Chapter 205
ကလေးမလေး၏ စိတ်ရှုပ်ထွေးနေသည့် အမူအယာကို ကြည့်ပြ ဈေးဆိုင်ပိုင်ရှင်က တစ်ချက်ပြုံးလိုက်ပြီး ရိုးရှင်းလှသည့် သစ်သားသေတ္တာလေးတစ်ခုကို ထုတ်ပြလာသည်။
"ကလေးမလေး... ဒါကိုကြိုက်လား..."
ထိုသို့ပြောပြီး ဈေးဆိုင်ပိုင်ရှင်က ဖုအန်းချီရှေ့တွင် ပစ္စည်းများကို ပြလာသည်။
ဖုအန်းချီ မျက်တောင်ခတ်လိုက်ကာ သူမရှေ့ရှိ ပစ္စည်းများကို ကြည့်လိုက်သည်။ သူမ ကျောက်စိမ်းပုတီးစေ့လေးတစ်ခုကို ဆိုင်ပိုင်ရှင် လက်ထဲမှ လှမ်းယူလိုက်သည်။
သူမလက်ထဲတွင် ထိုကျောက်စိမ်းပုတီးစေ့လေးကို ယူလိုက်သည်နှင့် သူမတစ်ကိုယ်လုံး အေးမြသွားသည်ဟု ခံစားလိုက်ရပြီး ပြန်မပေးချင်တော့ပေ။
ဖုအန်းချီ သူမလက်ထဲရှိ ကျောက်စိမ်းပုတီးစေ့လေးကို ကြည့်လိုက်သည်။
အမှန်အတိုင်းပြောရလျှင် ၎င်းက ကြည့်မလှပေ။
ထို့အပြင် ဖုအန်းချီက တန်ဖိုးကြီးလှသည့် လက်ဝတ်ရတနာမျိုးစုံကို မြင်ဖူးသည့် ကလေးဖြစ်သည်။ သူမထံတွင် ကျောက်မျိုးစုံဖြင့် ပြုလုပ်ထားသည့် ရတနာများ ရှိသေးသည်။
သူမလက်ထဲရှိ ပုတီးစေ့က အရွယ်အစား အားဖြင့် သေးငယ်လှပြီး အတော်လေး ယိုယွင်းနေသည်။
ဘာလို့ ဒီလို နိမ့်ကျတဲ့ ပစ္စည်းလေးတစ်ခုက သူမကို လိုချင်တက်မက်လွန်းလို့ သူများတွေကိုတောင် မပေးချင်ရအောင် ဖြစ်သွားစေရတာလဲ...
"သမီး ဒီကျောက်စိမ်းပုတီးစေ့ကို ကြိုက်တယ်... ဘယ်လောက်ကျလဲ..."
ဖုအန်းချီက သူမသဘောကျသည့် အရာများကို ဝယ်ယူသည့် အချိန်တိုင်းတွင် တုံ့ဆိုင်းခြင်း မရှိပေ။
"ကလေးမလေး.. ဦးလေးပြောပြမယ်... ဒီကျောက်စိမ်းပုတီးစေ့က ဦးလေးဆီရောက်နေတာ နှစ်တော်တော်ကြာပြီ... ဦးလေး ဒီဆိုင်ခန်းလေးကို စဖွင့်ကတည်းက အဲ့တာကရှိနေတာ.. ဒါပေမဲ့ ဘယ်သူမှမဝယ်ကြဘူး.. သမီးမှာ အမြင်ရှိတာပဲ... ဦးလေးတော့ ဒီပုတီးစေ့က သမီးနဲ့ ရေစက်ပါတယ်လို့ ထင်တာပဲ.. ဒါမှမဟုတ်ရင်လည်း ဒီပုတီးစေ့က သူ့ရဲ့ပိုင်ရှင် ဖြစ်တဲ့ သမီးကို နှစ်ပေါင်းများစွာ စောင့်နေတာလည်း ဖြစ်လောက်တယ်..."
ဆိုင်ခန်းပိုင်ရှင်က ထိုစကားများကို ပြောပြီးသည်နှင့် ဖုအန်းချီက နှာမှုတ်လိုက်ကာ ထပ်မေးလိုက်သည်။
"ဦးလေး... ဒါဘယ်လောက်လဲ... သမီးဝယ်မယ်..."
"ဟားဟား... ကလေးမရယ်.. ဒီပုတီးစေ့က သမီးနဲ့ ရေစက်ပါနေမှတော့ အများကြီး မတောင်းတော့ပါဘူး... နှစ်ဆင့်ပဲပေးပြီး ယူသွား..."
"ဘာ.. နှစ်ဆင့်လား.."
ဈေးနှုန်းကို ကြားပြီးနောက်တွင် ဖုအန်းချီ ထိတ်လန့်သွားတော့သည်။ ဤကျောက်စိမ်းက အစစ်မဟုတ်ကြောင်းလည်း ပိုသေချာသွားရသည်။
သူမ ထိုမျှဈေးပေါသည့် ရတနာများ ရှိကြောင်း မကြားဖူးပေ။
သို့သော်
သူမ ဤပုတီးစေ့ကို အလွန်သဘောကျနေသည်။ ဘာကြောင့်လဲ မသိသော်လည်း ကြိုက်နေသည်။ သူမ လက်ကောက်ဝတ်တွင် ထိုကျောက်စိမ်း ပုတီးစေ့လေးကို ချက်ချင်း ဆွဲလိုက်ချင်နေလေပြီ။
မည်သို့ပင် ဆိုစေ ဖုအန်းချီက အရေးကြုံလျှင် သုံးရန် သူမလက်ထဲတွင် ပိုက်ဆံအချို့ ရှိပြီး ၎င်းကို ဆိုင်ပိုင်ရှင်ဆီ ကမ်းပေးလိုက်သည်။
သို့သော် သူမ၏ပိုက်ဆံက တစ်ရာတန်ဖြစ်နေသည်။ ပိုက်ဆံကို တွေတွေကြီးကြည့်နေသော ဆိုင်ပိုင်ရှင်ကို ကြည့်ပြီး ဖုအန်းချီက ရွံရှာသည့် အမူအရာကို လုပ်ပြလိုက်သည်။
"ဦးလေးဆီမှာအခြား ကျောက်စိမ်း ဆွဲသီးတွေများ ရှိသေးလား..."
၎င်းကို ဝယ်ယူပြီးနောက်တွင် ဖုအန်းချီ၏ နှလုံးသားထဲရှိ ပျော်ရွှင်မှုမှာ ပျောက်ကွယ်သွားပြီး သူမတစ်စုံတစ်ခု ဆုံးရှုံးလိုက်ရသော ခံစားချက်ကို ရနေသေးသည်။
"တခြားဟာတွေလား.. စန်းယုံအော်ပရာပုတီးစေ့ရှိသေးတယ်လေ.. သမီးရဲ့ ကျောက်စိမ်းပုတီးစေ့က စန်းယုံအော်ပရာပုတီးစေ့ကို အလှဆင်ထားတာလေးပဲ... "
ဦးလေးတန်က ဖုအန်းချီကို ပြုံးပြုံးလေး ပြောလိုက်သည်။
ဖုအန်းချီ၏မျက်လုံးများက အခြားကျောက်စိမ်း ဆွဲသီးအကြောင်းကြားသောအခါ ချက်ချင်း တောက်ပသွားသည်။
"စန်းယုံအော်ပရာ ပုတီးစေ့လား.. သမီးဝယ်ချင်တယ်.. သမီးကိုပေး..."
ကလေးမလေးက အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။ သူမ၏ မရင့်ကျက်သေးသည့် မျက်နှာလေးက အလွန်အရသာရှိသည့် ပန်းသီးတစ်လုံးလို နီရဲနေသည်။
စန်းယုံအော်ပရာ ပုတီးစေ့ကို ရှအန်းဝယ်ယူသွားသည်မှာ သနားစရာပင်။
"ကလေးမလေးရယ်.. ဦးလေးတကယ်တောင်းပန်တယ်နော်... စန်းယုံအော်ပရာပုတီးစေ့ကို ဟိုးအရင်ကတည်းက လူတစ်ယောက်က ဝယ်သွားတာ.... သမီးကိုရောင်းပေးချင်ပေမဲ့ ကံဆိုးစွာနဲ့ ရောင်းပေးလို့ မရတော့ဘူး...သမီးက အရမ်းနောက်ကျသွားတာကိုး..."
ဖုအန်းချီ၏ ပန်းရောင်သန်းနေသည့် မျက်နှာလေးက ချက်ချင်းလက်ငင်း မှုန်ကုတ်သွားသည်။ သူမ၏ အနီရောင်နှုတ်ခမ်းလေးများကို တင်းတင်းကိုက်လိုက်မိသည်။
"ဘာလို့ ဝယ်သွားခံရတာလဲ..."
အဲ့တာက သူမဟာလေ...
ဖုအန်းချီ ခပ်တိုးတိုး ရေရွတ်လိုက်ပြီး သူမ၏ ပစ္စည်းကို သူစိမ်းတစ်ယောက်က ခိုးသွားသည်ဟုသာ ခံစားနေရသည်။ သူမ အတော်လေး မသက်မသာ ဖြစ်နေရသည်။
"ဘယ်သူဝယ်သွားလဲဆိုတာ ဦးလေးသိလား..."
သူမ လိုချင်လေလေ မရလေလေဖြစ်၍ သူမ ပိုမိုကြိုးစားချင်လာလေလေဖြစ်နေသည်။ ဖုအန်းချီက သူမကအလွန်ချမ်းသာပြီး လိုချင်တာ မှန်သမျှ ဝယ်၍ရကြောင်း ခံစားမိသည်။
သူမ ကြိုက်နေသမျှ ငွေအမြောက်အမြားသုံးပြီး စန်းယုံအော်ပရာ ပုတီးစေ့ကို ဝယ်ယူ၍ရပေသည်။
ထို့ကြောင့် ဖုအန်းချီက စန်းယုံအော်ပရာ ပုတီးစေ့ကို ဝယ်သွားသည့် လူကို သိသည်နှင့် ထိုလူဆီမှ ပြန်ဝယ်၍ရကြောင်း တွေးနေမိသည်။
"ဝယ်သွားတဲ့လူလား...."
ဦးလေးက ခဏမျှစဉ်းစားပြီးဖြေးဖြေးချင်း ပြောလေသည်။
"အတိတ်တုန်းက သူ့ရဲ့ကလေးနဲ့အတူ စန်းယုံအော်ပရာ ပုတီးစေ့ကို လာကြည့်တဲ့ မိန်းမတစ်ယောက်ရှိတယ်... သူက ဝယ်ချင်ပေမဲ့ စိတ်ပြောင်းသွားတယ်... အဲ့ဒီ့အစား ကျောင်းသူလေးတစ်ယောက်က ဝယ်သွားတယ်...."
ဖုအန်းချီက ဆက်မေးချင်သော်လည်း ထိုအချိန်တွင်....
"ဘေဘီချီချီ...ဘယ်လိုလုပ် ဒီကိုရောက်နေရတာလဲ.. မေမေက သမီးကို လိုက်ရှာနေတာ ကြာလှပြီ..."
ရှကျင်း၏ ရုတ်တရက် ထွက်ပေါ်လာမှုက ဖုအန်းချီကို စကားစပြတ်သွားစေသည်။
သူမအမေ၏ စိုးရိမ်နေမှုကို ကြည့်ပြီး ဖုအန်းချီက မျက်တောင်လေးခတ်၍ ခပ်တိုးတိုးဖြေလိုက်သည်။
"သမီးက ခဏလောက် လျှောက်ပတ်ကြည့်ချင်ရုံပါ..."
"ဒီမှာ ဘာမှ ကောင်းတာမရှိဘူး... အကုန်လုံး အမှိုက်တွေချည်းပဲ...."
ရှကျင်းက ဆိုင်ခန်းလေးကို မကျေမနပ်ကြည့်လိုက်ပြီး သူမ၏ သမီးလေး လက်ထဲရှိ ပုတီးစေ့လေးကို မြင်သောအခါတွင် မျက်မှောင်ကြုတ်သွားရသည်။
"အဲ့တာဘာကြီးလဲ... ညစ်ပတ်နေတာကြီးကို... လွှင့်ပစ်လိုက်... ဘက်တီးရီးယားတွေ အများကြီး ရှိနေလောက်မှာ..."
ရှကျင်းက သူမလက်ထဲရှိ ကျောက်စိမ်းပုတီးစေ့လေးကို ဆွဲယူလိုက်သည်။
သို့သော် ဖုအန်းချီက ထိုကျောက်စိမ်းပုတီးစေ့ကို ပြန်ဆွဲယူကာ သူမလွယ်ထားသည့် ယုန်ရုပ်အိတ်ကလေးထဲ ထည့်လိုက်သည်။
"မရဘူး... မေမေရယ် သမီး ဒါလေးကို ကြိုက်တယ်... မလွှင့်ပစ်ချင်ဘူး..."
ဈေးပေါသည့် ပစ္စည်းများက ညစ်ပတ်ကာ သူမ၏သမီးလေးအတွက် မကောင်းပေ။ သို့သော် ရွေးချယ်စရာ မရှိ၍ ဖုအန်းချီကို ထိုပုတီးစေ့ကို ယူခိုင်းလိုက်ရသည်။
"ကောင်းပြီလေ... ဒါဆိုလည်း အိမ်ပြန်ရောက်ရင် ဟယ့်မားကို ပိုးသတ်ခိုင်းလိုက်နော်..."
ထိုသို့ ပြောပြီး ရှကျင်းက ကလေးမလေး၏ လက်ကိုဆွဲ၍ ညဈေးတန်းအပြင်ဘက်ကို ခေါ်သွားလိုက်သည်။
ဖုအန်းချီက ဆိုင်ပိုင်ရှင်နှင့် စကားဆက်ပြောချင်သော်လည်း သူ့မေမေက ခွင့်ပြုမည်မဟုတ်ကြောင်း သိပေသည်။
ထို့ကြောင့် သူမ ထိုဆိုင်လေးမှ ထွက်လာခဲ့သည်။
ကလေးမလေးက စန်းယုံအော်ပရာ ပုတီးစေ့အကြောင်း တွေးနေဆဲဖြစ်သည်။
အား.... ငါဒီကို စောစောလာခဲ့ရမှာ...
...
အမေရိကန်တွင် ရှိနေသော ရှအန်းက စာအုပ်ထဲရှိ ဇာတ်လိုက်မ ဖုအန်းချီက ထိုသို့ တွေးနေကြောင်း မသိပေ။
သူမက ဇာတ်လိုက်မ၏ ရွှေလက်ချောင်းကြီးကို ဖြတ်ခုပ်ထားသော်လည်း သူမ နောက်တစ်ခုကို ဝယ်နိုင်သေးပေသည်။
ထိုရွှေလက်ချောင်းက စန်းယုံအော်ပရာ ပုတီးစေ့လောက်တော့ အစွမ်းထက်မည် မဟုတ်ပေ။
"ဝှား...."
ထိုနေ့တွင် ရှအန်းက အလွန်အမင်း သက်တောင့် သက်သာ ရှိစွာဖြင့် နိုးထလာသည်။
သူမ ခေါင်းလေးငုံ့ကာ သူမလည်ပင်းတွင် ဝတ်ဆင်ထားသော စန်းယုံအော်အရာပုတီးစေ့ဆွဲသီးကို ကြည့်လိုက်သည်။
သူမလည်ပင်းရှိ စန်းယုံအော်ပရာ ပုတီးစေ့က ပိုမိုတောက်ပကာ ပိုမိုချောမွေ့လာကြောင်း ခံစားမိနေသည်။
သူမက နွေးထွေးစေရန် ၎င်းကို ထိလိုက်သည်။
ထူးဆန်းစွာဖြင့် ကျောက်စိမ်းဆွဲသီးကို ထိလိုက်သော်လည်း ဘာမှမခံစားရပေ။
ရှအန်းက အများကြီး မစဉ်းစားလိုက်ပေ။ အကြောသာဆန့်၍ အိပ်ရာမှထလိုက်သည်။
သူမ မာစတာအိပ်ခန်းကြီးမှ ထွက်ကာ လသာဆောင်ကိုသွားလိုက်သည်။ ကောင်ကလေးနှစ်ယောက်က သူမသင်ပေးထားသည့်အတိုင်း နေခြည်နွေးနွေးအောက်တွင် လေ့ကျင့်ခန်း လုပ်နေကြသည်။
သူမ သူတို့နှစ်ယောက်လုံးကို သင်ပေးပြီးကတည်းက မနက်စောစောထကာ လေ့ကျင့်ခန်း မလုပ်ဖြစ်တော့ပေ။
မည်သို့ပင်ဆိုစေ ကမ္ဘာပျက်ကပ်နေ့များလည်း မဟုတ်လေရာ ရှအန်းက အမြဲသတိ အပြည့် ဖြစ်နေစရာလည်း မလိုပါချေ။ သူမ မျှော်လင့်သည်မှာ စားစရာရှိရန်၊ သောက်စရာရှိရန်၊ ကောင်းကောင်း အိပ်ရရန်နှင့် ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းရရန်သာ ဖြစ်သည်။
ရှအန်းကို တွေ့သောအခါ ကလေးနှစ်ယောက်က သူမဆီ ပြေးလာကြသည်။ သူတို့နှစ်ယောက်လုံး မနက်ခင်းလေ့ကျင့်ခန်း လုပ်ပြီး၍ ချွေးများ စိုရွှဲနေကြသည်။
"မမနတ်သမီး.... ဒီနေ့ ရှောင်ရှင်းက မမအတွက် မမကြိုက်တဲ့ ဝက်ပေါင်ခြောက်၊ ချိစ်ဆန်းဝှစ်နဲ့ ခရင်မ်မီဘေကွန်ပါစတာကိုပါ လုပ်ပေးထားတယ်... အရမ်းအရသာ ရှိမယ့်ပုံပဲ.."
ရှရှင်းချန်က ရှအန်းကို ဘာမှမပြောရသေးမီ ကုရှုမော့က အသက်တစ်ရှိုက်အတွင်း အကုန်ပြောလိုက်သည်။
ဘယ်အချိန်ကစသလဲ သူမ မသိသော်လည်း သူမသား၏ ဝါသနာက အတော်လေး လွန်နေပြီဖြစ်ကြောင်း ရှအန်း တွေ့လိုက်ရသည်။ ရှောင်ရှင်းက ဉာဏ်ကောင်းပြီး ပါရမီရှိကာ ဟင်းချက်ရတာ ကြိုက်သည့် ဉာဏ်ကြီးရှင်လေးဖြစ်နေသည်။
သူမ စောစောမထသည့် နေ့က သူမ၏ သားလေးက သူ၏ ထိပ်တန်း ဟင်းချက်စွမ်းရည်ကို စတင်ပြသခဲ့သည်။
သူက သူမကို ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်လျှင် ဘာလုပ်လုပ် ကျွမ်းကျင်သည်သာ ဖြစ်ကြောင်း ပြသခဲ့သည်။
သူက သူမထက် ဟင်းချက်ကောင်းနေသည်။
ထို့ကြောင့် ဤနေ့များတွင် ရှအန်းက မနက်စာစားရသည်ကို ချစ်ကျွမ်းဝင်နေမိသည်။ သူမ၏ ဉာဏ်ကြီးရှင်သားလေး ချက်ပေးသည့် မနက်စာကို ပိုမိုသဘောကျပေသည်။
"မာမားရဲ့ သားလေးက အံ့ဩဖို့ကောင်းလိုက်တာ...."
ရှအန်း ခါးကိုင်းကာ ကောင်ကလေး၏ နှဖူးကို နမ်းလိုက်သည်။
အကောင်ပေါက်ကလေးက သူ၏ နတ်သမီးမေမေချီးကျူးသည်ကို ကြားပြီး ပျော်သွားလေသည်။
သူ၏ နူးညံ့ကာ ချောမောလှသော မျက်နှာလေးပေါ်တွင် အပြုံးဖျော့ဖျော့လေး ရှိနေသည်။
အနာဂတ်တွင် သူ ဟင်းချက်နည်းမျိုးစုံသင်ပြီး သူ၏ မေမေကို ပိုကောင်းအောင် ချက်ကျွေးရပေမည်။
ရှရှင်းချန်ခေါင်းထဲရှိ လျှို့ဝှက်ဆန်းကျယ်သော လူကပြောလိုက်သည်။
'မင်းက အရမ်းကို အရှက်မဲ့တာပဲ...'