Chapter 87
Viewers 13k

💘 Chapter 87 

အမြတ်အစွန်းအတွက် ပူပန်ခြင်း



ဝေ့ချန်၌ သူက အမြဲတမ်း အလွန်တည်ငြိမ်သည်ဟု လူများကို ထင်မှတ်စေသည့် ခံစားချက်ကင်းမဲ့နေသော မျက်နှာနှင့် ထူးခြားသော စရိုက်ရှိသည်။ သူက အလွန် ကသောင်းကနင်းဖြစ်နေသော အခြေအနေနှင့် ရင်ဆိုင်ရလျှင်ပင် တည်ငြိမ်နေသေးသည်။ ဝေ့ချန်က အမှန်စင်စစ်ပင် ဤသို့သော လူမျိုး ဖြစ်သည်။


သို့သော်လည်း ယခုအချိန်၌ ဝေ့ချန်၏ မျက်လုံးထဲတွင် ရှက်ရွံ့မှုအရိပ်အယောင်များ ပေါ်လာခဲ့သည်။ သူက ရေချိုးခန်းထဲတွင် ကိုယ်လုံးတီးဖြင့် ရပ်နေကာ ကိုးရိုးကားယား ခံစားနေရပြီး သူ၏ ခြေလက်များက ဘာလုပ်ရမည်မှန်း မသိတော့ပေ။


သူက အကြည့်ကရှင်းလင်း၍ တွေဝေမှုမရှိသော ချန်လီကို ကြည့်လိုက်ပြီး တစ်စုံတစ်ခုပြောရန် ကြိုးစားခဲ့သော်လည်း သူက စကားမပြောရန် မတတ်နိုင်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။


ချန်လီက ရေချိုးခန်း တံခါးဝတွင် မတ်တပ်ရပ်နေခဲ့ပြီး ဝေ့ချန်ကို မျက်တောင်မခတ်ဘဲ ဆက်၍ ကြည့်နေခဲ့သည်။ ရုတ်တရက် သူက တစ်စုံတစ်ခုကို တွေးမိပုံပေါ်ပြီး ဝေ့ချန်၏ ရှက်ရွံ့မှုကို ခံစားမိသောကြောင့် ဖြစ်နိုင်သည်။ ချန်လီက နောက်ဆုတ်လိုက်ပြီး ဝေ့ချန်အတွက် တံခါးကို ပိတ်ပေးလိုက်သည်။


တံခါးပိတ်သွားမှသာ ဝေ့ချန်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချခဲ့သည်။ သူက သူ့ကိုယ်သူ အလျင်အမြန် ဆေးကြောလိုက်ပြီး သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ရန် အဝတ်များ ဝတ်လိုက်သည်။ သူက ချန်လီကို ထပ်မံ၍ တွေ့ရသောအခါ ရှက်ရွံ့မှုကို မခံစားခဲ့ရတော့ပေ။ နဂိုက ဝေ့ချန်က ချန်လီကို ရှင်းပြချင်ခဲ့သော်လည်း ထို့နောက် ၎င်းက မလိုအပ်ဟု သူက တွေးခဲ့သည်။ ချန်လီက နောက်ပိုင်းတွင် ၎င်းကို တွေ့ရှိခဲ့လျှင်ပင် သူက ၎င်းကို ပုံမှန် ဖြစ်ရိုးဖြစ်စဉ်တစ်ခုဟု သတ်မှတ်လိမ့်မည်ဖြစ်သည်။


ချန်လီက ဝေ့ချန်ထွက်လာသည်ကို မြင်ခဲ့ပြီး သူ၏ အကြည့်က ဝေ့ချန်၏ မျက်နှာပေါ်တွင် မြဲမြံနေကာ သူ အစောက မြင်ခဲ့သည်နှင့် ပတ်သက်၍ ပဟေဠိ ဖြစ်နေဆဲပင်။


ချန်လီ၏ ရှုပ်ထွေးနေမှုကို မြင်ပြီးနောက် ဝေ့ချန်က လည်ချောင်းကို ရှင်းလိုက်ပြီး ပြောခဲ့သည်။

"မင်း အနာဂတ်ကျရင် သိလာလိမ့်မယ်..."

ထို စကားတစ်ခွန်းဖြင့် ဝေ့ချန်က ထိုကိစ္စကို ဘေးဖယ်ထားလိုက်သည်။


ဝေ့ချန်က ပြဿနာကို တဝဲလည်လည်မပြောချင်ကြောင်း သိရှိပြီးနောက် ချန်လီက ၎င်းကို အာရုံစိုက်နေခြင်းကို ရပ်လိုက်သည်။ ချန်လီ၏ အကြည့်က ချက်ချင်း ပြင်းထန်လာပြီး ဝေ့ချန် ရေမချိုးမီက သူတို့၏ စကားဝိုင်းကို ဆက်လိုကြောင်း ညွှန်ပြနေခဲ့သည်။


ဝေ့ချန်က ချန်လီ၏ ဘေးတွင် ထိုင်လိုက်ကာ သူ၏ လက်ကို ဆုပ်ကိုင်၍ ပြောခဲ့သည်။

"လီလီ...ကိုယ်က တကယ် တစ်ကိုယ်ကောင်းဆန်ခဲ့တယ်..."


ချန်လီက ဝေ့ချန်ကို ကြည့်ခဲ့ပြီး ပဟေဠိ ဖြစ်နေဆဲပင်။


"တခါတလေ မင်းရဲ့ကမ္ဘာထဲမှာ တခြားတစ်ယောက် ရှိနေတာကို မမြင်ချင်လို့ ကိုယ် မင်းကို ပိုကောင်းမလာစေချင်ခဲ့ဘူး...အဲ့ဒါက တော်တော်လေး တစ်ကိုယ်ကောင်းဆန်တဲ့ အတွေးဖြစ်ပြီးတော့ ကိုယ်က သတိပြုမိခဲ့တယ်...ဒါပေမယ့် အဲ့လို‌တွေးမိနေတာကနေ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လို့မရခဲ့ဘူး...အဲ့ဒါကြောင့် ကမ္ဘာ့အဆင့် ပန်းချီပညာရှင်တစ်ယောက်ဆီကနေ လေ့လာသင်ယူဖို့ မင်းမှာ အခွင့်အရေးရှိတယ်လို့ ကိုယ်သိရတုန်းက ကိုယ် မင်းအတွက် ပျော်ခဲ့ပေမယ့် တစမချိန်ထဲမှာပဲ မင်းကို သွားခွင့်မပြုခဲ့ချင်ဘူး...တစ်ချိန်ကျရင် မင်းရဲ့ ကမ္ဘာထဲမှာ အရေးကြီးတဲ့တစ်ခုခု ရှိနေခဲ့ပြီး မင်းရဲ့နှလုံးသားထဲမှာ ကိုယ့်အတွက် နေရာမရှိတော့မှာကို ကိုယ် ကြောက်နေခဲ့တယ်..."


အကယ်၍ ချန်လီကို မတွေ့ဆုံမီက ဝေ့ချန်ကို တစ်စုံတစ်ယောက်က တစ်နေ့တွင် သူက လူတစ်ယောက်ကြောင့်  စိုးရိမ်မှုများ သောကများဖြင့် အပူကပ်နေလိမ့်မည်ဟု ပြောခဲ့လျှင် သူက ၎င်းကို သရော်မိလိမ့်မည်ဖြစ်သည်။ သူက ကျိုးကြောင်းဆင်ခြင်နိုင်၍ စိတ်ခံစားချက်များက သူ၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို မဖုံးအုပ်နိုင်ဟု ဝေ့ချန်က ယုံကြည်ခဲ့သည်။ သို့သော်လည်း ချစ်ခြင်းမေတ္တာနှင့် ရင်ဆိုင်ရချိန်တွင် သူ၏ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းက အရေးမပါတော့ဟု ဝေ့ချန်က ယခု သိရှိခဲ့သည်။


ဝေ့ချန်က အကြောင်းပြချက်တစ်ခုအတွက် ဤအတွေးများ ရှိနေခြင်းဖြစ်သည်။ ယခု အခြေအနေတွင် ချန်လီက ကြိုက်နှစ်သက်ခြင်းနှင့် ချစ်ခြင်းမေတ္တာ၏ ဆိုလိုရင်းကို အမှန်တကယ် နားမလည်သေးဟု သူက ခံစားခဲ့ရသည်။ သူနှင့်အတူ ရှိနေခြင်းက ချန်မိသားစုထံမှ ချန်လီကို ကယ်ဆယ်ခဲ့သော ပထမဆုံးလူ ဖြစ်ပြီး သူအားကိုးခဲ့သော တစ်ဦးတည်းသောသူ ဖြစ်သောကြောင့်ဖြစ်သည်။ သူ့အပေါ်တွင် ယုံကြည်အားထားနေခြင်းက စစ်မှန်သော ချစ်ခြင်းမေတ္တာကြောင့် မဟုတ်ဘဲ စတော့ခ်ဟုမ်းရောဂါလက္ခဏာမှ စတင်ခဲ့ခြင်း ဖြစ်ဟန်တူသည်။


ထို့ကြောင့် တစ်နေ့၌ ချန်လီက သူ၏ အမှောင်ကမ္ဘာထဲမှ ထွက်လာနိုင်ပြီး အချစ်ကို သဘောပေါက်ခဲ့ကာ ဝေ့ချန်အပေါ် သူ၏ ခံစားချက်များက အချစ်မဟုတ်ခဲ့ဘဲ မှီခိုအားထားမှုသာ ဖြစ်ကြောင်း သိရှိသွားမည်ဖြစ်သည်။ ဤကိစ္စ၌ ဝေ့ချန်က ချန်လီအတွက် မည်သို့ အဓိပ္ပာယ်ရှိနိုင်သနည်း။


ဝေ့ချန်၏ ပိုင်စိုးပိုင်နင်း သဘောထားလိုမှုက စွဲလမ်းခြင်းနှင့် အနားသတ်ထားကာ ဤမသေချာမှုနှင့် ဆုံးရှုံးရမည်ကို ကြောက်ရွံ့မှုတို့က အစပျိုးလာခဲ့သည်။ သူက ချန်လီကို သူ၏ ကိုယ်ပိုင်ကမ္ဘာတွင် ကန့်သတ်ထားချင်ခဲ့သောကြောင့် ၎င်းက မှီခိုမှုပင်ဖြစ်စေ ချစ်ခြင်းမေတ္တာပင်ဖြစ်စေ ချန်လီက သူ၏ ဘေးတွင်သာ အမြဲရှိနေရမည်ဖြစ်သည်။


ချန်လီက ဝေ့ချန် ဆုပ်ကိုင်မထားသော လက်ကို ဆန့်ထုတ်လိုက်ပြီး ဝေ့ချန်၏ မျက်နှာကို ညင်သာစွာ ပွတ်သပ်ခဲ့သည်။ သူက မည်သည်ကိုမျှ မပြောခဲ့ဘဲ ဝေ့ချန်၏ ရှုပ်ထွေးနေသာ မျက်လုံးများကို သူ၏ ကြည်လင်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။


ဤအချိန်တွင် တိတ်ဆိတ်မှုက စကားလုံးများထက် ပို၍ ကျယ်လောင်စွာ စကားပြောနေ၏။


ချန်လီ၏ မျက်လုံးများကို ကြည့်၍ ဝေ့ချန်က တည်ငြိမ်မှုကို ခံစားလိုက်ရသည်။ သူ့ကို လွှမ်းမိုးနေသည့် နှလုံးသားတွင် စူးဝင်နေ‌သော စိတ်မလုံခြုံသည့် ခံစားမှုက အံ့ဩဖို့ကောင်းစွာပင် လွင့်ပါးသွားခဲ့သည်။


ဟုတ်တယ် ဝေ့ချန်...မင်း အဘယ်အချိန်ကစပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပျောက်သွားရတာလဲ...မင်းက အကျိုးအရှိဆုံး နေရာကောင်းကို ရောက်နေခဲ့တာပဲ...ချန်လီက မင်းကို အခု မကြိုက်ဘူး မချစ်ဘူးဆိုရင်ရော ဘာဖြစ်လဲ...ဒီအဆင့်မှာ မင်းက ချန်လီကို မင်းကို ချစ်မိလာအောင် မစွမ်းဆောင်နိုင်ဘူးလား...


ဝေ့ချန်က ရုတ်တရက် ဉာဏ်အလင်းပွင့်လာခဲ့ပြီး သူ၏ တစ်ကိုယ်လုံးက ပြေလျော့လာခဲ့သည်။


"လီလီ...ကိုယ် မင်းကို တကယ် ကြိုက်တယ်..."

ဝေ့ချန်က ချန်လီကို နက်ရှိုင်းသော ချစ်ခင်မှုဖြင့် ကြည့်ပြီး ပြောခဲ့သည်။

"အဲ့တော့ မင်းလဲ ကိုယ့်ကို ကြိုက်ရမယ်..."


ချန်လီက မတုံ့ပြန်ခဲ့ဘဲ ဝေ့ချန်ကို ကြည့်နေဆဲဖြစ်ကာ သူ၏ ကြည်လင်နေသော မျက်လုံးများထဲတွင် ဝေ့ချန်၏ ပုံရိပ်က ထင်ဟပ်နေခဲ့သည်။


ဝေ့ချန်က ချန်လီကို ပွေ့ဖက်ခဲ့ပြီး သူ၏ နားထဲသို့ ညင်သာစွာ တီးတိုးပြောခဲ့သည်။

"လီလီ...မင်း ကိုယ့်ကို ကြိုက်ရမယ်...မင်း ကိုယ့်ကို ကြိုက်ကို ကြိုက်ရလိမ့်မယ်..."


ရုတ်တရက် ဝေ့ချန်၏ သူငယ်အိမ်များက အနည်းငယ် ကျဉ်းမြောင်းလာခဲ့သည်။ ယခု ချန်လီက ညင်သာစွာ ခေါင်းညိတ်လိုက်သည်ကို သူခံစားမိခဲ့ပုံပေါ်သည်။ လှုပ်ရှားမှုက သိမ်မွေ့နေခဲ့သော်လည်း ဝေ့ချန်က ၎င်းကို ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။ ချက်ချင်းပင် သူ၏ ရင်ဘတ်ထဲတွင် မီးရှူးမီးပန်းများက သဲထိပ်ရင်ဖိုဖြစ်စွာ လောင်ကျွမ်းလာခဲ့ပြီး သူက လုံးလုံးလျားလျား ယစ်မူးသွားခဲ့သည်။


"လီလီ...မင်း ကိုယ့်ကို ကတိပေးပြီးပြီ...မင်းရဲ့ စကားလုံးတွေကို ပြန်ရုတ်သိမ်းလို့ မရတော့ဘူးနော်..."

ဝေ့ချန်က သူ ယခင်က တစ်ကြိမ်မျှ မခံစားခဲ့ဘူးသော စိတ်ပြေလက်ပျောက်ဖြစ်မှုကို ခံစားလိုက်ရပြီး ပြောခဲ့သည်။


ချန်လီက ဤတစ်ကြိမ်တွင် ပို၍ သိသာသော ‌အဝေ့အဝိုက်ဖြင့် ဝေ့ချန်၏ ပွေ့ဖက်မှုအတွင်းမှ ထပ်မံ၍ ခေါင်းညိတ်ခဲ့သည်။ ဝေ့ချန်က ၎င်းကို ခံစားမိခဲ့ပြီး သူ၏ နှလုံးသားက ငြိမ်သက်အေးချမ်းသွားသည်ကို မထိန်းနိုင်ခဲ့ပေ။


ဤတစ်ကြိမ်တွင် ချန်လီက ဒီထက်ပို၍ မတုံ့ပြန်ခဲ့ပေ။


ဝေ့ချန်က ချန်လီကို သူ၏ လက်မောင်းများကြားတွင် ပွေ့ဖက်ထားခဲ့ပြီး ချန်လီက သူ၏ ပွေ့ဖက်မှုအောက်တွင် အိပ်မောကျသွားမှုကို သူ၏ နားထဲသို့ ရောက်လာသော ဖြေးဖြေးမှန်မှန် အသက်ရှူသံမှ သိခဲ့သည်။ သူက ချန်လီကို အိပ်ရာပေါ်သို့ ညင်သာစွာ ချလိုက်ပြီး ချန်လီက ဝေ့ချန်၏ ပွေ့ဖက်မှုမှ ထွက်ခွာသွားသည်နှင့် သူက နိုးကြားလာခဲ့သည်။ ချန်လီက ထ၍ ဝေ့ချန်၏ လက်ကိုဆွဲကာ သူ၏ ရင်ဘတ်နှင့် အနီးတွင် ပွေ့ဖက်ထားခဲ့ပြီး ဖြည်းဖြည်းချင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။


ဝေ့ချန်က မလှဲလျောင်းခဲ့လဲ ထိုအစား သူက ချန်လီ၏ ဘေးတွင်ထိုင်ကာ အိပ်ချင်သည့်အရိပ်အယောင်မပါသော ကြင်နာသည့် မျက်လုံးများဖြင့် ချန်လီကို ငေးကြည့်နေမိသည်။


ဝေ့ချန်က ချန်လီ၏ အိပ်ပျော်နေသော မျက်နှာကို မျက်တောင်မခတ်ဘဲ ဆက်၍ ငေးကြည့်နေခဲ့ကာ သူက စိတ်ကျေနပ်မှုကို မခံစားရသေးပေ။ သူ၏ နှလုံးသားထဲမှ လိမ့်တက်လာသော ခံစားချက်များကို မခုခံနိုင်ခဲ့ဘဲ သူက ခေါင်းကို ငုံ့ကာ ချန်လီ၏ နဖူးကို ညင်သာစွာ နမ်းလိုက်သည်။


ညက ပို၍ မှောင်မိုက်လာသည်နှင့် မိုးရေက ကောင်းကင်ကို ဆေးကြောခဲ့ပြီး တိမ်ညိုတိမ်မည်းများ မရှိတော့ပေ။ အနက်ရောင် ကျောက်စိမ်းကဲ့သို့ ကောင်းကင်တွင် ကြယ်များပြည့်နေပြီး လင်းလက်စွာ တောက်ပနေကာ ကမ္ဘာကြီးကို သူတို့၏ အတောက်ပဆုံးသော ဟန်ပန်ဖြင့် အလင်းရောင်ပေးနေခဲ့သည်။


သူ၏ အိပ်မက်ထဲတွင် ချန်လီက လှည့်လာကာ နှစ်နှစ်ခြိုက်ခြိုက် ပြန်၍ အိပ်မပျော်မီ သူ၏ နှုတ်ခမ်းများဖြင့် ပြွတ်ခနဲ အသံတစ်ခု ပြုလုပ်ခဲ့သည်။


ချန်လီ၏ လှုပ်ရှားမှုကြောင့် သူက တေ့ချန်၏ လက်ကို လွှတ်ကာ အားနည်းချက်အရှိဆုံးအနေအထားဖြင့် သူ၏ အတွင်းစိတ်မှ အဆုံးမဲ့ ယုံကြည်မှုကို ပြသကာ ခြေကားရားလက်ကားရားဖြင့် လှဲနေခဲ့သည်။


‌ဝေ့ချန်က သူ့ကို နှစ်သိမ့်မှုပေးသည့်အရာလေးကို ဆွဲယူကာ သူ့ကို ထောင့်တွင် ထိုးသိပ်၍ ဖုံးကွယ်ထားခဲ့သည်။ သူက စားပွဲ၏ ဘေးမှ သူ၏ ဖုန်းကို မကောက်ယူမီ ချန်လီ၏ အိပ်ပျော်နေသော မျက်နှာလေးကို အချိန်ခဏကြာ ငေးကြည့်နေခဲ့သည်။ သူက ရှန်ဟိုင်းတွင် ကျူးကောယွီ ပေးခဲ့သော စီးပွားရေးကတ်ကို တွေ့ခဲ့ပြီး လသာဆောင်သို့ လျှောက်သွားလိုက်သည်။


သူက ဖုန်းနံပတ်ကို နှိပ်လိုက်သည်နှင့် ကျူးကောယွီက ‌ဖြေဆိုခဲ့သည်မှာ ဝေ့ချန်၏ ဖုန်းနံပတ်ကို ကျူးကောဖုန်းထံမှ ရရှိခဲ့သည်မှာ အရှင်းအလင်းပင်။ ဝေ့ချန် ဖုန်းခေါ်သည်ကို သိရှိပြီးနောက် သူက ဖုန်းကို ဖြေဆိုရန် မစောင့်နိုင်တော့ပေ။


"ဝေ့ချန်...မင်းလား..."

ဝေ့ချန် စကားမပြောနိုင်မီမှာပင် ကျူးကောယွီ၏ စိတ်လှုပ်ရှားနေသော အသံက ထွက်လာခဲ့သည်။


"အင်း..."

ဝေ့ချန်က အေးစက်၍ ထူးမခြားနားစွာဖြင့် တုံ့ပြန်လိုက်သည်။


"မင်းရဲ့ စိတ်ကို ပြင်ဆင်ပြီးပြီလား...ငြင်းတာဆိုရင်တော့ ဖုန်းချလိုက်တော့...အဲ့လို ကြောက်စရာကောင်းတဲ့ အဖြေကို ငါနားမထောင်ချင်ဘူး...ကောင်းတဲ့ အဖြေဆိုလဲ အခု မပြောနဲ့...ငါ လသာဆောင်က ထွက်လာပြီးတဲ့ အထိစောင့်...ငါ စိတ်လှုပ်ရှား‌ပြီးတော့ ပြုတ်ကျသွားမှာစိုးလို့..."

ဖုန်း၏ တစ်ဖက်မှ ဝေ့ချန်ဖြစ်သည်ကို အတည်ပြုပြီးနောက် ကျူးကောယွီက တောင်ရောက်မြောက်ရောက် လှည့်ပတ်သွားလာနေကာ နှစ်ထပ်ကွမ်း ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။


"ကျွန်တော် အဆုံးမှာ သေချာ စဉ်းစားပြီးပြီ..."

ဝေ့ချန်က ကျူးကောယွီ စကားပြော၍ ပြီးဆုံးသည်ထိ စောင့်ခဲ့သည်။


ဖုန်း၏ တစ်ဖက်မှ နက်နက်ရှိုင်းရှိုင်း အသက်ရှူသံကို ကြားခဲ့ရသည်။ ကျူးကောယွီက စိတ်လှုပ်ရှားစွာဖြင့် သူ၏ ဝင်သက်ထွက်သက်ကို ထိန်းထားကာ အဖြေကို စောင့်နေခဲ့သည်။


"ကျွန်တော် တောင်းဆိုစရာတစ်ခု ရှိတယ်..."

ဝေ့ချန်က ချက်ချင်း အဖြေမပေးခဲ့ပေ။


"မင်း ဘာကိုပဲ တောင်းဆိုချင် တောင်းဆိုချင် ပြောသာပြောလိုက်...ငါ တတ်နိုင်တဲ့အရာဆိုရင် မင်းအတွက် လုပ်ပေးမယ်..."

ကျူးကောယွီက တွေးပင်မတွေးခဲ့ဘဲ လွှတ်ကနဲ ထွက်သွားခဲ့သည်။


"လီလီကို ကျောင်းသားအဖြစ် သက်သေခံပေးစေချင်တယ်...အဲ့ဒါမှ သူက Qတက္ကသိုလ်က အတန်းတွေကို လွတ်လွတ်လပ်လပ် တက်ရောက်နိုင်လိမ့်မယ်..."

ဝေ့ချန်က အတည်တကျ ပြောဆိုခဲ့သည်။


"အဲ့ဒါက ပြဿနာ မရှိပါဘူး..."

ကျူးကောယွီက ချက်ချင်း သဘောတူခဲ့သည်။ Qအနုပညာတက္ကသိုလ်ရှိ သူ၏ ရာထူးဖြင့် ချန်လီကို လေ့လာရန် အခွင့်အလမ်းပေးရန် ခက်ခဲလိမ့်မည် မဟုတ်ပေ။

"သူတက်ချင်တဲ့အတန်းကို ရွေးချယ်ဖို့က ချန်လီအတွက် ပြဿနာ မဟုတ်ပါဘူး...ဒါပေမယ့် သူ့ရဲ့လက်ရှိအခြေအနေနဲ့ သူ့ဘာသာ အတန်းတွေကို တက်ရောက်နိုင်မယ်လို့ မင်းထင်လား...အဆုံးမှာတော့ ချန်လီက မင်းမရှိရင် မနေနိုင်ဘူး...မင်းက အနားမှာ မရှိဘဲ သူစိမ်းတွေ ပြည့်နေတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ သူက အမှန်တကယ် စီမံနိုင်ရဲ့လား..."


"သူ အသားကျသွားလိမ့်မယ်..."

ဝေ့ချန်က ညဘက် ကောင်းကင်ကို ကြည့်ရင်း သူ၏ မျက်ခွံများက တဖြည်းဖြည်း နိမ့်ကျလာကာ သူ၏ အသံက အက်ရှနေခဲ့သည်။


ထိုစကားလုံးများကို ပြောပြီးနောက် ဝေ့ချန်က ဖုန်းချလိုက်ပြီး  သူ၏ လက်နှစ်ဖက်လုံးဖြင့် လသာဆောင် လက်ရန်းကို မှီထောက်ရင်း တိတ်တဆိတ် ရပ်နေခဲ့သည်။


*


အခြားတစ်ဖက်တွင် ကျူးကောယွီက ဝေ့ချန်၏ စကားလုံးများ နောက်ကွယ်မှ အဓိပ္ပာယ်ကို သဘောမပေါက်ခင်အထိ ကြက်သေသေနေခဲ့သည်။ အလွန်အမင်း ပျော်ရွှင်မှုဖြင့် သူက ခုန်ပေါက်နေကာ ကျူးကောဖုန်း၏ အခန်းသို့ ပြေးဝင်သွားပြီး သူ၏နှစ်ခြိုက်စွာ အိပ်မောကျနေခြင်းမှ လှုပ်နှိုးခဲ့သည်။


ကျူးကောဖုန်းက ကျူးကောယွီ သူ့ကို လှုပ်နှိုးလိုက်ချိန်က အလွန်ခက်ခက်ခဲခဲဖြင့် အိပ်မောကျသွားရုံသာ ရှိသေးသည်။ သဘာဝအလျောက်ပင် ကျူးကောဖုန်း၏ ဒေါသက ပေါက်ကွဲလာခဲ့ပြီး သူက ကျူးကောယွီကို ဒေါသထွက်စွာ အော်ခဲ့သည်။

"ကျူးကောယွီ...မင်းရူးနေလား..."


သို့သော်လည်း ကျူးကောယွီက ထိုအချိန်တွင် ကျူးကောဖုန်းနှင့် ရန်ဖြစ်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ သူက ကျူးကောဖုန်း၏ အင်္ကျီလက်ကို ဆွဲ၍ ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ပြောခဲ့သည်။

"ဝေ့ချန်က သဘောတူလိုက်ပြီ...မင်းသိလား...ဝေ့ချန်က ချန်လီကို ငါ့ရဲ့ ကျောင်းသားဖြစ်ဖို့ သဘောတူလိုက်ပြီ..."

သူ၏ မျက်နှာက ဝမ်းမြောက်ပျော်ရွှင်မှုများဖြင့် အားပါးတရ ပြုံးနေခဲ့သည်မှာ ဆယ့်ငါး ဆယ့်ခြောက်နှစ် ကလေးတစ်ယောက်နှင့်ပင် ဆင်တူနေခဲ့သည်။


"ကောင်းပြီ...သူ သဘောတူလိုက်ပြီ...မင်းက ဘာလို့ အရမ်း စိတ်လှုပ်ရှားနေရတာလဲ...မင်းရဲ့ ပထမဆုံးအကြိမ် အလုပ်သင်နဲ့ မအောင်မြင်ခဲ့တာ ဖြစ်နိုင်မလား ကျူးကောယွီ..."


ကျူးကောဖုန်းက ၎င်းကို နားမလည်နိုင်ခဲ့ပေ။ သူက ကျူးကောယွီ၏ လက်ကို အဝေးသို့ တွန်းထုတ်ကာ ပြောခဲ့သည်။

"မင်း အရမ်း စိတ်လှုပ်ရှားနေရင် အောက်ထပ်ကိုသွားပြီး တစ်ပတ်လောက် ပြေးလိုက်...ငါအိပ်နေတာကို လာမနှောင့်ယှက်နဲ့!..."


ပြောပြီးနောက် ကျူးကောဖုန်းက သူ၏ ခေါင်းကို စောင်ဖြင့်အုပ်ကာ အခြေအနေကို လစ်လျူရှုရန် ကြိုးပမ်းခဲ့သည်။


ကျူးကောယွီက သူ၏ မျက်လုံးများကို လှိမ့်လိုက်ပြီး ကျူးကောဖုန်း၏ အခန်းမှ ထွက်ကာ သူ့ဘာသာ တတွတ်တွတ် ရေရွတ်ခဲ့သည်။

"ငါတို့က ညီအစ်ကိုတွေ မဟုတ်ဘူးလား...ငါ့ရဲ့ ပျော်ရွှင်မှုကို မင်းနဲ့ လာဝေမျှတာ မှားနေလို့လား..."


သို့သော်လည်း ကျူးကောဖုန်း၏ ပါးစပ်ထောင့်စွန်းတွင် အပြုံးတစ်ခု ချိတ်ဆွဲထားဆဲ ဖြစ်သည်။ သူက ကျူးကောယွီအတွက် အမှန်တကယ် ဝမ်းသာနေခဲ့ပြီး ကျူးကောယွီက ကျောင်းသားတစ်ယောက်အပေါ် အားရကျေနပ်နေသည်ကို မမြင်ရသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။


*


ဆောင်းဦး၏ ညလေညင်းက ပို၍ အေးစိမ့်စိမ့် ဖြစ်လာခဲ့သည်။ ဝေ့ချန်က လေပြေအေးကို ခံစားရင်း လသာဆောင်တွင် ရပ်နေခဲ့ကာ သူ၏ စိတ်က ကြည်လင်နေခဲ့သည်။ ထို့နောက် သူက လှည့်၍ အထဲသို့ ပြန်ဝင်လာခဲ့သည်။ သူက ဧည့်ခန်းကို ဖြတ်ကျော်လာသည်နှင့် ဝေ့ချန်၏ အကြည့်က ကော်ဖီစားပွဲပေါ်သို့ မရည်ရွယ်ဘဲ ကျရောက်သွားခဲ့ပြီး အကြည့်က မြဲမြံနေခဲ့သည်။


ကော်ဖီစားပွဲပေါ်တွင် သေးငယ်သော သစ်သားသေတ္တာလေးနှင့် ရေးခြစ်ထားသော စာရွက်များ ရှိနေခဲ့သည်။


ဝေ့ချန်က သစ်သားသေတ္တာလေးကို မှတ်မိသွားသည်။ 


၎င်းက ချန်လီက သူတို့ နေရာအသစ်သို့ ပြောင်းရွှေ့သည့် နှစ်ခါလုံးတွင် သူနှင့်အတူ သယ်ဆောင်လာခဲ့ကာ ၎င်းကို အဖိုးတန်သော ရတနာတစ်ခုကဲ့သို့ သဘောထားခဲ့သည်။



<< >>

💘