျိုရီသာ သူပြောသည့်အတိုင်း နေ့စဥ်ပြုလုပ်ခဲ့လျှင် လူနာကိုတချို့သောထိခိုက်မှုများ ရှိလာနိုင်ချေရှိသည်။
မြောင်လွေ့မင်က ပြုံးကာမေးလိုက်သည်။
"ကျွန်တော်က အဲလောက်ပဲ ကြောက်စရာကောင်းလို့လား"
ထိုစကားကိုကြားမှ မင်လျိုရီသည် မြောင်လွေ့မင်စိတ်မဆိုးမှန်း သဘောပေါက်သွားတော့သည်။ သူက သူမကို ခြောက်လန့်ချင်ခဲ့ရုံပင်။ မြောင်လွေ့မင်သည် သေသေချာချာစစ်ဆေးကြည့်ပြီးနောက် မင်လျိုရီသည် အမှန်တကယ်အလုပ်ကောင်းကောင်း လုပ်ခဲ့သည်ဟုခံစားလိုက်ရသည်။
"ခင်ဗျားလုပ်တာ မှန်ပါတယ်...လူနာရဲ့ အခြေအနေကိုကြည့်ပြီး ကျွန်တော် တစ်ဆင့်ချင်းပဲ ညွှန်ကြားပေးပါ့မယ် ဒါပေါ့ မိသားစုဝင်တစ်ယောက်အနေနဲ့ လူနာအကြောင်းကို ဆရာဝန်ထက် ပိုသိမှာပေါ့"
မင်လျိုရီ သက်ပြင်းချမိသွားသည်။ သူမက ထိုနတ်ဘုရားဆေးပညာရှင်သည် ဒေါသထွက်ပြီး လှည့်ထွက်သွားကာ ယောင်ကျိကျိုးကို ပစ်ထားခဲ့မည်ဟု တွေးမိခဲ့သည်။ သို့သော်လည်း နောက်ထပ်ပြောလာသည့်စကားသည် မင်လျိုရီကိုတစ်ဖန်ပြန်ပြီး ကြောက်လန့်သွားစေသည်။
"ဒါပေမဲ့ ကျွန်တော့်ကို အရင်ဆက်သွယ်ပြီး မတိုင်ပင်ခဲ့တဲ့အတွက်တော့ မှားတယ်...ကျွန်တော်မေးမှသာ အမှန်ကိုပြောပြတယ် အနာဂတ်မှာဒီလိုမျိုး ကိစ္စထပ်ဖြစ်ခဲ့ရင် ကျွန်တော့်ကိုသေချာပေါက် အရင်ဆက်သွယ်ပေးပါ မဟုတ်ရင် သူ့အခြေအနေကိုထိခိုက်စေနိုင်တယ်"
မင်လျိုရီ ခေါင်းငြိမ့်ကာထိုသို့ထပ်ဖြစ်လျှင် ချက်ချင်းဆက်သွယ်ပါမည်ဟု ကတိပေးလိုက်သည်။ သူမ ထိုကဲ့သို့သော အမှားအားထပ်မံပြုလုပ်မည်မဟုတ်ပေ။မြောင်လွေ့မင်သည် မင်လျိုရီ၏ထိတ်လန့်နေသည့်အမူအရာကိုကြည့်ပြီး မတတ်နိုင်ဘဲ စနောက်လိုက်သည်။
"နောက်တစ်ကြိမ်လဲ ဒီလိုပဲဆိုရင် ကျွန်တော်လာမကြည့်ပေးတော့ဘူး"
'ထင်တဲ့အတိုင်း ကြီးမြတ်တဲ့မြောင်က စိတ်ဆိုးနေတုန်းပဲ...သူသာ ထပ်မလာတော့ရင် ယောင်ကျိကျိုးက ဘယ်လိုလုပ်မလဲ'
မင်လျိုရီသည် ယောင်ကျိကျိုး၏ကောင်းကျိုးအတွက် မြောင်လွေ့မင် စိတ်မဆိုးတော့သည်ကို သေချာအောင်လုပ်လိုက်သည်။
မင်လျိုရီက ချက်ချင်း တောင်းပန်လိုက်သည်။
"မဟုတ်ပါဘူး အနာဂတ်မှာ ကျွန်မဘယ်လိုပြုမူရမလဲဆိုတာသိပါတယ် ဒီတစ်ကြိမ်က ကျွန်မအမှားပါ...စိတ်မဆိုးပါနဲ့ ဆရာမြောင်ရယ် နောက်တစ်ကြိမ်မဖြစ်စေရဘူးလို့ အာမခံပါတယ် ဘာပဲဖြစ်ဖြစ် ရှင့်ကိုချက်ချင်းဆက်သွယ်ပါ့မယ် တကယ်ပါ... တကယ်ဆက်မယ်... ဆရာမြောင်... တစ်ကြိမ်လောက်ပဲ ယုံကြည်ပေးပါ"
🥰