အပိုင်း ၁၄
Viewers 624

ဂုဏ်မြင့်သူရယ်


အပိုင်း ၁၄




နောက်တစ်နေ့တွင် ယဲ့အန်းသည် ရှဲ့‌ရှော၏ ရင်ခွင်ထဲတွင် နိုးလာခဲ့သည်။



ထိုယောက်ျား၏ ရနံ့သည် ပူနွေးသောနွေဦးနေရောင်ကဲ့သို့ လန်းဆန်းနေပြီး သူမအား စိတ်ချမ်းသာစေသောခံစားချက်ကိုပေးသည်။ မျက်လုံးဖွင့်ပြီး သူ့ကို မှိန်းစက်စွာ စိုက်ကြည့်သော်လည်း အားနည်းသော မျက်လုံးများကို တစ်ဖန်ပြန်မှိတ်ထားလိုက်သည်။



သူစိတ်တွေ ရှုပ်‌ထွေးနေပြီးရံဖန်ရံခါ မသိလိုက်ဘဲ သူ့ခန္ဓာကိုယ်ကို ခေါင်းအုံးအဖြစ် အုံးထားပြီး သူ့ကိုယ်ပေါ်ကို တိုးဝှေ့ နေခဲ့သည်။



ရှဲ့ရှောသည် ဤနည်းဖြင့် သူမကြောင့် နိုးလာခဲ့သည်။



နောက်တစ်စက္ကန့်တွင် သူမ၏လက်ကို အညှာအတာမဲ့စွာ ဖယ်လိုက်သည်။



ယဲ့အန်းသည် ယခုအခါ လုံးဝ နိုးကြားလာခဲ့သည်။ ယခင်က အလားတူကြုံလာရပြီးနောက် သူမ ကုတင်တစ်ဖက်ကို လှိမ့်မလှဲတော့ဘဲ အိပ်ပျော်သွားသည်။ သူမ ငြိမ်သက်စွာ ထထိုင်လိုက်သည်။


သူသည် သူမ၏ခင်ပွန်းဖြစ်သည်၊ ခင်ပွန်းသည်ကို ပွေ့ဖက်ခြင်းသည် တရားမ၀င်စရာမရှိပေ။



“မောနင်း...” ညခုံပေါ်ရှိ အဝေးထိန်းခလုတ်ကို ရှာကာ သူမသည် ပြင်သစ်ပြတင်းပေါက်များကို ဖွင့်လိုက်သည်။



နံနက်ခင်း နေရောင်သည် အခန်းထဲသို့ စိမ့်ဝင်ကာ ကြည်လင်တောက်ပနေသည်။



ယဲ့အန်းသည် အကြောဆန့်ကာ နေရောင်ခြည်ကို မျက်နှာချင်းဆိုင်လိုက်သည်။ သူမ၏ ဖြူစင်သော အသားအရေသည် အလင်းရောင်ကလွှမ်းခြုံပြီးကြည်လင်နေသည်။ သူမရဲ့ အသစ်တည်ဆောက်ထားသော အစီအစဉ်ကို စဉ်းစားရင်း ရှဲ့ရှောကို “ဒီနေ့ ရာသီဥတု အရမ်းသာယာတယ်။ ဥယျာဉ်ထဲမှာ ခဏလောက်ထိုင်ကြရင် ဘယ်လိုလဲ။ ကျွန်မ ရှင့်ကို စာဖတ်ပြမယ်လေ။"



အမြဲလိုပင်၊ ရှဲ့ရှောက တုံ့ပြန်မှု သိပ်မရှိချေ။ အိပ်ယာမှထကာ ရေချိုးခန်းဆီသို့ စမ်းတဝါးဝါး လျှောက်သွားသည်။



ယဲ့အန်းသည် တစ်ကြိမ်ကြိုးစား၍ အောင်မြင်မည်ဟု မမျှော်လင့်ထားသောကြောင့် အ၀တ်အစားလဲရန် အိပ်ယာမှ ထခဲ့သည်။


     —


နှစ်ယောက်သား ဒီနေ့ အိပ်ရာက တော်တော်နောက်ကျမှထကြသည်။ မနက်စာစားပြီးသည်နှင့် မွန်းတည့်ချိန်နီးနေပြီဖြစ်သည်။



ယဲ့အန်းသည် မနေ့ညက သူမ၏ မှတ်စုများကို ထုတ်လိုက်သည်။ သူမ၏ အစီအစဉ်တွင် အဆင့်တစ်ဆင့်ကို အကောင်အထည် ဖော်တော့မည့်အချိန်တွင် အဘိုး ရှဲ့ ရုတ်တရက် နာမကျန်းဖြစ်ခဲ့သည်။



ဤအရွယ်တွင် သက်ကြီးရွယ်အိုများသည် ဖျားနာ လွယ်ကြသည်။ အိမ်တော်ထိန်းက ပုဂ္ဂလိကဆရာဝန်ကို အမြန်ခေါ်ပြီး ယဲ့အန်းသည် သူတို့နောက်ကို လိုက်သွားခဲ့သည်။ ညနေစောင်းသည် အထိပင် သူမသည် နောက်ဆုံးတွင်မှ အသက်ဝဝရှုနိုင်ခဲ့သည်။



သူမထိုင်နေချိန်တွင် ရှန်းချွမ်က “Pharmacist” အတွက် အချိန်ဇယားတွေ အရှိန်မြှင့်နေပြီ”လို့ သူမကို အကြောင်းကြားလာလိမ့်မည်ဟု မည်သူက ထင်မည်နည်း။ ဆိုလိုသည်မှာ လုပ်ငန်းဆောင်တာများနှင့် လုပ်ထုံးလုပ်နည်းများအားလုံးကို ဆုံးဖြတ်ရန် အစည်းအဝေးတစ်ခုရှိရန် လိုအပ်သည်ဟု ဆိုလိုသည်။



ယဲ့အန်းသည် မှိန်းနေပြီး ရှဲ့ရှော၏ ကိစ္စများကို ဖယ်ထားကာ စတူဒီယိုသို့ အမြန်သွားရန်မှတပါး ရွေးချယ်စရာမရှိပေ။



အခြားသူများသည် သူမထက်စော၍ ရောက်လာကြပြီး ၎င်းတို့၏ အသံသွင်းသံများကို စတင်စမ်းသပ်ကြသည်။ သူမသည် ဇာတ်ဆောင်ဖြစ်သောကြောင့် သူမ၏ အသံကို စမ်းသပ်ရန် မလိုအပ်ပါ။ သို့သော်လည်း သူမသည် အစည်းအဝေးကို တက်ရောက်ရန် လိုအပ်နေသေးသည်။



ကိုင်တွယ်ဖြေရှင်းစရာများလွန်းပြီး အစည်းအဝေးသည် ညဉ့်နက်သွားခဲ့သည်။



နားချိန်တွင် လူတိုင်းသည် ဝိုင်းဖွဲ့စားသောက်ကြသည်။ အတင်းအဖျင်း စကားများဖြင့် အပန်းဖြေကြသည်။ ယဲ့အန်းသည် ထိုမြင်ကွင်းကို ကြည့်ပြီး အတန်ငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ တစ်ဖက်တွင်မူ သူမသည် ချမ်းသာပြီး သြဇာကြီးမားသော မိသားစုတွင် ဇိမ်ကျကျဖြင့် နေထိုင်ခဲ့သော်လည်း တစ်ဖက်တွင်မူ အချိန်ပိုအလုပ်ဆင်းကာ သာမန်ဘဝဖြင့် နေထိုင်ခဲ့သည်။ ဆန့်ကျင်ဘက်သည် ကြီးမားလွန်းသည်။



"သူဌေး၊ Brilliant Dreams က နောက်ဆုတ်ပြီး စာချုပ်ကို ဆွေးနွေးတာ မပြီး‌သေးဘူးလို့ မပြောဘူးလား။ ဘာလို့ ပြန်ပြီး သဘောတူခဲ့တာလဲ” တစ်ယောက်ယောက်က ရုတ်တရက် မေးခဲ့သည်။



"ဒါက ငါတို့သူဌေးက အရမ်းအစွမ်းထက်နေလို့ သေချာတယ်!" အခြားတစ်ယောက်က ချက်ချင်း ချီးကျူးစကားဆိုကာ နားဝင်ချိုစေသည်။



ရှန်းချွမ်သည် စကားမပြောဘဲ ယဲ့အန်းကို ရှုပ်ထွေးသော အကြည့်တစ်ချက်ဖြင့် တစ်ချက်မျှသာ ကြည့်လိုက်သည်။



"အန်အန်း ကျဲကျဲကြောင့်လို့ ငါကြားလာတာပဲ" PR အဖွဲ့မှ အမျိုးသမီးငယ်တစ်ဦးမှ စကားပြောဆိုသည်။



သူမ၏အမည်ကို ရုတ်တရက် ဖော်ပြလိုက်သည်ကို ကြားလိုက်ရသည်နှင့် ယဲ့အန်းသည် ရှီရွှမ်းရွှမ်း ကို မသိစိတ်က လှမ်းကြည့်လိုက်သည်။



အပြစ်ရှိကြောင်း သိစိတ်ဖြင့် ရှီရွှမ်းရွှမ်း က လျင်မြန်စွာ ခေါင်းငုံ့ပြီး တိုးတိုးပြောသည်။ "အဲ့ဒါ ငါမဟုတ်ဘူးနော်၊ ငါ ဘယ်သူ့ကိုမှ သတိလက်လွတ်မပြောဘူး”



"တကယ်လား?" အခြားသူတစ်ဦးမှ တုံ့ပြန်ခဲ့သည်။



ယဲ့အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "မင်း Boss ရဲ့ ခရက်ဒစ်ကို မဆင်မခြင်ခိုးရင် မင်းလုပ်အားခ နုတ်ယူဖို့ မကြောက်ဘူးလား"



ရှန်းချွမ်၏ တွန့်တိုသော စရိုက်ကို တွေးမိလိုက်တိုင်း လူတိုင်း ကြောက်ရွံ့မှု အရိပ်အယောင်ကို ခံစားလိုက်ရသည်။ တယောက်ပြီးတယောက် တောင်းပန်ပြီး “ငါမှားသွားပြီ။ ငါ ဘာမှ မပြောသင့်ဘူး။” သူတို့က စိတ်လှုပ်ရှားစွာ ရယ်မောပြီး အကြောင်းအရာကို ပြောင်းလိုက်သည်။



ရှစ်နာရီခွဲတွင် အစည်းအဝေး ပြီးဆုံးသည်။



ရှီရွှမ်းရွှမ်းသည် ကွန်ပျူတာဖိုင်အချို့ကို ခွဲထုတ်ရန် လိုအပ်ပြီး မိနစ်အနည်းငယ်စောင့်ရန် ယဲ့အန်းကို တောင်းဆိုခဲ့သည်။ ယဲ့အန်းသည် သူမ၏ ဆီးအိမ်သက်သာစေရန်အတွက် အရင်ဆုံး သန့်စင်ခန်းသို့ သွားခဲ့သည်။



အမျိုးသမီး သန့်စင်ခန်း တံခါးနားကို ရောက်သွားချိန်မှာပဲ မိန်းကလေး နှစ်ယောက်၏ တီးတိုးရေရွတ်သံများ ထွက်ပေါ်လာသည်။



"ဟဲ့၊ ယဲ့အန်းက သူ့အဆက်အသွယ်ကို သုံးခဲ့တယ်ဆိုတာ အမှန်ပဲလား"



“ဖြစ်နိုင်ပါတယ်။ Brilliant Dreams ဥက္ကဋ္ဌက သူမကို ဒီလိုရည်ရွယ်ချက်တွေနဲ့ ချဥ်းကပ်တယ်လို့ ကြားတယ်။ ဘာမှမဖြစ်ခဲ့ရင် Brilliant Dreams က စာချုပ်ကို ရုတ်တရက် လက်မှတ်ထိုးဖို့ ဘယ်လိုသဘောတူနိုင်မလဲ။ ဒါမှမဟုတ် သူ့ကို အမျိုးသမီးခေါင်းဆောင်အဖြစ် ဘယ်ခန့်ပါ့မလဲ”



"သူမကို သဘောတူဖို့ ဘယ်သူက မျှော်လင့်ထားမှာလဲ..."



"အဲဒါက ဘာဆန်းလို့လဲ။ သူမ အခြေအနေအရ၊ ထိပ်ဆုံးကိုရောက်ဖို့ ခိုင်မာတဲ့ကျောထောက်နောက်ခံရလာတာက ပုံမှန်ပဲမဟုတ်ဘူးလား။ Brilliant Dreams မှာ ရုပ်ရှင်တွေ၊ ရုပ်မြင်သံကြားတွေလည်း ရှိတယ် ဤြ့တာကို ရှဲ့ မိသားစုကတောင် ပံ့ပိုးပေးထားသေးတယ်။ တစ်နေ့တော့ သ သူ ဖျော်ဖြေရေးလောကထဲကို တိုက်ရိုက်ဝင်သွားနိုင်ဆလာက်တယ်…”



"ရှူး တိုးတိုးနေ! ဒီအကြောင်း မပြောရအောင်”



စကားစမြည်ပြောရင်း ကောင်မလေးနှစ်ယောက် လှည့်ကြည့်ရာ ယဲ့အန်းနှင့် တည့်တည့်တိုးသွားသည်။



“……”



နှစ်ယောက်သား ဖြူဖျော့ အေးခဲသွားသည်။



ယဲ့အန်၏ အကြည့်များက အေးစက်သွားသည်။ "ဒီသတင်းကို ဘာလို့ဘယ်တုန်းကမှ မကြားဖူးရတာလဲ"



ကောင်မလေးနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် စူးစူးဝါးဝါးကြည့်ကာ မျက်နှာများ ဖြူဖျော့သွားကြသည်။



ရိုးရိုးသားသားပြောရလျှင် ယဲ့အန်းက သူတို့ကို ကောင်းကောင်းသိသည်မဟုတ်ပေ။ သူတို့သည် ရှန်းချွမ် ငှားထားသော အလုပ်သင်အသစ်များဖြစ်ပုံရသော်လည်း သူတို့နာမည်များကိုပင် မမှတ်မိတော့ပါ။



သာမာန်အားဖြင့် အသံသွင်းခြင်းမှလွဲ၍ လုပ်ငန်းခွင်ရှိ အခြားသူများနှင့် ထိတွေ့ဆက်ဆံမှု နည်းပါးသည်။



“ဒီအတင်းအဖျင်းကို ဘယ်သူက စလိုက်တာလဲ” ယဲ့အန်းက မေးတယ်။



စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးနောက်၊ ဆဆံပင်စည်းထားသည့် မိန်းကလေးတစ်ဦးက “ညီ…ညီမ အမည်မသိ live stream တစ်ခုကနေ ကြားခဲ့တာ…”



ယဲ့အန်းက မျက်ခုံးပင့်လိုက်သည်။ ၎င်းတို့သည် အမည်မသိသူများဖြစ်လျှင် စုံစမ်းရန်ခက်ခဲမည်ဖြစ်သည်။



သူမ နာမည်ပျက်စေချင်နေတာ ဘယ်သူလဲ။



ယဲ့အန်းသည် စိုက်ကြည့်လိုက်ပြီး သူတို့၏ဖြူဖျော့သောမျက်နှာများကို သတိပြုမိသည်။ "မင်းတို့ဘယ်လိုတောင်းပန်ရမလဲဆိုတာ မသိဘူးလား"



“တောင်းပန်ပါတယ်” နှစ်ယောက်သား တောင်းပန်ပြီး ခေါင်းငုံ့ကာ ထွက်သွားကြသည်။



ယဲ့အန်းသည် ၎င်းတို့ကို လစ်လျူရှုပြီး သန့်စင်ခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်လာခဲ့သည်။ ဒီလို အတင်းအဖျင်းကိစ္စများကို လိုက်လံဖြေရှင်းချင်လျင်ပင် သူမ မလုပ်နိုင်ဖျေ။


     —


သန့်စင်ခန်းဘေးတွင် ဆေးလိပ်သောက်သည့်အခန်းငယ်လေးရှိသည်။ သန့်စင်ခန်းသုံးပြီးနောက် ယဲ့အန်းသည် ရှန်းချွမ်ဆီ ရုတ်တရက် ပြေးသွားခဲ့သည်။



သူ့လက်ချောင်းများကြားတွင် စီးကရက်တစ်လိပ်ကိုညှပ်ကာ အခန်းငယ်လေး၏ တံခါးဝသို့ မှီလိုက်သည်။ ထိုလူသည် မီးခိုးတိမ်ထဲတွင် ဖုံးလွှမ်းနေပြီး စိုးရိမ်ထိတ်လန့်နေပုံပေါ်သည်။



ယဲ့အန်းသည် ထူးဆန်းသည်ဟု ထင်သော်လည်း သူ့ကို နှုတ်ဆက်လိုက်သည်။ သူမ ထွက်ခွာရန် ပြင်ဆင်နေစဉ် ရှန်းချွမ်က သူမကို တားလိုက်သည်။



“ငါ မင်းကို ကိစ္စတချို့အကြောင်း ပြောစရာရှိတယ်။ ခဏပဲကြာမှာပါ။"



သူ့အမူအရာက လေးနက်ပြီး ကြီးကြီးမားမား တစ်ခုခု ဖြစ်သွားပုံပေါ်သည်။ ယဲ့အန်း၏ နှလုံးသားကို တုန်လှုပ်စေခဲ့သည်။



"ဘာဖြစ်တာလဲ?" ယဲ့အန်က အနားကို လျှောက်လာပြီး မေးသည်။



ရှန်းချွမ်က သူ့နောက်တွင် စီးကရက်ကို ထားလိုက်ပြီး “Brilliant Dreams က ငါတို့နဲ့ ရေရှည်လက်တွဲချင်တယ်လို့ ပြောတယ်…”



ယဲ့အန်း အံ့ဩသွားသည်။ ဤအရာသည် ကောင်းသော အရာမဟုတ်ပါလား။ သူဘာလို့ဒီလောက်သနားစရာပုံပေါ်နေရတာလဲ။



ရှန်းချွမ် သည် ရှုပ်ထွေးသော အကြည့်ဖြင့် သူမကို ကြည့်လိုက်သည်။ ရုတ်တရက်မမေးမီ သူ တုံ့ဆိုင်းသွားခဲ့သည်။ "ရိုးရိုးသားသားပြောပါ... လုဟုန် ရဲ့ကမ်းလှမ်းချက်ကို လက်ခံခဲ့တာလား"



ယဲ့အန်း - “…”



ယဲ့အန်းက သဘောပေါက်သွားတယ်။



သူတောင်ဒီလိုထင်နေတယ်ဆိုရင် ဒီအတင်းအဖျင်းကို တခြားသူတွေယုံဖို့ မခက်ပါဘူး။



ရှန်းချွမ်သည် အသံသရုပ်ဆောင် အသိုင်းအဝိုင်းတွင် နှစ်ပေါင်းများစွာ ပါဝင်လာခဲ့ပြီး အများအပြားက ဝါရင့်သူတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည်။ ယဲ့အန်း ကောလိပ်တက်နေစဥ်ကတည်းက သူ့ကို သိသည်။ သူသည်အနည်းငယ်တွန့်တိုပြီး ဒေါသအရမ်းထွက်တတ်သော်လည်း သူ့စရိုက်သည် မဆိုးလှပေ။



 သူသည် သူ့ဝန်ထမ်းများကို မသိမ်ငယ်စေဘဲ သူတို့ကို ကောင်းကောင်းဂရုစိုက်သည်။ သူ့ရည်းစားဟောင်းသည် ဆင်းရဲသောကြောင့် သူ့ကို လှည့်စားခဲ့သည်ဟု ကောလဟာလများထွက်ပေါ်နေသဖြင့် တတ်နိုင်သလောက် အလုပ်ကြိုးစားပြီး ၀င်ငွေရှာခဲ့သည်။



ထိုစဥ်က ယဲ့အန်းသည် သူ၏စတူဒီယိုတွင် လက်မှတ် ရေးထိုးရသည့် အကြောင်းရင်းများထဲမှ တစ်ခုမှာ သူ့တွင် ချစ်စရာကောင်းသော ကိုယ်ရည်ကိုယ်သွေးရှိပြီး သူမရဲ့ လွတ်လပ်ခွင့်ကို ချုပ်နှောင်မထားသောကြောင့်ဖြစ်သည်။ သူပြောတာကိုကြားပြီး ယဲ့အန်းသည် စကားလုံးများပျောက်ဆုံးသွားသည်။ သူမသည် တိုးတိုးတိတ်တိတ် မေးသည်။ "ရှင်ကရော ဘယ်အချိန်က စပြီး အတင်းပြောတတ်သွားတာလဲ"



သူမ ဆံပင်ကိုလှန်လိုက်ပြီး မေးစေ့ကို မြှောက်လိုက်သည်။ ချေမိုးသောအမူအရာနှင့် သူမက “Brilliant Dreams က ကျွန်မရဲ့ကိုယ်ပိုင်အရည်အချင်းတွေကြောင့် ကျွန်မတို့နဲ့ ပူးပေါင်းဖို့ သဘောတူခဲ့တာ။ လုဟုန် နဲ့ ဘာမှ မဆိုင်ပါဘူး။ သူက ကျွန်မအကြည့်နဲ့တောင် မထိုက်တန်ဘူး။”



ထိုစကားကိုကြားပြီးနောက် ရှန်းချွမ် စိတ်သက်သာရာရသွားသည်။ သူစကားပြောခါနီးတွင် သူမသည် ရုတ်တရက် ထပ်ပြောပြန်သည် – “အလွန်အကျွံတွေးခြင်းက ရှင့်အသက်ကို အိုစေလိမ့်မယ်။ ရှင့်ဆံပင်ကို ပိုဂရုစိုက်လိုက်ဦး။"



ရှန်းချွမ် -  “…”



“တခြားကိစ္စတွေမရှိရင် အိမ်ပြန်တော့မယ်။ ဘိုင့် ဘိုင်...~"



ယဲ့အန်းသည် စကားပြီးသောအခါတွင် သူမသည် ခေါင်းကိုမော့ကာ လှည့်ထွက်သွားသည်။



ရှန်းချွမ်သည် အချိန်အတော်ကြာ စကားမပြောနိုင်ခဲ့ပေ။ သူပြန်ကောင်းလာသောအခါတွင် သူ၏ဆံပင်ကို စိတ်ပူစွာစစ်ဆေးလိုက်သည်။ 


     —


"နင် အခု အိမ်ပြန်မှာလား။ ဒါမှမဟုတ် အပြင်သွားမလို့လား။" ရှီရွှမ်းရွှမ်း ရုံးခန်းမှထွက်ပြီးနောက် မေးလိုက်သည်။



ည၏ အမှောင်ထုအောက်တွင် မီးရောင်များ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။ ယဲ့အန်းက သူမဖုန်းကိုကြည့်ကာ "ဟင့်အင်း  အိမ်ပြန်တော့မယ်" 



ရှီရွှမ်းရွှမ်းက ခေါင်းယမ်းလိုက်ပြီး ဝမ်းနည်းစွာ သက်ပြင်းချလိုက်တယ်။ “လက်ထပ်ပြီးရင် နင်က အသက် ၅၀ အရွယ် အိမ်ရှင်မတစ်ယောက်လို ဖြစ်သွားတာကို ငါသိတယ်။ နင်အိမ်က ထွက်ခဲတယ်၊ နင်တစ်ခါတည်း အိမ်စောစောပြန်ဖို့ စိတ်အားထက်သန်တယ်။" 



ယဲ့အန်သည် ရှက်ရွံ့သော အပြုံးဖြင့် ကြည့်လိုက်သည်။ "ချစ်ရတဲ့ခင်ပွန်းကို လွမ်းတယ်"



ရှီရွှမ်းရွှမ်းက သူမလက်မောင်းပေါ်ရှိ ကြက်သီးမွှေးညှင်းများကို ပွတ်သပ်ပြီး “အသစ်ဖွင့်တဲ့ အချိုပွဲဆိုင်တစ်ဆိုင်ရှိတယ်။ နင်ဝင်ပြီး မြည်းစမ်းကြည့်ချင်လား" 



ယဲ့အန်းသည် သူမအား အပေါ်အောက် စစ်တမ်းကောက်ယူခဲ့သည်။ "အရင်က ကိုယ်အလေးချိန်ကျဖို့ ကျိန်ဆိုခဲ့တာကို ငါဘယ်လိုမှတ်မိတာလဲ"



ရှီရွှမ်းရွှမ်း သည် သူမ၏ယုံကြည်မှုနှင့် ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်မှုကို ထိန်းသိမ်းခဲ့သည်။ "ကိုယ်အလေးချိန် လျှော့ချခြင်းသည် အဆင့်တစ်ဆင့်ပြီးတစ်ဆင့်သွားရတာ၊ ငါးရက်မစား နှင့် တစ်ရက်နား။ ငါလက်ချိုး ရေတွက်ပြီး လွန်ခဲ့တဲ့ ငါးရက်လောက်က အစာစားခဲ့တာ။" 



ယဲ့အန်း - “…”



အေးပါ။ နင်ပျော်ရင်ပြီးတာပဲ။



အဆုံးမှာတော့ ယဲ့အန်းကို နို့လက်ဖက်ရည်တစ်ခွက်‌သောက်ရန် ရှီရွှမ်းရွှမ်းက ဆွဲဆောင်ခံလိုက်ရသည်။



ဆိုင်ဖွင့်ခါစက အဖျော်ရည်၏ အရသာသည် မဆိုးလှ‌ပေ။ ယဲ့အန်းသည် သူ့သောက်စရာကို ပိုက်ဖြင့် စုပ်လိုက်ပြီး သူမ၏ ရှည်လျားသော မျက်တောင်များ ဖြည်းညှင်းစွာ လှုပ်ခတ်သွားသည်။



ရှီရွှမ်းရွှမ်းက သူမကို ရုတ်တရက်ကြည့်လိုက်ပြီး "မင်းက PDA ပမာဏကို နေ့တိုင်း ငါ့ရှေ့မှာ ပြနေတယ်။ ညဉ့်နက်နေပြီ၊ နင့်ရဲ့ ချစ်လှစွာသော ခင်ပွန်းက နင့်ကို လာခေါ်ရင် ဘာဖြစ်လို့လဲ" 



ယဲ့အန်း ကြည့်လိုက်သည်။ “အလုပ်ရှုပ်နေတော့ ယာဉ်မောင်းကို လွှတ်လိုက်တယ်။ သူ ဒီကို မကြာခင်ရောက်သင့်တယ်။”



သူမနောက်ဆုံးအပြင်ထွက်စဥ်က ယဲ့အန်းသည် အိမ်ပြန်ရန် တက္ကစီတစ်စီးငှားခဲ့ရာ အဆင်မပြေလွန်းလှပေ။ အဖိုး ရှဲ့က သူမတစ်ယောက်တည်း ပြန်လာရသည်မှာ မလုံခြုံသလို ခံစားမိပြီး နောင်တွင် ယာဥ်မောင်းကိုခေါ်သွားရန်  ပြောခဲ့သည်။



ရိုးရိုးသားသားပြောရလျှင် ရှဲ့ရှောသည် ဒေါသကြီးနေသော်လည်း အဖိုး ရှဲ့နှင့် ရှဲ့ပိုင်ယန် သည် သူမအား ကောင်းစွာ ဆက်ဆံသည်။



သူတို့စကားပြောနေစဉ်တွင် Maybach တစ်စီးသည် လမ်းဘေးတွင် ရပ်သွားသည်။



“ကြည့်စမ်း၊ ငါတို့ရှေ့မှာပဲ” ယဲ့အန်းသည် လမ်းမလျှောက်သွားမီ သူမအကြည့်ဖြင့် ညွှန်ပြသည်။



အရပ်ရှည်သော ကားမောင်းသမားသည် ကားထဲမှ ထွက်ကာ တံခါးဖွင့်ပေးသည်။ “သခင်မလေး” ဟု လေးလေးစားစား ခေါ်ဆိုခဲ့သည်။



ရှီရွှမ်းရွှမ်းက ဗြောင်ကျကျ ကြည့်နေမိသည်။



ယဲ့အန်းက ခေါင်းကို လှည့်ပြီး “နင် အခု အိမ်ပြန်မှာလား။ လိုက်စီးချင်လား"



ရှီရွှမ်းရွှမ်းသည် သူမ၏ စိတ်လှုပ်ရှားမှုကို မျိုသိပ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ဝူးဝူး...ချမ်းသာပြီး သြဇာရှိတဲ့ သူတွေနဲ့ ဒါကအနီးစပ်ဆုံးပါပဲ။



ကားပေါ်တက်ပြီးနောက် ရှီရွှမ်းရွှမ်း၏ နှလုံးသည် ခဏတာ ဆက်လက်တုန်လှုပ်နေခဲ့သည်။ ရုတ်တရက် တစ်စုံတစ်ခုကို တွေးတောရင်း သူမသည် ယဲ့အန်းနားသို့ တိုးလာပြီး “သြော် ၊ “Pharmacist” ကို အောင်အောင်မြင်မြင်ပြန်လက်မှတ်ထိုးဖို့ လုဟောင်ကို အားကိုးခဲ့တယ်လို့ သူတို့ သံသယရှိမယ်ထင်တယ်။ ကောလဟာလတွေကို ဖယ်ရှားဖို့ မင်းခင်ပွန်းရဲ့ အထောက်အထားကို ထုတ်ဖော်ချင်လား။"



ယဲ့အန်းသည် သန့်စင်ခန်းထဲတွင် သူမကြားလိုက်ရသော အတင်းအဖျင်းကို ပြန်တွေးလိုက်သည်။ သူမအမူအရာက နူးညံ့သိမ်မွေ့ပြီး ပေါ့ပေါ့ပါးပါး ပြန်ပြောခဲ့သည်။ "နောက်မှပြောကြရအောင်"


     —


အိမ်ပြန်ရောက်ပြီးနောက် ယဲ့အန်းသည် အဘိုး ရှဲ့၏ အခြေအနေကို အိမ်တော်ထိန်းအား မေးမြန်းခဲ့သည်။ သူ အနားယူနေပြီမို့ သူမကို ထပ်မနှောင့်ယှက်တော့ပေ။



သူမ လှေကားပေါ်တက်ခါနီးတွင် အိမ်တော်ထိန်းက အထုပ်တစ်ထုပ်ကို ရုတ်တရက် ပေးခဲ့ပြီး ရှဲ့ရှောအတွက် ဖြစ်တယ်လို့ ပြောသည်။



ယဲ့အန်းသည် ၎င်းကိုယူ၍ ကြည့်လိုက်သည်။ နိုင်ငံခြားမှ လာသော်လည်း ပေးပို့သူ၏ အမည်မှာ မှေးမှိန်နေသဖြင့် ဖတ်ရခက်စေသည်။



သူမသည် အထုပ်ကို အပေါ်ထပ်သို့ယူသွားကာ ရေချိုးရန်ပြင်ဆင်နေပုံရသော အဝတ်လဲခန်းတစ်ဝိုက်တွင် ယောင်ရမ်းစမ်းနေသော ရှဲ့‌ရှောကိုတွေ့မြင်ရန် အိပ်ခန်းထဲသို့ဝင်လိုက်သည်။



"တစ်စုံတစ်ယောက်က ရှင့်ကို အထုပ်တစ်ထုပ်ပို့လိုက်တယ်။" ယဲ့အန်းက စကားပြောဖို့ သွားလိုက်သည်။



ရှဲ့‌ရှော၏ လုပ်ရပ်များ ခေတ္တရပ်ကာ "ဘယ်သူဆီကလဲ?"



"ကျွန်မ မသိဘူး၊ ကျွန်မကို ဖွင့်စေချင်လို့လား"



ရှဲ့‌ရှောက "အင်း" ဟု ပေါ့ပေါ့ပါးပါးဖြင့် ဖြေခဲ့သည်။



ယဲ့အန်းသည် ဓားငယ်တစ်ချောင်းကို ရှာပြီး အထုပ်ကို ချက်ချင်းဖွင့်လိုက်သည်။



အထဲမှာ လာဗင်ဒါအိုးလေးကို ထုပ်ပိုးထားသော လက်ဆောင်သေတ္တာတစ်ခု ရှိသည်။ တော်တော်လေးကို အားထုတ်ခဲ့သည်မှာ ထင်ရှားသည်။



အလုံမပိတ်ထားးသော အပြာနုရောင် စာအိတ်ကို ထိပ်တွင် ဒေါင်လိုက် ထည့်ထားသည်။



စာအိတ်အတွင်းတွင် မွှေးကြိုင်သော ပန်းခြောက်များဖြင့် နှုတ်ခွန်းဆက်ကတ်တစ်ခု ပါရှိသည်။



ယဲ့အန်းသည် ကတ်ကိုထုတ်ကာ ဖွင့်လိုက်သည်။



ကြင်စဦးဇနီးမောင်နှံအတွက် လှပသောလက်ရေးဖြင့် ကောင်းချီးပေးစကားများ သူမမျက်လုံးများရှေ့တွင် ပေါ်လာသည်။



အမည်တစ်ခုကို ရေးထိုးထားသည် - မုချင်



ယဲ့အန်းသည် မော့ကြည့်ကာ စူးစမ်း၍ မေးလိုက်သည် " မုချင်က ဘယ်သူလဲ"