chapter - 6
Viewers 569

Undead Chapter 6


ထိုစကားတိုတိုလေးသည် ဖြစ်ပျက်ခဲ့သည့် ဖြစ်နိုင်ခြေများစွာကို စီနန် စိတ်ကူးယဉ်ကြည့်ဖို့ လုံလောက်‌ ပေသည်။  သို့သော်လည်း သူ အပေါ်ယံတွင်တော့ ငြိမ်သက်နေဆဲဖြစ်ပြီး သူ၏ စူးစမ်းလိုစိတ်ကို စကားတစ်ခွန်း ထွက်ရုံမျှသာ ထွက်လိုက်ခဲ့သည်၊ "ဪ"


ဒါကိုကြားတော့ ကျုံးရုန်က သူ့ရဲ့ နားထောင်တတ်တဲ့ သဘောထားကို အလွန်ကျေနပ်သွားခဲ့သည်။


" ဓားစာခံတွေ ကယ်တင်တဲ့မစ်ရှင်ထဲမှာ ပြန်ပေးဆွဲသူတွေ၊ ပြိုင်ဘက်တွေနဲ့ ဓားစာခံတွေဆိုပြီး ပါဝင်တဲ့ အုပ်စုသုံးစုရှိတယ်။ ပြန်ပေးဆွဲသူတွေက ဝတ်စုံတစ်ညီတည်း ၀တ်ဆင်ထားရပြီး ပြိုင်ဘက်တွေကတော့ ကျည်ကာအင်္ကျီဝတ်ထားရပြီးတော့ တည်နေရာအချက်ပြချစ်ပ်ပြားတွေ တပ်ဆင်ထားတဲ့ ခါးပတ်တစ်ခုရှိတယ်၊ ဓားစာခံတွေကတော့ ဘာမှမရှိဘူး၊  ဒီဂိမ်းမှာ ဓားစာခံနှစ်ယောက်ကို ငါ့လက်နဲ့ကယ်တင်ခဲ့ပြီးပြီ၊ ငါ သူတို့ကို တောထဲကနေ ခေါ်ထုတ်ပြီးတာနဲ့ မစ်ရှင်က အောင်မြင်မှာ ကျိန်းသေပေါက်ပဲ၊ ဒါပေမယ့် အဲဒီအိုမီဂါလေးနဲ့ ငါ တည့်တည့်တိုးမိသွား‌ေတာ့တာပဲ"


စီနန် ခေါင်းညိတ်လိုက်သည်။


"ကိစ္စတွေက မင်းထင်ထားသလို မဟုတ်ခဲ့ဘူး၊ အဲဒီတုန်းက အဲဒီကလေးက ရွှံ့တွေ ချွေးတွေတ လုံးလုံးနဲ့၊ သူ့မျက်နှာက လုံးဝထင်ထင်ရှားရှားဖြစ်မ‌ နေခဲ့ဘူး။ လှတယ်လို့‌ ပြောရမဲ့အစား တကယ်ကို သနားကမား‌ လေး၊ သူ့တစ်ကိုယ်လုံးက ရွှံ့တွေချွေးတွေစေးကပ်နေတာ။  အဲဒီကလေးက နေရာတကာ ငါ့နောက်ကို တကောက်ကောက်လိုက်ခဲ့‌ တော့တာပဲ။ မှောင်လာရင် သူ အရမ်းကြောက်သွားပြီး ငါ့လက်မောင်းကို မကိုင်ထားဘဲနဲ့ အိပ်လို့တောင် မရဘူး..."


စီနန်က   ကျုံးရုန် ဝတ်ထားတဲ့ တီရှပ်လက်တိုအောက်က တုတ်ခိုင်တဲ့လက်မောင်းကို  စိုက်ကြည့်ပြီး ခေါင်းညိတ်လိုက်ခဲ့သည်။


"..." ကျုံးရုန် ပြောလိုက်၏။  "ဘာလို့လဲမသိပေမယ့် မင်းအခုလေးတင်  နည်းနည်း ညစ်ပတ်တဲ့အရာ တွေ တွေးနေမယ်လို့ ငါထင်‌ နေမိတယ်"


"မ‌ တွေးပါဘူး အဲဒီနောက်တော့ရော"


ကျုံးရုန် တစ်ဖက်လူ၏ညစ်ညမ်းသော အ‌ တွေးကို သက်သေမပြနိုင်လို့ လက်လျှော့လိုက်ရသည်။


"အဲဒီနောက်တော့လား။  ငါ အဲဒီဓားစာခံ‌ တွေကို ခေါ်ပြီး တောထဲကို ပြေးဝင်သွားတယ်။ ဘာပဲစားစား အဲ့ကလေးကို အရင်စားခိုင်းပြီး အန္တရာယ်ရှိတဲ့ အခြေအနေမျိုးမှာတောင် ငါ သူ့ကို အရင်ကာကွယ်ပေးခဲ့တယ်။  ထမင်းချက်၊ မီး‌မွှေး၊  တဲဆောက်‌တာတွေ ဘာတစ်ခုမှ မလုပ်ခိုင်းခဲ့ဘူး။  သူ့ကို ကိုင်စရာ တစ်ခုခု ပေးထားရင် ပြုတ်ပဲကျသွားမလား၊ ကွဲပဲကွဲသွားမှာလား ပါးစပ်ထဲ ထည့်မိထားမလားလို့တောင် ငါ့မှာ စိုးရိမ်မိ‌ နေရတာ။  သူကလည်း ငါ့ကိုဆို သိပ်ကို ကပ်လွန်းတာ....ဒါပေမယ့် လူတိုင်း နားလည်ထားတာက အိုမီဂါရဲ့ ခန္ဓာကိုယ်က ဘယ်လောက်‌တောင် နူးညံ့ပြီး အားနည်းတယ်ဆိုတာကိုပဲ၊ အထူးသဖြင့် သူ့လို အရမ်းငယ်ငယ်ရွယ်နဲ့ ‌အကောင်သေးသေးလေးဆိုတော့ကလေ "


ကျုံးရုန် သူ့စီးကရက်ဖင်ခံကို မြေကြီးပေါ်သို့ ချောချောမွေ့မွေ့ မချမီ နောက်ဆုံးအကြိမ် ဆေးလိပ်မီးခိုးကို ရှိုက်လိုက်ခဲ့သည်။  သူ့မျက်နှာအမူအရာ‌တွေက အနည်းငယ် ထူးဆန်းလာခဲ့၏။


" ငါတို့က တောအုပ်အစွန်နားကိုရောက်ပြီး စခန်းကို ညဘက်မှ ရောက်မယ့် နောက်ဆုံးနေ့မတိုင်မီထိပေါ့..."


စီနန် - "သူ ခင်ဗျားကို ဝန်ခံလိုက်တာလား။"


ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကျုံးရုန် က စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်၏။ "မဟုတ်ဘူး"


"သူက အံ့အားသင့်ဖို့‌ ကောင်းလောက်အောင်ကို ငါ့ကို ကြိုးတုပ်ထားလိုက်ခဲ့တာ။ပြီး‌ေတာ့ ကျေးဇူးတင်စကား ပြောပြီး ဓားစာခံတွေနဲ့အတူ ငါ့သေနတ်ပစ္စည်းတွေပါ ယူသွားခဲ့တယ်။ နောက်တစ်‌နေ့မနက် မရောက်သေးခင်မှာပဲ ကြီးကြပ်ရေး ကော်မတီက ငါ့ကို ကယ်တင်ဖို့ လူတစ်ယောက်ကို စေလွှတ်လိုက်ရတယ်၊ နောက်ဆုံးကျမှပဲ ငါ သိလိုက်ရတော့တယ်ကွာ၊ သူက တကယ်တော့  ဓားစာခံတစ် ယောက် လုံးလုံးဟုတ်မ‌ နေခဲ့ဘူး၊ သူက Aနိုင်ငံကို ကိုယ်စားပြုတဲ့ ပြိုင်ဖက်တစ်ယောက်ပဲ.....။"


"ငါ....ဆိုတဲ့ကောင်က ပြိုင်ပွဲစကတည်းက  အနိုင်နဲ့အဝေးကြီးဝေးနေခဲ့ပြီးတော့ တကယ်ကို ရှုံးနိမ်ခဲ့တာပဲ။  အိုမီဂါတစ်‌ ယောက်က ဘယ်လိုတောင် ဒီလောက် လှည့်ဖျားတတ်တယ်ဆိုတာ ဒီနေ့အထိ ငါ စဉ်းစားလို့ကိုမရဘူး၊ ဒါက မြစ်ကိုဖြတ်ပြီးမှ တံတားကို ဖျက်စီးသွားတဲ့ ကိစ္စ ရပ်မျိုးပဲလေ။"


ကျုံးရုံက သူ့လက်ဖဝါးကို သူ့လက်သီးနဲ့ပြန်ထိုးလိုက်ပြီး သူ့ခေါင်းကို သူ့လက်နှစ်ဖက်မှာ နစ်မြုပ်ပစ်လိုက်သည်။  စီနန် သူ့ရဲ့အသံကို ပေါ့ပေါ့တန်တန် လေသံဖြစ်အောင် ထိန်းသိမ်းဖို့ သူ့ချုပ်တည်းမှု အားလုံးကို အသုံးပြုခဲ့ရသည်၊ - "အိုး.....အစ်ကိုက တကယ့်ကို သနားဖို့ကောင်းနေတာပဲ၊ ရုန်ကော... သူက ပြိုင်ဖက်ဖြစ်တယ်ဆိုတာ ခင်ဗျား ဘယ်လို‌ တောင် မသိခဲ့တာလဲ။"


"ဘာလို့လဲဆိုတော့ သူ တောထဲဝင်ပြီးတော့  သူလုပ်တဲ့ပထမဆံုးအရာက သူ့ပစ္စည်းတွေ အားလုံးကို စွန့်ပစ်၊ ထောက်ပံ့ထားတဲ့ ရေကိုသောက်ပစ်ပြီး အစာခြောက်တွေအကုန် လွှင့်ပစ်လိုက်တာဘဲ၊ သူ့သေနတ်ကိုလည်း မြုပ်ထားလိုက်ပြီးတော့ တည်နေရာပြ ချစ်ပ်ပြားလေးပဲ ချန်ထားလိုက်တော့တယ်။ အဲဒါက ငါတို့ရဲ့ကိုယ်ခန္တာတွေပေါ်မှာ အမြဲရှိနေရပြီးတော့ သူ့ရဲ့ ပြိုင်ဘက်လိုဂိုကို ခွဲခြားသိမြင်နိုင်တဲ့ နည်းလမ်းတစ်ခုပဲ။  အဲဒါကို သူ ဘယ်မှာ သွားဝှက်ထားလဲဆိုတာ မင်း ခန့်မှန်းနိုင်လား"


စီနန် ခေါင်းခါယမ်းလိုက်သည်။


"သူ သူ့ဗိုက်ထဲကို မျိုချလိုက်တာ။" ကျုံးရုန်က သူ့သွားတွေကို အံကြိတ်လိုက်ပြီး ဆက်ပြောလိုက်တယ်။ "အဲဒါကို  နောက်ပိုင်းမှ ခွဲစိတ်ပြီး ဖယ်ထုတ်လိုက်ရတာ!"


'...မင်းအသက်ကို စွန့်စားရတဲ့အထိ 

ဒီဂိမ်းမှာ မင်းက စောက်ရမ်း‌တော်လွန်းတာပဲ၊ စီနန် စိတ်ရင်းမှန်နဲ့ တွေးမိ‌လိုက်သည်။


"ပိုဆိုးတာက ဒီကလေးမှာက တကယ်တော့ လက်တွဲဖော်ရှိပြီးသားပဲ၊ ပြိုင်ပွဲပြီးသွားတော့ A  နိုင်ငံ  က အမျိုးသားတစ်ယောက်က သူ့ကို လာကြိုတယ်။ သူ့လည်ပင်းနောက်ဘက်က  ဂလင်းကို အယ်ဖာက ခိုးကြောင်ခိုးဝှက် ကိုက်နေတာကို ငါ့မျက်စိနဲ့တပ်အပ်မြင်ခဲ့ရတယ်"

ကျုံးရုန် က ဒေါသတကြီးနဲ့ ပြောလိုက်သည်။ "ငါ့ကို ပြော လေ ဒါ လှည့်စားတာနဲ့ အတူတူပဲမလား"


သားအိမ်ခေါင်းအနောက်ဘက်ရှိ 

ဂလင်းကို ကိုက်ခြင်းသည် တစ်စုံတစ်ဦးအား ယာယီအမှတ်အသားပြုရန် ပုံမှန်နည်းလမ်းတစ်ခုဖြစ်သည်။  အကျိုးသက်ရောက်မှုသည် သွေးလည်ပတ်မှုအတွင်း သဘာဝအတိုင်း ဇီဝဖြစ်စဉ်မပြီးမချင်း သုံးပတ်မှ လေးပတ်အထိ ကြာမြင့်တတ်သည်။   အမှတ်အသားလုံးဝမရှိ‌ သေးသော အိုမီဂါများအတွက် များသောအားဖြင့် ထိုနည်းလမ်းကို အသုံးပြုကြသည်။  ယာယီအမှတ်အသားများသည် အိုမီဂါရဲ့ဖီရိုမုန်းများ ပျံ့နှံ့မှုကို တားဆီးနိုင်ပြီး၊ ပိုအရေးကြီးသည်မှာ၊  ပိုင်ရှင်ရှိတဲ့အထောက်အထားကို ပြသရန်အသုံးပြုကြပြီး‌ တော့ ပတ်ဝန်းကျင်ရှိ အယ်လ်ဖာများကို စိန်ခေါ်ရန်အတွက်လည်း အသုံးပြုကြသည်။


သီအိုရီအားဖြင့် သက်သေမပြရသေးသော်လည်း အများသူငှာ အများလက်ခံထားသည့် အခြားအရာတစ်ခုမှာ ယာယီအမှတ်အသားများသည် ယာယီသဘောတူထားသော ဆက်ဆံရေးတစ်ခုကို ဖော်ဆောင်ရန် လုံလောက်သည်ဟု ဆိုကြသည်။  တစ်နည်းဆိုရသော် အိုမီဂါတွေကို သူတို့ကို ကျိုးနွံစေဖို့ပဲဖြစ်၏။


အယ်ဖာများသည် အိုမီဂါ၏ သဘာဝအတိုင်း ကြောက်ရွံ့မှု ခံစားချက်ကို ပြင်းထန်လာစေရန်နှင့် ယာယီအားဖြင့် စိတ်ပိုင်းဆိုင်ရာ လက်အောက်ခံ အပြုအမူကို ရရှိရန် ထိုကဲ့သို့ ဖီရိုမိုနီ တိုက်ရိုက် ဖြည့်သွင်းခြင်းကို အသုံးပြုခဲ့ကြတာဖြစ်သည်။


စီနန်သည် ထိုမြင်ကွင်းကို စိတ်ကူးကြည့်သောအခါတွင် တစ်နည်းတစ်ဖုံ စိတ်မသက်မသာဖြစ်မိသည်။  ကျုံးရုန် ပြောတာကို အမှန်တရားအဖြစ် သူ့မသိစိတ်က ယုံခဲ့ပုံမရ။  သို့သော် အခြားသူများ ကျွေးမွေးခံရသောပါးစပ်သည် စကားပြော ပျော့ပျောင်းပြီး အခြားသူများထံမှ ရရှိသော လက်သည် အပြင် မရောက်နိုင်တာမို့ ** သူ ရိုးသားစွာပဲ ပြောလိုက်ခဲ့သည်- "ဟုတ်တယ်၊ အစ်ကိုရုန် အစ်ကိုပြောတာ အမှန်ပဲ။"


[**ဒီဟာက တရုတ်စကားပုံပါ မြန်မာလိုဆို တစ်လုတ်စားဖူး သူ့ကျေးဇူးလိုမျိုးနဲ့ ဆင်ပါတယ်]


"အခုတော့ မင်းရဲ့အဖော်အဖြစ် အိုမီဂါကို ဘာလို့ မရှာသင့်လဲဆိုတာ မင်းနားလည်သွား‌ ရောပေါ့ ။ သူတို့ပြထားတဲ့ အားနည်းချက်တွေက မင်းကို စိတ်ဝင်တစားရှိနေတယ်လို့ မထင်လိုက်နဲ့။ မင်းတို့လို ဘီတာတွေ အတွက် အရိုးတွေမကျန်မချင်း အလိမ်ခံရဖို့ ဖြစ်နိုင်ခြေ က မင်းမှာ ၈၀% ရှိတယ်"  

ကျုံးရုန်စီးကရက်ဘူးကို ကိုင်လိုက်ပြီး ခဏတွေးလိုက်ကာ ပြန်ထည့်လိုက်ပြီး အဖျားကျဆေးဘူးကို ထုတ်ယူ လိုက်ခဲ့သည်။  ဆေးလုံးနှစ်လုံးကို ထုတ်ယူပြီး စီနန်ကို သောက်ဖို့ ညွှန်ပြလိုက်သည်။


"ကဲ အခုတော့ စကား‌ ပြောတာတွေ ရပ်လိုက်ကြရအောင် အိပ်တော့ မနက်ဖြန်မှ မင်း ဖျားနေသေးရင်  အဓိပ္ပါယ်က မင်းမှာ ရောဂါပိုးမရှိဘူးဆိုလိုတာပဲ မဟုတ်ရင် မင်းရဲ့ကိုကိုက မင်းကို ပစ်သတ်ရလိမ့်မယ်"


စီနန်သည်  ကျုံးရုန်ရဲ့ အဝတ်ထူထူအားသူ့ခေါင်း‌ အောက်တွင် ခုထားကာ ခေါင်းအုံးအဖြစ် သုံးလိုက်၍ ထောင့်စွန်းကို မှီလိုက်ခဲ့သည်။  ဆေးသေတ္တာအများစုသည် သွေးမည်းများစွန်းထင်းနေသောကြောင့် တံခါးအက်ကွဲကြောင်းများမှ အလင်းရောင်များအောက်တွင် တလက်လက်တောက်ပနေကြသည်။


"...ကျေးဇူးတင်ပါတယ်"  ခဏလောက် ရပ်လိုက်ပြီး သူ ပြုံးလိုက်ခဲ့သည်။  "ကျွန်တော် ခင်ဗျားရဲ့အကြံအတိုင်း လိုက်နာပါ့မယ်... ကျွန်တော် အိုမီဂါတစ်ယောက်ကို မရှာ တော့ဘူး"


ကျုံးရုန်က သူ့ခေါင်းကို ဖွဖွပုတ်လိုက်ခဲ့သည်။


ထိုအချိန်တွင် တံခါးခေါက်သံ နှစ်ချက်မြည်လိုက်ခဲ့သည်။  ကျုံးရုန် တံခါးကိုအနည်းငယ် ဟဖွင့်ကြည့်လိုက်တော့ ချန်ချောင် ဖြစ်‌ နေသည် ။  ကောင်မလေးက အသံတိုးတိုးနဲ့ပြောတယ် "အစ်ကိုရုန် လွတ်မြောက်ရေးလမ်းကြောင်းကို ဆွေးနွေးဖို့ ကျွန်မ ဒီကိုလာခဲ့တာ။ ရဟတ်ယာဉ်က မနက်ဖြန် ခေါင်မိုးပေါ် တိုက်ရိုက်ဆင်းလို့မရရင်......"


ကျုံးရုန်က သူမစကားကို ဖြတ်ကာ အမူအရာတစ်ခု လုပ်လိုက်သည်။


"ရင်ကျယ် ကို ခေါ်လိုက် သူ့သေနတ်ကိုပါ ဒီကိုယူလာခိုင်းပြီး ဒီအခန်းကို စောင့်ခိုင်းထားလိုက်။ နေ့ခင်းဘက် အသက်ရှင်ကျန်ရစ်တဲ့သူတွေ ဒီနားကို လာမကပ်စေနဲ့။"  သူက တံခါးကို ညင်သာစွာ ပိတ်‌ ပေးလိုက်ခဲ့သည်။


စီနန် မျက်လုံးမှိတ်ပြီး ကျုံးရုန်ရဲ့ ခြေသံတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို နားထောင်လိုက်ခဲ့သည် ။


နောက်တစ်နေ့တွင် ဆရာဝန်က သာမိုမီတာကို ချလိုက်ပြီး ပြောလိုက်၏။

"၃၇.၃ဒီဂရီ ရှိတယ်"


ကျုံးရုန် က ယဉ်ယဉ်ကျေးကျေး ခေါင်းညိတ်ပြလိုက်ပေမဲ့ သူတကယ်ပြောချင်တာက "မင်းကအရှုးပဲ" လို့‌ ပြောနေတာကို သူ့မျက်နှာကြည့်တာနဲ့  လူတိုင်းသိနိုင်လေသည်။ 


ကျုံးရုန် အောင်ပွဲခံနေတဲ့မျက်နှာအား ချန်ရစ်ကာ ဆရာဝန်က ထွက်ခွာသွားလိုက်သည်။  ထို့နောက် ကျုံးရုန်က စီနန်ရဲ့ခြေချောင်းများကို ကန်ထုတ်ကာ မသေသေးတာကြောင့် အမြန်အဝတ်စားဝတ်ပြီး အလုပ်လုပ်သင့်သည်ဟု ညွှန်ပြလိုက်ခဲ့သည်။  ထို့နောက် သူက နောက်ကို လှည့်၍ လက်ခုပ်တီးကာ အော်လိုက်၏  "အရမ်းကောင်းတယ်- ထ‌ကြ‌‌ တော့ဟေ့၊ စက်ပစ္စည်း‌ တွေကို ထုပ်ပိုး တော့ ၊ ရိက္ခာ‌တွေ ရွှေ့ကြမယ်၊ ရှော့ပင်းမောရဲ့ စင်္ကြံလမ်း‌‌တွေကို သန့်ရှင်းရေးလုပ်ကြမယ်။ ရဟတ်ယာဉ်ဆင်းသက်ဖို့ ပြင်ဆင်ကြ ၊ မြန်မြန် လုပ်ငန်းစကြတော့"


နေရာအနှံ့ အလောင်းကောင်များကဲ့သို့  နုံးခွေစွာ လဲလျောင်းနေ‌ကြသည့် လူ‌‌ တွေစတင်လှုပ်ရှားလာကြသည်။  စီနန်က ရေညှိဝက်သားပေါင်မုန့်တစ်တွဲကိုယူ၍ အခန်းကျဉ်းလေးထဲမှ အပြင်ဘက်ရှိ ကျဉ်းမြောင်းသော စင်္ကြံလမ်းသို့ လျှောက်သွားလိုက်ခဲ့သည်။


ယန်ဟောင် မသက်မသာ ကွေးထားသော ခြေတံရှည်များဖြင့် ကြမ်းပြင်ပေါ်တွင် ထိုင်နေရင်း စီနန် သူ့ထံ ပြန်ပေးခဲ့သော ကာဘိုင်စက်‌ သေနတ်ကို ကိုင်ထား‌လျက် ရှိသည်။  သူ အပြင်ထွက်လာသည့်အသံကိုကြားတော့ မော့ကြည့်လိုက်ပြီး နူးညံ့တဲ့အပြုံးကို ထုတ်ဖော်လိုက်ခဲ့သည်။


စီနန်ရဲ့ ခြေလှမ်းများ အနည်းငယ် ရပ်တန့်သွားလိုက်သည်။


ယန်ဟောင် က ထလိုက်ပြီး သူ့ရဲ့ တောင့်တင်းတဲ့ လက်ကောက်ဝတ်နဲ့ ခြေကျင်းဝတ်ကို ရွှေ့၍ လှည့်ထွက်သွားလိုက်သည်။


***


ကျုံးရုန် က အနားယူဖို့ မလိုအပ်သော မွန်းစတားတစ်ကောင်ဖြစ်သည်။  သူ အချိန်မရွေး နေရာမရွေး အမြဲတမ်း တက်ကြွဖြတ်လတ်လို့နေခဲ့သည်။  နေ့လယ်စာ မစားမီ လွတ်‌ေမြာက်မည့်လမ်း ကြောင်းကို သူကိုယ်တိုင်ရေးဆွဲခဲ့ပြီး အသက်ရှင်ကျန်ရစ်သူများကို အုပ်စု ၁၄ စုခွဲကာ ဘေးကင်းသောစင်္ကြံကိုဖြတ်၍ စျေးဝယ်စင်တာ၏အပေါ်ဆုံးထပ်သို့တက်‌ေရာက်ရန် ပြင်ဆင်ခဲ့သည်။  ထို့နောက် ဘေးကင်းသော စင်္ကြံတွင် လှည့်လည်သွားလာနေသော ဖုတ်ကောင်များကို ချေမှုန်းခဲ့ပြီး အထပ်အားလုံးရှိ တံခါးများနှင့် ပြတင်းပေါက်များကို ပိတ်ဆို့လိုက်ခဲ့သည်။  အခြား အထူးတပ်ဖွဲ့ဝင်များသည် အလှည့်ကျ ကင်းလှည့်နေကြပြီး အချိန်မရွေး ရေဒီယိုမှတစ်ဆင့် အချင်းချင်း အသိပေးရန် အဆင်သင့်ပြင်ထားကြသည်။


နေ့လယ် သုံးနာရီခွဲတွင် စျေးဝယ်စင်တာ၏ ခေါင်မိုးကို တစ်ခေါက်လောက် သန့်ရှင်းရေးလုပ်ရန် လူအချို့ကို ယန်ဟောင်အား ခေါ်ဆောင်သွားခိုင်းလိုက်သည်။  မကြာမီ ရဟတ်ယာဉ်ကြီး လေးစင်း လေထဲမှ ထွက်ပေါ်လာသော အသံကို ကြားလိုက်ရသည်။


"ဟေး!"  ယန်ဟောင် ထိုရဟတ်ယာဉ်များကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းပြပြီး ရေဒီယိုစကားပြောစက်တွင် အချက်ပြလိုက်ခဲ့သည် "ရဟတ်ယာဉ်တွေ ဆင်းသက်ဖို့ ပြင်ဆင်နေကြပြီ။ အပေါ်ထပ်တက်ဖို့ ပထမအုပ်စုကို စီစဉ်ထားကြ။"


ရှိုက်ငိုနေကြတဲ့ အသက်ရှင်ကျန်ရစ်သူများသည် အထူးတပ်ဖွဲ့ဝင်များ၏ စောင့်ကြပ်မှုအောက်တွင် ခေါင်မိုးထပ်ပေါ်သို့ တက်ခဲ့ကြသည်။  လေယာဉ်မှူးက လေယာဉ်တံခါးကိုဖွင့်ပြီး ရဟတ်ယာဉ်ရဲ့ ကျယ်လောင်တဲ့အသံအလယ်တွင် အော်ပြောလိုက်ခဲ့သည်၊  "အရှေ့‌ေပါက်ကနေ ဝင်၊ အမြီးပိုင်းကို မသွားနဲ့၊ မြန်မြန်။ လူစုမနေပါနဲ့၊ တစ်‌ ယောက်ပြီးမှ တစ်ယောက် ဝင်ကြပါ!"


"လေယာဉ် မလုံလောက်ဘူး!"  လေယာဉ်မှူးက ကျုံးရုန် ကို အော်ပြောလိုက်ခဲ့သည်၊ "ငါတို့ အဖွဲ့တစ်ဖွဲ့ကို အရင်ပို့‌ ပေးလိုက်မယ်၊ ပြီးရင် စခန်းမှာ ထားခဲ့ပြီးမှ ငါတို့ ပြန်လာကြမယ်!"


ကျုံးရုန် က သူ့လက်ကို ဝှေ့ယမ်းပြီး နားလည်ကြောင်းပြောလိုက်သည် ။  သူ အဖွဲ့၏အနောက် ဆုံးသို့ ပြေးသွားပြီး စီနန်ကို ဆွဲထုတ်လာလိုက်သည်။  သူသည် နွေးထွေးသော စစ်တပ်၏ ဓားမြှောင်တစ်ချောင်းနှင့် ဘယ်ကရမှန်း မသိတဲ့ ပန်းသီးတစ်လုံးကို သူအား ပေးလိုက်ခဲ့သည်။


"လာခဲ့!"  ကျုံးရုန်က ရဟတ်ယာဉ်ကို ညွှန်ပြလိုက်ပြီး သူ့နားကိုကပ်ခါအော်ပြောလိုက်သည်။ "သွား၊ သွား!"


သူတို့ဘေးမှာ တစ်ယောက်က ဝင်ကန့်ကွက်ခဲ့လိုက်သည်၊ "ဟေ့ ခင်ဗျားအခုနကပြောတော့ အမျိုးသမီးနဲ့ ကလေးတွေ အရင်သွားခိုင်းပြီး၊ ယောက်ျား‌လေးတွေက နောက်အသုတ်မှ လွှတ်မယ်ဆို" 


ကျုံးရုန်က ထိုလူကို လျစ်လျူရှုလိုက်ပြီး    စီနန်ကို ရှေ့သို့ တွန်းပို့လွှတ်လိုက်သည်။  ရှပ်ကော်လံအဖြူဝတ်စုံပြည့်ဝတ်ထားသော အမျိုးသားက ဒေါသချောင်းချောင်း ထွက်သွားလိုက်ကာ "မင်း တော်တော်လွန်သွားပြီ၊ မင်းနာမည်ဘယ်လိုခေါ်လဲပြော၊  ကျုပ် ခင်ဗျားကို စစ်စခန်းကို သွားတိုင်မယ်"


"ကျုံးရုန်!"  ကျုံးရုန် က ပြောလိုက်၏။ "သွား၊ သွားတိုင်လိုက်!"  ထို့နောက် ဘာမှ မပြောဘဲ စီနန်  ဆက်ဆွဲကာ ရှေ့တွန်းလွှတ်လိုက်ခဲ့သည်။


"ပြည့်သွားပြီ ပြည့်သွားပြီ! ဆက်မတက်ကြနဲ့တော့!"  ပရမ်းပတာများကြားတွင် လေယာဉ်မှူးများ၏ အော်သံသည် လူအုပ်ရှေ့မှ ထွက်ပေါ်လာသည်။  သူတို့က တံခါးကိုပိတ်ချလိုက်ပြီး ရှေ့ကိုအသည်းအသန်တွန်းထိုးလာနေတဲ့ လူငယ်တချို့ကို ပိတ်ဆို့ထားလိုက်တယ်။  ရဟတ်ယာဉ်လေးစင်း ချက်ချင်း ပျံတက်လိုက်ပြီး မြောက်ဘက်သို့ လှည့်ကာ ပျံသန်းသွားခဲ့သည်။


ကျယ်လောင်သော အော်သံများနှင့် သက်ပြင်းချသံများ တစ်ထပ်တည်း ဖြစ်သွားလိုက်၏။  ကျုံးရုန်က တိတ်တိတ်ဆိတ်ဆိတ် ကျိန်ဆဲလိုက်ပြီး ကြမ်းပြင်ပေါ်မှာ မောပန်းနွမ်းနယ်စွာ ထိုင်ချလိုက်သည်။


စီနန်က ပန်းသီးကို ထုတ်ယူကာ ပွတ်တိုက်ပေးလိုက်ပြီး‌တော့ သူ့ဆီကမ်းပေးလိုက်ခဲ့သည်။ "တစ်ဝက်လိုချင်လား"


ကျုံးရုန် က ယဉ်ကျေးစွား လှမ်းယူလိုက်ပြီး ကိုက်လိုက်ခဲ့သည်။


သူတို့‌တတွေ အမိုးလက်ရန်းအစွန်းတွင် အတူထိုင်လိုက်ကြသည်။  သူ့ရဲ့အဖိုးတန် ပန်းသီးတစ်ဝက်ကို စားပြီးသွားတဲ့နောက်မှာ ကျုံးရုန်  သူ့အဖွဲ့သားများကို ပြန်လည် စီစဉ်ပေးဖို့  အမိန့်‌‌ ပေးရန်  ထလိုက်ခဲ့သည်။



အသက်ရှင်ကျန်ရစ်သူတွေရဲ့စိတ်ခံစားချက်တွေက အလွန်‌ သောက ရောက်နေခဲ့သည်။  ကျန်ရစ်တဲ့သူတွေဟာ သူတို့မျက်စိ‌‌ရှေ့တည့်တည့်မှာပဲ ကယ်တင်ခံရဖို့ မျှော်လင့်ချက်ရှိတယ်ဆိုတဲ့ ခံစားချက်ကို ခံစားခဲ့ရပြီး နောက်တစ်ကြိမ် စွန့်ပစ်ခံရတဲ့အခါ စိတ်ပျက်လက်ပျက် ခံစားခဲ့လိုက်ရသည်။  အထူးသဖြင့် တင်းမာပြီး စိတ်မသက်မသာဖြစ်ခဲ့ကြပြီး စိတ်ပျက်အားငယ်မှုအငွေ့အသက်များက လူအုပ်ကို ပြည့်လျှံစေခဲ့သည်။  အထူးတပ်ဖွဲ့ဝင် အချို့က အခြေအနေကို အပြည့်အဝ ထိန်းချုပ်ရန် မစွမ်းသာနိုင်ခဲ့ပေ။  ဆေးအဖွဲ့တွေတောင် ထလိုက်၍ စည်းချက်ထိန်းဖို့ ကူညီပေးလိုက်ရသည်။


"သူတို့တွေ ဘာဖြစ်နေတာလဲ"  ကျုံးရုန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။


ခေါင်မိုးထပ်ထောင့်၌ သူနာပြုနှစ်ယောက် သုံးယောက်က ခေါင်းငိုက်စိုက်ချကာ စုဝေးနေကြသည်။  သူတို့ ကြည့်ရတာ အဆင်ပြေတဲ့ပုံမပေါ်‌ပေ။  သူတို့မျက်နှာများက ဖြူဖျော့နေပြီး မျက်လုံးအောက်တွင် အစိမ်းရင့်ရောင်နှင့် အပြာရောင်များ အဝိုင်းပေါ်‌ နေကြသည်။


"အချိန်ပိုလုပ်ရလို့ သူတို့အရမ်းပင်ပန်း‌ေနကြလို့ပါ"  ဆရာဝန်က ရှင်းပြလိုက်ခဲ့၏။  "ကျွန်တော်တို့ နေ့တိုင်း quarantine ဖြတ်ပြီး တစ်ကိုယ်လုံးပိုးသတ်ဆေးဖြန်း‌ ပေးဖို့လိုတယ်၊ အိပ်ချင်နေရင်တောင် အိပ်လို့မရဘူး။ ခင်ဗျားတို့လူတွေက နေ့ခင်းဘက် ဖုတ်ကောင်တွေကိုသတ်ပြီး အလောင်းတွေကို မီးရှို့ဖို့ရွှေ့တဲ့အချိန် ဘယ်သူမှ၊  ကိုယ့်လက်နဲ့ကို မသယ်ချင်ကြဘူး အလောင်းတွေကို သယ်ဖို့ ထမ်းစင်ကို အမြဲသုံးတယ်..."


ဆရာဝန်ရဲ့မျက်နှာသည် အလွန်ရုပ်ဆိုးသွားလိုက်သည်။  ကျုံးရုန်က သူနာပြုဆရာမကို ခဏလောက်ကြည့်ရင်း ရုတ်တရက် မေးလိုက်၏ "သူတို့ရဲ့ ခန္ဓာကိုယ်အပူချိန်က ပုံမှန်ပဲလား"


"ကျွန်တော်တို့ အရင်က စစ်ခဲ့ဖူးတယ်၊ သူတို့မှာ ဘာဒဏ်ရာမှ မရှိဘူး"  ဆရာဝန်က စိတ်မပျော်တော့ပေ။


"တောင်းပန်ပါတယ်။"  ကျုံးရုန် က ချက်ချင်းပဲ ပြန်တောင်းပန်လိုက်တယ် - "ရဟတ်ယာဉ် ပြန်လာရင် မင်းတို့အဖွဲ့က ပထမအသုတ်နဲ့ သွားလိုက်ပါ"


နောက်ဆုံးတော့ ဆရာဝန်က နည်းနည်းသက်သာရာရသွားလိုက်သည်။


စီနန် ပန်းသီးစားပြီးတာနဲ့ ဘာမှမဖြစ်‌ တော့ပေ။  သူ့အဖျားကလည်း သက်သာသွားပြီး အခုတော့ သူ့ခန္ဓာကိုယ်က ညောင်းညာ‌ပဲနေခဲ့ကာ မသက်မသာပဲ ခံစား‌ နေရသည်။  သက်တောင့်သက်သာမဖြစ်တာမျိုး မဖြစ်ပေမယ့် လှုပ်ရှားရမှာ အလွန်ပျင်းရိ‌ နေခဲ့သည်။  သူ ခေါင်မိုးပေါ်ကို မှီ၍ သူ့ခြေဖဝါးအောက်ရှိ ပြိုကျပျက်စီးနေသော မြို့ကြီးကို စီးကြည့်လိုက်သည်။  ထို့နောက် အင်္ကျီကော်လာအောက်မှ ဆွဲသီးကို ယူဖွင့်ကာ ဓာတ်ပုံဟောင်းထဲရှိ အမျိုးသားနှင့် အမျိုးသမီး၏ ပြုံးရွှင် နေတဲ့မျက်နှာများကို ကြည့်လိုက်သည်။


"မင်းမိဘတွေလား"  တစ်စုံတစ်ယောက်က သူ့နောက်မှ မေးလိုက်ခဲ့တယ်။


စီနန် မော့ကြည့်လိုက်တော့ ယန်ဟောင်ကို တွေ့လိုက်သည် ။


"မင်းရဲ့မိဘတွေက......" ယန်ဟောင်က ရုပ်ချောတယ်လို့ ပြောလိုက်ချင်ပေမယ့် အသုံးအနှုန်းက မသင့်လောက်ဘူးလို့ ခံစားမိလိုက်ပြီး သူ့ဘာသာ ပြန်ပြင်ပြီး ပြောလိုက်တယ်။  "စိတ်ထား ကောင်းကြမဲ့ပုံပဲ"


စီနန်က ရယ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည် ။  "ကံမကောင်းစွာပဲ အဲဒါကို ငါ့ဆီ လွှဲပေးခဲ့ပံုမပေါ်ဘူး။"


"အဲတာက အမွေဆက်ခံမှ မဟုတ်ဘဲ ပြုစုပျိုးထောင်ရမယ့်အရာပဲ"  ယန်ဟောင်က ရယ်မောပြီး မေးတယ် "မင်းက  မျိုးနှောကပြားလား။ မင်းကို 

T မြို့ ဒေသခံ အထူးရဲတစ်ယောက်လို့ ငါ ထင်ထားခဲ့တာ။"


စီနန်က ဘာမှပြန်မပြောလိုက်ခဲ့‌ေပ။


ယန်ဟောင် က သူ့ကို မျက်လုံးထောင့်မှ တိတ်တဆိတ် ကြည့်နေလိုက်သည် ။  စီနန်၏စိတ်နေစိတ်ထားသည် ကျက်သရေရှိပြီး စေ့စေ့စပ်စပ် ပုံနှင့် အနည်းငယ်မျှ မဆက်စပ်နိုင်ပေ။  ဆန့်ကျင်ဘက်အနေနှင့် သူက သူ့ပတ်ဝန်းကျင်ရှိ အထူးတပ်ဖွဲ့ဝင်များနှင့် အလွန်ဆင်တူသည်- ပိန်ပါးသည်၊ သွက်လက်ပြီး ပြတ်သားသည်။


သို့သော်လည်း မင်းသူနဲ့ အကြိမ်အနည်းငယ် ဆက်သွယ်‌ ပြောဆိုပြီးရင် သူ့အမူအရာတွေမှာ ဖော်ပြလို့မရနိုင်တဲ့ ခြားနားချက်တချို့ ရှိနေသေးတဲ့ အတွက် သူ့ကို ယန်ဟောင် ကိုယ်တိုင်၊  ချန်‌ ချောင်၊ ကျုံးရုန်တောင်မှ အလွန်ကွာခြားသွားစေတာကို တွေ့ရလိမ့်မည်။


အကြောင်းအရာကို မပြောင်းခင် ယန်ဟောင်က ခဏလောက်စဉ်းစားပြီး "မနေ့ညက ခေါင်းဆောင် မင်းနဲ့   ဘာစကား‌ တွေပြော‌ နေကြတာလဲ"


စီနန် က ဟာသနှောကာ ပြောလိုက်သည်။  "လူငယ်လေး Werther ၏ ဝမ်းနည်းခြင်းမှတ်တမ်း။"


[Sorrows of Young Werther (German: Die Leiden des jungen Werthers)၁၇၇၄ မှာ ပထမဆုံးထုတ်ဝေခဲ့တဲ့  Johann Wolfgang von Goetheရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ပါတဲ့]


"နိုင်ငံတကာ အထူးရဲတပ်ဖွဲ့ တောအုပ်ပြိုင်ပွဲမှာ အိုမီဂါပြိုင်ဖက်တစ်ယောက်ရဲ့ ရက်ရက်စက်စက် ချေမှုန်းခံရတဲ့အကြောင်းမို့လား။"


.... ကျုံးရုန် ၊ ဒီလူထူးဆန်းကြီးက သူ့ရဲ့ရှက်စရာကောင်းတဲ့အတိတ်ကို 

တစ်သင်းလုံးနဲ့ မျှဝေထားတာပဲ။


"သူက မင်းကို ပြောပြခဲ့တဲ့အပိုင်းက အိုမီဂါလေးလူပျိုပေါက်လေးက သူ့ကိုထိုးကြိတ်၊ သစ်ပင်ပေါ် ကြိုးချည်ပြီး နောက်‌ တော့ တောင်းပန်ပြီး သူ့သေနတ်နဲ့ ဓားစာခံတွေကို ခေါ်သွားတဲ့ အပိုင်းကိုပဲဖြစ်မယ် ။"  ယန်ဟောင် က ပြောလိုက်သည်၊ "နောက်ထပ်တစ်ပိုင်းဖြစ်တဲ့ ပန်းတွေ ပို့ပြီး ချစ်ရေးဆိုဝန်ခံတဲ့အပိုင်းကိုရော..."


စီနန်က သိချင်စွာ မေးလိုက်သည်- 'ပန်းတွေ ပို့တယ်။  ချစ်ရေးဆိုတယ်"


ယန်ဟောင် အနည်းငယ် လှည့်ကြည့်လိုက်သောအခါ လူအုပ်ကြားတွင် ကျုံးရုန် တစ်ယောက် ဆေးအဖွဲ့ကို ပထမအသုတ်တွင် ရဟတ်ယာဉ်‌ေပါ်သို့ နေရာချထားရခြင်းအကြောင်းအား ရှင်းပြရင်း အလုပ်ရှုပ်နေတာကို တွေ့လိုက်ရသည်။


"နှစ်ပေါင်းများစွာကြာပြီးတာတောင် တစ်ဖွဲ့လုံးက အဲဒါကို မှတ်မိရတဲ့ အကြောင်းရင်းက အဲဒီဆယ်ကျော်သက်လေးက သူ့ကို ကြိုးနဲ့တုတ်ပြီးသွားတော့ တောင်းပန်တာကိုဖော်ပြဖို့ သူ့ကို နမ်းလိုက်တာကြောင့်ပဲ။"


စီနန်: "..."


"အဲဒါက သူ့ဘဝတစ်လျှောက်လုံးမှာ အိုမီဂါတစ်ယောက်နဲ့ တစ်ခါတည်းသော နီးနီးကပ်ကပ်တွေ့ဆုံမှုပဲ"  ယန်ဟောင် က ပြုံးပြီး ဆက်ပြောတယ် "ဒီတော့ ပြိုင်ပွဲပြီးသွားတော့ ကောင်လေးကို လက်စားချေဖို့ လိုက်ရှာတယ်လို့ ပြောရင် သူ လိမ်နေတာပဲ... သူ အမှန်တကယ်ကို ဝန်ခံဖို့ ပန်းတွေ ဝယ်ခဲ့တယ်၊ ဒါပေမဲ့ နောက်တော့ တခြားတစ်ယောက်က အယ်ဖာ ရှိပြီးနေပြီဆိုတာ သိလိုက်ရတော့   အဲဒီပန်းတွေကို သူဒေါသတကြီးနဲ့ လွှင့်ပစ်လိုက်ခဲ့တယ်လေ။"


စီနန်က ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်ပြီး ပြောလိုက်သည်၊ "...ဒါ တော်တော်ဆိုးရွားတာပဲ" 


ယန်ဟောင်က စာနာစိတ်နဲ့ ပြောလိုက်သည်။ "မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ"


ထိုအချိန်တွင် အဝေးမှ လေတိုက်ခတ်သံကို ကြားလိုက်ရသည်။ ရဟတ်ယာဉ်နှစ်စင်း ပြန်ရောက်လာခဲ့တာပဲဖြစ်သည်။


"တန်းစီပါ။ တန်းစီပါ။ မြန်မြန် လာခဲ့ကြ!"  လေယာဉ်မှူးသည် လူအုပ်ကို သူမောပန်းသည်အထိ အော်ဟစ်ခဲ့သည်။  သူက အသံချဲ့စက်ကိုကိုင်ပြီး ပြောလိုက်သည်။ "ဆေးအဖွဲ့၊ ဆေးအဖွဲ့ ဘယ်မှာလဲ"။


သူနာပြုဆရာမများသည် လူအုပ်ကြီးရှေ့တွင် စုရုံးနေကြပြီး သူတို့၏ အသားအရေများ ဖြူဖျော့နေကြသည်။  ရဟတ်ယာဉ်တံခါးဝသို့ ခြေထောက်တင်ရန် ကြိုးပမ်းနေသူများမှ သူတို့အား ရှေ့သို့ တွန်းထုတ်လုနီးပါးဖြစ်ခဲ့သည်။


ကျုံးရုန် ထိုမြင်ကွင်းကို အဝေးမှ ကြည့်နေခဲ့ပြီး သူ့ရင်ထဲတွင် မသက်မသာတဲ့ အရိပ်အမြွက်တစ်ခု ခံစားလိုက်ရသည်။  ဒီအချိန်တွင် မြင်ကွင်းက အလွန်ပြင်းထန်လွန်းခဲ့တယ်။  လူတိုင်းသည် ရှေ့သို့တိုးဝေ့နေကြပြီး၊ လူကောင်သေးသောလူအချို့သည် ရဟတ်ယာဉ်၏အမြီးပိုင်းတွင် ညှပ်လုနီးပါးဖြစ်ကာ အရှိန်မြင့် လှည့်နေသောပန်ကာများ ကြောင့် ဦးခေါင်းများ လွင့်ထွက်လုနီးပါး ဖြစ်ခဲ့ရသည်။  အော်ဟစ်သံတွေက နေရာတိုင်းမှာ ရှိနေခဲ့ကြသည်။


"နေရာမရှိတော့ဘူး!"  လော်စပီကာအသံက လေယာဉ်မှူးရဲ့အော်ဟစ်သံဖြင့် နားကွဲမတတ် ဟိန်းထွက်လာခဲ့သည်။ "နောက်တစ်စီးဆီ သွားကြပါ!!"   လေယာဉ်မှူးက တံခါးကိုပိတ်ပြီး ဖြည်းညှင်းစွာ ထွက်ခွာမသွားမီ 

ကျုံးရုန် အား လက်မထောင်ပြလိုက်ခဲ့သည်။


ကျုံးရုန် မော့မ ကြည့်ဘဲ မနေနိုင်တော့ဘဲ ရုတ်တရက် အကြောင်းပြချက်မရှိဘဲ ကြောက်လန့်မှုတစ်ခုအား ခံစားလိုက်ရသည်။


လေတိုက်သံများ ငြိမ်သက်သွားကာ ကမ္ဘာကြီးသည် ယခုအခိုက်အတန့်တွင် ခိုင်မာလာပုံရသည်။


ကျုံးရုန် မသိစိတ်က နောက်ပြန်လှည့်ကာ လူအုပ်ကြားထဲ သူ့မျက်လုံးများကိုထွင်းဖောက်၍ စီနန်၏ လျင်မြန်စွာ ကျုံ့သွားသော သူငယ်အိမ်များကို မြင်သွားသည်အထိ  ကြည့်လိုက်သည်။


နောက်အခိုက်အတန့်တွင်၊ သေခြင်းတရား၏ စိတ်ကူးယဉ်ဆန်တဲ့ခေါင်းလောင်းထိုးသံသည် လေထဲတွင် ပြည့်လျှံသွားပုံရလိုက်သည်။  ကျုံးရုန် ရုတ်တရက် ရှေ့သို့ ပြေးဝင်လာပြီး အော်ဟစ်လိုက်တော့၏။ "ပြန်ဆုတ်ကြ!"


"အားလုံး ပြန်ဆုတ်ခွာကြ!!"  သူတို့အပေါ်မှ ရဟတ်ယာဉ်သည် လည်ကျလာပြီး ကျဆင်းလာကာ သူတို့၏နေရာနှင့် နီးကပ်လာသည်နှင့်အမျှ အရိပ်များသည် ပို၍ကြီးမားလာခဲ့သည်။  ထို့နောက်တွင် လေယာဉ်သည် ဒုတိယရဟတ်ယာဉ်ပေါ်သို့ ထပ်၍ ပျက်ကျလိုက်ခဲ့ရာ ကျယ်လောင်သော အရှိန်အဟုန်နှင့်အတူ တုန်လှုပ်ချောက်ချားဖွယ် ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်ခဲ့သည်။


ဘုန်း!


ရိုက်ခတ်မှုမှာ မရေမတွက်နိုင်သော လူများ ခေါင်မိုးပေါ်မှ ချက်ချင်း ပြုတ်ကျသွား‌ေစကာ လမ်းပေါ်သို့ ပြုတ်ကျသွားသည်အထိပင်။  မပြင်ဆင်ရသေးသော ယန်ဟောင်သည် ခေါင်မိုးလက်ရန်းပေါ်မှ လွင့်ကျပြီး ပြုတ်ကျလုနီးပါးဖြစ်ခဲ့သော်လည်း သူ့လက်ကောက်ဝတ်ကို စီနန်က ရုတ်တရက် ဆုပ်ဖမ်းလိုက်လေသည်။


"တက်!"  စီနန်က အော်လိုက်သည်။


ယန်ဟောင် သက်သာရာရစွာ အသက်ပြင်းပြင်းရှူလိုက်ရင်း အံကိုကြိတ်ကာ အပေါ်တက်ရန် ကြိုးပမ်းလိုက်ခဲ့သည်။  အပေါ်တက်ရန် အားကုန်သုံးလိုက်သော်လည်း      စီနန်၏ ခန္ဓာကိုယ်ကိုကျော်၍ တစ်စုံတစ်ခုအား ရုတ်တရက် လှမ်းမြင်လိုက်ရခဲ့သည်။  သူ့မျက်နှာပေါ်က အမူအရာက ပြောင်းလဲသွားလိုက်ပြီး ပြောလိုက်၏။ "မဟုတ်ဘူး၊ ငါ့အတွက် စိတ်မပူနဲ့၊ မင်း ပြေးတော့!"


စီနန် သူ့ရင်ဘတ်ကို သံလက်ရန်းတန်းများနှင့် ဖိကပ်ထားလိုက်သည်။  ယန်ဟောင် ရဲ့ အလေးချိန်က သူ့ကို အသက်ရှုမဝ‌အောင်လာလုပ်နေတာကြောင့် လှည့်ကြည့်ဖို့ရာ လုံလုံလောက်လောက် အားစိုက်ထုတ်ဖို့ မတတ်နိုင်ခဲ့ လိုက်ပေ။


ပုံပျက်နေသော ရဟတ်ယာဉ်၏ တံခါးကို တွန်းဖွင့်ခံလိုက်ရပြီး မရေမတွက်နိုင်သော မီးလောင်နေတဲ့ လူတွေအများကြီး ပြေးထွက်လာကြကာ မီးခိုးလုံးများ ဖုံးလွှမ်းလျက် ဆူညံစွာ အော်ဟစ်နေကြသည်။  နောက်ထပ်လူတွေက သူတို့နောက်ကနေ အပြေး ထွက်လာကြပြီး သူတို့နဲ့အနီးဆုံး အသက်ရှင်ကျန်ရစ်သူတွေကို ဖမ်းဆွဲပြီး သူတို့ရဲ့လည်ပင်းအား ကိုက်လိုက်ကြတော့သည်။

ရဟတ်ယာဉ်က ရောဂါပိုးရှိသူတွေနဲ့ ရော နှောနေခဲ့တာပဲဖြစ်၏။


သူတို့ရှေ့တွင် တစ်ပတ်လည်ဖြစ်တည်လာတဲ့ ဖုတ်ကောင်ဗိုင်းရပ်စ်ပိုး တစ်သုတ်တစ်ခု ရုတ်တရက်  ပေါ်‌ ပေါက်လာခဲ့တော့သည်။


The End.....


#edited