ဂုဏ်မြင့်သူရယ်
အပိုင်း ၂၁.၁
ရှဲ့ရှောသည် တစ်ပတ်ကြာခန့်ဖျားခဲ့သည်။
ထို့အတွက်ကြောင့် ရှဲ့ပိုင်ယန်သည် သူ၏ အလုပ်ကိစ္စခရီးကို စော၍ပြန်လာခဲ့သည်။
ရှဲ့ပိုင်ယန်က ရှဲ့ရှောကို ကောင်းကောင်းဂရုမစိုက်သည့်အတွက် သူမကို အပြစ်တင်မည်ကို ယဲ့အန်း စိုးရိမ်နေခဲ့သည်။ သူမသည် သူမ၏ ထုံးစံအတိုင်း စိတ်အားထက်သန်သော ကိုယ်ရည်ကိုယ်သွေးကို ပြန်လည်ဖော်ဆောင်ပြီး ညင်သာစွာ ပြုမူပြောဆိုသည်—သူမ၏ အသံကိုပင် ဒက်စီဘယ်အနည်းငယ် နှိမ့်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ရှဲ့ပိုင်ယန်သည် ကျိုးကြောင်းဆီလျော်ပြီး သူမကို စိတ်ဆိုးခြင်းမရှိပေ။ သူက ရှဲ့ရှော၏ အခြေအနေကို ကြင်နာစွာ မေးမြန်းသည်။
ယဲ့အန်းသည် အခွင့်အရေးကို အမိအရအသုံးချကာ ရှဲ့ရှော၏ ဆေးမှတ်တမ်းကို တောင်းယူပြီး ၎င်းကို သေချာစွာလေ့လာခဲ့သည်။
ရှဲ့ရှောသည် ရက်သတ္တပတ်တစ်ပတ်ခန့်အကြာတွင် ပြန်လည်သက်သာလာခဲ့သည်။
ယဲ့အန်း၏ ပခုံးပေါ်မှ ဝန်ထုတ်ဝန်ပိုးတစ်ခုသည် လျော့ပါးသွားသည်။ ပြီးခဲ့သောရက်အနည်းငယ်အတွင်း သူမ အိပ်ရေးပျက်ခဲ့သမျှကို အစားထိုးအိပ်စက်နေခဲ့ပြီး ရှန်းချွမ်က သူမအား anime အတွက် ဇာတ်ဝင်သီချင်းတစ်ပုဒ် ရိုက်ကူးမလားဟု ရုတ်တရက်မေးလာခဲ့သည်။
ယဲ့အန်းသည် သီချင်းဆိုနိုင်သည်ကို ရှန်းချွမ် သိသည်။ ယခင် အသံသရုပ်ဆောင်မဖြစ်မီက ရေဒီယိုဒရမ်မာများအတွက် ဇာတ်ဝင်သီချင်းများသီဆိုခဲ့သည်။
သို့သော် သူမတွင် ပြင်းပြသောဆန္ဒအနည်းငယ်ရှိနေသေးသည်။ သူမသည် အသက် ၂၀ အစောပိုင်းအရွယ်ဖြစ်သော်လည်း လူလတ်ပိုင်း အမျိုးသမီးတစ်ဦးကဲ့သို့ ပြုမူခဲ့သည်။ သူမတွင် ကျွမ်းကျင်မှု များစွာရှိသော်လည်း ၎င်းတို့ကို အလေးမထားခဲ့ချေ။
သူမသည် အလုပ်ကြိုးစားပြီး သူမ၏ပရောဂျက်များတွင် ဘယ်သောအခါမျှ သတိလက်လွတ်မပြုမူခဲ့ပေ။ သို့သော်ငြား သူမတွင်အမြဲတမ်း ရည်မှန်းချက်ပျောက်ဆုံးနေခဲ့သည်။
“ကျွန်တော်တို့မှာ အဆိုရှင်အတွက် စီစဉ်ထားပြီးသား ဖြစ်ပေမယ့် အစီအစဉ်တွေ ပြောင်းသွားတော့ အခု ပရောဂျက် နောက်ဆုံးရက်က မကြာခင် ရောက်လာတော့မှာပါ။ မင်းကို စမ်းသုံးကြည့်လို့ ရတယ် လို့ပဲ သူတို့ကိုပြောထားခဲ့ပါတယ်။ သီချင်းစာသားလည်း ရေးပြီးပြီ၊ တီးလုံးလည်း ထုတ်ထားပြီးသားဆိုတော့ မင်း သီချင်းဆိုပေးဖို့ပဲလိုတော့တယ်"
ယဲ့အန်းက မေးခွန်းပြန်မမေးမီ အနည်းငယ်စဉ်းစားလိုက်သဉ်။"အိမ်မှာပဲ သီချင်း လေ့ကျင့်လို့ရမလား"
ရှန်းချွမ်က အိမ်ထောင်ကျပြီးရင် သူမ အဘယ့်ကြောင့် "အိမ်ကပ်သူ" ဖြစ်လာသလဲ နားမလည်နိုင်ဖြစ်နေပြီး "အင်း၊ အစမ်းလေ့ကျင့်ပြီးရင် စတူဒီယိုမှာ အသံသွင်းလို့ရတယ်" ဟု ပြောလိုက်သဉ်။
သီချင်းတစ်ပုဒ်ကို အသံသွင်းရန် ကြာချိန်မှာရှည်လျားလှသည်မဟုတ်၊ ယဲ့အန်းက ချီတုံချတုံနှင့် သဘောတူလိုက်သည်။ “ဒါဆို ကျွန်မကြိုးစားကြည့်ပါမယ်”
ရှန်းချွမ်က တုံ့ပြန်သည်။"ကောင်းပြီ၊ ဒီနေ့ နေ့လည် စတူဒီယိုကို လာပြီး စမ်းကြည့်လိုက်ပါ။"
နေ့လည်တစ်နာရီတွင် ယဲ့အန်းသည် ရှဲ့ရှော အား နှုတ်ဆက်ပြီး အမြန်ထွက်ခွာသွားခဲ့သည်။
အိမ်ထဲတွင် အချိန်အတော်ကြာအောင် နေပြီးနောက်၊ ယဲ့အန်း၏ အပြင်ဘက်လောကမှ ပထမဆုံးထွက်သက်ဝင်သက်သည် သူမကိုလန်းဆန်းသွားစေပြီး သူမ၏တစ်ကိုယ်လုံးကို ပေါ့ပါးသွက်လက်စေသည်။
သူမသည် လူစည်ကားသောလမ်းများဆီသို့ ကားပြတင်းပေါက် အပြင်ဖက်သို့ လှမ်းကြည့်ကာ နောက်ဆုံးတွင် ရှဲ့ရှောကို အပြင်လောကသို့ ပြန်လည်ခေါ်ထုတ်နိုင်မည့်အချိန်ကို တွေးတောနေမိတော့သည်။
—–
အသံသွင်းစတူဒီယိုသို့ သူမရောက်ရှိချိန်တွင် ရှန်းချွမ် နှင့် ကျန်ဝန်ထမ်းများသည် သူမကို စောင့်မျှော်နေပြီဖြစ်သည်။
Brilliant Dreams မှ လုချွမ်သည် သီချင်းကို ရေးသားခဲ့ပြီး သူသည် ဇီဇာကြောင်ပြီး ဒေါသကြီးကြောင့် ဤနယ်ပယ်တွင် နာမည်ဆိုးထွက်ခဲ့သည်။
ယဲ့အန်းသည် ထိန်းချုပ်ခန်းထဲသို့ ဝင်လိုက်သည်နှင့် အခန်းနောက်ဘက်ရှိ ထိုင်ခုံပေါ်တွင် ပိန်ပိန်ပါးပါး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထိုင်နေသည်ကို သူမတွေ့လိုက်ရသည်။ သူ့လက်ထဲတွင် စာရွက်တစ်ရွက်ကို ကိုင်ထားပြီး စိတ်ဆိုးနေပုံပေါ်သည်။
"မင်းရောက်ပြီလား?"
ရှန်းချွမ်က သူလုပ်လက်စကို ရပ်လိုက်ပြီး ယဲ့အန်းကို အဲဒီလူ၏ ဦးတည်ရာကို ညွှန်ပြလိုက်သည်။ "ဒါက ဆရာလုချွမ်"
လုချွမ်သည် နူးညံ့သိမ်မွေ့သော မျက်နှာတစ်စုံကို မော့ကြည့်လိုက်သည်။
ယဲ့အန်းက ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။ "မင်္ဂလာပါ ဆရာလု"
"မင်းက ယဲ့အန်းလား?"
လုချွမ်က သူမကို ဦးခေါင်းမှ ခြေဖျားအထိ စိုက်ကြည့်ကာ "ငါ့အလုပ်ကို ဖျက်ဆီးဖို့ အရည်အချင်းမရှိတဲ့ နောက်ထပ် ပန်းအိုးတစ်အိုး ရောက်လာတာပဲ" ဟု ပြောဆိုလိုက်သည်။
"မင်း ရောက်လာပြီဆိုတော့ မြန်မြန်လုပ် စမ်းဆိုကြည့်။"
သူ့တွင် ယဲ့အန်းကို ပြူငှာပြနေရန် စိတ်မရှည်တော့ဘဲ လက်ကိုဝှေ့ယမ်းကာ အသံစစ်ဆေးမှုစတင်ရန် သူမကို အချက်ပြလိုက်သည်။
ယဲ့အန်းလည်း သူ့အား ဖော်ရွေမနေတော့ဘဲ ခွန်းတုံ့ပြန်ခြင်းအလျင်းမရှိ အသံသွင်းခန်းသို့ လျှောက်သွားကာ နားကြပ်ကိုတပ်ဆင်လိုက်သည်။
မကြာခင်မှာပဲ လုချွမ်က သီချင်းdemoကို စတင်ဖွင့်ပြသည်။
ချူယွမ်၏ကဗျာ "တောင်တစ္ဆေ" ကိုအစွဲပြု၍ သီချင်းအမည်ကို " တောင်တစ္ဆေ " ဟုပေးထားသည်။ ဆွဲဆောင်မှုရှိပြီး ပြေပြစ်သောစတိုင်ဖြင့် သီချင်းစာသားနှင့် တေးသွားပေါ်တွင် ၎င်း၏ ကိုယ်ပိုင်လှည့်ကွက်များ ပါရှိသည်။
အစပိုင်းသည် အသံနိမ့်ပြီး မယ်လိုဒီသည် အသံမြင့်သည်။ အလယ်တွင် ရှည်လျားသော high note တစ်ခု ပါရှိသောကြောင့် အသံဖမ်းခြင်းသည် အဆက်ပြတ်၍မရချေ။
သီချင်းက အမှန်ပင်ဆိုရခက်လှသည်။ လုချွမ်သည် သူမ၏ အရည်အချင်းများနှင့် ပတ်သက်၍ မယုံသင်ကာ ဖြစ်နေသည်မှာ အံ့သြစရာမဟုတ်ပေ။
ယဲ့အန်းသည် သီချင်းကို နှစ်ခါပြန်နားထောင်ပြီး စတင်သီဆိုကာ အာရုံစူးစိုက်လိုက်သည်။
လုချွမ်သည် သီချင်းစစချင်းတွင် လျစ်လျူရှုထားသော်လည်း ဒုတိယ verse အပိုဒ်မှစ၍ အထင်ကြီးစပြုလာသည်။
ဂီတထဲတွင် အရင်းခံ ခံစားချက်များကို ထိန်းသိမ်းထားဆဲဖြစ်ပြီး နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦး၏ အသံသည် သာလွန်ရိုးရှင်းမှုဖြင့် ပေါ်ထွက်ပျံ့လွင့်နေပါသည်။
လုချွမ်၏ အမူအရာသည် ပို၍အာရုံစူးစိုက်လာသည်။
သီချင်းတစ်ပုဒ်ကို ပထမဆုံးအကြိမ် သင်ယူသောအခါ၊ ပြီးပြည့်စုံသော ဖျော်ဖြေမှုကို မမျှော်လင့်နိုင်ပါ။ သီချင်းရဲ့နောက်ပိုင်းတစ်ဝက်တွင် ယဲ့အန်းက အနည်းငယ် အမှားလုပ်မိသွားသည်။
အသံစစ်ဆေးမှုပြီးဆုံးသွားသောအခါ လုချွမ်က သူမကို သိလိုစိတ်ပြင်းပြစွာ မေးခွန်းထုတ်လိုက်သည်။ "မင်း vocal music ကိုလေ့လာဖူးလား"
ယဲ့အန်းသည် အံ့အားသင့်သွားပြီး ပြန်ဖြေသည်။“ကျွန်မ တစ်နှစ်လောက် ပြတ်တောင်းပြတ်တောင်းနဲ့ လေ့လာဖူးတယ်”
လွန်ခဲ့သောနှစ်များအတွင်း ရှကျင်သည် ယဲ့ယွမ်နျန် အကြောင်းကို ပြောပြမည့်အစား သီချင်းဆိုခြင်းပညာကို သူမကို သင်ယူစေခဲ့သည်။
လုချွမ် - "မင်းဘာလို့ရပ်လိုက်တာလဲ"
ယဲ့အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ “ကျွန်မ အစက ဂီတကို ကျွန်မရဲ့ဝါသနာသက်သက်ကြောင့် မို့ လေ့လာခဲ့တာ မဟုတ်ဘူး။ နောက်ပိုင်းကျတော့ မိသားစုထဲမှာ ကိစ္စတချို့ရှိတော့ ဆက်မလုပ်ဖြစ်တော့တာပါ။”
လုချွမ် သူမကို ပြန်မပြေနိုင်မီ ခဏလောက်ကြည့်နေမိသည်။ "သနားစရာကောင်းလိုက်တာ"
ယဲ့အန်းက အကြောင်းမပြန်ဘဲ သူ့ဆုံးဖြတ်ချက်ကို စောင့်နေသည်။
လုချွမ်က ထရပ်ပြီး ပြောသည်။ “Demo ကို မင်းကို ငါပေးမယ်။ ပြန်သွားပြီး ဆက်လေ့ကျင့်ပါ…” ခဏရပ်လိုက်ပြီး ဆက်သည်။ “သုံးရက်လောက်ဆိုရင် လုံလောက်ပြီလား”
ယဲ့အန်းသည် ၎င်းကို မဖြေမီ စဉ်းစားခဲ့သည်။ "အဲ့လောက်က ဖြစ်သင့်ပါတယ်"
လုချွမ် - "ဒါဆို နောက်သုံးရက်နေရင် တရားဝင် မှတ်တမ်းတင်လိုက်ကြရအောင်။"
ရှန်းချွမ်သည် ဤမျှလောက် ချောချောမွေ့မွေ့ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ အသံသွင်းစတူဒီယိုမှ ထွက်လာပြီးနောက် သူက တိုးတိုးတိတ်တိတ်ပြောခဲ့သည်။ "လုချွမ် ရဲ့ဒေါသကြောင့် မင်းဝင်သွားတုန်းက ငါစိုးရိမ်နေတာ။ တစ်ခုခုဖြစ်လိမ့်မယ်လို့ ငါထင်ထားတာ"
ယဲ့အန်းက ရယ်သည်။ "ကျွန်မက ကောင်းကောင်းမဆိုနိုင်ဘူးလို့ ထင်နေတာလား၊ ပြီးတော့ သူ ငေါက်တာခံရမယ်ပေါ့လေ "
ရှန်းချွမ် - "မရယ်နဲ့။ ဟိုအရင်တုန်းက သူအော်ငေါက်တာခံရတဲ့သူတွေ တကယ်ရှိဖူးတယ်။”
ယဲ့အန်းက ပို၍ပင် ရယ်မိသည်။ "ဒါဆို ကျွန်မက အရည်အချင်းမရှိဘူးလို့ ရှင်ထင်နေတာလား"
ရှန်းချွမ်က ပြုံးလိုက်ပြီး ရုတ်တရက် ပြောသည်။"မင်းရဲ့ စာချုပ်ကို တကယ်ဖျက်ချင်တာလား။"
ယဲ့အန်းက ခေါင်းညိတ်သည်။
ဓာတ်လှေကားတံခါးပွင့်လာပြီး နှစ်ယောက်သား ဝင်လာကြသည်။
ယဲ့အန်းသည် လွန်ခဲ့သည့် ရက်အနည်းငယ်က ရှန်းချွမ် အား သူမ၏ စာချုပ်ကို ရပ်စဲရန် တရားဝင် အဆိုပြုခဲ့သည်။ သူမ၏အသံစစ်ဆေးခြင်း အပြင်၊ ဒီနေ့လည်ခင်းအတွက် သူမ၏ ဦးစားပေးသည် ဒီကိစ္စကို ဆွေးနွေးဖို့ဖြစ်သည်။
ဓာတ်လှေကားထဲတွင် သူတို့ နှစ်ဦးသာပါလာသည်။ ရှန်းချွမ် ရုတ်တရက်လှည့်ကြည့်ပြီး မေးသည်။"မင်းရဲ့ အိမ်ထောင်ရေးကြောင့်လား"
ယဲ့အန်းက ခဏမျှ ငြိမ်သွားပြီး ပြုံးလိုက်သည်။ "အဲ့ဒီလိုထင်တာပဲ။"
ထိုညက သူမ၏ လက်စွပ်နှင့် ကားကို ဟန်ပါပါထုတ်ပြနေမှုကို ပြန်သတိရသောအခါ ရှန်းချွမ် နားလည်သွားသည်။ ချမ်းသာသောမိသားစုနှင့် လက်ထပ်ခြင်းကြောင့် အခြေခံလိုအပ်ချက်များကို ဂရုမစိုက်ဘဲ နေနိုင်ပြီဖြစ်သည်။ အိမ်မှ စောစောထွက်ပြီး နေ့တိုင်းနောက်ကျမှ ပြန်လာရန် မလိုတော့ချေ။
တစ်ခုတည်းသောပြဿနာမှာ သူမ၏စာချုပ်သက်တမ်းမှာ သုံးနှစ်ဖြစ်သည်။ ယခု သူမ ထွက်ခွာရန် ကြိုးစားနေသည်အထိ တစ်နှစ်သက်တမ်းသာ ရှိသေးသည်။
ပထမထပ်တွင် ဓာတ်လှေကားမှ ထွက်လာပြီးနောက် ယဲ့အန်းက စပြောသည်။ “မျက်နှာ မကြည်မသာနဲ့ ဘာဖြစ်နေတာလဲ။ ကျွန်မ မရှိလို့ စတူဒီယိုက ဒေဝါလီခံရမှာမှ မဟုတ်တာပဲ။”
ရှန်းချွမ်၏ မျက်ခုံးမွှေးများက ပို၍ပင် တွန့်ခေါက်လာသည်။ "ကျွန်တော်က ဝင်ငွေလမ်းကြောင်းတစ်ခု ဆုံးရှုံးရတာပါပဲ!"
ယဲ့အန်းက သူ့ကို မော့ကြည့်လိုက်သည်။ "ဒါပေမယ့် မတန်ဘူးလား? ရှင်က ကျွန်မဆီက တစ်နှစ်လောက် အမြတ်အစွန်း ရလိုက်တယ်လေ။ မလုံလောက်သေးဘူးလား?"
ရှန်းချွမ်သည် ဤတစ်ကြိမ်တွင် မရယ်ပဲ မနေနိုင်တော့။
ယဲ့အန်း - “ဒါနဲ့ ကျွန်မက ဒီစာချုပ်ကိုပဲ ဖျက်လိုက်တာပါ။ အရင်က ဆွေးနွေးခဲ့တဲ့ ရင်းနှီးမြုပ်နှံမှုတွေကိုတော့ ဆက်လုပ်နေဦးမှာ။ ကျွန်မမှာ အချိန်ရှိပြီး ကောင်းမွန်တဲ့ role တစ်ခု ရရင် ကျွန်မက ပရောဂျက်တစ်ခုခုကို ယူရင်လည်းယူလောက်တယ်။”
ရှန်းချွမ်သည် စိတ်မကောင်းဖြစ်မနေတော့ဘဲ ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ "ကောင်းပြီ၊ လာမယ့်ရက်အနည်းငယ်အတွင်းမှာ စာချုပ်ရပ်စဲရေးလက်မှတ်ထိုးနိုင်တယ် ၊ ပြီးတော့ Brilliant Dreams နဲ့ ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်တွေကို အပြီးသတ်လိုက်မယ်။"
ရှန်းချွမ်၏ ဖုန်းနှစ်ကြိမ်မြည်လာသောအခါတွင် သူတို့နှစ်ဦးသည် စီးပွားရေးအဆောက်အအုံများမှ ထွက်ခွာသွားကြပြီဖြစ်သည်။
အိတ်ကပ်ထဲက ဖုန်းကို ထုတ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ “ငါ့မှာ လုပ်စရာတွေရှိလို့ အရင်သွားလိုက်ဦးမယ်။ နောက်နေ့ကျရင် အသေးစိတ်ပြောကြရအောင်။"
"အင်း~ဘိုင့်"
ရှန်းချွမ်က အမြန်ထွက်သွားပြီးနောက် အချိန်ကို စစ်ဆေးရန် ယဲ့အန်းက သူမဖုန်းကို ထုတ်လိုက်သည်။ လေးနာရီထိုးနေပြီး၊ အတော် စောနေသေးသည်။
လေထုထဲမှ စွဲမက်ဖွယ်ကောင်းသော ရနံ့တစ်ခုက သူမကို အနီးနားရှိ သစ်အယ်သီးဆိုင်သို့ ဆွဲခေါ်သွားခဲ့သည်။ သူမထိုနေရာသို့ လျှောက်သွားပြီး လတ်ဆတ်သော သစ်အယ်သီးတစ်ထုပ် ဝယ်ယူလိုက်သည်။
စားစရာသရေစာဝယ်ပြီးနောက် သူမ ပြန်လှည့်ကာ ကားငှားစီးရန် စီစဉ်သည်။
မိသားစု၏ ယာဉ်မောင်းသည် ယနေ့ အလုပ်များနေပြီး သူမကိုယ်တိုင် ကားမောင်းရန် ပျင်းသောကြောင့် တက္ကစီစီးရန် ရွေးချယ်ခဲ့သည်။
ရုတ်တရက်ပင် ရင်းနှီးသော လူတစ်ယောက် မြင်ကွင်းထဲသို့ရောက်လာသည်။ ယဲ့အန်းက အေးခဲသွားပြီး သူ့စက္ကူအိတ်ကို ကိုင်ထားဆဲဖြစ်သည်။
... ရှဲ့ယွိရန်?
သူမသေချာသောကြောင့် မျက်တောင်ခတ်ပြီး ပြန်ကြည့်လိုက်သည်။
ထိုယောက်ျားသည် အရပ်ရှည်ပြီး ပိန်ပါးသည်။ သူသည် အနက်ရောင်ဆွယ်တာအင်္ကျီ၊ ဦးထုပ်နှင့် မက်စ်ကို ၀တ်ထားသည်။ ယဲ့အန်းသည် သူ့ကိုမြင်သောအခါတွင် သူ့မျက်နှာဖုံးကို ဖယ်လိုက်ပြီး တက္ကစီတစ်စီးဆီသို့ လက်ပြလိုက်သည်။
ဦးထုပ်အောက်တွင် သူသည် ချောမောသောအသွင်အပြင်ရှိပြီး နုံအသော လူငယ်တစ်ယောက်နှင့်တူသည်။
အမှန်ပင် ရှဲ့ယွိရန် ဖြစ်နေသည်။
ဂုဏ်မြင့်သူရယ်
အပိုင်း ၂၁.၂
သူ ဒီမှာ ဘာလာလုပ်တာလဲ။
သူဘာလို့ ဒီလောက် သံသယဖြစ်နေတာလဲ။
သူမ ဒီမေးခွန်းကို တွေးတောရင်း ရှဲ့ယွိရန်သည် တက္ကစီကို တားလိုက်ပြီး ကားထဲသို့ဝင်ရန် တံခါးကို ဖွင့်လိုက်သည်။
ဒရာမာ ဇာတ်ညွှန်းများ များစွာဖတ်ဖူးသောကြောင့် ကြောက်စရာကောင်းသော အတွေးတစ်ခု ပေါ်လာတယ်။ သူသည် ရှဲ့ရှော၏ မတော်တဆမှုကို စီစဉ်သူမဖြစ်နိုင်ဘူးလား။
ရှဲ့ရှော မတော်တဆမှုဖြစ်ပြီးနောက်၊ သူသည် ရှဲ့ မိသားစုကို တာဝန်ယူရမည့်သူဖြစ်သည်။ တစ်နည်းဆိုရသော် သူသည် အကြီးမားဆုံး အကျိုးခံစားခွင့်ရှိသူဖြစ်လာပြီး ၎င်းကိုဤသို့လုပ်ဆောင်စေရန် လုံလောက်သောစေ့ဆော်မှုရှိခဲ့သည်။
ယဲ့အန်းသည် သူမ၏ကိုယ်ပိုင် ထုတ်ဖော်မှုကြောင့် တုန်လှုပ်သွားခဲ့သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူမသည် လမ်းတစ်ဖက်ခြမ်းသို့ အမြန်လျှောက်သွားပြီး ကားတစ်စီးကို တားလိုက်သည်။
တံခါးကို ဆောင့်ပိတ်လိုက်သည်။
“ကားဆရာ၊ ရှေ့က ကားနောက်ကို လိုက်ပါ”
ကားဆရာသည် နောက်ကြည့်မှန်မှတဆင့် သူမကို ထူးဆန်းစွာကြည့်ကာ သူမ၏ ရည်ရွယ်ချက်များကို သံသယဖြစ်နေပုံရသည်။
ကြံရာမရဖြစ်နေချိန်တွင် ယဲ့အန်းက အဆင်ပြေသလိုပြောလိုက်သည်။ “ရှေ့ကလူက ကျွန်မရဲ့ အခင်ဆုံးသူငယ်ချင်းရဲ့ ချစ်သူပါ။ သူမအပေါ်ကို ဖောက်ပြန်နေတယ်ထင်လို့ ကျွန်မသွားစစ်ဆေးချင်လို့ပါ"
သူမ၏ ရှင်းပြချက်ကိုကြားသောအခါ ကားဆရာက ကားကိုစ၍ မောင်းနှင်သည်။
ဆယ်မိနစ်အကြာတွင် ရှဲ့ယွိရန်သည် ကားပေါ်မှ ဆင်းကာ ကော်ဖီဆိုင်ရှေ့ မှန်တံခါးမှ အမြန်ဝင်လိုက်သည်။
ယဲ့အန်းသည် ကားပေါ်မှ ဆင်းလိုက်ပြီး ကော်ဖီဆိုင်ထဲသို့ လိုက်ဝင်သွားသောအခါတွင် ရှဲ့ယွိရန်သည် ပျောက်ကွယ်သွားပြီး သူမသည် အရာအားလုံးကို စိတ်ကူးယဉ်နေသကဲ့သို့ဖြစ်နေသည်။
သူမသည် ပတ်ပတ်လည်ကို ရှာဖွေကြည့်သော်လည်း မည်သူ့ကိုမှ ရှာမတွေ့သောကြောင့် လှည့်ထွက်သွားခဲ့သည်။
—
အပြန်လမ်းတွင် ယဲ့အန်းသည် လွန်ခဲ့သည့်နှစ်အတွင်း ရှဲ့ မိသားစုတွင် ဖြစ်ပျက်ခဲ့သော အဓိကဖြစ်ရပ်နှစ်ခုကို စစ်ဆေးကြည့်နေခဲ့သည်။
တစ်ခုမှာ ရှဲ့ရှော၏ ကားမတော်တဆမှုဖြစ်ပြီး အခြားတစ်ခုမှာ သူ၏မိခင် ပင်လယ်ထဲတွင် သေဆုံးသွားခြင်းဖြစ်သည်။
ယဲ့အန်း၏ သိရှိထားမှုအရ သူမနှင့်မတွေ့ဖူးသော သူမ၏ ယောက္ခမဖြစ်သူသည် ဇန်နဝါရီလတွင် သေဆုံးသွားခဲ့သည်။ ရှဲ့ပိုင်ယန်က တရားဝင်နုတ်ထွက်ပြီး ရှဲ့ရှောအား ဘုတ်အဖွဲ့ဥက္ကဌအဖြစ် ခန့်အပ်ပြီးနောက်တွင် အခုလိုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သူအနားယူပြီး မကြာခင်မှာပဲ ရှဲ့ရှောနဲ့ သူ့မိခင်တို့သည် မတော်တဆမှု အသီးသီးဖြစ်ခဲ့ကြသည်။
ယဲ့အန်း နားမလည်နိုင်သော ကိစ္စတစ်ခုရှိနေသေးသည်။ ရှဲ့ပိုင်ယန်နှင့် သူ၏ဇနီးသည် ကွဲလွဲနေသောဆက်ဆံရေး သို့မဟုတ် တရားမ၀င်သော သားသမီးများအကြောင်း ကောလာဟလများ လုံးလုံးလျားလျားမရှိပါ။ သူတို့လင်မယားဆက်ဆံရေးက အဆင်ပြေသည်ဟု ယူဆနိုင်ပြီး ဇနီးသည်က တစ်ဦးတည်း သီးသန့်အပန်းဖြေခရီးထွက်ရန် အကြောင်းပြချက်မရှိသင့်ချေ။ သူမ၏ခင်ပွန်း ရှဲ့ပိုင်ယန်က ဘာကြောင့် သူမကို ခရီးတွင် အတူမလိုက်သွားရသနည်း။
ချမ်းသာပြီး တန်ခိုးအာဏာ ကြီးမားသူများကြားတွင် လျှို့ဝှက်ချက်များ ပိုရှိနေနိုင်သေးတာလား။ သို့မဟုတ် သူတို့၏ ပြေပြစ်သောဆက်ဆံရေးသည် ဟန်ဆောင်မှုတစ်ခုဖြစ်နေခဲ့တာလား။
မည်သို့ပင်ဆိုစေကာမူ ရှဲ့ပိုင်ယန်သည် သူ့သားကို လိမ်လည်လှည့်စားရန်အတွက် အပြင်လူတစ်ယောက်နှင့် လက်တွဲရန်အထိ ဦးနှောက်မဲ့လိမ့်မည် မဟုတ်ပေ။
ယဲ့အန်းသည် မေးခွန်းကို အချိန်အတော်ကြာ တွေးတောပြီး အဖြေမရှာနိုင်သေးပေ။ သူမသည် သူမ၏ ထိတ်လန့်မှုကို ဖြေဖျောက်ရန် သူမ၏ ပါးစပ်ထဲသို့ သကြားလုံး သစ်အယ်သီးကို ပစ်ထည့်ကာ ရှဲ့ရှော၏ ကားမတော်တဆမှုကို စတင်အမှတ်ရလာသည်။
ရှဲ့ရှော၏ ကားမတော်တဆမှုသည် ပြီးခဲ့သည့်နှစ် မေလတွင် ဖြစ်ပွားခဲ့သည်။ သူသည် လေယာဉ်ပေါ်မှဆင်းပြီး ရှဲ့ နေအိမ်သို့ပြန်ခဲ့သည့်လမ်းတွင် အရက်မူးလာသော ယာဉ်မောင်းက ဝင်တိုက်ခြင်းခံခဲ့ရသည်။ ကံဆိုးစွာပင် ယာဉ်မောင်းသည် ဒဏ်ရာအပြင်းအထန်ရကာ ဆေးရုံတင်ထားပြီး မကြာမီတွင် သေဆုံးသွားသဖြင့် တာဝန်ယူမှုတာဝန်ခံမှုအပိုင်းကို လိုက်လံစစ်ဆေးရန် အခက်အခဲဖြစ်စေခဲ့သည်။
ရှဲ့ရှော၏ ပင်ကိုယ်စရိုက်ကြောင့်၊ သူ့အနီးနားရှိသူများသာ အခြေအနေအားလုံးကို တိတိကျကျသိသည်။ အကယ်၍ မတော်တဆမှုတွင် လျှို့ဝှက်ချက်များ ဖုံးကွယ်ထားသေးလျှင် ရှဲ့ယွိရန်သည် သံသယဖြစ်ဖွယ်ရှိသည်။
——
အိမ်ပြန်ရောက်ပြီးနောက် ယဲ့အန်းသည် သစ်အယ်သီးများနှင့်အတူ အိပ်ခန်းဆီသို့ လျှောက်သွားကာ ရေချိုးခန်းထဲမှထွက်လာသော ရှဲ့ရှောကို တွေ့လိုက်ရသည်။
သူမက သူ့ကို ပေါ့ပေါ့ပါးပါး နှုတ်ဆက်လိုက်ပြီး ဖျတ်လတ်သော လေသံနှင့် မေးသည်။ "ကျွန်မ ကာမရာမယ်လ် သစ်အယ်သီးတွေ ဝယ်ခဲ့တယ်၊ တော်တော်ကောင်းတယ်။ စားကြည့်ချင်လား"
ရှဲ့ရှောသည် တစ်ခါတစ်ရံတွင် သူမကို ကလေးတစ်ယောက်လို ခံစားခဲ့ရသည်။ သူမသည် အရာအားလုံးကို စပ်စုချင်စိတ်ရှိပြီး သရေစာလေးများ စားရလျှင် စိတ်ကျေနပ်နေတတ်သည်။
သူက ပြန်မဖြေဘဲ ရှေ့ကို ဆက်လျှောက်သွားသည်။
ယဲ့အန်းက ၎င်းကို ဂရုစိုက်မနေတော့ချေ။ လွယ်အိတ်ကို ဗီရိုပေါ်တွင်တင်ပြီး ကုတင်ဘေးသို့ လျှောက်သွားလိုက်သည်။
ကုတင်ပေါ်တွင် မက်မွန်သီးအနုရောင် ၀တ်စုံကိုဖြန့်ထားသည်။ သူမ အပြင်မထွက်ခင်က စမ်းဝတ်ကြည့်ပြီး အလျင်လိုနေသောကြောင့် ပြန်မသိမ်းဆည်းခဲ့ရခြင်းဖြစ်သည်။
သူမသည် ဝတ်စုံကို ကောက်ကိုင်လိုက်ပြီး အဝတ်လဲခန်းထဲတွင် လဲဝတ်ရန် ကြံစည်လိုက်သည်။ သို့သော်လည်း အခန်းထဲရှိ အေးစက်စက်နှင့် ခံစားချက်မဲ့သော လူကို လှမ်းကြည့်လိုက်ပြီးနောက် သူမသည် ကုတင်ဘေးတွင် လဲလိုက်တော့သည်။
သူဘာမှ မမြင်နိုင်သောကြောင့် ဖုံးကွယ်နေစရာ မလိုပါ။
ယဲ့အန်းသည် သူမ၏ အင်္ကျီနှင့် ဘောင်းဘီကို ချွတ်လိုက်ပြီး အဝတ်အစားများကို အမြန်လဲလိုက်သည်။ ရှဲ့ရှောသည် ဆူညံသံများကို နားထောင်ပြီး သူမကို ကြည့် လိုက်သည်။ ရုတ်တရက် မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။ "မင်းဘာလုပ်နေတာလဲ"
ယဲ့အန်းသည် သူ၏စိတ်ဝင်တစားရှိမှုကို အံ့သြသွားသည်။ သူမ၏အဝတ်အစားများကို ဖယ်လိုက်ပြီး ပွင့်ပွင့်လင်းလင်း ဖြေလိုက်သည်။“အဝတ်အစားလဲနေတယ်!”
ရှဲ့ရှော - “…”
အဝတ်အစားများ လဲလှယ်ပြီးနောက် သူမ၏လက်များကို ဆေးကြောရန် ရေချိုးခန်းထဲသို့ ဝင်သွားသည်။ သူမသည် သစ်အယ်သီးများကို ကောက်ကိုင်လိုက်ပြီး သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။
"ရှင်တကယ် စားမကြည့်ချင်ဘူးလား" သူမ နှာခေါင်းရှေ့တွင် စက္ကူအိတ်ကို တမင်လှုပ်ယမ်းကာ “တကယ်ကောင်းတယ်နော်”
ရှဲ့ရှော၏ အမူအရာသည် ချိုမြိန်သော ရနံ့ကို ရပြီးသည်အထိ အေးစက်နေသေးသည်။
ယဲ့အန်းသည် အိတ်ထဲမှ သစ်အယ်သီးတစ်လုံးကို ထုတ်ယူကာ အခွံကို ခွာ၍ သူ၏ပါးစပ်အနီးတွင် ထားလိုက်သည်။ “စားကြည့်၊ ကျွန်မ အပြင်ထွက်တုန်းက ဝယ်ခဲ့တာ။"
ရှဲ့ရှောသည် တစ်စက္ကန့်မျှ လျစ်လျူရှုခဲ့ပြီး နောက်ဆုံးတွင် ပါးစပ်ဟလိုက်သည်။
"ဘယ်လိုနေလဲ မကောင်းဘူးလား။ အခုက နည်းနည်းအေးသွားလို့၊ မီးဖိုထဲက လတ်လတ်ဆတ်ဆတ် ဆို အရမ်းစားလို့ကောင်းတယ်။"
ယဲ့အန်းသည် ပြုံးကာ သူမအတွက် နောက်တစ်လုံးကို အခွံခွာလိုက်သည်။
ပြတင်းပေါက်အပြင်ဘက်တွင် နေရောင်သည် ထောင့်ဖြတ်စောင်း၍ တောက်ပနေပြီး ကောင်းကင်တွင် လိမ္မော်ရောင်ထင်းနေပြီး တောင်တန်းများနှင့် အသီးအနှံများကို ခန်းနားထည်ဝါမှုဖြင့် စွန်းထင်းနေစေသည်။
ယဲ့အန်းက စောစောက ရှဲ့ယွိရန် နှင့်အဖြစ်အပျက်ကို သတိရပြီး မေးမြန်ရန်အတော်အားထုတ်နေရသည်။ "ကျွန်မတစ်ခုလောက်မေးလို့ရမလား... ရှင့်ရဲ့ဝမ်းကွဲညီ နဲ့ ရှင့်ရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ?"
ရှဲ့ရှော သည် စူးရှသောအကြည့်ဖြင့် သူမကို လှည့်ကြည့်လိုက်သည်။ သူကပြန်မေးသည်။ “မင်းဘာလို့ရုတ်တရက် ဒီဟာကို မေးရတာလဲ”
"ထွေထွေထူထူး မဟုတ်ပါဘူး၊ ကျွန်မက သိချင်ရုံပဲ"
ယဲ့အန်းသည် ယနေ့ ရှဲ့ယွိရန်နှင့် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို ပြောပြချင်သော်လည်း သဘောထားကွဲလွဲစေရန် ကြိုးစားနေသည်ဟု သူ ခံစားရမည်ကို စိုးရိမ်သည်။ ရှဲ့ယွိရန် သည် သူနှင့်အတူ ကြီးပြင်းလာသည့် ညီငယ်တစ်ဦးဖြစ်ပြီး သူမသည် အပြင်လူဖြစ်သည်။
“သူ ငယ်ငယ်လေးကတည်းက ရှင်တို့မိသားစုနဲ့ အတူနေတယ်လို့ ကျွန်မကြားတယ်။ ရှင်တို့နှစ်ယောက်က အတော်ရင်းနီးတယ်မဟုတ်လား” ယဲ့အန်းသည် သူမ၏ စကားလုံးရွေးချယ်မှုကို အလေးအနက် ထားနေရသည်။
သို့သော်လည်း နောက်စက္ကန့်ပိုင်းတွင် ရှဲ့ရှောက "မင်းဘာတွေတွေးနေတာလဲ?"
ယဲ့အန်း ထိတ်လန့်တကြားနှင့် ရူးချင်ယောင်ဆောင်လိုက်သည်။ "ဘာလဲ? ဘာမှမတွေးပါဘူး…”
ရှဲ့ရှော၏ အမူအရာက "ငါက ကန်းနေတာပါ၊ ရူးနေတာမဟုတ်ဘူး" ဟု ပြောနေပုံရသည်။ သူကဆက်ပြောသည်။ “ငါ ဒီကားမတော်တဆမှုကို စုံစမ်းစစ်ဆေးပြီးပြီ၊ သူနဲ့ဘာမှမဆိုင်ဘူး။ မင်းသူ့ကို သံသယဖြစ်တယ်ဆိုရင် အနည်းဆုံးတော့ အထောက်အထားတစ်ခုခု အရင်ရှာပါ။"
“…” ယဲ့အန်းသည် သူမ၏ သံသယများကို ဤမျှလောက်အလွယ်တကူ ခန့်မှန်းနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပဲ သူမ၏ စကားလုံးများ တစ်ဆို့လုမတတ်ပင်ဖြစ်သည်။ သို့သော် သူသည် ဤမျှလောက် ဉာဏ်မကောင်းပါက၊ သူသည် ယခု သူရောက်နေသည်အနေအထားသို့ ရောက်နေမည်မဟုတ်ပေ။
ရှဲ့ မိသားစုသည် အလွန်ကြီးမားသောကြောင့် ရှဲ့ပိုင်ယန် သည် မိုက်မဲသော သားတစ်ယောက်ကို ရာထူးလွှဲပြောင်းပေးမည်မဟုတ်ပေ။
"ဘာလို့ စိတ်ပူနေတာလဲ" ရှဲ့ရှောက မေးသည်။
ယဲ့အန်းက “ကျွန်မက ရှင့်ကိုပဲ စိတ်ပူတာပါ… ဘာပဲဖြစ်ဖြစ် ကျွန်မတို့က လင်မယားတွေပဲလေ” ဟု ရေရွတ်သည်။
ရှဲ့ရှောသည် သူ ထွက်ခွာမသွားမီ တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ သူက ခပ်ပေါ့ပေါ့သာပြန်ပြောသည်။ “မင်း ဒီကိစ္စတွေအတွက် စိတ်ပူနေစရာ မလိုဘူး”
ဘယ်သူက စိုးရိမ်နေလို့လဲ။ ဘယ်သူမှ ဂရုစိုက်မနေဘူး!
ယဲ့အန်းသည် သူ့သဘောထားကြောင့် စိတ်ဆိုးသွားပြီး သူမ၏ ဒေါသပြေပျောက်စေရန် သစ်အယ်သီးတစ်လုံးကို သူ့ပါးစပ်ထဲသို့ ထည့်လိုက်သည်။
ရှဲ့ရှောက မျက်မှောင်ကြုတ်လိုက်ပြီး အငိုက်မိသွားသည်။
ယဲ့အန်းသည် မေးစေ့ကို မော့၍ “ဒါက နောက်ဆုံးကျန်တဲ့နှစ်ခုနော်။ အခုမစားရင် နောက်ထပ်ရှိတော့မှာ မဟုတ်ဘူး။”
“……”
ရှဲ့ရှောသည် သူ့ပါးစပ်ထဲ ရောက်နေပြီးသားဖြစ်သောကြောင့် ရှုံ့တွလျက် ဝါးရုံသာ တတ်နိုင်တော့သည်။
ယဲ့အန်းသည် ဝါးပြီးသည်အထိ စောင့်ကြည့်နေခဲ့သည်။ နောက်တစ်ကြိမ် သူသတိမထားမိလိုက်ခင်တွင် သူမသည် နောက်ဆုံးတစ်ခုကို ပါးစပ်ထဲထည့်လိုက်ပြန်သည်။
ခဏအကြာတွင် သူ၏အမူအရာသည် မည်မျှရုပ်ဆိုးအကျည်းတန်နေသည်ကို လစ်လျူရှုကာ ဆိုဖာပေါ်သို့ ပြေးသွားခဲ့သည်။ "မရှိတော့ဘူး! နောက်ဆုံးတစ်ခုက ရှင့်အတွက်ပဲ!"
ရှဲ့ရှောက မဲမှောင်သောအမူအရာဖြင့် သူမကို စိုက်ကြည့်နေသည်။ သူသည် ဒေါသမထွက်နိုင်ဘဲ ဆက်၍ သည်းခံလိုက်ရုံသာတတ်နိုင်သည်။
အဆုံးမှာတော့ နောက်ဆုံး သစ်အယ်သီးကို စားလိုက်ရတာပါပဲ။
သူ မပျော်နိုင်သော်လည်း ယဲ့အန်းမှာတော့ ဆန့်ကျင်ဖက်ဖြစ်သည်။ သူမသည် သူ့အား အောင်ပွဲခံသည့် မျက်နှာထားဖြင့် သူ စိတ်အနှောင့်အယှက်ဖြစ်နေသည်ကို သဘောကျသည်။ အိမ်ထောင်သက်ကြာလာပြီးနောက် ယဲ့အန်းသည် သူ့စရိုက်ကို နားလည်လာသည်။
သူသည် ဒေါသကြီးသော်လည်း အကျင့်စာရိတ္တကောင်းမွန်သော မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။ ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ သူမကို မည်သို့မျှ ထိခိုက်စေလိမ့်မည်မဟုတ်။
ယဲ့အန်းသည် ဆိုဖာပေါ်သို့ မှီကာ ဖုန်းကို ထုတ်၍ ထိုင်ခုံပေါ်တွင် ခြေကလိမ်ကျိတ်လျက်ထိုင်နေသည်။
သူမသည် မူလက ရှဲ့ယွိရန်နှင့် ပတ်သက်သည့် အချက်အလက် မှန်သမျှကို ရှာဖွေလိုသော်လည်း တစ်စုံတစ်ရာကို ရှာမတွေ့မီတွင် သူမသည် ဖျော်ဖြေရေးနယ်ပယ်မှ အတင်းအဖျင်းစကားများကြောင့် အာရုံပြောင်းသွားခဲ့သည်။
သူမအာရုံစူးစိုက်မှုနှင့်အတူ အခန်းသည် အထူးတိတ်ဆိတ်သွားသည်။
သူ၏ ဖျားနာမှုကြောင့် ရှဲ့ရှောသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကောင်းကောင်းမအိပ်နိုင်ခဲ့ပေ။ သူ့ခေါင်းသည် အနည်းငယ် မူးနောက်လာသဖြင့် မျက်လုံးကို ခဏမှိတ်ထားလိုက်သည်။
သူနိုးလာသောအခါတွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်။ သူသည် ဘေးသို့ကြည့်သော်လည်း ဘာမျှရှာမတွေ့ချေ။ ဂရုတစိုက် နားထောင်သော်လည်း ဘာအသံမျှမကြားရ။
ယဲ့အန်းသည် ထိုနေရာတွင် ရှိနေသလား မသေချာသော်လည်း သူမကို ခေါ်ရန် ဆန္ဒမရှိပေ။ သူ့မာနနှင့်သူ လုံးပမ်းနေပြီးနောက်တွင် သူ့ဘေးပတ်ဝန်းကျင် ဧရိယာကို စမ်းသပ်ကြည့်ရန် လက်ကိုလှမ်းလိုက်သည်။
ယဲ့အန်းသည် ဖရဲသီးစားခြင်းနှင့် အချိန်ဖြုန်းနေခြင်း အပေါ် လုံးလုံးအာရုံစိုက်ခဲ့ပြီး ရှဲ့ရှော၏လှုပ်ရှားမှုများကို လုံးဝသတိမထားမိဘဲ ဖြစ်ခဲ့သည်။
သူမသည် ဆိုဖာပေါ်တွင် အမှတိတမဲ့ လှဲချလိုက်ပြီး သူမ၏ ၀တ်စုံကို ခြေထောက်အရင်းအထိ ဆွဲတင်ကာ သူမ၏ ဝင်းပသောပေါင်တံများကို ပေါ်လွင်နေစေသည်။
ရလဒ်အနေဖြင့် ရှဲ့ရှောသည် သူမရဲ့ပေါင်ပေါ်ကို ဖြတ်သွားပြီး ခြေထောက်ကို ပွတ်သပ်မိသွားသည်။
ချောမွေ့ပျော့ပျောင်းသော အရာတစ်ခုကို သူထိမိလိုက်သည်။
ရှဲ့ရှောအေးခဲသွားသည်။
ယဲ့အန်းလည်း အေးခဲသွားသည်။
သူမက မော့ကြည့်လိုက်ပြီး တုံ့ပြန်မှုမရှိဘဲ မေးလိုက်သည်။ “ရှင် ကျွန်မခြေထောက်ကို ဘာလို့ထိတာလဲ”
ရှဲ့ရှော - “…”
လေထုက ငြိမ်သက်သွားသည်။ ရှဲ့ရှောသည် သူ့လက်ကိုပြန်သိမ်းကာ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ကာ လှည့်ထွက်သွားသည်။
ယဲ့အန်း - ???
ကျွန်မ ခြေထောက်ကို မမြင်မစမ်းနဲ့ ကိုင်သွားတာ ရှင် မဟုတ်ဘူးလား။ ရှင်က ဘာလို့ဒီလောက်ယုံကြည်ချက်ရှိရှိ ထွက်သွားနိုင်ရတာလဲ။