အပိုင်း ၁၈
Viewers 629

ဂုဏ်မြင့်သူရယ်


အပိုင်း ၁၈








“ယောက်ျားရေ…”



ရှဲ့ရှော ကော်ဖီသောက်နေသည်။ တစ်ငုံသောက်လိုက်ရင်း ချစ်စဖွယ်ခေါ်သံကို ကြားလိုက်ရပြီး သိပ်မကြာခင်မှာပင် သူ့ကို အရိုးမရှိသော ခန္ဓာကိုယ်က ကပ်တွယ်လာသည်ကို ခံစားလိုက်ရသည်။



ကော်ဖီက ဖိတ်စင်ခါနီးဖြစ်သွားပြီး သူမျက်မှောင်ကြုတ်မိသွားသည်။ သူသည် သူမကို မျက်နှာချင်းဆိုင်ရန် ခေါင်းကိုလှည့်လိုက်သည်။



အေးစက်ပြီး ဘာမျှမထူးခြားသော သူ့မျက်နှာပေါ်တွင် ကပ်ထားသော စကားတစ်ခွန်းရှိသည်။



မနက်အစောကြီး မင်းက ဘယ်သူ့ကို သွေးဆောင်ဖို့ ကြိုးစားနေတာလဲ။



သူ၏ မယိမ်းယိုင်နိုင်သော အမူအရာကို ရင်ဆိုင်ရင်း ယဲ့အန်း၏ ချစ်စရာကောင်းသော အပြုံးသည် တောင့်တင်းပြီး ပြိုလဲလုနီးပါး ဖြစ်နေသည်။



ဒီလူက ရင်ဆိုင်ရခက်လွန်းသည်။



ဒီဆိုက်ကိုပတ်(သ်)သည် အလွန်အေးစက်လွန်းလှသည်။



ယဲ့အန်းသည် အသက်ပြင်းပြင်းရှူပြီး ဘာဆက်လုပ်ရမည်ကို တွေးတောရင်း မိမိကိုယ်ကို တည်ငြိမ်အောင်ကြိုးစားနေသည်။ သူမသည် သူ့ထံချဉ်းကပ်ရန် သူမ၏ နည်းဗျူဟာကို ဖြည်းဖြည်းနှင့် သေချာသော နည်းလမ်းတစ်ခုကို ပြောင်းခဲ့သည်။



သူမ သေချာပေါက် သူ့ကို အနိုင်ယူနိုင်လိမ့်မည်!



"ကော်ဖီကောင်းလား" အသံတိုးတိုးလေးဖြင့် ကော်ဖီခွက်ကို ယူလိုက်သည်။ ပြီးပြည့်စုံသော ဇနီးမယားအဖြစ် ပြုမူရင်း သူမက ပြောလိုက်သည်။“အန်တီကျိုးရဲ့အကူအညီမပါဘဲ ဒီကော်ဖီကို ကျွန်မကိုယ်တိုင်လုပ်ခဲ့တာပါ”



ရှဲ့ရှော မျက်မှောင်ကြုတ်သွားပြီး သူ့အမူအရာက ဤသို့ပြောနေသည်။"ဒါဆို မင်းက ဒီလောက်ဆိုးရွားတဲ့ ကော်ဖီကို ဖျော်လာတဲ့သူပေါ့" သူပြန်မပေးခင် တစ်စက္ကန့်မျှ ခေတ္တရပ်လိုက်သည်။



"သကြားအရမ်းများတယ်။"



ယဲ့အန်း - “…”



ယဲ့အန်းသည် ချက်ချင်း သူ့ခေါင်းကို ခွက်ဖြင့် ရိုက်ခွဲချင်စိတ်ပေါက်လာသည်။



စိတ်ပျက်စရာကောင်းလွန်းသည်!



သူမ ဒီလိုလူမျိုးကို ဘာကြောင့် လက်ထပ်ဖို့ ရွေးချယ်ခဲ့မိတာလဲ။



Single အဖြစ်နေတာပဲ မကောင်းဘူးလား။ သူမဘာသာသူမ လှလှပပလေး ထိုင်နေရင် အဆင်မပြေဘူးလား။ သူမဘာလို့ ခက်ခက်ခဲခဲ လုပ်နေရမှာလဲ။



ယဲ့အန်းသည် ကော်ဖီခွက်ကို လှမ်းမယူခင် သူမ၏ သွေးခုန်နှုန်းများ ပြေလျှော့ကာ စိတ်ငြိမ်သွားစေရန် အချိန်ခဏယူခဲ့ရသည်။



မေ့လိုက်ပါ၊ သူမသည် သူ့အဆင့်အတန်းသို့ သူမကိုယ်သူမ နှိမ့်ချမည်မဟုတ်ပေ။



"ဟုတ်လား? နောက်တစ်ခါ သကြားအများကြီးမထည့်တော့ဘူး" သူမ စိတ်နေစိတ်ထားကို ပြန်ပြင်ကာ ကော်ဖီကို သူမဘေးရှိ စားပွဲပေါ် ချလိုက်ရင်း မချိပြုံး ပြုံးလိုက်သည်။



သူမ လှည့်လိုက်ပြီး ရှဲ့ရှော မတ်တပ်ထရပ်လိုက်ရာ သူ့လက်မောင်းကို အမြန်လှမ်းကိုင်လိုက်သည်။ "ရှင်ဘယ်သွားမလို့လဲ? ကျွန်မ ရှင်နဲ့အတူ လိုက်ခဲ့မယ်။"



ရှဲ့‌ရှော ခေတ္တရပ်လိုက်ပြီး ဖော်မပြနိုင်သော အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။



ခဏအကြာတွင် စကားတစ်ခွန်းကို ပြောလာသည်။“ရေချိုးခန်း”



ယဲ့အန်း - “အို…”



ယဲ့အန်းသည် သူ့လက်မောင်းကို ရှက်ရှက်ဖြင့် လွှတ်လိုက်ပြီး သူထွက်သွားသည်ကို ကြည့်နေသည်။



သူမ၏ အမြင်အာရုံနယ်ပယ်တွင်၊ ထိုအမျိုးသားသည် ကျယ်ပြန့်သောပခုံး၊ ပိန်ပါးသောခါး နှင့် ခြေတံရှည်များရှိပြီး အရပ်ရှည်သောရုပ်သွင်ရှိသည်။ သူ့ရဲ့ ပင်ကိုယ်စရိုက်ကလွဲရင် အခြားအရာများက အဆင်ပြေသည်။



သူမ၏ စိတ်နှလုံးကို အနည်းငယ်မျှတော့ နှစ်သိမ့်မှုဖြစ်စေသည်။



သူမ၏ခင်ပွန်းသည် အလွန်ဆိုးရွားသည်ဟု မယူဆနိုင်ပေ။



ခဏအကြာတွင် ရှဲ့‌ရှောသည် ရေချိုးခန်းမှထွက်လာပြီး ယဲ့အန်းက သူ့ကို စိတ်အားထက်သန်စွာ နှုတ်ဆက်ပြန်သည်။



ရှဲ့‌ရှော၏ အမူအရာသည် မှိုင်းဖြစ်ပြီး သူမကို မတွန်းထုတ်ဘဲ သူမကို တွယ်ကပ်ခွင့်ပြုသည်။ နောက်တစ်ကြိမ် အနှောင့်အယှက်ပေးမှုကို မျှော်လင့်နေပြီးသားဖြစ်သည်။



စက္ကန့်အနည်းငယ်ကြာအောင် စောင့်ပြီးနောက် ယဲ့အန်းသည် မော့ကြည့်ကာ နူးညံ့စွာပြောလိုက်သည်။“ယောက်ျား....၊ ကျွန်မ ရှင့် ကို ပြောစရာရှိလို့…”



ရှဲ့‌ရှော၏ လေသံမှာ အတက်အကျမရှိ ခပ်တန်းတန်းဖြစ်နေသည်။ "ဘာကိစ္စလဲ?"



ယဲ့အန်း - “ကျွန်မတို့ စတူဒီယိုက ဒီညနေမှာ အဖွဲ့တည်ထောင်ရေးပွဲကို လုပ်ကြမှာ။ ကျွန်မတို့အားလုံး အပြင်ထွက်ပြီး ညစာအတူတူစားကြမှာလေ..."



သူမသည် တမင်တကာ ခေတ္တရပ်လိုက်ပြီး သူမ၏ လက်ချောင်းများကို သူ့လက်မောင်းများနှင့် အင်္ကျီလက်စများတစ်လျှောက်ကို ငြုတုတုနှင့် ချစ်စရာပုံစံဖြင့် ပွတ်ဆွဲထိတွေ့လိုက်သည်။



ရှဲ့ရှောသည် သူမဆက်ပြောသည်ကို မကြားရတော့ဘဲ အချိန်အတော်ကြာအောင် စောင့်နေခဲ့သည်။ သူမ အပြင်သွားရန် သူ့ကို အသိပေးနေရုံဟုသာ တွေးပြီး သူမ၏ အစီအစဉ်များကို မသိကျိုးကျွန်ပြုလိုက်ပြီး ပေါပေါ့ပါးပါး “အင်း”ခတ်လိုက်သည်။



ယဲ့အန်းသည် သူ့ကိုကြည့်၍ သတိကြီးကြီးထားကာမေးလိုက်သည်။ “ရှင်… ကျွန်မနဲ့ လိုက်ခဲ့လို့ရမလား”



ရှဲ့ရှော၏ မျက်တောင်များ တဖျပ်ဖျပ်ခတ်ပြီး သူ့အမူအရာက ပြောင်းလဲသွားသည်။ သူ၏အကြည့်များ မှောင်မိုက်သွားပြီး ပြန်မဖြေဘဲနေသည်။



ယဲ့အန်းသည် တစ်စုံတစ်ခု အဆင်မပြေသလို ခံစားလိုက်ရသဖြင့် သူမ နောက်တစ်လှမ်းပြန်ဆုတ်လိုက်သည်။ "ရှင် မလိုက်ချင်ဘူးလား? ဒါဆို ကျွန်မစားသောက်ပြီးရင်တော့ လာခေါ်ပေးလို့ရမလားဟင် "



သူမသည် လက်နှစ်ဖက်ကို သိုင်းဖက်ကာ ရင်ဘတ်ကို မှီလျှက် သူမအသံကို သနားစရာကောင်းအောင် ကြိုးစားနေသည်။



“ရိုးရိုးသားသား ပြောရလျှင် ကျွန်မ အိမ်ထောင်ကျပြီးပြီဆိုတာ လူတိုင်းကို ပြောပြချင်ပေမယ့် သူတို့တွေက ကျွန်မကို မယုံကြဘူး။ ပြီးတော့ ရှင့်အကြောင်းကို ခဏလောက် ကြွားလုံးထုတ်ပြီး ရှင်က ကျွန်မကို လာခေါ်မယ်လို့ လူတိုင်းကို ပြောလိုက်မိတယ်။ ရှင်မှ မလာရင် ကျွန်မမျက်နှာပျက်တော့မှာ...။ အဲ့လိုဆို အရမ်းရှက်စရာကောင်းတော့မှာပဲ...။"



ရှဲ့ရှောက စကားမပြောသေးဘဲ သူ့တစ်ကိုယ်လုံး ချမ်းစိမ့်စိမ့် အခိုးအ‌ငွေ့များ ထွက်နေသည်။



ယဲ့အန်းသည် အနည်းငယ် ကြောက်ရွံ့လာသည်။ သူမက သူ့အကျီစကို ဆွဲကိုင်လိုက်ပြီး ထပ်ညှိနှိုင်းသည်။ “ကျွန်မကိုလာခေါ်ရင်  အပြင်မှာပဲနေ၊ ရှင့်ကားပေါ်က ဆင်းလာစရာ မလိုပါဘူး” 



ရှဲ့ရှောက ရုတ်တရက် ခေါင်းကို လှည့်လိုက်ပြီး အတ္တဆန်သော လေသံဖြင့် ပြောလိုက်သည်။



"မင်းက မျက်မမြင်တစ်ယောက်နဲ့ လက်ထပ်ထားတာကို သူများတွေသိမှာကို မကြောက်ဘူးလား"



နက်နဲသောမျက်လုံးများနှင့် သူ့မျက်နှာပေါ်တွင် မှိုင်းညို့နေသည့်အမူအရာဖြင့် သူ့တစ်ကိုယ်လုံး ဒေါသဖြစ်နေသည်ကို သူမပထမဆုံးအကြိမ် တွေ့လိုက်ရသည်။



ယဲ့အန်း အံ့အားသင့်သွားသည်။ သူမကို ဆွဲဖယ်၍ သူမ၏အဖြေကို မစောင့်ဘဲ အခန်းထဲမှ ထွက်သွားသည်။



ယဲ့အန်းသည် ဖြည်းဖြည်းချင်း အာရုံပြန်မစုစည်းနိုင်သေးမီ ခဏတာ မှင်သက်သွားခဲ့သည်။



သူက မျက်ကမျက်စိကွယ်နေတာလေ။ ငါကဘာမှမဖြစ်ဘူး၊ သူကဘာလို့ အဖြစ်သည်းနေရတာလဲ။



ပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီး လေက တိုးဝှေ့တိုက်ခတ်သွားသည်။ အရောင်ဖျော့ဖျော့ ကုလားကာများသည် သူမနောက်တွင် ရေလှိုင်းလုံးများကဲ့သို့ လှိုင်းထနေသည်။



သူထွက်သွားသော လမ်းကြောင်းကို သူမလှမ်းကြည့်နေသည်။ သူမ၏ လှပသောလက်ချောင်းများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး သူမ၏နက်နဲသောအကြည့်များမှတဆင့် ဝမ်းနည်းမှု အရိပ်အယောင်များ တရိပ်ရိပ်တက်လာသည်။


 ———


Brilliant Dreams သည် လျင်မြန်စွာ ဆောင်ရွက်ခဲ့သည်။ မွန်းလွဲပိုင်းတွင် Weibo မှ အတင်းအဖျင်းပို့စ်များအားလုံးကို ဖျက်ပစ်ခဲ့သည်။ မူရင်းပို့စ်ကို တင်ခဲ့သည့် မားကတ်တင်းအကောင့်သည် ယခင်စွပ်စွဲချက်အားလုံး မှားယွင်းကြောင်းနှင့် ရှင်းလင်းတင်ပြသည့် တောင်းပန်သော နောက်ပို့စ်တစ်ခုလည်း ပြန်တင်ပေးခဲ့ပါသည်။



မှားယွင်းသော စွပ်စွဲချက်များနှင့် ဂုဏ်သိက္ခာကို ပုတ်ခတ်ပြောဆိုသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား ဥပဒေနှင့်အညီ စစ်ဆေးအရေးယူမည်ဖြစ်ကြောင်း ယဲ့အန်းဖက်မှ ချက်ချင်းထုတ်ပြန်ခဲ့သည်။



ပို့စ်၏ လေသံက တင်းမာနေသည်။ ဖရဲသီးစားသူများသည် ငြင်းခုံမြဲငြင်းခုံနေကြသော်လည်း သာမန်လူထုသည် ထိုကိစ္စကို ဆက်မဆွေးနွေးတော့ချေ။ မူလကသံသယရှိသော ဖန်အများစုသည် ၎င်းတို့၏ စိတ်ဓာတ်ခွန်အားကို တွေ့ရှိသွားခဲ့ပြီး မုန်းတီးသူများကို ချက်ချင်း စတင်တိုက်ခိုက်ခဲ့သည်။ ကြောက်စရာကောင်းသော စျေးကွက်ရှာဖွေရေး အကောင့်များအကြောင်း တိုင်ကြားရန်လည်း အခွင့်အရေးကို အမိအရဆုပ်ကိုင်ခဲ့ကြသည်။



အချို့သောဖန်များသည် ယဲ့အန်းကို ဂုဏ်မြှောက်ပေးရန် အခွင့်အရေး ယူခဲ့ကြသည် - "ဘုရားဘုရား၊ မင်းက ‘Flawless voice control and visual queen  ' ဆိုတဲ့ ခေါင်းစဉ်နဲ့ တကယ်ထိုက်တန်တယ်... ချီးမွမ်းခြင်းလှိုင်းလုံးများက လွှမ်းခြုံသွားပြီး ယခင်က ကဲ့ရဲ့လှောင်ပြောင်ခဲ့သော မှတ်ချက်များကို ကျော်တက်သွားခဲ့သည်။



Brilliant Dreams Animation ၏တရားဝင်ဘလော့ဂ်သည် ၎င်းတို့၏ anime ဇာတ်ကောင်များကို လူသိရှင်ကြား ပရိုမုတ်လုပ်ရန် မကြာသေးမီက စိတ်အားထက်သန်နေကြမှုကို အခွင့်ကောင်းယူခဲ့သည်။



ယဲ့အန်းသည် Weibo ကို စစ်ဆေးရန် လဝက်ခန့် စိတ်မ၀င်စားတော့ဘဲ ပရိသတ်အသစ်များပင် အနည်းငယ်တိုးလာသည်။



သို့သော်လည်း ယဲ့အန်း သည် ရှဲ့ရှော နှင့် သူမ၏ အိမ်ထောင်ရေးကို လူသိရှင်ကြားထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။ ဤကာလအတွင်း ရှဲ့ မိသားစုသည် အလုပ်များနေပြီး ရှဲ့ရှော၏ အတွင်းရေးကို အမြဲလျှို့ဝှက်ထားခဲ့သည်။ သူမသည် သူတို့အတွက် မလိုလားအပ်သော သတင်းဆိုးကို ပေးမသိချေ။



Weibo တွင် ကြေငြာချက်ကို ပို့စ်တင်ပြီးနောက် ယဲ့အန်း က ရင်းနှီးသော ဖန် တစ်ယောက်၏ မှတ်ချက်ကို တုံ့ပြန်ဖို့ ရွေးချယ်လိုက်သည်။



မကြာခင်မီတွင် ယွမ်ဟဲက သူမကို ဖုန်းဆက်လာပြီး လုဟုန်သည် နုတ်ထွက်သွားပြီဖြစ်၍ သူမ၏ ပရောဂျက်ကိစ္စရပ်များအတွက် တာဝန်ဆက်မယူတော့ကြောင်း အသိပေးလိုက်သည်။



ယဲ့အန်းက သူ့ကို ကျေးဇူးတင်လိုက်ပြီး ယွမ်ဟဲက ပထမဆုံး အတင်းအဖျင်း ဖိုရမ်ပို့စ်ကို တင်ခဲ့သူကို စုံစမ်းလိုသားဟု ထပ်မံမေးမြန်းခဲ့သည်။



"သူတို့ကို ရှာတွေ့နိုင်လို့လား"



ယွမ်ဟဲ - "နည်းနည်းခက်ပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး"



ယဲ့အန်းက ခဏမျှတွေးတောလိုက်ပြီးနောက် ပြန်ဖြေသည်။“ဒါဆို ကျေးဇူးပြုပြီး အဲ့လိုလုပ်ပေးပါ၊ ရှင်တို့ရဲ့ ဒုက္ခခံမှုအတွက် ကျေးဇူးတင်ပါတယ်”



တကယ်တော့ သူမသည် ဒီလိုကိစ္စတွေအတွက် အချိန်မဖြုန်းချင်ခဲ့ချေ။ သူမသည်သာ သေသေချာချာ သတိမထားဘဲ ရှဲ့ပိုင်ယန်နှင့် အခြားသူများ ဒီသတင်းကိုကြားလျှင် သူမ ရရှိသည်ထက် ပို၍ဆုံးရှုံးသွားမည်ဖြစ်သည်။ ထို့အတွက်ကြောင့် ယွမ်ဟဲအား ထိုနေ့ က မပြောပြခဲ့ခြင်းဖြစ်သည်။



တစ်ချိန်တည်းမှာပင် Brilliant Dreams Culture ကုမ္ပဏီ အဆောက်အဦရှိ ရုံးခန်းတစ်ခု၌၊



လုဟုန်သည် ရာထူးမှ နှုတ်ထွက်ရန် ဖိအားပေးခံရသဖြင့် ဒေါသတကြီးဖြင့် ခွက်ကို ရိုက်ခွဲလိုက်ပြီး မျက်လုံးများနီရဲကာ ဖြူဖပ်ဖြူလျော်ဖြစ်နေသည်။



ဒီသတင်းကို သူ ရရလိုက်ချင်း ဘယ်သူကြောင့်ဖြစ်လဲ ဆိုသည်ကို ကောင်းကောင်း ခန့်မှန်းနိုင်ခဲ့တယ်။ ယဲ့အန်းမှလွဲ၍ သူ့အားရာထူးမှ နှုတ်ထွက်ခိုင်းမည့်သူ မည်သူမျှမရှိပေ။



ဒီအမျိုးသမီးသည် ဤမျှလောက် ကြီးကျယ်ခမ်းနားသော အရည်အချင်းများ ရှိမည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ သူမ ကျေနပ်သလို အောက်ခြေမှ သူအလုပ်လုပ်သော ရာထူးအထိ ဖယ်ရှားခိုင်းနိုင်သည်။



မတတ်နိုင်ဘဲ၊ သူသည် ယခုအချိန်တွင်သာ သည်းခံနေခဲ့ရသည်။ လွန်ခဲ့သော နာရီဝက်ခန့်က ယွမ်ဟဲ၏ သတိပေးချက်သည် သူ့နားထဲတွင် ပဲ့တင်ထပ်နေသေးသည်။



“မင်း ရာထူးက ဆုံးရှုံးသွားပြီ။ မင်းရဲ့ လူမှုရေးကျင့်ဝတ် ကို ငါ အတတ်နိုင်ဆုံး ထိန်းသိမ်းပေးထားတယ်။ မင်းမစော်ကားမိတာ ပိုကောင်းတဲ့လူတွေရှိတယ်။ ဒီလမ်းကို မသွားချင်ရင် အနာဂတ်မှာ မင်းရဲ့ စကားနဲ့ လုပ်ရပ်တွေကို ပိုသတိထားပါ။ ငါ မင်းကို သတိမပေးခဲ့ဘူးလို့ မပြောနဲ့။"



 ——–

ယွမ်ဟဲနှင့် သူမဖုန်းပြောပြီးနောက် ယဲ့အန်းသည် သူမဖုန်းကိုချကာ တိတ်ဆိတ်နေသော ရှဲ့ရှောကို လှမ်းကြည့်လိုက်သည်။



နေ့ခင်းဘက်တွင် မကောင်းသော အမူအရာများကို ဖြေရှင်းပြီးနောက် သူမအား စကားတစ်ခွန်းမှ မပြောဘဲ ရှုံ့မဲ့နေသော အမူအရာကို ဆက်ထိန်းထားသည်။



ယဲ့အန်းသည် သူမ၏ ခေါင်းကိုက်ခြင်းကို သက်သာစေရန် သူမ၏ နားထင်များကို နှိပ်နယ်ရင်း သူ့နံဘေးသို့ လျှောက်သွားလိုက်သည်။



"ရှင် စိတ်ဆိုးနေသေးလားဟင်၊ ရှင်မသွားချင်ရင်တောင် ကျွန်မ ပြန်ပေးဆွဲလို့မရဘူးလေ။ ရှင် ဘာအတွက် သုန်မှုန်နေတာလဲ”



ရှဲ့‌ရှောသည် သူ့မျက်နှာရှည်ကြီးကို ဆက်ထိန်းကာ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေ၏။



ယဲ့အန်းသည် ဤတစ်သက်တာတွင် သူမ၏ စိတ်ရှည်မှုများအား သူ့ရှေ့မှလူကြောင့် ကုန်ဆုံးသွားသလို ခံစားလိုက်ရသည်။ အချိန်အတော်ကြာအောင် စောင့်ပြီးမှ အဖြေမရရှိသဖြင့် အဝတ်လဲခန်းဖက်သို့သွားကာ သူ့ကို အနှောက်အယှက် မပေးတော့ချေ။



 ရာသီအလိုက် အဝတ်အစားအသစ်များကို ဗီရိုထဲတွင် ချိတ်ဆွဲထားသည်။ စတိုင်လ်များသည် နေ့စဉ် ပေါ့ပေါ့ပါးပါး ၀တ်စုံများမှ formal ဝတ်စုံများအထိ အမျိုးမျိုးရှိသည်။



အိမ်ထောင်ကျပြီးကတည်းက ရှဲ့ မိသားစုသည် သူမကို နည်းနည်းလေးမှ နှိပ်စက်ခြင်းမရှိခဲ့ချေ။ အဝတ်အစားနှင့် လက်ဝတ်ရတနာ အံဆွဲတွေကို ဘယ်တော့မှ မဖွင့်ခဲ့လျှင်ပင် အိမ်တော်ထိန်းက သူမအတွက် စောင့်ရှောက်ပေးနေတုန်းပင်။



ယဲ့အန်း၏ အကြည့်များက ထိုဧရိယာကို စကန်ဖတ်လိုက်သည်နှင့် သူမ၏ စိတ်ကို ချက်ချင်း ပေါ့ပါးသွားစေသည်။



လှပသော အဝတ်အစားများနှင့် ပြည့်နေတဲ့ ဗီရိုသည် ဖြေရှင်းမပေးနိုင်သော အရာတစ်ခုမျှ မရှိပေ။



ချိတ်မှအဝတ်အစားများကို စိတ်လှုပ်ရှားစွာ ချွတ်ယူကာ စမ်းဝတ်ကြည့်နေစဉ်တွင် သူမ အမြင်အာရုံတွင် အရိပ်တစ်ခု ပေါ်လာသည်။


……


စကတ်ရှည်များ၊ စကတ်တိုများ၊ formal အင်္ကျီများနှင့် ပါးလွှာသော ဘောင်းဘီတိုများအားလုံးကို တစ်ခုပြီးတစ်ခု ချွတ်လိုက်ပြီး အဝတ်ပုံက တဖြည်းဖြည်းကြီးထွားလာသည်။



ရှဲ့‌ရှောသည် အခန်းထဲတွင် တစ်ယောက်တည်းထိုင်နေကာ အဝတ်လဲခန်းမှ ကျယ်လောင်သော အသံများကို ကြားလိုက်သဖြင့် မျက်မှောင်ကြုတ်မိသွားသည်။



အဆုံးတွင် ယဲ့အန်းသည် အနီရောင်ဝတ်စုံနှင့် အဖြူရောင်ဝတ်စုံကို တွေ့ထားသော်လည်း သူမသည် မည်သည့်အရာကို ရွေးရမည်ကို ဝေခွဲမရဖြစ်နေသည်။



အနီရောင်သည် မျက်လုံးကို ဖမ်းစားနိုင်ပြီး အဖြူရောင်သည် အလွန်နူးညံ့သိမ်မွေ့သည်။ ဝတ်စုံ တစ်ခုစီတိုင်းတွင် ၎င်း၏ အားသာချက်များရှိသည်။



သူမသည် ပစ္စည်းနှစ်ခုကိုကိုင်ကာ မှန်တစ်ခုရှေ့တွင် နှိုင်းယှဉ်လိုက်သည်။ အချိန်အတော်ကြာအောင် ဗျာများနေသော်လည်း ဆုံးဖြတ်ချက် မချနိုင်သေးပေ။



သူမသည် ၀တ်စုံနှစ်စုံကို အပြင်သို့ယူလာပြီး ရှဲ့ရှောကိုမျှော်လင့်တကြီး မေးလိုက်သည်။ "ရှင် ဘယ်လိုထင်လဲ၊ အနီရောင်ဝတ်စုံ ဒါမှမဟုတ် အဖြူရောင်ဝတ်စုံက ပိုကောင်းလောက်လား?"



ရှဲ့ရှောက သူမကို လျစ်လျူရှုလိုက်ပြီး၊ သူပြောမပြနိုင်သော တစ်ခုခုကို အတင်းလုပ်ခိုင်းလိုက်သကဲ့သို့ သူ့အမူအရာက ပို၍ပင် အကျဉ်းတန်လာခဲ့သည်။



ယဲ့အန်းသည် နှုတ်ဆိတ်နေသော သူ့အကြည့်ကို မြင်ပြီး သူမအမှားကို သဘောပေါက်လိုက်သည်။ သူမကစကားလုံးကို ပြောင်းမေးလိုက်သည်။ “ရှင် အနီကိုကြိုက်လား အဖြူကို ကြိုက်လား”



ရှဲ့‌ရှောက သူမကို လျစ်လျူရှုလိုက်သေးသည်။



ယဲ့အန်း၏ စိတ်လှုပ်ရှားမှုများ ပျောက်ကွယ်သွားသည်။ သူမသည် ၀တ်စုံများဖြင့် ပြန်ထွက်သွားတော့မည်တွင် ရုတ်တရက် အကြံတစ်ခုရခဲ့သည်။



နောက်စက္ကန့်တွင် သူမသည် ၀တ်စုံနှစ်ခုလုံးကို ရှဲ့‌ရှော၏ လက်ထဲသို့ ပစ်ထည့်ပေးလိုက်သည်။



ပျော့ပျောင်းသော အဝတ်စသည် မွှေးရနံ့သင်းသင်းဖြင့် သူ့ကို ထိုးနှက်သည်။ ရှဲ့ရှော ယသည် မျက်မှောင်ကြုတ်ပြီး သူ့ခြေထောက်ပေါ်ကျနေသော အထည်လုံးကို လှမ်းယူလိုက်သည်။



သူ လှမ်းယူလိုက်သည်မှာ အနီရောင် ၀တ်စုံဖြစ်သည်။ သူ မလွှင့်ပစ်ခင်တွင် ယဲ့အန်းက ၀တ်စုံကို သူ့လက်ထဲမှ အမြန်ဆွဲယူလိုက်ပြီး အနီးနားရှိ တခြားတစ်ထည်ကို ကောက်ယူလိုက်သည်။



"ဒါဆို ရှင်က အနီရောင်အထည်ကို ကြိုက်တာပဲ။ အနီရောင်ကို ဝတ်ပြီးပဲ သွားကြတာပေါ့။"



သူမက ပြုံးပြီး ကျေနပ်စွာ လမ်းလျှောက်ထွက်ခွာသွားကာ ရှဲ့‌ရှောက မှင်ကဲ့သို့ မှောင်မိုက်လွန်းလှသည့် အမူအရာဖြင့် ထိုနေရာတွင် ထိုင်နေခဲ့သည်။



အဝတ်လဲခန်းသို့ ပြန်ရောက်ပြီးနောက် ယဲ့အန်းသည် အနီရောင်ဝတ်စုံကို ၀တ်ဆင်လိုက်သည်။ လန်းဆန်းပြီး တောက်ပသောအရောင်သည် မိုးရေထဲတွင်သီးနေသော ပန်းသီးအကျစ်ကဲ့သို့ မျက်စိကို စွဲလန်းစေသည်။



ခြေကျင်းဝတ်အထိ ဖုံးသောဝတ်စုံသည် သူမ၏ခါးနှင့်တသားတည်းဖြစ်နေပြီး သူမ၏ ကောက်ကြောင်းများကို ပေါ်လွင်စေသည်။ သူမ၏ အနုစိပ်သော ပခုံးရိုးများပေါ်တွင် ချည်နှောင်ထားသော ကြိုးပါးပါးလေးများက မျက်စိကို ဖမ်းစားနိုင်သည်။



အဝတ်လဲပြီးနောက် ယဲ့အန်းသည် အစွမ်းကုန်ကြိုးစားကာ မိတ်ကပ်လိမ်းခြယ်၍ ပတ္တမြားလက်ဝတ်ရတနာများဖြင့် သူမ၏အလှကို ပြီးပြည့်စုံစေသည်။



အခန်းတစ်ခုလုံး တောက်ပသွားပုံရသည်။



သူမ၏ လှပသော ကောက်ကြောင်းများသည် ပြောင်လက်သော မှန်၏မျက်နှာပြင်ပေါ်တွင် ထင်ဟပ်နေသည်။ ယဲ့အန်းသည် စကတ်အောက်ခြေပိုင်းကို ကိုင်ထားပြီး သူမ၏ ခန္ဓာကိုယ်ကို စောင်း၍ ကိုယ်ဟန်အနေအထားဖြင့် ပို့စ်ပေးသည်။ သူမ၏ ရှည်လျားသော ဆံပင်များသည် ရှေ့တွင် စုစည်းကာ သူမ၏ ညှပ်ရိုးများကို ဖုံးကွယ်ထားသောကြောင့် ၎င်းတို့ကို သဲသဲကွဲကွဲ မမြင်သာပေ။ သူမ၏ လက်ပြင်ကို ဖော်ထားသည်။



သူမ တစ်လှမ်းချင်း နီးကပ်လာသောအခါ သူမ၏ နားဆွဲများသည် လှုပ်ရှားမှုနှင့်အတူ ညင်သာစွာ လွှဲရမ်းပြီး အလင်းရောင်ကို ရောင်ပြန်ဟပ်နေသည်။ ကြွေထည်ကဲ့သို့ လှပသော မျက်နှာသည် မှန်ထဲတွင် ပေါ်လာသည်။ သူမ၏ တောက်ပသော မျက်လုံးများနှင့် နီမြန်းသော နှုတ်ခမ်းများသည် ဤစင်ကြယ်သော မိတ်ကပ် look တွင် ထင်ရှားနေသည်။



မျက်တောင်ရှည်ရှည်များဖြင့် မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်ပြုလုပ်ကာ ကျေနပ်စွာ ပြုံးလိုက်သည်။


 ……


စက္ကန့်အနည်းငယ်ကြာပြီးနောက် သူမကိုယ်ကို အထင်ကြီးနေမှုကို ရပ်လိုက်သည်။



ယဲ့အန်းသည် သူမ၏ ခမ်းနားသော အသွင်အပြင်ကို ထိန်းကာ အိပ်ခန်းထဲသို့ ပြန်သွား၍ မင်္ဂလာဆောင်ပြီးသည့်နောက် ကုတင်ဘေး စားပွဲအံဆွဲတွင် သိမ်းဆည်းထားသည့် မင်္ဂလာလက်စွပ်ကို ထုတ်ယူလိုက်သည်။



လက်စွပ်ကို ကောက်ကိုင်လိုက်ပြီး သူမရဲ့ ဘယ်ဘက်လက်သူကြွယ်ပေါ် မစွပ်ခင် စစ်ဆေးကြည့်ခဲ့သည်။



လက်စွပ်ကို ဝတ်ပြီးနောက် လက်ကို မြှောက်ကာ ကြည့်လိုက်သည်။



ထို့နောက် သူမ ပိုက်ဆံအိတ်ကို ဆွဲယူကာ အခန်းပြင်သို့ လှပစွာ ထွက်လာခဲ့သည်။



ရှဲ့‌ရှောသည် သူမ အဝတ်အစားလဲမပြီးခင်ကတည်းက အိပ်ခန်းမှ ထွက်၍ စာဖတ်ခန်းထဲသို့‌ ရောက်နေပြီးဖြစ်သည်။



ယဲ့အန်းသည် စာဖတ်ခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ အေးစိမ့်သောလေနုအေးက သူမပါးပြင်ကို စိမ့်ဝင်သွားပြီး ပြတင်းပေါက်မှ အရိပ်များ ဖျတ်ခနဲ ဝင်လာသည်။



ထိုလူသည် ဆိုဖာပေါ်တွင် အေးစက်သောအမူအရာဖြင့် ထိုင်နေပြီး လက်ရှိစိတ်အခြေအနေမှာ အလွန်ဆိုးရွားနေပုံပေါ်သည်။



ယဲ့အန်း၏ ၀တ်စုံသည် သူမ၏ ရှည်လျားသော ခြေတံများကို ပေါ်လွင်စေသည်။ သူ့ရှေ့တွင် ရပ်ပြီး သူ့ကို ငုံ့ကြည့်လိုက်သည်။



ကြမ်းပြင်ထိ ပြတင်းပေါက်များမှ အလင်းရောင်သည် တောက်ပနေပြီး မလှုပ်ရှားသော သဏ္ဌန်တစ်ခုကို ထင်ရှားနေစေသည်။ ယနေ့ သူသည် ရင်ဟိုက်ရှတ်အင်္ကျီအဖြူနှင့် အနက်ရောင် ဘောင်းဘီရှည်ကိုဝတ်ဆင်ထားသည်။ သူ၏ စိတ်နေစိတ်ထားသည် အေးစက်သော်လည်း မွန်မြတ်ပြီး ဒဏ္ဍာရီပုံပြင်များမှ ဆွေကြီးမျိုးကြီးတစ်ဦး၏ ခံစားချက်ကို ပေါ်လွင်စေသည်။



ဤလူသည် ရှုထောင့်တိုင်းမှ ပြီးပြည့်စုံပြီး မည်သည့်နေရာကိုမဆို ခေါ်ဆောင်သွားနိုင်သည်။သူဘာလို့ဒီအချက် ကို မမြင်နိုင်ရသနည်း။



ယဲ့အန်းက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ မူလက သူ့ကို အနှောက်အယှက် မပေးချင်သော်လည်း သူမကိုယ်တိုင် ထွက်သွားပါက၊ သူ၏ ကသောင်းကနင်း စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများ ဆက်လက်ဖြစ်ပေါ်နေနိုင်ဖွယ်ရှိသည်။



ခန့်မှန်း၍မရသော သခင်လေးကို အမှုဆောင်ရန် အလွန်ခက်ခဲလှသည်။



အဖိုး ရှဲ့နှင့် ရှဲ့ပိုင်ယန်၏ အကြံပြုမှုကို သတိရကာ ယဲ့အန်းသည် သူမ၏ စိတ်ရှည်မှုကို ဆက်ထိန်းထားခဲ့သည်။ "ရှင်ဘာတွေ စိတ်ဆိုးနေတာလဲ။ ဒီနေ့ ရှင့်ရဲ့မျက်လုံးဒဏ်ရာအကြောင်း ကျွန်မက မသိထား မလေ့လာထား သလိုပဲ၊ အိမ်ထောင်မပြုခင်ကတည်းက ဒီကိစ္စတွေကို ရှင်းရှင်း လင်းလင်း ရှင်းပြခဲ့ပြီးသားပါ။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ရှင့်ကို ကျွန်မက တစ်ကြိမ်တစ်ခါလောက် အထင်သေးအမြင်သေးပြီး နှိမ်ချဆက်ဆံခဲ့တာမျိုးရှိဖူးလား။ အဲဒါတွေကို ကျွန်မ ဂရုမစိုက်ဘူး။ ဒီအတွေးတွေကို ဘယ်ကရလာတာလဲ။”



သူ့အကြောင်းကို ပုံမှန်အတိုင်း ညည်းညူနေသကဲ့သို့ နောက်ဆုံးစကားတွင် သူမ၏ အသံသည် နိမ့်ဆင်းသွားသည်။ ရှဲ့‌ရှော၏ အေးစက်သော မျက်နှာပေါ်တွင် ခံစားချက်လှိုင်းလုံးများ လွှမ်းခြုံသွားသည်။



ယဲ့အန်းက ထပ်မေးလိုက်သည်။ “ကျွန်မ ရှင့်ကို နောက်ထပ် အခွင့်အရေး ပေးမယ်။ ရှင် ကျွန်မကိုလာကြိုချင်လား"



ရှဲ့‌ရှောက စကားမပြောသေးပေ။ သူ့မျက်တောင်တွေ ကျဆင်းသွားပြီး သူ့အမူအရာမှာ ဖတ်ရခက်သည်။ သူ့အတွေးတွေကို သူမ မခန့်မှန်းနိုင်ဖြစ်နေသည်။




ယဲ့အန်းက သူ့ကို ပထမဆုံး အပြင်ထွက်ခိုင်းသောအချိန်ကို ပြန်အမှတ်ရပြီး ထိုနည်းလမ်းအတိုင်း ထပ်လုပ်ရန် ဆုံးဖြတ်လိုက်သည်။



သူမသည် ရှေ့သို့ ခြေတစ်လှမ်းတိုး၍ သူ့ပေါင်ပေါ်တွင်ထိုင်လျက် သူ၏လည်ပင်းကို သွယ်လျသော လက်နှစ်ဖက်ဖြင့် ရစ်ပတ်ကာသိုင်းဖက်လိုက်သည်။



တစ်ချိန်က သူမ၏ ချီတုံချတုံ လှုပ်ရှားမှုများသည် လိုက်လျောညီထွေဖြစ်လာပြီး အတွေ့အကြုံရှိလာသည်။ ဟိုဟာ သည်ဟာ လုပ်ဖို့ သဘောတူရန် လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း သူမက သူ့ကို အကြိမ်ကြိမ်ချော့မြူခဲ့သည်။ သူမအရင်တုန်းကကဲ့သို့ မရှက်တတ်တော့ဘဲ အခု သူ့ကို ကျီစားရသည်ကိုပင် သဘောကျလာသည်။



သူက  ပိုအေးစက်လေ၊ သူမက ပို၍ကျီစားချင်လာလေဖြစ်သည်။



ယဲ့အန်း၏လက်များ ကျဥ်းမြောင်းလာပြီး သူ့အနားသို့ တိုးကပ်လာသည်။ သူမ၏ နီရဲသောနှုတ်ခမ်းပါး တွန့်ကွေးသွားပြီး နူးညံ့သောအသံဖြင့် “ရှင် တကယ်မလာဘူးလား”



ရှဲ့‌ရှောသည် အလိုလို မျက်မှောင်ကြုတ်သွားသည်။



ယဲ့အန်းသည် သူ့နှုတ်ခမ်းများကို စိုက်ကြည့်ကာ ပို၍ပင်နီးကပ်လာသည်။ သူမ၏ သွယ်လျသောလက်ချောင်းများက သူ့လည်ပင်းကို ညင်သာစွာနှင့် ဇွတ်အတင်း ပွတ်သပ်နေသည်။



"တစ်ခုခုပြောပါ…"



ခါတိုင်းကဲ့သို့ သူမကို အကြင်နာမဲ့စွာ တွန်းထုတ်ပစ်မည်ဟု သူမထင်ခဲ့သော်လည်း မူလ ဇာတ်ညွှန်းကို မလိုက်နာဘဲ ရုတ်တရက် သူမကို ပွေ့ဖက်မည်ဟု မည်သူသိပါလိမ့်မလဲ။



ယဲ့အန်း အေးခဲသွားသည်။



အထည်အလွှာက သူ့လက်ဖဝါးကြီးကို သူ့ခါးနဲ့ ပိုင်းခြားထားသည်။ အပူချိန်သည် မြင့်တက်လာပြီး သူမ၏ အရေပြားကို လောင်ကျွမ်းတော့မည်ကိုပင် စိုးရိမ်ရသည်။



လေထုက ခဏတာ ငြိမ်သက်သွားသည်။



ယဲ့အန်းသည် ဖြည်းညှင်းစွာ အသက်ရှူထုတ်လိုက်သည် သို့သော် သူမသည် ခေါင်းမှ ခြေဖျားအထိ တောင့်တင်းနေ၏။



သူမသည် အတွင်းစိတ်တွင် ထိတ်လန့်နေပြီး သူမ၏ အေးဆေးသော အပြင်ပန်းအသွင်အပြင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။


……


ရှဲ့‌ရှောသည် သူမအပေါ် လုံးလုံးစိတ်မဝင်စားသည့်အချက်ကို မကြာခဏဆိုသလို အားကိုး၍ သူ့အပေါ်အကွက်ရွှေ့ခဲ့သော်ငြား ယခုတော့... အခြေအနေသည် သူမ၏ မျှော်လင့်ချက်မှ လုံးဝ ကွဲပြားသွားခဲ့ပြီဖြစ်သည်။



သူဘာလုပ်နေတာလဲ။ သူ့ဦးနှောက်မှာ တစ်ခုခုမှားနေပြီလား။



အေးစက်သော မျက်နှာသည် ချဉ်းကပ်လာပြီး သူမ၏ထိတ်လန့်နေသော မျက်လုံးများတွင် ထင်ဟပ်နေသည်။



ရှဲ့ရှောက သူ့လက်ကို သူမခါးတွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး သူမကို နမ်းချင်သကဲ့သို့ သူမ၏ မွှေးရနံ့ဆီသို့ ချဥ်းကပ်သွားသည်။



သူ့နှုတ်ခမ်းများသည် အနည်းငယ် ဖိပိတ်ထားပြီး သူမ၏နှုတ်ခမ်းနှင့် မလှမ်းမကမ်းတွင်သာ ရှိနေသည်။



သူ၏ ရှည်လျားသော မျက်တောင်များနှင့် မှန်းမရသော အတိမ်အနက်ကို သူ့မျက်လုံးထဲတွင် မြင်လိုက်ရသည်။



သူ၏အသက်ရှုသံများက သူမ၏ အရေပြားတလျှောက်လုံး ပျံ့လွင့်လာပြီး သူ့လက်ဖဝါးကြီးများက ပိုးသားထည်ကို အထက်သို့ ဖြည်းညှင်းစွာ ရွေ့လျားလိုက်သည်။ ယဲ့အန်း၏ ခန္ဓာကိုယ်အနှံ့ တွင် ထူးဆန်းသော ခံစားချက်တစ်ခု ပျံ့နှံ့သွားသည်။



သူမ နှလုံးသားသည် တဒိန်းဒိန်းခုန်လာသည်။



ယဲ့အန်းသည် ရုတ်တရက် အသိဝင်လာကာ ခုန်ထလိုက်ပြီး သူ့ကို တွန်းထုတ်လိုက်သည်။



နားရွက်နီနီနှင့် ပျာယာခတ်နေသော အမူအရာဖြင့် သူမက အားပါပါပြောလိုက်သည်။ “ရှင် မလာရင်လည်း ကိစ္စမရှိဘူး! ရတယ် ကျွန်မ ဖာသာကျွန်မ သွားလိုက်တော့မယ်!"



သူမ ပြောစရာရှိသည်ကို ပြောပြီးသည်နှင့် အိမ်အပြင်သို့ လှည့်ထွက်ပြေးသွားသည်။



ရှဲ့‌ရှော၏ လက်များသည် ဗလာဖြစ်သွားပြီး ကျန်ရစ်သောရေမွှေးများသည် အမှောင်ထဲတွင် ပျံ့လွင့်သွားသည်။



သူ၏အမူအရာက မပြောင်းလဲသော်လည်း သူ့လက်ချောင်း သွယ်သွယ်လေးများက ကွေးသွားကာ သူ့ခြေထောက်ပေါ် ပြုတ်ကျသွားသည်။



အခန်းသည် တိတ်ဆိတ်နေပြီး အရိပ်များက ပြတင်းပေါက်များ တစ်လျှောက် ကခုန်နေသည်။



အချိန်အနည်းငယ်ကြာပြီးနောက် ရုတ်တရက် သူ့အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။