အပိုင်း ၂၀၉
Viewers 29k

Chapter 209


"ရှောင်ရှင်း... သားလေး တရုတ်ကို ပြန်ချင်လား..."


ကလေးနှစ်ယောက် ကျောင်းမှ ပြန်လာသည်နှင့် ရှအန်းက ရှုထျန်းထျန်း သူမကို ပြောသည့် ကိစ္စကို ပြောပြလိုက်သည်။


အမှန်အတိုင်းပြောရလျှင် ယခုသူမ၏ လက်ရှိနေထိုင်မှုပုံစံအရ သူမ ဘယ်နေရာတွင်နေနေ အဆင်ပြေလေသည်။


ထို့ကြောင့် သူမသား၏ အတွေး မေးရန်သာ ဆုံးဖြတ်လိုက်သည်။ သူမသားလေး နေချင်ပါက သူမပါနေမည်ဖြစ်ပြီး သူမသားလေး ပြန်ချင်ပါက သူမပါ ပြန်မည်ဖြစ်သည်။


လူထု၏ အမြင်အတွက်တော့


ဆောရီး သူမစတားတစ်ယောက် ဖြစ်ချင်မနေဘူး.... ဒီတော့ သူစိမ်းတွေရဲ့ အမြင်ကို ဂရုကို စိုက်မနေတာ....


ရှရှင်းချန် သူ၏ နတ်သမီးမေမေပြောသည်ကို ကြားပြီးနောက် ခဏမျှ တုံ့ဆိုင်းသွားသည်။


သူ၏ မျက်လုံး နက်နက်လေးများက လက်ကနဲဖြစ်သွားပြီး အလေအနက်တွေးလိုက်သည်။


ရှရှင်းချန်က ဘာမှမပြောရသေးသော်လည်း ဘေးမှ ကုရှုမော့က ပြောလာသည်။

"မမနတ်သမီး... တရုတ်ကို ပြန်သွားတော့မလို့လား.. မမနတ်သမီး ပြန်သွားရင် သားကိုပါ ခေါ်သွားပါလားဟင်... သားက မမနတ်သမီး ဘယ်သွားသွားလိုက်မှာပဲ..."


ကုရှုမော့၏ စကားကိုကြားသည်နှင့် ရှအန်း ငိုရခက် ရယ်ရခက်ဖြစ်သွားရသည်။ ဤအရှင်သခင်ပေါက်စလေးက သူမကို သူ၏စောင့်ရှောင့်သူတစ်ယောက်လို ဆက်ဆံနေလေသည်။


မစ္စတာကုက သူမထံ ကုရှုမော့ကို အပ်ခဲ့ကြောင်း သိသည်။


အဘိုးကုက ကုရှုမော့ကို သူမထံ ပေးခဲ့သည်မှာ သူမက နိုင်ငံခြားတွင်ရှိနေ၍ ဖြစ်သည်။ မည်သို့ပင်ဆိုစေ တရုတ်တွင် မိန်းမတစ်ယောက်ကို လက်ထပ်ပြီး သူ့သားသူမေ့နေသည့် အဖေရှိနေသည်။


ထို့အပြင် ကုမိသားစု၏ သခင်ငယ်လေးဖြစ်သော ကုရှုမော့က ရွာငယ်လေးတစ်ခုထံ ပြန်ပေးဆွဲခံရတော့မည် မဟုတ်ပေ။


ကုရှုမော့၏ လုံခြုံရေးအတွက် မစ္စတာကုက သူ့ကို လက်တလောတွင် တရုတ်ကို ပြန်ခိုင်းဦးမည် မဟုတ်ပေ။


ရှအန်းက ကုရှုမော့၏ ခေါင်းလေးကို ပွတ်ကာ ငြင်သာစွာပြောလိုက်သည်။

"ရှောင်ချန်လေး သားက တို့တွေနဲ့မတူဘူးလေ... အန်တီပြန်သွားရင်တောင် သားက တရုတ်ကို ပြန်သွားလို့မရဘူး... သားက ဒီမှာပဲ နေလို့ရဦးမှာ..."


ကောင်ငယ်လေးနှင့် အချိန်အတော်ကြာ ဖြုန်းပြီးဖြစ်၍ သူမ သူ့ကို သဘောကျပေသည်။


သူမက သူ့ကို ကယ်လိုက်၍ ဝမ်းနည်းဖွယ်ကောင်းသော ပြန်ပေးဆွဲခံခဲ့ရသည့် ဘဝကို မရောက်ခဲ့ပေ။ ထို့ကြောင့် သူ၏စိတ်ပိုင်းဆိုင်ရာ အခြေအနေက ပျက်ဆီးသွားခြင်းမရှိချေ။


ဤကောင်ငယ်လေးက လန်းဆန်း တက်ကြွကာတောက်ပသော ကောင်လေးတစ်ယောက်ဖြစ်သည်။ သူမ ထိုကောင်လေးကို ကရုဏာသက်ပေသည်။


"ဒါပေမဲ့... သားက ဒီမှာတစ်ယောက်တည်း မနေချင်ဘူးလေ...."


ကောင်ငယ်လေးက ရှအန်းစကားကို ကြားပြီးသည်နှင့် စိတ်ဓာတ်ကျသွားသည်။


သူ၏ ချစ်စဖွယ်မျက်နှာလေးပေါ်ရှိ နူးညံ့ပျော့ပြောင်းသော အပြုံးလေးက အစအနမရှိအောင် ပျောက်သွားခဲ့သည်။


သူစိတ်ပျက်နေသည်။


ရှအန်း သူ၏ပုံစံလေးကို ကြည့်၍ အနည်းငယ်မျှ စိတ်မချမ်းမသာဖြစ်သွားရသည်။


"ရှောင်ချန်လေး.. သားက ကိုယ့်ဘဝကိုယ် နေချင်သလို နေချင်ရင် ဒီမှာနေပြီးတော့ ကိုယ့်ကိုယ်ကိုယ် သန်မာအောင်လုပ်ချေ... အဲ့အချိန်ရောက်လာရင် သားဘာလုပ်လုပ် ဘယ်သူမှ မတားနိုင်တော့ဘူး...."


အဆုံးတွင် ရှအန်းက ကမ္ဘာပျက်ကပ်မှ လာခဲ့သည့် လူဖြစ်၍ ကုရှုမော့၏ အသက်အရွယ်ကို ဂရုစိုက်မနေဘဲ ထိုကဲ့သို့သော စကားများကို တိုက်ရိုက်သာ ပြောလိုက်သည်။


သူမက ကုရှုမော့ကို ကလေးတစ်ယောက်ဟု မတွေးထားပေ။


သာမန်ကလေးများက သူမ၏ စကားများကိုနားမလည်လောက်သော်လည်း ကုရှုမော့က သာမန်ကလေးမဟုတ်ပေ။


သူကဉာဏ်ကြီးရှင်လေးဖြစ်ပြီး မိသားစုကြီးတစ်ခုမှ မွေးဖွားလာသူဖြစ်ကာ ပြန်ပေးဆွဲကာ လူကုန်ကူးလည်း ခံခဲ့ရဖူးသူဖြစ်သည်။


ထို့ကြောင့် ရှအန်းပြောသည်ကို သူနားလည်သည်။


သူနှုတ်ခမ်းတင်းတင်းစေ့ကာ ခပ်ဖြေးဖြေးခေါင်းငြိမ့်ပြလိုက်သည်။


"မမနတ်သမီး သားနားလည်ပါတယ်... သားဒီမှာနေပြီး စာကြိုးစားပါ့မယ်...."


ဉာဏ်ကောင်းသည့် ကောင်ကလေးက သူမ၏စကားကို နားလည်၍ ရှအန်းက အဓိကဇာတ်ဆောင်လေးကို အနည်းငယ် သဘောခွေ့သွားရသည်။


ရှအန်းနှင့် ကုရှုမော့တို့ စကားပြောနေချိန်တွင် ရှရှင်းချန်ကလည်း ဘေးတွင် နောက်ဆုံး ဆုံးဖြတ်ချက်ကို ချနေသည်။


ကောင်ငယ်လေးက တစ်ကိုယ်ကောင်းဆန်စွာ ဆုံးဖြတ်ချက်ချခဲ့သည်။ သူတို့သာ တရုတ်ပြန်သွားလျှင် ကုရှုမိုက သူ့မာမားနား ကပ်၍ရတော့မည် မဟုတ်ပေ။


"မာမား... မာမားပြန်ချင်ရင် ပြန်ကြမယ်လေ.. မာမား ဘယ်လိုဆုံးဖြတ်ချက်ချချ မာမားရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာမယ်...."


ရှအန်းက အစကတည်းက သူ၏ဆုံးဖြတ်ချက်ကို ခန့်မှန်းပြီးသားဖြစ်သည်။


ယခုတွင် သူမထပ်မံ၍ တုန့်ဆိုင်းနေလေပြီ။


အသေးလေးကို ကမ္ဘာအကောင်းဆုံး ကျောင်းမှာ ထားရမလား အိမ်ကိုပဲ ပြန်ရမလား...


အတော်များများစဉ်းစားပြီး နောက်တွင် ရှအန်းက ထင်မြင်ချက်အဆိုးများကို လျစ်လျူရှုရန် ဆုံးဖြတ်ချက်ချလိုက်သည်။


စတားတစ်ယောက်ဖြစ်ရတာ သူမသားလေးရဲ့ အနာဂတ်လောက်များ အရေးကြီးမှာလား...


သူမ စတားတစ်ယောက် မဖြစ်ချင်ဘူး...


လူထုရဲ့ အထင်အမြင်ကြောင့်လေးနဲ့ အိမ်ပြန်ဖို့ လိုရတာလဲ...


တရုတ်ပြန်တယ် မပြန်ဘူးဆိုတာ သူမရဲ့ စိတ်အခြေအနေပေါ်ပဲ မူတည်တာလေ... သူစိမ်းတွေရဲ့ ရူးရူးနှမ်းနှမ်း စကားတွေအပေါ် မူတည်မနေဘူး....


"ရှောင်ရှင်း ရှောင်ချန်... အန်တီဆုံးဖြတ်ချက်ချလိုက်ပြီ... အန်တီတို့ နေချင်သလိုပဲ နေကြမယ်..."


ပြတ်သားသည့် အကျင့်စရိုက်ရှိသော ရှအနက နည်းနည်းမျှပင် တုံ့ဆိုင်းမနေပဲ ဆုံးဖြတ်ချက်ချလိုက်သည်။


သူမရဲ့ စတားတစ်ယောက်ရဲ့ လမ်းကြောင်းလား.. ဟားဟား ဂရုကိုမစိုက်ဘူး...


အခု သူမမှာ ပိုက်ဆံရှိတယ် ကုမ္ပဏီရှိတယ်... ကုမ္ပဏီရဲ့ လုပ်ငန်းကလည်း အရမ်းကောင်းနေတယ်... သူမ စတားတစ်ယောက် ဆက်လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ဘာမှဖြစ်မသွားဘူး...


ပြီးတော့ သူမ စတားတစ်ယောက်လုပ်ခဲ့ရတာကလည်း ပိုက်ဆံလိုချင်ရုံကြောင့်ပဲလေ..


"ယေး... ကောင်းလိုက်တာ... အနာဂတ်မှာလည်း သားက မမနတ်သမီးနဲ့ အတူတူနေရတော့မှာပဲ... တကယ်ကောင်းတယ်..."


ကုရှုမော့က အလွန်ပျော်နေကာ ခုန်ပေါက်နေသည်။


ရှရှင်းချန်ကလား...


ကုရှုမော့ ပျော်နေတာကို မြင်တော့ သူ့ရဲ့ရင်ထဲမှာ ရှင်းပြမရတဲ့ ခံစားချက်တစ်ခု ဖြစ်ပေါ်လာတယ်...


ဒါပေမဲ့ သူ့ရဲ့ နတ်သမီးမေမေက သူ့ကြောင့် နေဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း သိတယ်လေ...


ဒါ့ကြောင့်ပဲ ခေါင်းငြိမ့်ပြီး ပြုံးပြလိုက်တယ်...


"မာမား ပြောတာ သားနားထောင်မယ်...."


သူမသားလေးက အလွန် လိမ္မာရေးခြားရှိသည်ကို ကြည့်ပြီး ရှအန်း အော်ရယ်မိသွားသည်။