အပိုင်း ၂၁၀
Viewers 29k

Chapter 210


"လိမ္မာလိုက်တဲ့ကောင်လေး... သားက အရမ်းကို လိမ္မာတာပဲ... သားအနာဂတ်မှာ ဇနီးရလာရင်တောင် မာမားစကားကို နားထောင်ဦးမှာလား..."

ရှအန်း မေးလိုက်သည်။


၎င်းက ဟာသတစ်ခုသာဖြစ်သည်။ သို့သော် ရှရှင်းချန်က အတည်ပေါက်ကြီးတွေးမည်ကို မည်သူက ထင်မည်နည်း။


ကလေးမျက်နှာလေးတွင် အရိုးသားဆုံး အမူအယာတို့ ရှိနေသည်။

"သားက မာမားပြောတာကို အမြဲနားထောင်မှာပါ..."


ရှအန်းက ရယ်မောလိုက်သည်။

"ကလေးရယ်... မာမားက စနေတာပါ..."


ကုရှုမော့ကလည်း ရှရှင်းချန်ကို ရယ်တော့သည်။


"ဟားဟားဟား... ရှောင်ရှင်းက ငယ်ငယ်လေးရှိသေးတယ် ဇနီးလိုချင်နေပြီတဲ့... ရှက်စရာကြီးပါကွာ...."


"..."


သူ၏ နတ်သမီးမေမေနှင့် ကုရှုမော့တို့ သူ့ကို ရယ်မောနေသည်ကို ကြည့်ပြီး အမြဲလိုလို အရွယ်ရောက်ပြီးလူကြီးတစ်ယောက်လို ပြုမူတတ်သော ရှရှင်းချန်၏ မျက်နှာလေးပေါ်တွင် ကလေးဆန်ဆန်ရှက်ရွံ့မှုတို့ ထွက်ပေါ်လာသည်။


သူ ကုရှုမော့ကို နီရဲနေသည့် မျက်နှာဖြင့် စိုက်ကြည့်ကာ ရိုက်ချလိုက်သည်။


အရိုက်ခံလိုက်ရသည့် ကုရှုမော့က ရှရှင်းချန်ကို ဒေါသတကြီး ကြည့်လာသည်။


ဤသည်က ရှရှင်းချန် သူ့ကို ရိုက်သည့် ပထမဆုံး အကြိမ်ပင်။


"အကျင့်မကောင်းတဲ့ ရှောင်ရှင်း... ငါကစရုံစတာကို မင်းက ငါ့ကိုတကယ်ရိုက်တယ်...."


ထိုသို့ပြောပြီး ကုရှုမော့က လက်သီးဖြင့် ပြန်ထိုးလိုက်သည်။


ရှရှင်းချန်က ကုရှုမော့ ထိုးသည်ကို ရှောင်လိုက်ပြီး ကလေးနှစ်ယောက် စတင်ရန်ဖြစ်ကြတော့သည်။


ကလေးနှစ်ယောက် အတူတူဆော့နေသည်ကို ကြည့်ပြီး ရှအန်းမျက်နှာပေါ်ရှိ အပြုံးက ပိုမိုကြီးမားလာသည်။


ကောင်းလိုက်တာ...


ဒီလို ကမ္ဘာကို ရောက်လာခဲ့တာ ကောင်းလိုက်တာ...


နှမျောစရာကောင်းသည့် တစ်ခုတည်းအရာမှာ သူမညီမလေးကပါ ဤမျှ တည်ငြိမ်အေးချမ်းလှသည့် ကမ္ဘာသို့ ရောက်မလာခဲ့၍ဖြစ်သည်။


သို့သော် ပြဿနာတော့မရှိပေ။ သူမညီမလေးဘေးတွင် သူမကို ချစ်ပေးပြီး ဂရုစိုက်ပေးမည့် လူတစ်ယောက် ရှိမည်မှန်း သေချာပေါက်သိနေသည်။


"ရှောင်ရှင်းနဲ့ ရှောင်ချန် ပြဿနာမရှာကြနဲ့တော့... ဒီနေ့ မာမီက သားတို့ကို ချက်ကျွေးမယ် ဘာစားချင်ကြလဲ..."


"သားက မမနတ်သမီးလုပ်ပေးတဲ့ ကြက်ကြော်စားချင်တယ်..."


"သားက မာမား ဘာလုပ်ပေးပေးစားမယ်..."


....


ညစာကို အားပါးတရာစားပြီးနောက်တွင် ရှအန်းက ရှုထျန်းထျန်းကို ဖုန်းခေါ်ပြီး တရုတ်ကို မပြန်ဖြစ်ကြောင်း ပြောပြရန် ဆုံးဖြတ်ချက်ချလိုက်သည်။


အမေရိကန်တွင် ဆက်နေပါက ကလေးနှစ်ယောက်က ကျောင်းအတူတက်၍ရပေမည်။


ထို့ကြောင့် သူမက တံခါးလေးကို ပိတ်လိုက်ပြီး ရှုထျန်းထျန်း၏ ဖုန်းနံပါတ်ကို ဆက်လိုက်သည်။


"ဟေး... ထျန်းထျန်း..."


ထျန်းထျန်းက စိုးရိမ်ပူပန်စွာ မေးလိုက်သည်

"အိုး... ရှအန်းကျဲ... ညီမကို ဘာလို့ အခုမှ ဖုန်းဆက်ရတာလဲ... ညီမဖြင့် ဒီမှာသေတော့မယ်..."


ရှအန်း ငြင်ငြင်သာသာလေးပြုံးလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ကျဲ အခု ဖုန်းမခေါ်လို့လား..."


"ရှအန်းကျဲက ဖုန်းခေါ်လာပြီဆိုတော့ ဆုံးဖြတ်ချက်ချပြီးပြီမလား..."


ရှုထျန်းထျန်း၏ မျှော်လင့်တကြီးအသံကို ကြားပြီးနောက် ရှအန်းက သူမ၏အေးဂျင့်ကို စိတ်ထဲမှနေ၍ တောင်းပန်လိုက်သည်။


ရှုထျန်းထျန်းက သူမ၏ ကျော်ကြားမှုနှင့် အနာဂတ်ကြောင့် တရုတ်ကို ပြန်ခိုင်းကြောင်း သူမနားလည်သည်။ သို့သော် ကံမကောင်းစွာဖြင့် ရှုထျန်းထျန်းလို အေးဂျင့်ကောင်းလေးတစ်ယောက်က သူမလို မနူးညံ့ မတက်ကြွသော စတားတစ်ယောက်နှင့် ဆုံခဲ့ရသည်။


"ထျန်းထျန်း ကျဲတောင်းပန်တယ်နော်... ကျဲ ကလေးနှစ်ယောက်နဲ့အတူ အမေရိကန်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်လိုက်ပြီ... ကျဲတရုတ်ကို မပြန်ဖြစ်တော့ဘူး..."


အချိန်အတော်ကြာသည်အထိ ရှုထျန်းထျန်း ပြန်မဖြေပေ။ ထို့နောက် သက်ပြင်းချ၍ ပြောလိုက်သည်။

"ဟုတ်ပြီလေ... ညီမသိပြီ... ကျဲရဲ့ဆုံးဖြတ်ချက်ကို လေးစားပါတယ်... ညီမတို့ မသွားတော့ဘူးနော်..."


ရှုထျန်းထျန်းက ပြန်လည်းမပြောသလို အတင်းလည်း ဖိအားမပေးပဲ သူမ၏ဆုံးဖြတ်ချက်ကို သဘောတူပေးခဲ့သည်။


"ကျေးဇူးတင်ပါတယ် ထျန်းထျန်းရယ်... ကျဲကို အများကြီးကူညီပေးခဲ့လို့ ကျေးဇူးတင်ပါတယ်... ကျဲက အနုပညာရှင်ကောင်းတစ်ယောက် မဟုတ်ခဲ့ပါဘူး..."


ရှုထျန်းထျန်း၏ နှလုံးသားက ပြင်းပြင်းထန်ထန်ခုန်လာပြီး နှလုံးခုန်သံတို့ ထိန်းမရတော့ပေ။


"အဲ့လိုမလုပ်ပါနဲ့ ရှအန်းရယ်ကျဲ... အဲ့လိုတွေမပြောပါနဲ့... ကျဲစတားတစ်ယောက်ဖြစ်နေသမျှ လူထုရှေ့မှာ ထွက်နေသမျှ ညီမပျော်နေမှာပါ....."


အရည်အချင်းပြည့်မီသည့် ပရိတ်သတ်တစ်ဦးအနေဖြင့် ရှုထျန်းထျန်းက သူမ၏နတ်ဘုရားမ အနားယူတော့မည်ဟူသော စကားကို ပြောလာမည်ကို ကြောက်ပေသည်။


သူမက အေးဂျင့်တစ်ယောက်ဖြစ်၍ သူမတာဝန်ယူရသည့် စတားအကြောင်း သိပေသည်။


မူလက ရှအန်းသာ ငွေကို အရေးတကြီးလိုမနေခဲ့ပါလျှင် သူမက စတားတစ်ယောက်ပင် ဖြစ်လာမည် မဟုတ်ချေ။


အမ်း... သူမက စတားတစ်ယောက်ဖြစ်ရန် အရမ်းကြီး စိတ်မဝင်စားကြောင်း သူမ မြင်နိုင်သည်။


"ရှအန်းကျဲ... ကျဲသာ စတားတစ်ယောက်ဆက်လုပ်နေသ၍ လုပ်ချင်တာ လုပ်လို့ရတယ်..."


ရှအန်း၏ တောင်းပန်နေသော လေသံလေးကို ကြားပြီး ရှုထျန်းထျန်း ပြန်ဖို့ကိုလုံးဝဂရုမစိုက်တော့ပေ။


ရှအန်း အနားယူမည်ဟူသော ဆုံးဖြတ်ချက်ကိုချသည်ထက် ဤသည်က လုံးဝပြဿနာမရှိကြောင်း သတိပြုမိလိုက်သည်။


ရှအန်းသာ အနားယူသွားပါက သူမက ရှအန်း၏အေးဂျင့်ဆက်မလုပ်ရတော့သလို ပရိတ်သတ်အဖွဲ့ကြီးကလည်း သူတို့၏ နတ်ဘုရားမကို တွေ့ခွင့်ရတော့မည် မဟုတ်ပေ။


ထို့ကြောင့် သူမ၏နတ်ဘုရားမကို ဖျော်ဖြေရေးအသိုင်းအဝိုင်းမှ အနားယူရန် လုံးဝလက်မခံနိုင်ပေ။


ဖုန်း၏ အခြားတစ်ဖက်တွင် ရှုထျန်းထျန်းက အလွန်စိုးရိမ်နေ၍ ရှအန်းက ရယ်ချင်လာတော့သည်။


သူမတွင် ထိုသို့ အတွေးမျိုးအမှန်တကယ် ရှိသော်လည်း သူမ၏အေးဂျင့်က အလုပ်အလွန်ကြိုးစားပြီး သူမကို အလုပ်လက်မဲ့မဖြစ်စေရန် လုပ်ပေးခဲ့သည်။


ရှုထျန်းထျန်းက အေးဂျင့်ကောင်းတစ်ယောက်ဖြစ်သည်။


အလုပ်တွင် ပြဿနာဖြစ်သည်ဖြစ်စေ ကိုယ်ပိုင်ဘဝတွင် ပြဿနာဖြစ်သည်ဖြစ်စေ သူမ၏အေးဂျင့်က ပြီးပြည့်စုံစွာ ဖြေရှင်းပေးသည်။


ကောင်လေးနှစ်ယောက်ကို ထိန်းကြောင်းပေးရသည့် ပြဿနာကိုလည်း ရှုထျန်းထျန်းက ဖြေရှင်းပေးခဲ့သည်


ပရိတ်သတ်အချင်းချင်းကိုပင် ထောက်ပံ့ပေးသော ပရိတ်သတ်တစ်ဦးကို သူမရှာတွေ့ခဲ့ခြင်းဖြစ်သည်။


ထို့အပြင် ဤပရိတ်သတ်လေးက အတော်လေး အံဝင်ခွင်ကျဖြစ်၍ လူတိုင်းကလည်း အတော်လေးစိတ်ကျေနပ်ရသည်။


ထို့ကြောင့် ဤမျှကောင်းမွန်သည့် အေးဂျင့်လေးကို အလုပ်လက်မဲ့ဖြစ်အောင် မလုပ်ချင်တော့ပေ။


"အိုကေလေ... စတားတစ်ယောက် မဖြစ်ချင်ပါဘူးလို့ ဘယ်တော့မှ မပြောတော့ပါဘူး.. ကျဲရဲ့ ခံစားချက်တွေကိုလည်း ရိုးရိုးသားသားပဲ ပြောပြပါတော့မယ်..."


ရှအန်းက သူမ ဤသက်တောင့်သက်သာရှိသည့် ကမ္ဘာတွင် နေလာလေလေ သူမက အားနည်းလာလေလေ ဖြစ်ကြောင်း ရှာတွေ့ထားသည်။


သူမ ကလေးများကို မမုန်းတော့သလို သဘောပင်ကျနေလေပြီ။ အခြားလူများအပေါ် ရိုးရိုးသားသား ဆက်ဆံပေးရန်လည်း လွယ်ကူလာသည်။


ကောင်းသည်လား ဆိုသည်လား မသိတော့သော်လည်း သူမ၏ လက်ရှိ ဘဝကို သဘောကျနေပြီဖြစ်သည်။


ဤဘဝက အတော်လေး ပျော်စရာကောင်းပြီး သက်တောင့် သက်သာ ရှိလေသည်။


သူမနှင့် သူမ၏ဗီလိန်သားလေးက ဤကမ္ဘာ၏ အရံဇာတ်ကောင်နှင့် အမြှောက်စာ ဇာတ်ကောင်ဖြစ်သော်လည်း သူမက ဤခန္ဓာကိုယ်၏ မူလပိုင်ရှင် မဟုတ်ပေ။


သူမ၏ ကံကြမ္မာကို သူမလက်ဖြင့် ပုံဖော်မည်ဖြစ်သည်။ ထို့ကြောင့် စာရေးဆရာရေးထားသည့်အရာများကို သူမအပါ် လုံးဝသက်ရောက်ခံမည် မဟုတ်ပေ။


"ဟားဟားဟား... ကောင်းတာပေါ့..."


ရှုထျန်းထျန်းက ရှအန်းရင်ထဲတွင် အကြောင်းအရာမျိုးစုံ မြည်ဟီးနေသည်ကို မသိပေ။ သူမက ပျော်ပျော်ရွှင်ရွှင်ရယ်နေလေသည်။


သို့သော် နောက်တစ်စက္ကန့်တွင် ရှုထျန်းထျန်း၏ ရယ်သံက ချက်ချင်း ရပ်သွားသည်။


"ဒါပေမဲ့ ထျန်းထျန်းရေ ကျဲက စတားတစ်ယောက် မဟုတ်တော့ရင်တောင် ကျဲရဲ့ အေးဂျင့်ဖြစ်ပေးမယ်မလား...."


ရှအန်း၏ ရယ်စရာစကားကြောင့် ဖုန်းတစ်ဘက်မှလူက တံတွေးပင် သီးသွားရသည်။


"အဟွတ်.... အဟွတ်.... အဟွတ်...."


ရှအန်း ပြုံးလိုက်ကာ သူမကြောင့် ကြောက်သွားရရှာသော သနားစရာအေးဂျင့်လေးကို ထပ်မစတော့ပေ။


"ကောင်းပါပြီ.. ကောင်းပါပြီ... ထပ်မစတော့ပါဘူး..."


ရှုထျန်းထျန်း ပြန်တည်ငြိမ်သွားကာ စကားလမ်းကြောင်း ပြန်ပြောင်းလိုက်သည်။

"ရှအန်းကျဲ... စိတ်မပူနဲ့နော်... ဒီတစ်ခေါက်က တကယ်ကိစ္စကြီးမဟုတ်ပါဘူး... အဲ့တုန်းက ညီမ လေးလေးနက်နက်ကြီးပြောလိုက်ရတာကလည်း.... ညီမက တစ်ကိုယ်ကောင်းဆန်လို့ပါ..."


ထိုသို့ပြောပြီးနောက် ရှုထျန်းထျန်း အနည်းငယ် အပြစ်မကင်းသလို ခံစားလိုက်ရသည်။