👾Chapter 92
သူ့စကားဆုံးသည်နှင့် အားလုံးက ဆံပင်များတစ်ဝက်ဖြူဖွေးနေသည့် ပရော်ဖက်ဆာသည် ကိတ်မုန့်ဆိုင်နှင့် ဆယ်ကျော်သက်လေးထံ ဦးတည်ပြေးသွားသည်ကို တွေ့လိုက်ရသည်။
ရှုကျစ်ဟန်သည် အိတ်ကို သယ်ဆောင်လျှက် ဆယ်ကျော်သက်လေး၏ လက်အား ဆွဲယူလိုက်၏။ တစ်ဖက်လူက ရုတ်တရက်အပြောင်းအလဲကို နားမလည်ဟန်ဖြင့် သူ၏ ဆုပ်ကိုင်မှုအား မရုန်းဘဲ ချောကလက်ကိတ်ကိုသာ မြဲမြဲကိုင်ထား၏။ ရှုကျစ်ဟန်သည် သူ့လုပ်ရပ်ကြောင့် အစီအစဉ်များ ပျက်စီးသွားမည်ကို သိရှိထားသည်။ သို့သော် သူက မကြောက်ရွံ့ခဲ့ပဲ ဆယ်ကျော်သက်လေးအား M2742 ထံသို့ ဆွဲခေါ်လာ၏။
ရှုကျစ်ဟန်သည် အိုမီဂါတစ်ဦး ဖြစ်သည့်အလျောက် မြန်မြန် ပြေးလွှားခဲ့ပြီးသည်နှင့် အသက်ရှူသံများ မြန်ဆန်လာရ၏။ သူက မက်ခါသို့ ကြည့်ကာ အော်လိုက်သည်။
“ဗိုလ်ချုပ် …”
မည်သူကမှ စကားမဆိုဝံ့ကြချေ။ ထို့အတူ အမိန့်အား မနာခံပဲ ပြေးထွက်သွားသည့် ရှုကျစ်ဟန်၏ ကံကြမ္မာကိုလည်း မည်သူမှ မသိနိုင်ခဲ့ကြချေ။
တစ်မိနစ်အကြာ၌ M2742 က စတင် လှုပ်ရှားလာသည်။
မက်ခါ၌ အလိုအလျောက် ဖွင့်ပိတ်သည့် စက်ခန်း ပါရှိ၏။ ဟယ့်ယွင်ထင်သည် မက်ခါထဲမှ ထွက်မည့်အစား ထိုစက်ခန်းထံသို့သာ လမ်းလျှောက်သွားရင်း စက်ခန်းအား မြေပြင်နှင့် နီးကပ်စေလိုက်သည်။ ထို့နောက် အလင်းဖောက်နေသည့် အလွှာမှတဆင့် ရှုကျစ်ဟန်အား အမူအရာကင်းမဲ့စွာ ကြည့်လိုက်သည်။
“ပရော်ဖက်ဆာရှု …”
သူ့အသံမှာ အေးစက်နေ၏။
ရှုကျစ်ဟန်သည် မည်သည့်စကားမှမဆိုသည့် ဆယ်ကျော်သက်လေးကို ဆွဲခေါ်လာရင်း ဟယ့်ယွင်ထင်၏ ဖန်သားပြင်အား ခေါက်လိုက်သည်။
“သူက လူပါ … လူ …”
ရှုကျစ်ဟန်က စိုးရိမ်တကြီး ပြောသည်။
“ဒီမြို့ထဲမှာ လူတွေရှိနေသေးတယ် … ခင်ဗျား မတွေ့ဘူးလား …”
ဟယ့်ယွင်ထင်က စစ်ဦးထုပ်ကို လက်ဖြင့်မရင်း မျက်မှောင်ကြုတ်လိုက်၏။ သူ့မျက်ဝန်းထဲ၌ မည်သည့်ခံစားချက်မှ ရှိမနေချေ။ သူက ရှုကျစ်ဟန်အား သူ၏ လမ်းပေါ်သို့ ရောက်မလာစေချင်သည်မှာ ထင်ရှား၏။
“လူတဲ့လား …”
ဟယ့်ယွင်ထင်၏ အသံမှာ မကျယ်သည့်တိုင် သူ့စကားလုံးတိုင်းက ရေခဲချွန်များကဲ့သို့ပင်။
“ဒီလူက … စကားတောင် ပြောနိုင်ရဲ့လား …”
ရှုကျစ်ဟန်သည် နောက်ဆုတ်ရန် ရည်ရွယ်ချက်မရှိချေ။ သူက ဟယ့်ယွင်ထင် လက်မြှောက်တော့မည်ကို သိသည်နှင့် အမြန်စကားပြောလိုက်၏။
“သူက အားဇယ်နဲ့ တူညီတဲ့လက္ခဏာတွေရှိတယ် …”
ချီကျားဇယ်အား ဟယ့်ယွင်ထင်က လျှို့ဝှက်ခေါ်ဆောင်ခဲ့ခြင်းဖြစ်၏။ ရှုကျစ်ဟန်သည် ချီကျားမူထံမှ ချီကျားဇယ်၏ အမည်ကို သိခဲ့ရသည်။ သူက နောက်ထပ်တစ်မိနစ်အကြာတွင် သူ့မျက်စိရှေ့၌ တစ်စုံတစ်ဦး အသက်ဆုံးရှုံးရမည်ကို မလိုလားသကဲ့သို့ အမြန်ရှင်းပြနေခဲ့၏။ ရှုကျစ်ဟန်သည် ဆယ်ကျော်သက်လေးကို ဟယ့်ယွင်ထင်လက်မှ ကာကွယ်ပေးလျှက်ရှိသည်။ သူက ဆယ်ကျော်သက်လေးအား အနောက်မှ ဖက်ထားလိုက်၏။ တစ်ဖက်လူသည်လည်း ရန်လိုခြင်းမရှိပဲ ရှုကျစ်ဟန်လုပ်သမျှ ခွင့်ပြုပေးလျှက်ရှိသည်။
၎င်းက ချီကျားဇယ်၏ လက္ခဏာရပ်များနှင့် ဆင်တူ၏။ တောင့်တင်းစွာ လမ်းလျှောက်တတ်ပြီး တုံးအပုံပေါ်နေသည့်တိုင် လူအသိစိတ်အချို့ ကျန်ရှိနေသေးလေသည်။
“အားဇယ်က ပိုကောင်းလာပါပြီ … ဗိုလ်ချုပ် … ဗိုလ်ချုပ်သိပါတယ် …”
ရှုကျစ်ဟန်က ဟယ့်ယွင်ထင်အား နားဝင်အောင် ဖြောင့်ဖျနေခဲ့သည်။
“ဒီတစ်ခါ မျိုးစိတ်ဘယ်လိုရှိသလဲ ကျွန်တော် ဂရုမစိုက်ဘူး … ဒါပေမယ့် ကျွန်တော် အမှားမခံပါဘူး …”
“သူက အိုမီဂါလေ …”
ဟယ့်ယွင်ထင်က သူ့အား စကားဖြတ်ပြောပြီးနောက် တစ်ဖက်သို့ လှည့်လိုက်သည်။
ရှုကျစ်ဟန်သည် မီးလျှံသွေးလက္ခဏာရပ်ပိုင်ဆိုင်သည့် အိုမီဂါတစ်ဦးကို တွေ့ရှိခဲ့၏။
သို့သော် ဟယ့်ယွင်ထင်က ထိုအချက်ကို ထုတ်မပြောခဲ့ချေ။
ဂလင်းများ မပါရှိသည့် ဘီတာတစ်ဦးသည် ချီကျားဇယ်ကဲ့သို့ ကုသနိုင်ခြင်းရှိမရှိ မည်သူမှ မသိနိုင်ကြချေ။
ဟယ့်ယွင်ထင်အရှေ့၌ မသေချာမရေရာသည့် ကိစ္စများစွာ ရှိနေဆဲဖြစ်သည်။
သူတို့က မိုးသစ်တောမြို့နှစ်မြို့အား တူညီသောနည်းလမ်းဖြင့် အဆုံးသတ်ပေးခဲ့သည်။
“သူ … သူတို့မှာ မိသားစုတွေရှိမှာ …”
ရှုကျစ်ဟန်က ပြောသည်။
“သူ့မိသားစုက သူ့ကိုစောင့်နေမှာပေါ့ … ဒီမြို့က တခြားမြို့နှစ်ခုနဲ့ မတူပါဘူး … ဗိုလ်ချုပ် …”
“ဒါပေမယ့် သူ့မိဘတွေကလည်း သန္ဓေပြောင်းသွားလောက်ပြီ … သူတို့ကလေးကိုတောင် မှတ်မိပါတော့မလား … ဒါမှမဟုတ်သူ့ကို တစ်စစီဆုတ်ဖြဲပြီး စားဖို့ စောင့်နေကြမှာပေါ့ …”
ဟယ့်ယွင်ထင်သည် အမူအရာတစ်ချက်ပင် မပြောင်းပဲ ရှိနေ၏။
“ဒါပေမယ့် ခင်ဗျားရှေ့က ကလေးမှာ ဒေါင်လိုက်မျက်ဆံတွေ မရှိဘူးလေ …”
ရှုကျစ်ဟန်က ခါးသီးစွာ တောင်းဆိုလိုက်သည်။
“ကျွန်တော် အားဇယ်ရဲ့ ကုသမှုအချို့ ယူခဲ့ပါတယ် … ကျေးဇူးပြုပြီး ကျွန်တော့်ကို ကြိုးစားခွင့်ပြုပါ … ဒါက တက္ကသိုလ်ပဲလေ … အလုပ်လုပ်သေးတဲ့ ဓာတ်ခွဲခန်း ရှိနိုင်ပါသေးတယ် …”
“ကျွန်တော် နှစ်ရက်ပဲလိုတာပါ … မဟုတ်ဘူး … တစ်ရက်ပဲ …”
“သူက အားဇယ်နဲ့ တူနေသရွေ့ … သူက အားဇယ်နဲ့ တူနေသရွေ့ …”
ရှုကျစ်ဟန်က စကားမဆက်ခင် နှစ်ကြိမ်ထပ်ပြောလိုက်သည်။
“မခက်ခဲပါဘူး …”
“ပရော်ဖက်ဆာရှု … ခင်ဗျားက လက်ရှိပြဿနာကို မသိတဲ့ပုံပဲ …”
“ခင်ဗျားက ခွင့်ပြုချက်မရှိပဲ အဖွဲ့ထဲက ထွက်သွားခဲ့တဲ့အပြင် ကူးစက်ခံအရာဝတ္ထုကိုလည်း ထိခဲ့သေးတယ် …”
ဟယ့်ယွင်ထင်က ပြောလိုက်သည်။
“စိတ်မကောင်းပါဘူး .. ခင်ဗျားရဲ့ လုံခြုံရေးအတွက် ကျုပ်မှာ တာဝန်ရှိပေမယ့် ကျုပ်ရဲ့ ဆာဂျင်တွေအတွက်လည်း တာဝန်ရှိတယ် …”
“လီရိုကိုစစ်ဆင်ရေးပြီးရင် ခင်ဗျားကို မြို့တော်ပြန်ခေါ်သွားသင့်လားဆိုတာ ကျုပ်စဉ်းစားရလိမ့်မယ် …”
ရှုကျစ်ဟန်က တိတ်ဆိတ်သွား၏။ သို့သော် ဆယ်ကျော်သက်လေး၏ လက်ကိုမူ မလွှတ်ခဲ့ချေ။ ထိုသူ၏ လက်အတွင်းမှ ကိတ်မုန့်ဘူးသည် မြေပေါ်သို့ ပြုတ်ကျသွား၏။ ချောကလက်ကိတ်သည်လည်း ဘူးအတွင်းမှ လိမ့်ဆင်းကာ ပုံပျက်သွားခဲ့လေသည်။
“ကျွန်တော် သူ့ကို မြင်မြင်ချင်း … ရှောင်မုန့်နဲ့တူတယ်လို့ ခံစားမိခဲ့ရုံပါ ..”
သူ၏ မျက်ဝန်းများက မှိန်ဖျော့သွား၏။
“ဒါပေမယ့် ကျွန်တော် သူ့ရဲ့နောက်ဆုံးအချိန်ကို မတွေ့လိုက်ရဘူး …”
“ကျွန်တော် အဲဒါကို ထပ်ပြီးမကျော်ဖြတ်ချင်ဘူး … ပြီးတော့ သူက … အရမ်းလိမ္မာတဲ့ကောင်လေး ဖြစ်မယ့်ပုံပဲ …”
ဟယ့်ယွင်ထင်က ကျီမုန့်၏ သေဆုံးခြင်းကို အတိတ်ဟု မှတ်ယူလိုက်သည့်အလားပင်။ သူက ရှုကျစ်ဟန်၏ စကားကြောင့် ထိရှမသွားခဲ့ချေ။
ရှုကျစ်ဟန်သည် စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် ခေါင်းမော့လိုက်သည်။ သူ့မျက်ဝန်းထဲ၌ မည်သည့်ဒေါသစိတ်မှ မရှိတော့ပဲ စိတ်ပိုင်းဖြတ်ထားဟန်ဖြင့်သာ ပြည့်နှက်နေ၏။
“ကျွန်တော် လီကိုရိုရဲ့မစ်ရှင်ပြီးတဲ့အထိ သုတေသနကို အဆုံးမသတ်နိုင်ခဲ့ရင် …”
“ကျွန်တော်မပါပဲ ခင်ဗျား ထွက်သွားနိုင်တယ် …”
ဟယ့်ယွင်ထင်က ရှုကျစ်ဟန်အား ခံစားချက် ကင်းမဲ့စွာ ကြည့်လိုက်သည်။
“လီကိုရိုတက္ကသိုလ်နားမှာ ဂြိဟ်သားရှိမရှိ စောင့်ကြည့်ပါ …”
သူက နှစ်ကီလိုမီတာအတွင်း မည်သည့် ဂြိုဟ်သားမှ မရှိကြောင်း တင်ပြချက်ကို ရရှိလိုက်မှသာ ရှုကျစ်ဟန်အား ပြန်ကြည့်လာခဲ့သည်။
“ခင်ဗျားအတွက်နဲ့ မစ်ရှင်ကို နှောင့်နှေးစေမှာမဟုတ်ဘူး …”
“ခင်ဗျားရဲ့ စကားကို မှတ်ထားပါ …”
……
ရှင်းလင်းရေး မစ်ရှင်သည် ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။
ဤမြို့သည် ထူးဆန်းလှ၏။ သို့သော် အဆိုပါ ဆယ်ကျော်သက်လေးမှအပ မည်သည့် ထူးဆန်းသော ကူးစက်ခံရသူ တစ်ဦးကိုမှ မတွေ့ခဲ့ရချေ။ လီကိုရိုမြို့သည် အခြားမြို့နှစ်မြို့ထက် ပို၍ ကြီးမားပြီး ခရစ်စ်ပေါ့ကဲ့သို့ ရှင်းရမလွယ်ကူရာ ရှင်းလင်းရေးအတွက် ပို၍ အချိန်ယူခဲ့ရ၏။
မက်ခါတိုင်းက တာဝန်ကျေပွန်စွာဖြင့် အမြောက်ဆံများအား ဂြိုဟ်သားများ၏ ဦးနှောက်နှင့် နှလုံးတို့ ရှိရာသို့ ထပ်ခါထပ်ခါ ပစ်လွှတ်ခဲ့ကြသည်။ ထို့နောက် ၎င်းတို့အား မီးလောင်တိုက်သွင်း၍ အရည်ပျော်စေခဲ့၏။
တစ်နေ့တာ ကုန်လွန်သွားပြီးနောက် …
နေဝင်ချိန်သည် သွေးလွှမ်းနေပြီး ငါးညှီနံ့ပြင်းပြင်းနှင့် ဂြိုဟ်သားတို့၏ ညည်းသူသံများဖြင့် ပြည့်နှက်နေ၏။
အဆုံးသတ်တွင် သူတို့သည် လီရိုကို တက္ကသိုလ်သို့ ပြန်လာခဲ့ကြသည်။
ရှုကျစ်ဟန်က မက်ခါသံကြောင့် အပြင်သို့ လျှောက်ထွက်လာ၏။
သူ့နံဘေး၌မူ ကိတ်မုန့်မကိုင်ထားတော့သည့် ဆယ်ကျော်သက်လေး ရှိနေသည်။
ဆယ်ကျော်သက်လေး၏ မျက်ဝန်းအိမ်များမှာရှင်းလင်းနေ၏။ ထိုမျက်ဆံများသည် ဒေါင်လိုက်မဟုတ်ခဲ့ချေ။
ရှုကျစ်ဟန်၏ အမူအရာက လွန်ခဲ့သော တစ်ရက်ခန့်က အမူအရာနှင့် မတူပဲ သိသိသာသာ ကွဲပြားလျှက်ရှိသည်။ ဟယ့်ယွင်ထင်ကိုယ်တိုင်ပင် မက်ခါထဲမှ ထွက်မလာရသေးသည့်တိုင် ထိုအချက်ကို သတိပြုမိခဲ့၏။
ရှုကျစ်ဟန်က စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။
“ကြည့် … ကျွန်တော် လုပ်နိုင်ခဲ့တယ် …”
ဆယ်ကျော်သက်လေး၏ လမ်းလျှောက်နှုန်းမှာ နှေးကွေးနေဆဲဖြစ်၏။ သို့သော် များစွာ ချောမွေ့လာခဲ့သည်။ သူက M2742 ထံသို့ တစ်လှမ်းချင်းလျှောက်လှမ်းလာ၏။ ထို့နောက် မက်ခါနှင့် တစ်မီတာအကွာ၌ ရပ်ကာ မျက်ဝန်းများ ကွေးညွှတ်သွားသည်ထိ ပြုံးလျှက် ဆိုလာသည်။
“မင်း … ကောင်းတယ် …”
ဟယ့်ယွင်ထင်က အေးစက်စက် အမူအရာဖြင့် ရှိနေ၏။ သာမန်အားဖြင့် အေးအေးဆေးဆေး နေတတ်သည့် လုအန်းဟယ်ကိုယ်တိုင်ပင် မနေနိုင်တော့ပဲ မိုက်ခရိုဖုန်းကို ဖွင့်ကာ ရှုကျစ်ဟန်အား ပြောလိုက်သည်။
“ပရော်ဖက်ဆာရှု … ဘာပြောတာလဲ … သူက စကားပြောနိုင်တာက သက်သေဖြစ်ရောလား …”
သူ၏ အသံသည် ဒေါသဖြင့် ပြည့်နှက်နေ၏။
ရှုကျစ်ဟန်ကမူ မေးခွန်းထုတ်ခံလိုက်ရသည့်တိုင် ပို၍သာ တည်ငြိမ်လာ၏။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း၌ သူသည် ရယ်စရာကောင်းလောက်အောင် ဒေါသတကြီး ဖြစ်နေခဲ့သည်။ သို့သော် လက်ရှိအချိန်၌မူ နူးညံ့သော ပါရမီရှင်တစ်ဦး၏ ပုံရိပ်အား ပြန်လည်ပိုင်ဆိုင်ထားလေပြီ။ သူက လုအန်းဟယ်၏ မေးခွန်းကို တိုက်ရိုက်ပြန်မဖြေပဲ ဟယ့်ယွင်ထင်ကိုသာ ပြောလိုက်သည်။
“ကျွန်တော် ဒီလိုပြောမှတော့ ဒီလိုပြောရတဲ့ အကြောင်းရင်း ရှိနေလို့ပေါ့ …”
ဟယ့်ယွင်ထင်က မျက်ခုံးပင့်လိုက်၏။
“ခင်ဗျား အားဇယ်အကြောင်း ပြောတော့မယ်ဆိုတာ ကျွန်တော်သိတယ် … ဒါပေမယ့် အားဇယ်က အိုမီဂါဖြစ်နေလို့ ပြန်ကောင်းလာနှုန်း နှေးနေတာပါ … မျိုးစိတ်က ဂလင်းကနေ ဝင်ရောက်သွားတာလေ … ပြီးတော့ အားဇယ်ရဲ့ စိတ်စွမ်းအား သန်မာနေတာကလည်း အဲဒီ့မျိုးစိတ်ကို အလွယ်တကူ ဖယ်ထုတ်လို့မရဖြစ်စေတယ် …”
လူငယ်လေးသည် ဟယ့်ယွင်ထင်အား နှုတ်ဆက်ပြီးနောက် ရှုကျစ်ဟန်အနီးသို့ တစ်လှမ်းချင်း ပြန်လည်တိုးကပ်သွားသည်။
ရှုကျစ်ဟန်သည် ဆယ်ကျော်သက်လေးအား နူးညံ့စွာ ကြည့်လိုက်၏။
“ဒါက ဘီတာတွေနဲ့ဆိုရင် မတူပါဘူး …”
ရှုကျစ်ဟန်က ပြောသည်။
“သူတို့မှ ဂလင်းလည်း မရှိသလို … စိတ်စွမ်းအားကလည်း အလယ်အလတ်ပဲ … ဒီတော့ …”
ရှုကျစ်ဟန်က အသံကို မြှင့်လိုက်သည်။
“ပြဿနာက ပိုပြီး ဖြေရှင်းရ လွယ်ကူသွားတာပေါ့ … အားဇယ်လိုမျိုး ဂလင်းကို ဖျက်ဆီးပြီး မျိုးစိတ်ပြန်တည်ဆောက်စရာ မလိုတော့ပဲ အဲဒီ့ဂြိုဟ်သားမျိုးစိတ်ကို ပြောင်းလဲပေးလိုက်ရုံပဲ … သူတို့က အကောင်းပကတိ ပြန်ဖြစ်မလာရင်တောင် လူလိုပြန်နေနိုင်လိမ့်မယ် …”
“ဒါပေမယ့် ပရော်ဖက်ဆာရှု … ခင်ဗျားမှန်တယ်ထားဦး … ဒါက တစ်သန်းမှာ တစ်ယောက်ပဲ ဖြစ်တာလေ …”
လုအန်းဟယ်က ပြောလိုက်သည်။
“ခင်ဗျား ဒီဂြိုဟ်တစ်ခုလုံးကို ရေနက်ထဲက ဆွဲမတင်နိုင်ဘူး …”
ရှုကျစ်ဟန်က ခပ်ဖွဖွ ရယ်မောလိုက်၏။
“ဒါတင်ဘယ်ကမလဲ … ခင်ဗျားတို့ ဒီမှာ မရှိခင်က ကျွန်တော် တခြားအရာတွေကိုလည်း သုတေသနလုပ်ခဲ့သေးတယ် … ဗွီပရိုတွန်က ဘယ်လိုစကူးစက်သလဲ သိလား … အရင်ဆုံး လူတစ်ဦးကနေ ကျောင်းတစ်ကျောင်းလုံး ကူးစက်သွားခဲ့တာလေ … ဒါပေမယ့် ကျောင်းသားက အိမ်ကိုပြန်တဲ့အခါ အိမ်ကမိဘတွေက ပိုဆိုးတဲ့အခြေအနေနဲ့ ကူးစက်ခံခဲ့ကြရတယ် … သူတို့ရှိနေတဲ့ အဖွဲ့အစည်းက တူညီတဲ့ဖြစ်ရပ်တွေရှိနေပြီး မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ ကူးစက်ပုံပဲ …”
ရှုကျစ်ဟန်က နည်းလမ်းတကျ ဆက်ပြောသည်။
“ဒါက ဘာကိုဆိုလိုသလဲသိလား … ရောဂါပိုးက ထိတွေ့မှုကတဆင့် ကူးစက်တာ မဟုတ်ဘူးဆိုတာပဲ … ကူးစက်တဲ့ဧရိယာ ကျယ်ကျယ်ပြန့်ပြန့်ရှိပေမယ့် ဒီအတိုင်း တစ်ဦးပြီးတစ်ဦး ထိတွေ့ရင်း ထိုးသွင်းခံခဲ့ရတာမဟုတ်ဘူး …”
သူက ခဏကြာ စကားရပ်လိုက်သည်။
“တစ်ချိန်က ကမ္ဘာပေါ်မှာ ကာလဝမ်းရောဂါ ကပ်ဘေးရှိခဲ့မှန်း ကြားဖူးကြမှာပါ … ကျွန်တော်တို့က ရောဂါအရင်းအမြစ်ကို မရှာနိုင်ခဲ့ကြဘူး … ဒါပေမယ့် V ပရိုတွန်ရဲ့ ရေထောက်ပံ့မှုက စက်ဝိုင်းပုံသဏ္ဌာန်ရှိတယ် … ခရစ်စ်ပေါ့ရဲ့ အောက်ခြေကနေ တခြားမြို့တွေကို အထပ်ထပ်အလွှာလွှာ ဖြတ်သန်းရင်း ပို့ဆောင်ပေးတာ … မြို့တစ်မြို့ရဲ့ အသုံးပြုပြီးသားရေက တစ်ပါတ်ပါတ်ပြီးမှသာ အခြားမြို့တစ်မြို့ကို ဆက်လက်ဖြတ်သန်းလေ့ရှိတယ် …”
“ဒါပေမယ့် မြို့တော်ကတော့ အဲဒီ့လိုမဟုတ်ဘူး … မြို့တော်မှာ ရေပါတ်လမ်းသီးသန့်ရှိတယ် … ဒါ့ကြောင့် မြို့တော်တစ်ခုထဲ ဘေးကင်းနေပြီး အခြားမြို့တွေအားလုံး ကူးစက်ခံခဲ့ရတာပဲ … ဒါ့ကြောင့် ဆက်သွယ်မှုနဲ့ ကွန်ရက်ကို ဖြတ်တောက်ပစ်တာက အဓိပ္ပာယ်မရှိဘူး …”
ရှုကျစ်ဟန်က ဆက်ပြောသည်။
“အဓိကဖြတ်တောက်သင့်တာက သူတို့ သတိမမူမိခဲ့တဲ့ ရေအရင်းအမြစ်ပဲ ..”
“ကျွန်တော် ရှင်းပြပြီးပြီ …”
ရှုကျစ်ဟန်က သူ၏ လက်များကို ဆန့်တန်းလိုက်သည်။
“ကျွန်တော် လီကိုရိုမြို့ရဲ့ ဘယ်ရေကိုမှ မထိခဲ့ဘူး … ကျွန်တော်က ကူးစက်နိုင်ချေ ရှိနေတုန်း ဆိုရင်တောင် ကျွန်တော်က အိုမီဂါဖြစ်တာကြောင့် ကူးစက်ခံရတာနဲ့ ချက်ချင်းသိသာမှာပဲ … အားလုံးက ကျွန်တော် ရူးနေတယ်လို့ ထင်နေမှန်း နားလည်ပါတယ် … ကျွန်တော်က ခွင့်ပြုချက်မရှိပဲ အသင်းကနေ ထွက်ခဲ့မိတယ် … ဒါပေမယ့် ကျွန်တော် ကာကွယ်ဆေးတွေကို တတ်နိုင်သမျှ များများနဲ့ မြန်မြန်ထုတ်ပေးမှာပါ …”
ရှုကျစ်ဟန်က ပြောသည်။
“ခင်ဗျား ကျွန်တော့်ကို ပြန်ခေါ်သွားရင်ပေါ့ …”
မြို့တစ်မြို့လုံးသည် ရှင်းလင်းခံလိုက်ရပြီဖြစ်သည်။ သူတို့အရှေ့ရှိ ဆယ်ကျော်သက်လေးသာလျှင် အသက်ရှင်လျှက် ကျန်နေခြင်းဖြစ်၏။
အချိန်အတန်ကြာသည်အထိ မည်သူမှ စကားဆိုမလာခဲ့ကြချေ။
ဟယ့်ယွင်ထင်၏ အေးစက်စက် အသံသာ ထွက်ပေါ်လာခဲ့သည်။
“ဒီနေရာမှာရှိတဲ့လူ ဘယ်သူမှ ခင်ဗျားစကားတွေ မှန်ပါတယ်လို့ သက်သေမပြနိုင်ဘူး …”
“ကျွန်တော် နားလည်ပါတယ် …”
“ကျုပ်မက်ခါထဲကို ဝင်ပါ …”
ဟယ့်ယွင်ထင်၏ အသံသည် အေးစက်နေဆဲပင်။
“ခင်ဗျားပြောသလိုမျိုး ကိစ္စတွေ ပြန်အဆင်ပြေမလာသရွေ့ ဘယ်ပိုင်းလော့ကိုမှ ခင်ဗျားထိခွင့်မရှိဘူး …”
လုအန်းဟယ်က ခေါ်လိုက်သည်။
“ဘော့စ် …”
“တစ်ခုခုဖြစ်လာရင် ငါ အပြစ်ခံလိုက်မယ် …”
ဟယ့်ယွင်ထင်က ဒုတိယစက်ခန်း၏ ဓာတ်လှေကားကို ရှုကျစ်ဟန်အရှေ့သို့ ချပေးရင်း ပြော၏။
စက်ခန်းနှစ်ခုသည် တစ်ခုနှင့်တစ်ခု ဆက်စပ်ခြေင်း မရှိကြချေ။ ဟယ့်ယွင်ထင်သည် ဒုတိယစက်ခန်းအား ဖွင့်ပေးခဲ့ခြင်းသာ ဖြစ်ပြီး ရှုကျစ်ဟန်အား ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ခြင်းမပြုခဲ့ချေ။
ရှုကျစ်ဟန်က စိတ်သက်သာရာရစွာ ပြုံးလိုက်သည်။
“ဗိုလ်ချုပ် …”
သူက ဆယ်ကျော်သက်လေး၏ လက်ကိုဆွဲလိုက်၏။
“ခင်ဗျားတစ်ယောက်ပဲ အပေါ်တက်လာခွင့်ရှိတယ် …”
ဟယ့်ယွင်ထင်က ထပ်ပြောလိုက်၏။
ရှုကျစ်ဟန်၏ အပြုံးက တောင့်တင်းသွားသည်။
“ဒါပေမယ့် သူလည်းပိုကောင်းလာပါပြီ … ခင်ဗျားသူ့ကို ခေါ်သွားလို့မရဘူးလား …”
ဟယ့်ယွင်ထင်၏ ရှင်းပြလိုစိတ် မရှိတော့ပုံကြောင့် လုအန်းဟယ်က ဝင်ရှင်းပြလိုက်၏။
“ခင်ဗျား ဖြေရှင်းနိုင်ပြီဆိုတော့ နောက်မှပြန်လာပြီး ဖြေရှင်းလို့ရပါတယ် … ဒီအန္တရာယ်ရှိတဲ့အရာကို အတူတူခေါ်လာစရာမလိုပါဘူး …”
ရှုကျစ်ဟန်က နားမလည်နိုင်ခဲ့ချေ။
“သူက အဲဒီ့အကျင့်တွေ ထပ်ရှိလာတော့မှာ မဟုတ်ပါဘူး … အခုဆို စကားပြန်ပြောနေပြီလေ … သူက ပြီးပြည့်စုံတဲ့ နမူနာဖြစ်နေတုန်းပဲ …”
သို့သော် ဟယ့်ယွင်ထင်သည် ရှုကျစ်ဟန်၏ တောင်းဆိုမှုကို လျစ်လျူရှုထား၏။
“ဒါဆို ပရော်ဖက်ဆာရှုက ဒီမှာ သူနဲ့အတူ နေခဲ့ပေါ့ …”
သူက ထိုသို့ပြောလိုက်ပြီးနောက် မက်ခါများကို စက်နှိုးရန် အမိန့်ပေးလိုက်သည်။ သုတေသနပညာရှင်နှင့် မြို့၌ မည်သည့်အရာများ ဖြစ်ပျက်နေကြောင်း သိပုံမပေါ်သေးသည့် ဆယ်ကျော်သက်လေးအား ထားခဲ့ရန် ပြင်လိုက်သည်။
ရှုကျစ်ဟန်၏ တည်ငြိမ်မှုသည် ဟယ့်ယွင်ထင်၏ စကားကြောင့် ပြိုလဲသွားရသည်။
“ဒီကလေးမှာ ဘာအပြစ်ရှိလို့လဲ … ဘာ မတော်တဆမှုမှ ရှိမလာရဘူးဆိုတာ ကျွန်တော့်အသက်ကို တိုင်တည်ပြီး ကျိန်ရဲပါတယ် …”
“မဖြစ်နိုင်ဘူး …”
ဟယ့်ယွင်ထင်က စိတ်ရှည်မှု ကုန်ခမ်းသွားခဲ့သည်။ သူက ရှုကျစ်ဟန်နှင့် စကားထပ်မံ မပြောလိုတော့ချေ။ သူက ရှုကျစ်ဟန်နှင့် သနားညှာတာခြင်း ခေါင်းစဉ်အကြောင်း ဆွေးနွေးသည်မှာ အဓိပ္ပာယ်မရှိဟု ခံစားလိုက်ရ၏။ ထို့နောက် ဓာတ်လှေကားကို ပြန်လည်မတင်လိုက်သဖြင့် ရှုကျစ်ဟန်ထံသို့ ဖုန်များလွင့်မျောလာသည်။
ရှုကျစ်ဟန်၏ မျက်ဝန်းများသည် သွေးနီရောင်သမ်းနေ၏။ သူမည်မျှ ညှိနှိုင်းသည်ဖြစ်စေ၊ တစ်ဖက်လူသည် ဟယ့်ယွင်ထင် ဖြစ်နေခဲ့သည်။
တိတ်ဆိတ်နေသည့် လေထုက သူ့အား မေးခွန်းထုတ်နေသကဲ့သို့ ရှိ၏။
လူတစ်ဦးထဲကို ကယ်တင်မည်လော … သို့မဟုတ် လူအမြောက်အများကို ကယ်တင်မည်လော …
“ကျွန်တော် ခင်ဗျားနဲ့ လိုက်ခဲ့မယ် …”
ရှုကျစ်ဟန်သည် တစ်ဖက်လူကိုပင် မကြည့်ရက်တော့ချေ။ သူက ဆယ်ကျော်သက်လေး၏ နှုတ်ခမ်းထောင့်အား တစ်ချက်ကြည့်ရင်း ထိုသူ၏ လက်ကို တုန်တုန်ယင်ယင်ဖြင့် လွှတ်လိုက်ရတော့သည်။
တစ်ဖက်လူက လက်ရှိအခြေအနေအား နားမလည်နိုင်သေးချေ။ သူက အားလုံးထွက်ခွာသွားသည်ကို ကြည့်ရင်း “ကောင်းပြီ” ဟူ၍သာ အူတူတူ ပြောနေခဲ့၏။
အဆုံးသတ်တွင် သူသည် သွေးစွန်းမြို့တော် လီကိုရို၌ စွန့်ပစ်ခံခဲ့ရသည့် နောက်ဆုံးအသက်ရှင်ကျန်ရစ်သူ ဖြစ်လေသည်။
ဟယ့်ယွင်ထင်သည် သူပြောသည့်အတိုင်း ပြုလုပ်ခဲ့သည်။ သူက ရှုကျစ်ဟန်အား သူနှင့်အတူ ခေါ်ဆောင်လာခဲ့ပြီးနောက် အခြားပိုင်းလော့များကို ဦးဆောင်လျှက် တွန့်ဆုတ်ခြင်းမရှိ မြို့တော်သို့ ပြန်သွားခဲ့လေသည်။
……
👾