အပိုင်း ၂၀၈
Viewers 29k


Chapter 208


သူမ၏ လက်ထောက်လေး ရှောင်ဟယ်က နည်းပညာပိုင်းဆိုင်ရာ တွက်ချက်မှုများကို ဦးဆောင်သူ ဖြစ်သည်။ ထိုအကြောင်း ပြောနေကြသည့် လူများမှာ တစ်နေ့ထပ်တစ်နေ့ ရာခိုင်နှုန်းများလာသည်။


တစ်စုံတစ်ယောက်က ၎င်းကိုသုံး၍ ရှအန်းကို တိုက်ခိုက်ချင်နေသည့် ပုံပင်။ အကယ်၍ ထိုသို့သာ ဖြစ်ပါက အတော်လေး ကြောက်စရာ ကောင်းပေသည်။


အကယ်၍ သူမတို့သာ လက်ဦးမှုယူ၍ တရုတ်ကို ပြန်သွားပါက ဤပြဿနာ ဖြစ်တော့မည်မဟုတ်ဟု သေချာနေသည်။


"ရှအန်းကျဲ... အခုနိုင်ငံတွင်းက ဘယ်သူကမှ အစ်မကို မပိတ်ပင်ရဲတော့ပါဘူး... ဒီတော့ တရုတ်ကိုပြန်ဖို့ စဉ်းစားလို့ရပါပြီ..."


ယခုလက်ရှိ ရှအန်း၏ နိုင်ငံတကာတွင် အောင်မြင်နေမှုမှာ တရုတ်သို့ ပြန်ရောက်သည်နှင့် ပြည်တွင်းရှိစတားများကို အေးအေးဆေးဆေး ရိုက်ချနိုင်သော အခြေအနေသို့ ရောက်နေလေပြီ။


ယခုတွင် ရှအန်းကို ပိတ်ပင်ထားရန် မည်သူမှမတတ်နိုင်တော့ပေ။


သူတို့တွင် ပိုက်ဆံရှိလျှင်လည်း ပိတ်ပင်၍ မရချေ။


ရှအန်း ပြန်သွားလိုက်သည်နှင့် သူမပေါင်ကို ဖက်ရန် ပြေးလာကြမည့် လူတစ်အုပ်ကြီးပင် ရှိလောက်ကြောင်း သူမသေချာပေါက်သိနေသည်။


"အိမ်ပြန်ဖို့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး... ဒီအတိုင်း...."


ရှအန်း မျက်မှောင်ကြုတ်လိုက်သည်။ အမှန်တကယ်တွင် သူမ တရုတ်ပြည် မပြန်ချင်သေးပေ။


သူမကို အမှန်တကယ် တုံ့ဆိုင်းစေသည့် အရာမှာ...


"ရှအန်းကျဲ... ရှောင်ရှင်းကြောင့်များလား..."


ရှုထျန်းထျန်းက ရှအန်းနှင့် အတူရှိလာသည်မှာ ကြာလှပြီဖြစ်သည်။ ထို့ကြောင့် သူမ၏တုန့်ဆိုင်းနေမှုကို နားလည်ပေသည်။ အဆုံးတွင် ကမ္ဘာလောကကြီး တစ်ခုလုံးတွင် ရှအန်း ဂရုအစိုက်ဆုံးမှာ အစား၊ အသောက်နှင့် ရှောင်ရှင်းသာဖြစ်သည်။


"နိုင်ငံခြားတိုင်းပြည်တွေရဲ့ ပညာရေးအဆင့်အတန်းက အတော်လေးကောင်းတယ်လေ.. ရှောင်ရှင်းတက်နေတဲ့ ကျောင်းကလည်း ကမ္ဘာပေါ်မှာ အကောင်းဆုံး ကျောင်းလေ... အစ်မသာ တရုတ်ပြန်သွားရင် ဘယ်လိုလုပ်ကြမလဲ... သူ့ကို တရုတ်ပြန်ခေါ်သွားရမှာလား... အတော်လေး ဆိုးဝါးတယ်လို့ ထင်တာပဲ..."

ရှအန်း ခေါင်းခါလိုက်သည်။


သူမ၏သားလေးက ဉာဏ်ကြီးရှင်ဖြစ်ပြီး သူ၏တိုးတက်မှုကို နှေးဖင့်၍မရပေ။


တရုတ်တွင် ကျောင်းကောင်းကောင်းရှိသော်လည်း သူမ၏သားလေးက ယခုတွင် ကမ္ဘာ့အကောင်းဆုံး ကျောင်းတွင် တက်နေရသည်။


"အဲ့တာကမှ တကယ့်ပြဿနာပဲ..."


ရှုထျန်းထျန်း မျက်မှောင်ကြုတ်လိုက်သည်။


ထို့နောက် ဆက်ပြောလိုက်သည်။

"ရှောင်ရှင်းကို ကျောင်းကအဆောင်မှာ နေခိုင်းလိုက်ရင်ရော... ကျဲ တစ်ပတ်တစ်ကြိမ် အမေရိကန်ကိုလာပြီး ရှောင်ရှင်းနဲ့ ရှောင်ချန်ကို တွေ့လို့ရတယ်..."


ရှုထျန်းထျန်း၏ နည်းက ကောင်းပုံပေါ်သော်လည်း ရှအန်းက အနည်းငယ် တွန့်ဆုတ်နေသေးသည်။


သူမကူးပြောင်း လာကတည်းက ရှောင်ရှင်းလေးနှင့် အမြဲအတူရှိနေခဲ့ရသည်။


အစက အချင်းချင်း မရင်းနှီးကြသော်လည်း ယခုတွင် သူ့ကို သူမ၏သားလေးအဖြစ် လက်ခံလိုက်ပြီဖြစ်သည်။ ထို့ကြောင့် သူမ၏ မိခင်မေတ္တာအပြည့်ဖြင့် နှလုံးသားလေးမှာ သူနှင့် မခွဲချင်ပေ။


"ကျဲ စဉ်းစားကြည့်ပါဦးမယ်...'

ရှအန်း နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။ သို့သော် ရှုထျန်းထျန်း၏တောင်းဆိုချက်ကို အဆုံးအစွန်အထိ သဘောတူမည် မဟုတ်ပေ။


ရှအန်း၏ သစ္စာရှိပရိတ်သတ်လေး ရှုထျန်းထျန်းက သူမ၏ အိုင်ဒေါကို ဆုံးဖြတ်ချက်ချရန် တွန်းအားမပေးနိုင်တော့ပေ။ သူမ ခေါင်းငြိမ့်လိုက်ပြီး ရှအန်းကို မျက်နှာချင်း၍ ငြင်ငြင်သာသာလေးပြောလိုက်သည်။

"ရှအန်းကျဲ စဉ်းစားထားနော်... ကျဲ ဘယ်လိုပဲ ဆုံးဖြတ်ချက်ချချ ညီမက ပံ့ပိုးပေးမှာပဲ..."


ရှုထျန်းထျန်းက သူမပြောချင်သည်ကို ပြောပြီးနောက် ရှအန်းကို မနှောင့်ယှက်တော့ဘဲ တိတ်တဆိတ် ထွက်ခွာသွားတော့သည်။


ရှအန်းက အသေအချာစဉ်းစားပြီး နောက်ဆုံး ဆုံးဖြတ်ချက်ရန် လုပ်နေချိန်တွင် ရှုထျန်းထျန်းက ဖြစ်လာမည့်အရာများကို ပူပန်နေတော့သည်။


ရှုထျန်းထျန်း၏ ခန့်မှန်းမှုက ကွက်တိကျလှသည်။ တရုတ်တွင် ရှအန်း၏ မျိုးချစ်စိတ်ဓာတ်မရှိမှုဟူသော ခေါင်းစဉ်က ဟစ်ထလာခဲ့သည်။


ထိုသို့ ဖြစ်လာလောက်သည်ဟု ရှုထျန်းထျန်း ခန့်မှန်း မိခဲ့သော်လည်း ဤမျှမြန်မြန်ဖြစ်လာမည်ဟု မထင်ခဲ့ပေ။


၎င်းက နောက်ကွယ်တွင် တစ်စုံတစ်ယောက် ရှိနေသည်ဟူသော ရှုထျန်းထျန်း၏ အထင်ကို သေချာသွားစေသည်။


မည်သူမှန်းတော့ သူမ မသိသေးပေ။


[ရှအန်းက တရုတ်နိုင်ငံသား မဟုတ်တော့ဘူးလား....]


[ရှအန်းက တရုတ်ကို ဘယ်တော့မှ ပြန်မလာပဲ ဘာမှလည်း မရိုက်တော့ဘူးပေါ့နော်...]


[ရှအန်းက နိုင်ငံတွင်းက ကြော်ငြာတွေကိုရိုက်ဖို့ တရုတ်ကိုမလာဘူး.. သူတို့ကပဲအမေရိကန်ကို သွားပြီး ရိုက်ကူးရမှာ...]


[ယုံကြည်ရတဲ့ အချက်အလက်တွေအရတော့ ရှအန်းနဲ့ ပူးပေါင်းပြီး အလုပ်လုပ်ချင်ရင် အမေရိကန်ကို သွားပြီး ရိုက်ကူးရမယ်တဲ့... မဟုတ်ရင် ရှအန်းက သူတို့နဲ့ ရိုက်ကူးရေး မလုပ်ဘူးတဲ့...]


[ရှအန်းက မျိုးချစ်စိတ်မရှိတဲ့လူ မဟုတ်ဘူးလို့...]


....


ချက်ချင်း လက်ငင်း ရှအန်း၏ မျိုးချစ်စိတ်ဓာတ်အကြောင်း ဝေဖန်မှုတို့ မြင့်တက်လာသည်။


မကြာခင်တွင် အင်တာနက်အသုံးပြုသူတိုင်းက နိုင်ငံခြားတွင် သူမ၏သရုပ်ဆောင် လုပ်ငန်းကို တိုးတက်အောင် လုပ်ခဲ့သည့်ရှအန်းက တရုတ်ကို မည်သည့်အချိန်တွင် ပြန်လာမလဲဟူသော ဆွေးနွေးလာကြသည်။


ထို့နောက် တဖြေးဖြေးချင်း စကားလမ်းကြောင်းက မကောင်းသည့်ဘက်ကို ဦးတည်လာသည်။


ယုံကြည်ရသည့် အရင်းအမြစ်များဆီကဟူသော လူများက ရှအန်းကို မျိုးချစ်စိတ်ဓာတ်မရှိသူဟု အပုတ်ချကြတော့သည်။


ဤတစ်ကြိမ်တွင် ရှအန်းက မျိုးချစ်စိတ်ဓာတ်မရှိသူဟု ယုံကြည်ကြသော လူမရှိကြပေ။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ မကြာခဏဖြစ်ဖူး၍ဖြစ်သည်။


သို့သော် လူတစ်အုပ်ကြီးက မယုံကြည်ကြသော်လည်း တရုတ်ပြည်ဘက်နှင့် ပူးပေါင်းမှုတွင် ရှအန်းဘက်မှ တောင်းဆိုချက်များက မယုံနိုင်စရာ ကောင်းလောက်အောင် ဖြစ်နေသည်။


တရုတ်ကို ရိုက်ကူးဖို့မလာဘူး... ပြည်တွင်းက ဇာတ်ကားတွေကို မရိုက်ဘူး... ကြော်ငြာတွေပဲရိုက်မယ်... ပြီးတော့ အမေရိကန်မှာပဲ ရိုက်ကူးပေးနိုင်မယ်....


ထို လိုအပ်ချက် စာရင်းက ထွက်ပေါ်လာသည်။


သူမက သူမ၏နိုင်ငံကို စွန့်ပစ်လိုက်သည်ဟုပင် ခံစားမိသွားကြသည်။


ထို့ကြောင့် ထိုသတင်းများကြောင့် ရှအန်းက အန္တရာယ်တောထဲ ကျသွားရပြန်သည်။


ဆိုက်ဘာအဖွဲ့၏ ဦးဆောင်မှုနှင့်အတူ အင်တာနက်ပေါ်တွင် လှောင်ပြောင်တိုက်ခိုက်ကာ စေည်ကားလာကြသည်။


နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်နှင့် နိုင်ငံသား ခံယူချက်ဆိုသည်မှာ အထိမခံသော အရာများဖြစ်သည်။


ရှအန်း၏ မျိုးချစ်စိတ်ဓာတ်မရှိမှုဟူသော ခေါင်းစဉ်က တစ်ဆင့်ပြီးတစ်ဆင့် ပွက်ပွက်ညံလာသည်။


ရှုထျန်းထျန်း ငြိမ်ငြိမ်လေး ထိုင်မနေနိုင်တော့ပေ။


တရုတ်ကို ပြန်သည် မပြန်သည်မှာ ရှအန်း၏ ဆုံးဖြတ်ချက်သာဖြစ်၍ သူမ၏ ဟက်ကာ ရှောင့်ဟယ်ကိုသာ နောက်ကွယ်မှာ ဘယ်သူရှိလဲ ရှာဖွေခိုင်းလိုက်သည်။