အပိုင်း ၁၉
Viewers 632

ဂုဏ်မြင့်သူရယ်


အပိုင်း ၁၉





ယဲ့အန်းသည် အိမ်မှထွက်ကာ ကားပေါ်ရောက်သည်အထိ စိတ်မတည်ငြိမ်နိုင်သေးပေ။ သူမ၏ နှလုံးသားသည် မရပ်မနား တုန်လှုပ်သွားခဲ့သည်။



သူမ၏ပါးပြင်သည် ခဏတာမျှ နီမြန်းနေပြီး သူမစိတ်ကို ငြိမ်သက်သွားစေရန် ထိုင်ခုံပေါ်တွင် မှီချလိုက်သည်။ သူမသည် လက်ထပ်လက်စွပ်ကို လက်ညှိုးပေါ်တွင် လှည့်နေကာ ညည်းညူ တွေးတောလိုက်သည်။



ဤလူသည် ဤမျှမြန်ဆန်သော လုပ်ရပ်များကို မည်သို့ပြောင်းလဲသွားနိုင်သနည်း။



သူမက ပြတင်းပေါက်မှ အပြင်ဘက်လောကသို့ လှမ်းကြည့်သည်။ သူမရဲ့ အကြည့်များသည် အာရုံစူးစိုက်မှု မရှိတော့ဘဲ သူမ၏အတွေးများကို ဘယ်သူမျှ မှန်းဆနိုင်မည်မဟုတ်။



အလှမ်းဝေးသော နေမင်းကြီးသည် အနောက်ဘက်သို့ နိမ့်ဆင်းပျောက်ကွယ်သွား၏။ ရွှေဝါရောင် ရောင်ခြည်များသည် ပန်းများနှင့် သစ်ပင်များကြားမှတဆင့် ဖြတ်သန်းထိုးဖောက်လာပြီး သာယာလှပသော ရှုခင်းကဲ့သို့ တောက်ပသော အလင်းရောင်ကို ရရှိစေသည်။



စားသောက်ဆိုင်သို့‌ ရောက်သောအခါ ည မိုးချုပ်နေပြီဖြစ်သည်။



ကြယ်များသည် ညဦးကောင်းကင်ယံ၌ မှိန်ဖျော့စွာလင်းလက်နေ၏။



ယဲ့အန်းသည် ကားထဲမှထွက်ရန် တံခါးကိုတွန်းဖွင့်ပြီးနောက် သူမရှေ့တွင် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော စားသောက်ဆိုင်အမည်ကို လှမ်းကြည့်လိုက်သည်။ တောက်ပသော အရောင်အသွေးများက သူမ၏ အကြည့်ထဲသို့ တိုးဝင်လာသည်။



သူမ၏ဆံပင်ကို ပခုံးအနောက်သို့ ပင့်တင်လိုက်ပြီး သူမ၏အသွင်အပြင်ကို သပ်သပ်ရပ်ရပ် ဖြစ်စေသည်။ သူမ မေးစေ့ကို မြှောက်လိုက်ပြီး နောက်ကျောကို တည့်တည့်မတ်မတ်ထားကာ ယုံကြည်မှုအပြည့်နှင့် ရှေ့သို့ လျှောက်လှမ်းလိုက်သည်။



သူမ၏ စကတ်အနားသည် ညအခါ၌ မီးညွန့်ကို လေကတိုးဝှေ့တိုက်ခတ်သကဲ့သို့ မျက်လုံးများကို ဖမ်းစားသွားသည်။



သီးသန့်ခန်းအတွင်းတွင် စတူဒီယို၏ ဝန်ထမ်းအများစုရောက်နှင့်နေပြီး စားပွဲတစ်လုံးတွင် ထိုင်ကာ စကားပြောရင်း ရယ်မောနေကြသည်။ တစ်ချို့က အရက်ပင် စငှဲ့ပေးနေကြပြီဖြစ်သည်။



ယဲ့အန်းသည် ကြမ်းပြင်ကို ထိတွေ့ကျရောက်သော ဒေါက်ဖိနပ်သံနှင့်အတူ ဝင်ရောက်လာကာ တံခါးဝဆီသို့ အကြည့်များစွာကို ဆွဲဆောင်လိုက်သည်။



သူမ၏ နူးညံ့သိမ်မွေ့၍ မိန်းမဆန်သော အသွင်အပြင်သည် သူမ၏ လှုပ်ရှားမှုများနှင့် ညင်သာစွာ လွှဲရမ်းနေသော ၀တ်စုံဖြင့် ပေါ်လွင်နေသည်။ သူမရဲ့ လှပတဲ့ မျက်နှာလေးက အားလုံး၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။



ယဲ့အန်းသည် အနည်းငယ် ပြုံးကာ သူတို့ထံ ချဉ်းကပ်လာပြီး ရှန်းချွမ်ကို နှုတ်မဆက်မီ ရှီရွှမ်းရွှမ်း အနားရှိ ထိုင်ခုံအလွတ်တစ်ခုတွင် ဝင်ထိုင်လိုက်သည်။



အားလုံး တိတ်ဆိတ်သွားကြသည်။



ရှန်းချွမ်သည် သူမ၏ စူးရှတောက်ပသော အသွင်အပြင်ကို မြင်လိုက်ရပြီး သူ့မျက်နှာတွင် စိတ်ရှုပ်ထွေးနေသည့် အရိပ်အရောင်များ ရောပါနေသည်။ သူမ ဘာလုပ်ချင်မှန်း သူ မခန့်မှန်းနိုင်ဖြစ်နေသည်။



ရှီရွှမ်းရွှမ်းသည် သူမ၏ ပုံမှန်မဟုတ်သော စိတ်နေစိတ်ထားကို သတိပြုမိသောကြောင့် သူမသည် ယဲ့အန်းထံ ချဉ်းကပ်ကာ စိတ်လှုပ်ရှားစွာ ခပ်တိုးတိုးပြောသည်။ "ဒီနေ့ သတင်းတစ်ခုခု ကြေငြာမလို့လား"



ယဲ့အန်းသည် မော့ကြည့်ကာ စကားတစ်ခွန်မှမပြောဘဲ ပြုံးပြလိုက်သည်။



ကြွရောက်လာကြသော လူအများစုသည် အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသော စွပ်စွဲမှုများကို တီးတိုးပြောဆိုနေကြပြီး သူမကို တွေ့လိုက်သောအခါ ဝေဖန်သောအကြည့်များ အပြန်အလှန်ဖလှယ်ကြသည်။



ယဲ့အန်းသည် လူများ၏တုံ့ပြန်မှုကို တစ်ချက်အကဲခတ်လိုက်စဥ် သူမ၏ တစ်ဖက်ခြမ်းတွင် ထိုင်နေသည့် မိန်းကလေးနှစ်ယောက်ဆီတွင် ခေတ္တရပ်သွားသည်။



မနေ့တနေ့က သန့်စင်ခန်းထဲတွင် သူမအကြောင်း အတင်းပြောနေကြသော မိန်းကလေးနှစ်ယောက်ဖြစ်သည်။



ထိုကောင်မလေးနှစ်ယောက်က သူမ၏မျက်လုံးအကြည့်ကိုရှောင်လိုက်ပြီး အနည်းငယ်စိတ်မသက်မသာဖြစ်နေပုံရသည်။



ယဲ့အန်းသည် သူမ၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး သူမ၏ ၀တ်စုံ၏ အနားကွပ်ကို ဆန့်ထုတ်လိုက်သည်။



"အန်အန်း၊ မမ ရဲ့ဝတ်စုံက အရမ်းလှတာပဲ!" ကလေးမျက်နှာနှင့် ညီမငယ်တစ်ဦးသည် သူမ၏ဝတ်စုံကို သဘောကျကာ ချီးကျူးသည်။



သူမဘေးကလူက တခစ်ခစ်ရယ်ပြီး “လှတဲ့သူတွေက ဘာဝတ်ဝတ် လှပါတယ်။ မဟုတ်ရင် သူက ငါတို့စတူဒီယိုရဲ့မျက်နှာဖုံး ဘယ်လိုဖြစ်နိုင်မှာလဲ"



မိန်းကလေးက သူ့ကို လှည့်ကြည့်သည်။ "သူ မလှဘူးလို့ ကျွန်မ မပြောမိပါဘူး! ရှင် ဘာလို့ အဲ့လိုပြောနေတာလဲ"



ထိုလူသည် ချက်ချင်းလက်ယာလက်ကိုမြှောက်ကာ ခွင့်လွှတ်မှုကို တောင်ခံသည်။ “ကျွန်တော်မှားသွားပါတယ်ဗျာ၊ တောင်းပန်ပါတယ်! ပါးစပ်ပိတ်ထားပါ့မယ်!"



အခန်းထဲတွင် ချက်ခြင်း ရယ်မောသံ ထွက်ပေါ်လာသည်။



ယဲ့အန်းလည်း ပြုံးလိုက်သည်။ ဆံပင်ကို ပြုပြင်ပြီး ရှက်သောအမူအရာနှင့် “မင်း အဲ့လိုထင်လား။ ကျွန်မရဲ့ခင်ပွန်းက ဒီဇိုင်နာတစ်ယောက်ဆီမှာ ကျွန်မအတွက် သူ့စိတ်ကြိုက်ချုပ်ပေးထားတာလေ။”



ရယ်မောသံသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။ ရေသောက်သောသူတို့သည် ဆို့တစ်သွားကြ၏။



ရှန်းချွမ်လည်း ထိတ်လန့်သွားပြီး သူမကို လှမ်းကြည့်လိုက်သည်။



စားပွဲဝိုင်းရှိလူများထဲတွင် ရှီရွှမ်းရွှမ်းက အရာအားလုံးကို သိသော တစ်ဦးတည်းသောသူဖြစ်သည်။



"ခင်ပွန်း? မမက လက်ထပ်ပြီးပြီလား" နောက်ဆုံးမေးခွန်းသည် အံ့အားသင့်နေသော ကလေးမျက်နှာနှင့် ညီမငယ်လေးဆီမှ ထွက်လာသည်။



“ဒါပေါ့ ”ယဲ့အန်းသည် သူမ၏ အနီရောင်နှုတ်ခမ်းများကို ဖိပိတ်လိုက်ပြီး စားပွဲပေါ်ရှိ တောက်ပသော နေရာကို ဘယ်ဘက်လက်ကို အသာအယာ တင်ထားလိုက်သည်။ သူမ၏ အခြားလက်တစ်ဖက်က လက်သူကြွယ်ပေါ်ရှိ လက်စွပ်ကို အသာအယာ လိမ်ကျစ်နေသည်။



သူမ၏ လက်ဆယ်ချောင်းသည် တောက်ပသောအလင်းရောင်အောက်တွင် သေးသွယ်ပြီး အနုစိပ်လှသည်။ သူမ၏ လက်ချောင်းတွင် ရစ်ပတ်ထားသော လက်စွပ်သည် ထူးထူးခြားခြား လှပနေပြီး မြုပ်နှံထားသော စိန်များသည် အလင်းရောင်ကို ရောင်ပြန်ဟပ်ကာ အမြင်အာရုံကို ဖမ်းစားနေသည်။



သူမ၏ ထက်မြက်သော ဟန်ပန်ကြောင့် လူတိုင်း မျက်စိမှောက်သွားကြသည်။



“နှစ်သစ်ကူးတုန်းက မမအန်အန်းကို ဘာလို့ single လို့မှတ်မိနေတာလဲမသိဘူး။ ကျွန်မပဲ အမှတ်မှား သွားသလား" တစ်စုံတစ်ယောက်က ပြောင်ပြောင်တင်းတင်းမေးလိုက်သည်။



ရှန်းချွမ် အံ့အားသင့်နေရာမှ အသိပြန်လည်လာပြီး မေးခွန်းထုတ်ပြန်သည်။ "အဲ့ဒါက ဘယ်တုန်းက ဖြစ်ခဲ့တာလဲ၊ မင်းပြောတာကို ငါတို့ ဘာလို့ မကြားရတာလဲ"



ယဲ့အန်းက အနည်းငယ် ပြုံးပြလိုက်သည်။ "ဟိုတစ်လောလေးက အလုပ်က ရက်ရှည်အနားယူခဲ့တယ် မဟုတ်လား? အဲဒီ့အချိန်တုန်းကပေါ့။”



လူတိုင်းသည် ထိုကဲ့သို့ ပြင်းထန်သော သတင်းများကို ချေဖျက်ရန် အချိန်အတော်အကြာ ယူခဲ့ရသည်။ တိတ်တိတ်နေရန် ယခင်ရွေးချယ်ခဲ့သော အမျိုးသားက ဝမ်းနည်းစွာ သက်ပြင်းချသည်။ "ငါ့မှာ အခွင့်အရေးမရှိတော့ဘူး ထင်တယ်!"



တစ်စုံတစ်ယောက်သည် ရုတ်ချည်းပင် ထပ်လောင်းပြောသည်။ "မင်းအရင် အခွင့်အရေးရှိခဲ့တယ်လို့ မင်းဆိုလိုတာလား!"



လူတိုင်း ရယ်မောကြပြန်သည်။



လေထုသည် ပြန်လည်အသက်ဝင်လာပြီး စောစောက ညီမငယ်လေးသည် ယဲ့အန်း၏ လက်ချောင်းပေါ်ရှိ လက်စွပ်ကို မနာလိုအားကျစိတ်ဖြင့် ကြည့်နေသည်။ "မမ ရဲ့ လက်ထပ်လက်စွပ်က အရမ်းလှတာပဲ!"



ယဲ့အန်းသည် အောက်ကိုငုံ့ကြည့်ကာ နှုတ်ခမ်းကိုစိ၍ ပြုံးလိုက်သည်။ “ကျွန်မခင်ပွန်းက အဲဒါကို သူကိုယ်တိုင်ရွေးပေးထားတာလေ။ ဒီဇိုင်နာက တချို့ ဖောက်သည်တွေဆီကပဲ အော်ဒါကို လက်ခံတာ။ မင်းလိုချင်ရင် မမ မင်းကို မိတ်ဆက်ပေးလို့ရပါတယ်။"



မိန်းကလေးက ချက်ချင်းဆိုသလို ခေါင်းယမ်းလိုက်သည်။ “ကျွန်မက မေးရုံမေးကြည့်တာပါ၊ သေချာပေါက်ကို ဈေးကြီးမှာ..."



ယဲ့အန်းက ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေသည်။ “ဒါက အဲ့လောက်ဈေးမကြီးပါဘူး။ သန်းအနည်းငယ်ပဲရှိတယ်။”



လူတိုင်း - "…"



သန်းအနည်းငယ်ပဲရှိတယ်၊ ဟားဟား။



ခေါင်းစဥ်နှင့်ပတ်သက်ပြီး တစ်စုံတစ်ယောက်က စပ်စပ်စုစု မေးခွန်းထုန်ပြန်သည်။ "အန်အန်း ယ၊ မင်းနဲ့ မင်းရဲ့ခင်ပွန်း ဘယ်လိုစတွေ့ခဲ့ကြတာလဲ" 



ယဲ့အန်းက ပေါ့ပါးစွာ ဖြေခဲ့သည်။ “ဇာတ်လမ်းက သိပ်ပြီး စိတ်ဝင်စားစရာ မရှိဘူး။ မြင်မြင်ချင်း ချစ်မိသွားတာပါပဲ…”



"မြင်မြင်ချင်းချစ်မိသွားတယ်? အိုး၊ ဘယ်လောက် ကြည်နူးစရာကောင်းလိုက်လဲ။ သူက ရုပ်ရည်ရော ချောရဲ့လား?"



ယဲ့အန်းသည် ရှီရွှမ်းရွှမ်းကို စားပွဲအောက်တွင် တိတ်တဆိတ်တို့ကာ မျက်စိတစ်ဖက်မှိတ်ပြရင်း ယဲ့အန်းက ရယ်မောလိုက်သည်။



ရှီရွှမ်းရွှမ်းက အေးခဲသွားသော်လည်း အမြန်အသိကပ်လိုက်သည်။ စိတ်လှုပ်ရှားနေသော အမူအရာနှင့် သူမက “သူ့ခင်ပွန်းကို တွေ့ဖူးတော့ ငါက ဖြေနိုင်တယ်။ သူက မဂ္ဂဇင်းထဲက မော်ဒယ်တွေလိုပဲ အရပ်ရှည်ပြီး ချောတယ်။ ကျောက်စိမ်းလို သဘာဝအတိုင်း ကြည့်ကောင်းပြီး ယုံကြည်မှုရှိပြီးတော့ သူက ဆွေကြီးမျိုးကြီးတွေထဲက တစ်စိတ်တစ်ပိုင်းဖြစ်ပြီးတော့ အခြားသူတွေကို အလိုလိုက်တတ်တယ်။ သူက အန်အန်းကို တကယ် ကောင်းကောင်း ဆက်ဆံတယ်။ Brilliant Dreams နဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း သူ့ခင်ပွန်းရဲ့ အကူအညီကြောင့်ပါပဲ...။”



သူမသည် ဤစကားများကို ကြည်နူးစွာ ပြောလိုက်သည်။



ယဲ့အန်းက ပြုံးပြီး တွေးလိုက်သည် - အရပ်ရှည်ပြီး ချောမောတဲ့ အစိတ်အပိုင်းကတော့ အမှန်ပါပဲ၊ ဒါပေမယ့် သူတပါးကို ဘယ်လို အလိုလိုက်ရမှန်း မသိရင်တောင် အဲဒီနေ့ကို မြင်နေရဖို့ အသက်ရှင်နေပါ့မလား မသေချာဘူး။



ဒါကိုကြားတော့ ရှန်းချွမ်က ဒီည ဘာကြောင့် ဒီလိုဇာတ်ကွက်မျိုးကို ဖန်တီးခဲ့လဲဆိုတာ နောက်ဆုံးတော့ နားလည်သွားခဲ့သည်။



သူမသည် ကောလဟာလများကို အစမှ ဖယ်ရှားပစ်တော့မည်။



သို့သော်… သူ့ခင်ပွန်းက ယွမ်ဟဲကို ကိုယ်တိုင်ကိုယ်ကျ လာတွေ့ခိုင်းနိုင်သည်။ အဲဒါဘယ်သူလဲ?



ကျန်ရှိသောညသည် အခြေခံအားဖြင့် ယဲ့အန်း၏ လက်ထဲတွင်ရှိသည်။ သူမသည် ချမ်းသာသောမိသားစုတွင် အိမ်ထောင်ကျကြောင်းကို သိရှိပြီးနောက်၊ ယခင်က သူမအကြောင်း အတင်းအဖျင်း ပြောနေသူများသည် ယဉ်ကျေးသိမ်မွေ့စွာ လှိုက်လှိုက်လှဲလှဲ ဆက်ဆံခဲ့ကြသည်။



ယဲ့အန်းသည် စိတ်မပျက်ဘဲ ၎င်းတို့နှင့် လိုက်လျောညီထွေ ဆက်ဆံခဲ့သည်။ သို့သော်၊ သူမသည် သွယ်ဝိုက်၍သော် လည်းကောင်း တည့်တည့်သော်လည်းကောင်း မက်ဆေ့ချ်ပေးခဲ့သည် - သူမသည် ချမ်းသာပြီး ချောမောသောခင်ပွန်းနှင့် လက်ထပ်ခဲ့သည်။ မပြောနိုင်သော ဆက်ဆံရေး ကောလာဟလအားလုံးသည် အဓိပ္ပာယ်မရှိပေ။



ခွက်များမှထွက်ပေါ်လာသော ကြည်လင်သော အသံသည် ပျော်ရွှင်ရယ်မောသံများနှင့် ရောနှောကာ ပျော်ရွှင်မှုအသံလှိုင်းများက အဝေးသို့ လွင့်ပျံ့သွားခဲ့သည်။



စားသောက်ပြီးနောက် လူတိုင်းက ကာရာအိုကေဘားကို သွားရန် စိတ်အားထက်သန်စွာ တောင်းဆိုခဲ့ကြသည်။



ယဲ့အန်းသည် အရက်ကြောင့် အနည်းငယ် မူးနေသဖြင့် ထရပ်ကာ ဖုန်းကို စစ်ဆေးရန် ဟန်ဆောင်၍ “ကျွန်မခင်ပွန်းက ကျွန်မကို စောစောပြန်ဖို့ စာပို့ထားတယ်။ ကျွန်မ ဒီည မလိုက်တော့ဘူး၊ အားလုံးပဲ ဆက်ပျော်ကြပါ"



တစ်စုံတစ်ယောက်က “မမ အန်အန်း မင်းက ခွေးစာတွေကို လူရှေ့သူရှေ့မှာ ဖြန့်နေတာ။”



(ခွေးအစားအစာ - PDA အတွက် ဗန်းစကား။)



ယဲ့အန်းက ပြုံးလိုက်ပြီး ရှန်းချွမ်ကို လှည့်ပြီး "ဒါဆို ကျွန်မ သွားတော့မယ်"



ရှန်းချွမ်လည်း အနည်းငယ် သောက်ထားသောကြောင့် သူ့မျက်နှာက နီမြန်းနေသည်။ အိတ်ကပ်ထဲမှ စီးကရက်ဗူးကို ထုတ်လိုက်ပြီး "ဒါဆို အတူတူ အပြင်ထွက်ရအောင်" လို့ ပြောလိုက်သည်။



စားသောက်ဆိုင်မှ ထွက်လာသည့်လမ်းတွင် လူတိုင်းက ရယ်မောကာ နောက်ပြောင်နေကြသည်။ လှေကားထစ်များမှ မဆင်းမီတွင် အနီးနားတွင် ရပ်ထားသည့် Maybach ကားတစ်စီးကို တွေ့လိုက်ရသည်။



လူတိုင်းရဲ့ အာရုံကို ဆွဲဆောင်လိုက်သည်။



ကားအတွင်းမှ မီးအလင်းရောင်သည် မှိန်နေသောကြောင့် အထဲတွင် တစ်စုံတစ်ယောက် ရှိမရှိကို မသိနိုင်ပေ။



"ကျွန်မ ခင်ပွန်းက ကျွန်မကိုလာခေါ်တာ၊ တာ့တာ~"



ယဲ့အန်းက ပြုံးလိုက်သည်။ သူမသည် လက်ပြကာ လှည့်၍ ရှေ့သို့ လျှောက်သွားသည်။



စွဲမက်ဖွယ်ကောင်းသော မီးရောင်အောက်တွင် စူးရှတောက်ပသော အနီရောင်ရုပ်လေးသည် တစ်လှမ်းချင်း ထွက်ခွာသွားခဲ့သည်။ သူမ၏ ဒေါက်ဖိနပ်များက ပလက်ဖောင်းတစ်လျှောက် တစ်ဂွပ်ဂွပ်လျှောက်သွားပြီး ကော်ဇောနီပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ထင်ရသည်။



ဤပြောင်မြောက်သော နောက်ဆုံးမြင်ကွင်းသည် လူတိုင်း၏ မျက်လုံးထဲတွင် အောင်မြင်သော အထင်ကြီးမှုကို ချန်ထားခဲ့သည်။



ယဲ့အန်း၏ ယုံကြည်မှုသည် မြင့်မားနေပြီး သူမသည် တစ်ကြိမ်မျှ နောက်ပြန်လှည့်မကြည့်ခဲ့ပေ။ ကားထဲသို့ဝင်ပြီး တံခါးပိတ်သည်အထိ သူမစိတ်မလျှော့သေး။



မူးဝေနေသော ခေါင်းကို ထောက်ကာ ထိုင်ခုံပေါ်တွင် ခြေထောက်ကိုစင်းကာ သက်ပြင်းချလိုက်မိသည်။



လူတိုင်းရှေ့တွင် ကြွားဝါဟန်လုပ်ဖို့ရာ အမှန်ပင် ခက်ခဲလှသည်။



သူမအနားတွင် မည်သူမျှမရှိခဲ့ပေ။



ရှဲ့‌ရှော ရောက်မလာခဲ့ချေ။



ယဲ့အန်း၏ မျက်လုံးများတွင် စိတ်ပျက်သော အရိပ်အယောင် ပေါ်လာသည်။ သူမသည် ကားပြတင်းပေါက်ကို မျှော်ကြည့်ရာ စည်ကားနေသော ညမြင်ကွင်းနှင့် မှိတ်တုတ်မှိတ်တုတ် မီးရောင်များကို မြင်ရသည်။



ခဏအကြာ၊ သူမသည် ထိုင်ခုံပေါ်ပြန်မှီပြီး မျက်လုံးကိုမှိတ်လိုက်သည်။



ကားသည် အဝေးပြေးလမ်းမကြီးပေါ်တွင် မောင်းနှင်လာစဉ်၊ ရုပ်ရှင်တစ်ကားတွင် မှိတ်တုတ်မှိတ်တုတ်ပြထားသည့် ရိုက်ကွက်များကဲ့သို့ မီးရောင်များ အရှိန်ပြင်းလာသည်။


 —–


အိမ်အပြန်လမ်းတွင် ယဲ့အန်းက နည်းနည်းအိပ်ခဲ့သည်။ ရောက်ရှိလာသောအခါ ယာဉ်မောင်းက ယဲ့အန်းကို နှိုးလိုက်ပြီး စိတ်ရှုပ်ထွေးနေသည်။



သူမ ကားပေါ်မှ ဆင်းကာ အိမ်ထဲသို့ အပြေးလေးဝင်သွားခဲ့သည်။ ဝင်ဝင်ချင်းတွင် အနားယူတော့မည့် အန်တီ ကျိုးကို ဖြတ်သွားသည်။



"သခင်မလေး သောက်လာတာလား" အဒေါ် ကျိုး သည် သူမ၏ နီမြန်းနေသော မျက်နှာနှင့် ဒယိမ်းဒရိုင် လျောက်လာသည်ကို မြင်လိုက်ရသောကြောင့် သူမကို ကူတွဲရန် ခြေလှမ်းပြင်လိုက်သည်။



"ရပါတယ်...!" ယဲ့အန်းသည် ခက်ခက်ခဲခဲဖြင့် မတ်မတ်ရပ်နေရသည်။ "ကျွန်မ ကားထဲမှာ အကြာကြီးအိပ်နေတာ၊ ပြီးတော့ နည်းနည်းမူးနေတယ်"



"ကျွန်မ သခင်မလေးကို အမူးပြေစေဖို့အတွက် ဟင်းချိုချက်လိုက်မယ်"



အန်တီ ကျိုးက စိတ်မသက်မသာဖြစ်သောကြောင့် မီးဖိုချောင်ဘက်သို့ ဦးတည်လိုက်သည်။ သို့သော် ယဲ့အန်းက သူမကို တားလိုက်သည်။ “မဟုတ်ဘူး ကျွန်မအဆင်ပြေပါတယ်၊ နောက်မှ လက်ဖက်ရည်တစ်ခွက် ဖျော်သောက်လိုက်မယ်-” သူမက အပေါ်ထပ်ကို မော့ကြည့်လိုက်သည်။ "ကျွန်မထွက်သွားပြီးတော့ ဘာမှမဖြစ်ဘူးမဟုတ်လား"



သူမ စကားကို ရှင်းရှင်းလင်းလင်း ပြောတာကို မြင်လိုက်ရပြီး အန်တီ ကျိုးက ဇွတ်အတင်း မတိုက်တွန်းတော့ဘဲ “ဘာမှမဖြစ်ပါဘူး၊ အားလုံးအဆင်ပြေပါတယ်” လို့ ပြန်ဖြေလိုက်သည်။



ယဲ့အန်းက ခေါင်းညိတ်လိုက်ပြီး အပေါ်ထပ်သို့တက်ရန် စီစဉ်လိုက်သည်။



အန်တီ ကျိုးက ခေတ္တရပ်လိုက်ပြီး တစ်စုံတစ်ခုကို ရုတ်တရက် ပြန်သတိရသွားသည်။ “အိုး ဟုတ်သားပဲ။ သခင်လေးက ညစာစားပြီးတာနဲ့ တံခါးဝမှာ ခဏရပ်ပြီး အပြင်ထွက်ချင်ရင် ဘယ်အချိန်ရှိပြီလဲ လို့ မေးတယ်။”



ယဲ့အန်းက အနည်းငယ် လျှော့ရသွားသည်။ သူ တုံ့ဆိုင်းနေခဲ့တာလား?



သူမက အဲဒါကို နည်းနည်းထပ်စဉ်းစားသည်။ သူ ဆုံးဖြတ်ပြီးပြီဆိုရင် သူဘာကြောင့် လုပ်ရပ်တွေကို ဆက်မလုပ်ခဲ့တာလဲ။ အရွယ်ရောက်ပြီးသူတစ်ယောက်အတွက်၊ သူသည် အလွန်အမင်း မပြတ်မသားဖြစ်လွန်းသည်။



ယဲ့အန်းသည် လှေကားထစ်ကို ပျော်ရွှင်စွာ တက်လှမ်းရင်း မှုန်ကုပ်ကုပ် ပြုံးလိုက်သည်။



ဧည့်ခန်းမှ အိပ်ခန်းဆီသို့ လျှောက်သွားသောလမ်းကို တောက်ပစွာ မီးထွန်းထားသည်။



ရှဲ့ရှောသည် သူ့အကြိုက် ဆိုဖာပေါ်တွင် ထုံးစံအတိုင်း သူ့မျက်နှာ၌ ဘာအမူအရာမှ မရှိဘဲ ထိုင်နေသည်။



ယဲ့အန်းက သူ့ကိုကြည့်ကာ ရယ်မောလိုက်သည်။ "ရှင်ဒီလိုထိုင်နေရင် ပူဆွေးနေတဲ့ ဇနီးသည်ရုပ်တုနဲ့ တူနေတယ်ဆိုတာ ရှင်သိလား"



သူမသည် ရှေ့သို့ တိုးသွားပြီး သူ့ပခုံးပေါ် သို့လက်ကို တင်လိုက်သည်။



ဝိုင်နံ့က သူ့ရေမွှေးရနံ့များနှင့် ရောစပ်ကာ ပျံ့လွင့်နေသည်။ သူက မျက်မှောင်ကြုတ်ပြီး ခေတ္တဆိုင်းငံ့လိုက်သည်။ "မင်း အရမ်းမူးလာတာလား"



ယဲ့အန်းသည် သူမထိုင်နေစဉ် သူ့ပခုံးပေါ် လက်တစ်ဖက်ကို အုပ်ထားသည်။ သူမက “နည်းနည်း”ဟု လက်ဟန်ပြပြီး ခေါင်းကိုစောင်းလိုက်သည်။ "ကျွန်မ အဆင်ပြေပါတယ်၊ ပုံမှန်ထက် နည်းနည်းလေးပဲ ပိုတာပါ။"



အလင်းရောင်သည် သူမ၏မျက်နှာပေါ်တွင် တောက်ပနေပြီး သူမ၏ နှင်းဆီရောင်စုံ ပါးပြင်များကို ထင်ရှားစေသည်။



ရှဲ့‌ရှော၏ မျက်မှောင်ကြုတ်မှုက ပို၍ပင် သိသာလာသည်။



ယဲ့အန်းသည် သူ့ကို ညင်သာစွာ မှီ၍ တောက်ပ၍  ပြူးကျယ်သော မျက်လုံးများဖြင့် သူ့ကို စူးစူးစိုက်စိုက် ကြည့်နေသည်။



သူ့မျက်ခုံးများကို ပွတ်သပ်ရန် လက်တစ်ဖက်ကို ရုတ်တရက် ဆန့်ထုတ်လိုက်သည်။ "ရှင် စိတ်ဆိုးနေသေးလားဟင်"



သူမ၏ လက်ချောင်းထိပ်များ နီးကပ်လာသည်နှင့်အမျှ ရှဲ့‌ရှောသည် ၎င်းတို့ကို မသိစိတ်မှ ရှောင်သွားပြီး ဖမ်းကိုင်ရန် သူ့လက်ကို မြှောက်လိုက်သည်။



သူ့လက်ဖဝါးက မာကျောတဲ့ အရာဝတ္ထုတစ်ခုကို ဖမ်းယူလိုက်မိသည်။ တစ်စက္ကန့်မျှ ခေတ္တရပ်လိုက်ပြီး ၎င်းသည် သူမ၏ လက်ထပ်လက်စွပ်ဖြစ်ကြောင်း နားလည်သွားသည်။ 



သူမက လက်ထပ်လက်စွပ်ကို ဝတ်သွားခဲ့တာလား။



ယဲ့အန်းက သူမကိုဖမ်းမိသောအခါ ရုန်းကန်ရန် မကြိုးစား‌တော့ချေ။ သူမ ပြုံးရုံသာ ပြုံးကာ မျက်လုံးများ ကွေးညွတ်သွားသည်။ “စိတ်မဆိုးပါနဲ့၊ ရှင် ကျွန်မကို သီချင်းဆိုပြစေချင်လား"



ရှဲ့ရှောသည် သူမ အလွန်အမင်းမူးနေပြီဆိုတာ သေချာသွားသည်။ သူမလက်ကို ဂရုမစိုက်ဘဲ ဖယ်လိုက်ပြီး သူမကို လျစ်လျူရှုလိုက်သည်။



"ကျွန်မက သီချင်းဆို အရမ်းကောင်းတယ်၊ မလိမ်ဘူး..."



ယဲ့အန်းသည် သူ့ပခုံးကို ကိုင်ကာ ကတုန်ကရင်ဖြင့် အခြားအခန်းဆီသို့ လျှောက်သွားသည်။



ခဏအကြာတွင် သူမလက်ထဲတွင် ဂစ်တာတစ်လက်နှင့် ပြန်လာခဲ့သည်။ ကြမ်းပြင်ပေါ်တွင် ခွေးခြေ သို့မဟုတ် ကူရှင်များ မရှိသောကြောင့် သူမသည် ဖိနပ်ချွတ်လိုက်ကာ ဆိုဖာပေါ်တွင် ထိုင်နေသည့် ရှဲ့‌ရှော၏ ဘေးတွင် ဝင်ထိုင်ခဲ့သည်။



သူမ ၀တ်စုံ၏ အောက်ခြေသည် သူမဘေး၌ ကြမ်းပြင်ပေါ်တွင် ဖြန့်ခင်းထားသည်။ သူမသည် ဂစ်တာကိုကိုင်ကာ ကြိုးများကိုဆွဲကာ တီးခတ်နေချိန်တွင် ခေါင်းအနည်းငယ် လိုက်စောင်းသွားသည်။



ညအမှောင်တွင်၊ ညင်သာသော အလင်းရောင်သည် သူမအား တောက်ပသော အလင်းရောင်ကိုပေးစွမ်းပြီး filters များစွာကို အသုံးပြုထားသကဲ့သို့ သူမ၏ အသွင်အပြင်များကို မရေရာနိုင်အောင် ဖြစ်စေသည်။



ရှဲ့ရှောသည် သူ့ရှေ့က မြင်ကွင်းကို ထုံးစံအတိုင်း မမြင်နိုင်သော်လည်း ဂစ်တာတီးသံနှင့် သူသိပ်မရင်းနှီးသော ငြိမ့်ညောင်းသော တေးသွားကို သူကြားလိုက်ရသည်။



တူရိယာ အစချီပြီးနောက်၊ အမျိုးသမီးတစ်ဦး၏ ပျော့ပျောင်းသော ညည်းသံသည် တိမ်ဝင်သွားသည်။



ညည်းသံ ရပ်သွားသောအခါတွင် သူမသည် သီချင်းစာသားကိုစတင်သီဆိုခဲ့သည်။ သူမ၏အသံသည် ကြည်လင်ပြီး ပေါ့ပါးနေသည်။



သူမ၏သီချင်းဆိုသံသည် နွေဦးရာသီ၏ စိမ်းလန်းစိုပြေသောရှုခင်းကို နေရောင်ခြည်ကတောက်ပစေသကဲ့သို့ လရောင်၏ မှိန်ပျပျ အလင်းရောင်သည် သူမ၏လက်ချောင်းထိပ်များပေါ်သို့ ကျရောက်နေသည်။ ၎င်းသည် ဆောင်းခိုနေသော တိရစ္ဆာန်အားလုံးကို ၎င်းတို့၏ နက်ရှိုင်းစွာ ငိုက်မျဉ်းခြင်းမှ နှိုးဆော်ပေးနိုင်သည်။



သီချင်းစာသားများသည် ပေါ့ပါးသော်လည်း အနုပညာဆန်ပြီး နုပျိုလန်းဆန်းမှုကို ပေါ်လွင်စေသည်။



ရှဲ့ရှောသည်ငြိမ်သက်စွာထိုင်နေသည်။ အမှောင်မှလွဲ၍ ဘာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း နွေဦးစိမ်းလန်းစိုပြေပြီး နွေးထွေးကြည်လင်သော ကောင်းကင်ကြီးကို စိတ်ကူးကြည့်နိုင်သည်။ အရေးအကြီးဆုံးအချက်မှာ ဖြာကျနေသော နေရောင်ခြည်အောက်တွင် ဖြည်းညှင်းစွာ ညည်း၍သီကျူးနေသော မိန်းကလေးဖြစ်သည်။



သူ၏နှလုံးသားထဲမှာ ခံစားချက်များ လှိုင်းထမ်းပိုးကြမ်းနေသည်။ သူတို့လက်ထပ်ပြီးကတည်းက သူမကို သူ့ဘဝအတွက် မရှိမဖြစ်ဟု မမှတ်ယူထားခဲ့ဘဲ သူမအကြောင်း ဘာကိုမျှ ဂရုစိုက်ခြင်းမရှိခဲ့ချေ။



သို့သော် ဒီအခိုက်အတန့်တွင် သူရုတ်တရက် သူမ ဘယ်လိုပုံစံလဲဆိုတာ သိချင်လာသည်။



ယဲ့အန်းသည် သူမ သီဆိုနေစဥ် မျက်တောင်များသည် နိမ့်ဆင်းလာပြီး အတိတ်အမှတ်တရများတွင် နှစ်မြုပ်နေသကဲ့သို့ စူးစိုက်ထားသည့် အမူအရာဖြင့် တီးခတ်နေသည်။



သူမ မရပ်နားမီ သီချင်းနှစ်ပုဒ်ဆက်တိုက် သီဆိုခဲ့သည်။ သူ့ဂစ်တာကို ကိုင်ပြီး ထရပ်ကာ သူက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ “ဘယ်လိုနေလဲ။ မဆိုးဘူး၊ ဟုတ်တယ်မလား?"



ရှဲ့ရှောသည် နှုတ်ဆိတ်နေပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။



ယဲ့အန်းသည် သူ၏ တိတ်ဆိတ်နေမှုကြောင့် စိတ်မဆိုးခဲ့ပေ။ သူမ ဂစ်တာကို ဂရုတစိုက်ချလိုက်ပြီး ရှဲ့ရှောဘက်သို့ လှည့်လိုက်သည်။



သူမသည် ရီဝေနေပုံရသော်လည်း မမူးပေ။ သူ့မျက်နှာမှာ နီမြန်းနေပြီး သူမသည်ဘေးမှ ပွေ့ဖက်ကာ သူ့ပခုံးကို မှီနေလိုက်သည်။



“ကျွန်မ ကောလိပ်တက်တုန်းက တချို့လူတွေက ကျွန်မဟာ ကမ္ဘာတစ်ဝှမ်းမှာ ရေပန်းစားတဲ့ အဆိုတော်တစ်ယောက် ဖြစ်လာမယ်လို့ ပြောကြတယ်။ တခြားသူတွေက ကျွန်မ ဖျော်ဖြေရေးနယ်ပယ်မှာ A-list celebrity ဖြစ်လာမယ်လို့ ပြောကြတယ်... ဒါပေမယ့် နောက်ဆုံးမှာတော့ အသံသရုပ်ဆောင် လုပ်ဖို့ ကုလားကာနောက်ကွယ်မှာပဲနေခဲ့တယ်။ ကျွန်မ အဲ့တာတွေ တစ်ခုမှမလုပ်ဖူးဘူး…”



“လမှာ လဆုတ် လကွယ်ရှိပြီး လူတွေမှာလဲ ကောင်းချီးမင်္ဂလာနဲ့ ကံဆိုးခြင်း နှစ်မျိုးလုံးရှိကြတယ်။ ဖော်ပြလို့မရတဲ့ အခြေအနေတွေလည်း ရှိတယ်…” သူမ ပုခုံးကို ဆုပ်ကိုင်ကာ သူ့ကို ကြည့်လိုက်သည်။ သူမ၏ ကြည်လင်သော မျက်လုံးများထဲတွင် သူ၏ပုံရိပ်မှာပြန်လည်ထင်ဟပ်နေသော်လည်း သူမ၏အကြည့်ထဲတွင် နက်နဲသော လွမ်းဆွတ်တမ်းတမှု အရိပ်အယောင်များ ရှိနေသည်။ "အဲ့တော့ ရှင် အမြဲ မျက်မှောင်ကြုတ်နေဖို့ မလိုပါဘူး။ ရှင့်ရဲ့ အမြင်အာရုံ ပိုကောင်းလာတဲ့ နေ့တစ်နေ့ ပြန်ရောက်လာမှာပါ။"



"အဲ့လိုမှမဟုတ်ရင် ကျွန်မ ဒီနေရာမှာတောင်ရှိနေနိုင်မှာမဟုတ်ဘူး"



သူမ တိုးတိုးလေးပြောပြီး သူမ၏ နွေးထွေးသော အသက်ရှုသံများက သူ့မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။ ရှဲ့ရှော၏ မျက်တောင်များသည် အနည်းငယ်လှုပ်ရှားသွားသော်လည်း သူ၏ထုံးစံအတိုင်း ရက်ရက်စက်စက် မတွန်းထုတ်တော့ချေ။



“အားပေးပါဦး…” ကြောင်တစ်ကောင်လို သူ့ပခုံးကို တိုးဝှေ့ရင်း ညည်းညူလိုက်သည်။



ရှဲ့‌ရှောအနည်းငယ် ထိတ်လန့်သွားသည်။



ပျော့ပျောင်းသောဆံပင်များက သူ့ပခုံးနှင့်လည်ပင်းကို ပွတ်တိုက်လိုက်သည်နှင့် သူ့လည်ပင်းတွင် နွေးထွေးမှု ကိုခံစားလိုက်ရသည်။



သူ့ဆံပင်မှ မွှေးရနံ့ကို ရှူရှိုက်လိုက်ပြီး မကြာခင်မှာပင် လက်သေးသေးလေးက သူ့နောက်ကျောကို ထိသွားသည်။



ယဲ့အန်းသည် သူ့လက်ကို မြှောက်လိုက်ပြီး အလင်းရောင်အောက်တွင် ကြည့်နေလိုက်သည်။ သူ့လက်ချောင်းများသည် သွယ်လျ သန့်ရှင်းပြီး ကျောက်စိမ်းနှင့်တူသော အလှကို ကိုင်စွဲထားသည်။



ယဲ့အန်းသည် ၎င်းကိုကြည့်ကာ ရုတ်တရက် “ရှင့်လက်သည်းတွေက နည်းနည်းရှည်နေပြီ။ ရှင့်ကို အဲ့လက်သည်းတွေ ညှပ်ပေးရမလား"



ရှဲ့ရှော - “…”



ရင်းနှီးသောလေထုသည် ချက်ချင်း ကွယ်ပျောက်သွားသည်။



ရှဲ့ရှောသည် သူ့အတွက် အသေးအဖွဲ့ကိစ္စများ ဂရုစိုက်ရန် သူမ အဘယ်ကြောင့် စိတ်အားထက်သန်နေသနည်း ဟု နားမလည်နိုင်ဖြစ်နေသည်။ ယခင်က သူ့ဆံပင်ပုံသွင်း၍ မုတ်ဆိတ်ရိတ်ပေးပြီး အခုတွင် လက်သည်းညှပ်ပေးရန်ဖြစ်သည်။



ယဲ့အန်းသည် သူ့လက်ကို ချလိုက်ပြီး လက်သည်းညှပ်ကို ရှာရန် ထလိုက်သည်။ ရုတ်တရက် တစ်ခုခုကို တွေးပြီး ပြန်ထိုင်လိုက်ပြန်သည်။



"မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲ့လို လုပ်လို့မရဘူး။ မေမေက ပြောဖူးတယ် ညဘက် လက်သည်းညှပ်ရင် မေ့မေ့ပျောက်ပျောက် ဖြစ်တတ်တယ်တဲ့။ မနက်ဖြန်မနက်မှပဲ ရှင့်ကို ညှပ်ပေးတော့မယ်"



ရှဲ့ရှော - ...



သူမစိတ်ထဲမှာ ဘာတွေဖြစ်နေတာလဲ?



"ဟုတ်သားပဲ၊ ကျွန်မ ရှင့်ကို မုတ်ဆိတ်ရိတ်ပေးဖို့ ပြောခဲ့ဖူးတယ်လေ!" ယဲ့အန်းသည် တစ်စက္ကန့်မျှ ခေတ္တရပ်ပြီး နောက်တစ်ကြိမ် စိတ်လှုပ်ရှားသွားသည်။ သူမသည် မေးစေ့ကိုကြည့်ရန် သူ့ပခုံးပေါ် တွင်မှီလိုက်သည်။ "ရှင့်ရဲ့ မုတ်ဆိတ်မွှေးတွေ ရှည်လာပြီလား"



ရှဲ့ရှော တုံ့ပြန်ရန် အချိန်မရလိုက်မီတွင် သူမသည် မေးစေ့ကို ပွတ်သပ်လိုက်သည်။



"ကျွန်မလက်ကို မစူးသေးဘူး၊ အဲ့တော့ မရှည်သေးဘူးပေါ့" သူမ၏ လေသံမှာ အနည်းငယ် စိတ်ပျက်သွားသည်။ "ဘာလို့မြန်မြန် မရှည်လာသေးတာလဲ!"



ရှဲ့ရှော၏ စောစောက ဂရုမစိုက်သော အမူအရာသည် အနည်းငယ် မှောင်မိုက်သွားခဲ့သည်။



ယဲ့အန်းက သူ့ကို မော့ကြည့်ကာ သူ့မျက်နှာကို စိတ်မ၀င်စားဘဲ ပြောသည်။ "ကျွန်မ ငယ်ငယ်တုန်းက အရမ်းကြိုက်တဲ့ အရုပ်တစ်ရုပ်ရှိတယ်။ ကျွန်မက သူ့ဆံပင်ကို ဖြီးပေးတယ်၊ အဝတ်အစား၀တ်ပေးတယ်၊ နေ့တိုင်း မျက်ခုံးမွှေးဆွဲပေးတယ်။ ဒါပေမယ့် သူက မိန်းကလေးမို့လို့ မုတ်ဆိတ်ရိတ်ပေးစရာ မလိုဘူး။ သူ့မှာ လက်သည်းတွေလည်း မရှိဘူး…”



ရှဲ့ရှော၏ အမူအရာက ပို၍နက်မှောင်လာသည်။



"ယဲ့အန်း"



နောက်ဆုံးတော့ သူပြောထွက်သွားသည်။



ယဲ့အန်းက သူ့နာမည်ခေါ်ခြင်းကို ပထမဆုံးအကြိမ် ကြားလိုက်ရသည့်အတွက် သူမ အနည်းငယ် စိတ်ရှုပ်သွားသည်။ "ဟင်?"



"သွား.. ရေချိုး။"



စကားလုံးနှစ်လုံးက အေးစက်နေပြီး သူမက သူ့စိတ်ရှည်မှုကို စမ်းသပ်နေပုံရသည်။



ယဲ့အန်းက ခေါင်းခါသည်။ "ရှင်အရင်သွားချိုး။"



ရှဲ့ရှော မျက်မှောင်ကြုတ်လိုက်သည်။ "ငါက ဧည့်သည်တွေအတွက်ထားတဲ့ ရေချိုးခန်းကို သွားလိုက်မယ်"



ယဲ့အန်းက ခေါင်းမာမာနဲ့ ခေါင်းယမ်းမြဲယမ်းသည်။ “မရပါဘူး ၊ ရှင်ရေချိုးနေတုန်း ကျွန်မအပြင်မှာစောင့်နေမှာ။ မတော်တဆ ပြုတ်ကျတာ ဒါမှမဟုတ် တစ်ခုခု တိုက်မိရင် ရှင့်ကို ကူညီဖို့ ဘယ်သူမှ မရှိနေဘူး ဆိုရင် အရမ်းအန္တရာယ်များလိမ့်မယ်။”



ဒီစကားကြားကာ ရှဲ့ရှော အနည်းငယ် ထိတ်လန့်သွားသည်။



ထို့ကြောင့် သူမသည် ညတိုင်း ရေချိုးခန်းအပြင်ဘက်တွင် စောင်နေခဲ့ခြင်းဖြစ်သည်။



"ကျွန်မ...ရှင့်အတွက် ညဝတ်အင်္ကျီ သွားယူလိုက်မယ်"



ယဲ့အန်းသည် ပြောနေလက်စဖြင့် သူ့ပခုံးပေါ် ကိုအားပြုကာ မတ်တပ်ထရပ်လိုက်သည်။ ခြေတစ်လှမ်းလှမ်းခါနီးတွင် ရုတ်တရက် တုန်လှုပ်သွားပြီး ပြန်လဲကျသွားပြန်သည်။



သူမသည် ရှဲ့ရှော၏ ခန္ဓာကိုယ်ပေါ်သို့ ပြုတ်ကျသွားသည်။



ရှဲ့ရှောသည် ပြုတ်ကျခြင်း၏ဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း သူ့နှာခေါင်းသည် သူမလည်ပင်းနောက်ဘက်ကိုပွတ်မိကာ နူးညံ့သောရနံ့တစ်ခုကို ရလိုက်သည်။ 


သူ မမြင်နိုင်ဘဲ သူ့ခြေထောက်တွေပေါ် မငြိမ်မသက် လှုပ်ရှားနေသော သူမကိုသာ ခံစားရသည်။



"မလှုပ်နဲ့တော့!" ရုတ်တရက် သူမလက်ကို ကိုင်ရန် သူ့လက်ကိုမြှောက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။



သူမ ခါးကို လက်ကြီးဖြင့် ဆုပ်ကိုင်ထားသည်။ သူမ၏နားရွက်နောက်မှ အသက်ရှူသံက နွေးထွေးနေပြီး ပုံမှန်ထက် ပိုမြန်နေပုံရသည်။



ယဲ့အန်း၏ လှုပ်ရှားမှုများ ရပ်သွားကာ စိတ်ရှုပ်သောအမူအရာဖြင့် သူ့ပေါင်ပေါ်တွင်ထိုင်နေသည်။



ရှဲ့ရှောက သူ့လက်ကို ရွှေ့လိုက်ပြီး သူမရဲ့ ပုခုံးတွေကို စမ်းသပ်လိုက်သည်။ ထိုနေရာတွင် အဝတ် မရှိသောကြောင့် သူမအသားအရည်၏ နွေးထွေးမှုကို ခံစားလိုက်ရသည်။



အရက်မူးနေသူကို အနှောက်အယှက်မပေးချင်သောကြောင့် ယခုတစ်ကြိမ်တွင် သူမကို မတွန်းထုတ်ခဲ့ချေ။ အဲဒီအစား သူ့နေရာတွင် ထိုင်ရန် ခေါ်သွားပေးခဲ့သည်။



ယဲ့အန်းက သူ့အင်္ကျီကို ဆုပ်ကိုင်လိုက်သည်။ သူမ၏ လှပသောလက်ချောင်းများက ခေါက်ထားသောအထည်တစ်ဝိုက်ကို တင်းတင်းကြပ်ကြပ် ဖမ်းဆုပ်ထားသည်။



သူမ မော့ကြည့်လိုက်ရာ ချောမွေ့သော မေးစေ့ကို မြင်လိုက်ရပြီး သူ့လည်မျိုကိုမြင်လိုက်ရသည်။ သူ့လည်ပင်းနှင့် ရင်ဘတ်၏ ချောမွေ့သော အသွင်အပြင်သည် သူ့အင်္ကျီကော်လာအတွင်းသို့ တိုးဝင်နေသည်။



ဤရှုထောင့်မှကြည့်လျှင် အလွန်ဆွဲဆောင်မှုရှိသောပုံပေါ်သည်။



အရက်သည် သူမအမြင်အာရုံကို မှောက်မှားစေကာ သူမရှေ့ရှိ မီးရောင်များနှင့် အရိပ်များ မှုန်ဝါးလာသည်။



ထိုယောက်ျားသည် သူမအိပ်မက်ထဲမှ ပုံစံနှင့်ဆင်တူသည်။ သူမသည် သူမမျက်လုံးများကို မှေးလိုက်ပြီး သူမကိုယ်သူမ ရုတ်တရက် မထိန်းချုပ်နိုင်တော့ပဲ သူ့လည်မျိုကို နမ်းလိုက်မိသည်။