Chapter 219
သူ၏သမီးက သူတို့၏မြေးမလေး နေမကောင်းဘူးဟု ပြောပြီးသည်နှင့် ရှချန်းနှင့် ကျိုးလန်ဟွားတို့ စိတ်မငြိမ်တော့ပေ။
"ဘာ... သူဖျားနေတာလား... ဘယ်လိုလုပ်ဖျားသွားတာလဲ... အရမ်းပြင်းလို့လား..."
ရှကျင်းက သူ၏မိဘများ သူ့သမီးလေးကို အလွန်ဂရုစိုက်နေသည်ကိုကြည့်ပြီး စိတ်သက်သာရာရသွားသည်။
"ကိုယ်ပူရုံပါ... ဆရာဝန်က အရမ်းမပြင်းထန်ဘူးပြောတယ်..."
သူမသမီး၏ ရောဂါကိုနားမလည်သော်လည အနည်းငယ် အဖျားရှိနေခြင်းသာဖြစ်ကြောင်း သိပေသည်။
"ကိုယ်ပူရုံပဲဟုတ်လား...မဟုတ်သေးပါဘူး... အမေတို့ ချီချီဆီ ချက်ချင်းသွားမှရမယ်..."
ကျိုးလန်ဟွားက ဖုအန်းချီကိုအလွန်သဘောကျပြီး သူမမြေးလေးအစား သူမသာ နေမကောင်းဖြစ်ပေးလိုက်ချင်နေသည်။
"အမေ... စိတ်မပူပါနဲ့... သမီးဒီတစ်ခေါက် ပြန်လာရတာလည်း လေးနက်တဲ့အရာတစ်ခုကို ဆွေးနွေးချင်လို့ပါ..."
သူမ၏ အမေက သူမအိမ်ကိုသွားပြီး သူမ၏သမီးလေးကို သွားကြည့်မည်လုပ်နေ၍ ရှကျင်းက ကိုယ့်အမေကိုယ်ဆွဲထားလိုက်သည်။
ရှချန်းနှင့် ကျိုးလန်ဟွားတို့နှစ်ယောက်စလုံး လေးလေးနက်နက်ဖြစ်သွားရသည်။
"ဘာကိစ္စလဲ..."
"ရှအန်းနဲ့ ပတ်သတ်တဲ့ တစ်ခုခုပါ..."
ရှကျင်းက သူမကို စိတ်အနှောင့်အယှက်ဖြစ်စေသော နာမည်ကို ခပ်တိုးတိုးပြောလိုက်သည်။
"ရှအန်းလား.. သူ့က ဘာဖြစ်လို့လဲ..."
သူမ၏ မိဘများက သူတို့သမီးက သူ့နေရာတွင် မွေးစားခဲ့သော သမီးဖြစ်သည့် ရှအန်းကို အလွန်မနှစ်မြို့ကြောင်း သိကြလေသည်။
ထို့ကြောင့် သူမနှင့်ဆက်ဆံရေးဖြတ်တောက်ပြီးနောင်တွင် ရှအန်း၏ နာမည်ကို ဘယ်သောအခါမှ ထုတ်မပြောတော့ပေ။
ကုမ္ပဏီ၏ မားကတ်တင်းအဖွဲ့က ရှအန်း၏နာမည်ကို ရှချန်းထံ မပြောခဲ့ပါက ကျိုးလန်ဟွားကိုလည်း ရှအန်းအကြောင်း ပြောပြမိမည်မဟုတ်ပေ။
သို့သော် တိုက်တိုက်ဆိုင်ဆိုင် သူတို့အိမ်တွင် ရှအန်းအကြောင်း ပထမဆုံးပြောသည့်နေ့တွင် ရှကျင်းက အိမ်ပြန်လာခဲ့သည်။
"အဖေပဲ သူ့ကိုသမီးတို့ ကုမ္ပဏီကို ကြော်ငြာခိုင်းမယ်လို့ ပြောနေတာမဟုတ်ဘူးလား... "
ရှကျင်း သူမအဖေကို မပျော်မရွှင်မျက်နှာထားဖြင့် ကြည့်လိုက်သည်။
ရှချန်း ချောင်းဟန့်လိုက်ကာ အနည်းငယ်ကူကယ်ရာမဲ့စွာ ပြောလာသည်။
"အဟမ်း...သမီးထင်သလို မဟုတ်ပါဘူး... အဖေ PRအဖွဲ့ကို ရှအန်းကို အဖေတို့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အဖြစ် ခန့်ဖို့မပြောရသေးပါဘူး...."
"သဘောမတူရသေးဘူးလို့ မဖြစ်သင့်ဘူး အဖေငြင်းကို ငြင်းရမှာ..."
ရှကျင်းက ခေါင်းခါပြီးပြောလိုက်သည်။
"ဒါ..."
ရှချန်း တုန့်ဆိုင်းသွားသည်။
အမှန်အတိုင်းပြောရလျှင် သူက စီးပွားရေးသမားဖြစ်သည်။ စီးပွားရေးသမားဖြစ်နေ၍ ရှအန်း သူ့အတွက် ယူဆောင်လာပေးမည့် အကျိုးရလဒ်ကိုလည်း သိပေသည်။
ထို့အပြင် ထိုအကျိုးရလဒ်များက သူတို့မိသားစုလုပ်ငန်းကို ပိုမိုတိုးတက်စေနိုင်ပေသည်။
ထို့ကြောင့် သူတို့ရှမိသားစုနှင့် ရှအန်း၏ဆက်ဆံရေးက ကိုးရိုးကားရားနိုင်ကြောင်းသိသော်လည်း ရှကျင်းက ရှအန်းကို အလွန်မုန်းကြောင်း သိနေသော်လည်း ရှအန်းနှင့် ပူးပေါင်းချင်နေသေးဆဲဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဘယ်သူက ပိုက်ဆံမရှိပဲ အသက်ရှင်နိုင်မှာတဲ့လဲ...
"သမီးဂရုမစိုက်ဘူး... အဖေ သမီးတို့ရဲ့ ထုတ်ကုန်တွေကို ရှအန်းကို ကြော်ငြာခိုင်းလို့မရဘူး..."
ရှကျင်းက သူမအဖေ တုန့်ဆိုင်းနေသည်ကို သိပေသည်။
"အမေ.. အဖေ့ကို ရှအန်းနဲ့ မပူးပေါင်းနဲ့လို့ ပြောပေးပါဦး..."
သူမအိမ်ပြန်လာသည်မှာ သူမ မိသားစု၏အကူအညီဖြင့် ရှအန်းကို ကိုင်တွယ်ရန်ဖြစ်သည်။
သို့သော် သူမပင် မတောင်းဆိုရသေးမီ သူမအဖေက သူ့ကို 'suprise'အကြီးစားကြီး ပေးလာမည်ဟုမထင်ခဲ့ပေ။
ရှချန်း သူ့သမီးသူ ကူကယ်ရာမဲ့စွာကြည့်ရင်း သက်ပြင်းချလိုက်သည်။
"ကျင်းကျင်း... သမီးဘာလို့ ရှအန်းကို အဲ့လောက်တောင် မုန်းနေရတာလဲ..."
သူ့စကားကို ငိုကြွေးနေသော ရှကျင်းက ဖြတ်ပြောခဲ့သည်။
"အဖေ အမေ... သမီးက ပြန်ပေးဆွဲခံရပြီး ရောင်းစား ခံခဲ့ရတာပါ.. သမီး ဘယ်လောက်တောင် ခံစားခဲ့ရလဲ...ဆယ်နှစ် ဆယ်နှစ်ကြီးများတောင်မှပဲ... လူ့အသက်က ဘယ်နှနှစ်ရှိလို့လဲ..အဲ့လောက်နည်းနည်းလေးထဲကမှ ဆယ်စုနှစ်တစ်ခုလုံးတောင်နော်..."
"သမီး ပြန်ပေးဆွဲခံရပြီး ရွာမှာရောင်းစားခံရတယ်... ကလေးထိန်းလုပ်ခဲ့ရတယ် မြင်းစာကျွေးခဲ့ရတယ်... ဝဝလင်လင်မစားရ အဝတ်ကောင်းကောင်းမဝတ်ရပဲ မသေရုံတမယ်ပဲနေခဲ့ရတယ်... ဒါပေမဲ့ ရှအန်းကို အမေတို့က အိမ်ပေါ်ခေါ်တင်ပြီး သမီးနေရာမှာ အစားထိုးခဲ့ကြတယ်...သူက ရှမိသားစုရဲ့ မင်းသမီးငယ်လေးဖြစ်လာရတယ်..."
"သူက သမီးနေရာမှာနေပြီး အကောင်းဆုံးပညာရေးနဲ့ အကောင်းဆုံးအရာတွေရပြီး သမီးရသင့်သမျှအရာတိုင်းကို သူရခဲ့တယ်... သူကတော့ အရမ်းပျော်ခဲ့ရပေမဲ့ သမီးကတော့ အရမ်းခံစားခဲ့ရတယ်..."
ရှကျင်း၏ စကားများက ရှမောင်နှံကို ငြိမ်ကျသွားစေသည်။
မူလက ရှကျင်းကြောင့် ရှအန်းကို အဆက်အသွယ်အကုန်ဖြတ်ချခဲ့ပြီး ဘယ်သောအခါမှ ပြန်မဆက်သွယ်ခဲ့ပေ။
သူတို့ သူတို့သမီးလေးအတွက် စိတ်မကောင်းဖြစ်ခဲ့ကြသည်။
ထို့ကြောင့် ဤတစ်ကြိမ်တွင် ရှကျင်း၏ ညည်းညူမှုကို ကြားသောအခါ ရှိသမျှအတွေးများအားလုံး လွင့်ပျံသွားပြီဖြစ်သည်။
သူတို့၏ သမီးလေးကို စိတ်ဖိစီးစွာကြည့်လိုက်သည်။ သူမက အတော်လေး သနားစရာကောင်းလှသည်။
"ကျင်းကျင်း... အဖေနားလည်ပါတယ်... အဖေရှအန်းကို ဘယ်တော့မှ မဆက်သွယ်တော့ပါဘူး... အဖေတို့ရှမိသားစုအတွက် ရှအန်းကို ပြောရေးဆိုခွင့်ရှိသူအဖြစ် မခန့်အပ်တော့ပါဘူး..."
ရှကျင်းက သူမလိုချင်သည့် ရလဒ်ကိုရလာသည်နှင့် ဂုဏ်ယူစွာပြုံးလိုက်သည်။
ငါရှိနေသမျှကာလပတ်လုံး နင်ဒီအိမ်ကို ဘယ်သောအခါမှ ခြေချခွင့်မရစေရဘူး ရှအန်း...
သူမအဖေက သူမအတွေးများကို လက်မခံပဲ ရှအန်းကို ရှမိသားစုအတွက် ပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်အပ်မည်ကို လုံးဝသဘောတူမည်မဟုတ်ပေ
ထို့ကြောင့် လှည့်ကွက်အနည်းငယ်ကို သုံးခဲ့လိုက်သည်။
"အဖေနဲ့ အမေက အကောင်းဆုံးဆိုတာ သမီးသိသားပဲ...."
ရှကျင်းက ရှချန်းနှင့် ကျိုးလန်ဟွားကို ရယ်ပြလိုက်သည်။
ကျိုးလန်ဟွားက ပျော်ရွှင်စွာ ခေါင်းခါရမ်းလိုက်သည်။
"သမီးကတော့ တကယ်ပါပဲ.... အခုထိ မရင့်ကျက်သေးတဲ့ ကလေးလေးလို ရိုးအနေတုန်း...."
"သမီးရဲ့ မိဘတွေရှေ့မှာတော့ အမြဲတမ်း ရိုးအတဲ့ကလေးလေးပါနော်..."
ရှကျင်းက သူမအမေ၏ လက်ဖဝါးကိုကိုင်ပြီး ပြုံးပြုံးလေးပြောလိုက်သည်။
သူမ၏ မိဘများနှင့် ခဏမျှစကားပြောပြီးနောက်တွင် ရှကျင်းက လာရင်းကိစ္စကို တည့်ပြောလိုက်သည်။
"အဖေ.. အဖေ့မှာ TVလိုင်းတွေအများကြီးနဲ့ ဆက်ဆံရေးရှိပြီး ရေဒီယိုနဲ့ TVဌာနတွေမှာ သူငယ်ချင်းတွေရှိတယ်ဆိုတာ သမီးမှတ်မိပါတယ်..."
ရှချန်းက ထိုစကားကိုကြားပြီး သူ့သမီးကို သံသယဖြင့်ကြည့်လိုက်သည်။
"ဟုတ်တယ်လေ... သမီး ဘာဖြစ်လို့ မေးတာလဲ..."
သူ အနည်းငယ်မျှ နိမိတ်မကောင်းသလို ခံစားလိုက်ရသည်။
"သမီး မင်းသမီးတစ်ယောက်ကို ဖျော်ဖြေရေးလုပ်ငန်းထဲကနေ ထွက်သွားအောင် လုပ်ချင်တယ်..."
ရှကျင်း တည်ငြိမ်စွာ ပြောလိုက်သည်။
ရှအန်းကြောင့်သာ မဟုတ်ပါက ပိုက်ဆံဖြင့်ပင် သူမ လိုက်လံပိတ်ပင်မရသော စတားတစ်ယောက်အတွက် အိမ်ပြန်၍ သူမအဖေကို အကူအညီတောင်းရမည်မဟုတ်ပေ။
"ထွက်သွားစေချင်တာ...ဘယ်သူ့ကိုလဲ..."
ရှချန်းနှင့် ကျိုးလန်ဟွားတို့ စိတ်ထဲတွင် ရှအန်းနာမည် ပေါ်လာခဲ့သည်။
"ရှအန်း..."
ရှချန်းနှင့် ကျိုးလန်ဟွားတို့ ငြိမ်ကျသွားကြသည်။ သူတို့ ဘာပြန်ပြောရမလဲပင် မသိကြတော့ချေ။
သူတို့၏ မွေးစားသမီးအတွက် ခံစားချက်အချို့ရှိကြပေသည်။
မည်သို့ပင်ဆိုစေ သူတို့က သူမနှင့် ဆယ်နှစ်ကြာ အတူတူနေခဲ့ရပေသည်။ ကျောက်တုံးတစ်တုံးနှင့် နှစ်ပေါင်းများစွာ ကြာအောင် အတူနေလျှင် သံယောဇဉ်ရှိလာမည်ဖြစ်ပြီး လူတစ်ယောက်ဆိုပါက ပို၍ပင် သံယောဇဉ်ရှိမည်ဖြစ်သည်။ သို့သော် ထိုခံစားချက်များက သူတို့၏ သမီးအရင်းလေးအတွက် အချစ်များနှင့်ယှဉ်လျှင် မထိုက်တန်လှပေ။
"အခုအဆင်ပြေသွားပြီမဟုတ်ဘူးလား.. ဘာလို့ ရှအန်းကို ပိတ်ပင်ချင်နေရတာလဲ.."
ကျိုးလန်ဟွား သက်ပြင်းဖွဖွချလိုက်သည်။ သူမအသံထဲတွင် ကူကယ်ရာမဲ့မှုအချို့ ပါဝင်နေသည်။
"အမေတို့မသိလို့ ရှအန်းက လုံးဝကို အရှက်မရှိဘူး... သူက ဖုရှန်းကို ထပ်ပြီးဆွဲဆောင်နေတာ သမီးတို့အိမ်ထောင်လေး ပြိုကွဲတော့မလိုတောင် ဖြစ်နေပြီ..."
ထိုစကားကို ကြားသည်နှင့် ရှမိဘနှစ်ပါးက အံ့ဩသွားကြသည်။
"ဘာ... ရှအန်းက ဖုရှန်းကို ဆွဲဆောင်နေတယ်တဲ့လား..."
"ကျင်းကျင်း.. ဘာတွေဖြစ်နေတာလဲ.. ဘာလို့ ဖုရှန်းက ရှအန်းနဲ့ ပတ်သတ်နေရပြန်တာလဲ... သူက သမီးနဲ့ အန်းချီလေးကိုတောင် ဂရုမစိုက်တော့ဘူးလား..."
ရှချန်းနှင့် ကျိုးလန်ဟွားတို့က အလွန်အမင်းဒေါသထွက်ပြီး မေးနေကြသည်။ သူတို့ မယုံနိုင်ပင် ဖြစ်နေရသည်။
သူတို့နှစ်ယောက်က ဖုရှန်း၏ ဖုအန်းချီလေးအပေါ် အချစ်ကို မြင်ပေသည်။ ဤနှစ်များတွင် ဖုရှန်း၏ ကိုယ်ရေးကိုယ်တာက သန့်ရှင်းစင်ကြယ်လှသည်။
ပြီးတော့ ရှအန်းနဲ့ ဖုရှန်းတို့ ကွဲတာကဖြင့် နှစ်ပေါင်းများစွာတောင် ကြာနေပြီ... ဘယ်လိုလုပ် အတူတူရှိနေနိုင်ဦးမှာလဲ...
"အဖေနဲ့အမေ.. သမီးဖုရှန်းနဲ့ ခွဲနေတာ အတော်လေး ကြာနေပြီ... အခု ဖုရှန်းက သမီးနဲ့ကွာရှင်းပြီး ရှအန်းနဲ့ အတူရှိချင်နေတာ... ချီချီလေးနေမကောင်းဖြစ်နေတာတောင် သူက ချီချီဆီ လာမကြည့်ဘူး..."
ရှကျင်း အေးစက်စွာ ပြောလိုက်သည်။
ထိုကိစ္စ၏ အမှန်တရားမှာ ဖုရှန်းက ရှအန်းနှင့် ပြန်ချိတ်ချင်နေ၍မဟုတ်ပေ။ သို့သော် ရှအန်းနှင့်လည်း ဆက်စပ်နေသည်။
ထို့ကြောင့် သူမလိမ်နေတာမဟုတ်ပေ။
ရှမိဘများက ရှကျင်း၏စကားများကို သေချာနားထောင်လိုက်ပြီး အလွန်ဒေါသထွက်သွားကာ ဖုရှန်းနှင့် စကားပြောချင်သွားကြသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ဒီဖုရှန်းကတော့ သူငါ့ကို ကတိပေးပြီးသားကို... ငါအခုချက်ချင်း ဖုအိမ်ကိုသွားပြီး သူ့ကို ဆွဲဖြဲပစ်မယ်..."
"အမှန်ပဲ... သူဘယ်လိုလုပ် လုပ်ရဲရတာလဲ... လွန်လွန်းသွားပြီ..."
ရှမိဘများကို ရှကျင်းက တားလိုက်သည်။
"အဖေနဲ့အမေ.. သမီးဖုရှန်းနဲ့ ဆက်မနေနိုင်တော့ဘူး... ဆိုပေမဲ့ ဖုအိမ်ကို အနှောင့်အယှက်မပေးချင်ဘူး..."
ရှကျင်းက အသက်ပြင်းပြင်းရှူလိုက်ပြီး သူမအစီအစဉ်ကို ပြောလိုက်သည်။
"အဖေ...သမီးကို ကူညီပေးပါ..."