Chapter 93
Viewers 8k

👾Chapter 93

 (နှစ်ဦးကြားကလျှို့ဝှက်ချက်) 



ဟယ့်ယွင်ထင်သည် သူပြောသည့်အတိုင်း ပြုလုပ်ခဲ့သည်။ သူက ရှုကျစ်ဟန်အား သူနှင့်အတူ ခေါ်ဆောင်လာခဲ့ပြီးနောက် အခြားပိုင်းလော့များကို ဦးဆောင်လျှက် တွန့်ဆုတ်ခြင်းမရှိ မြို့တော်သို့ ပြန်သွားခဲ့လေသည်။ 

သူတို့က မတော်တဆမှုတစ်ခုပင်မကြုံတွေ့ခဲ့ပဲ တစ်ရက်အကြာ၌ မြို့တော်သို့ ရောက်ရှိခဲ့ကြသည်။ 


အဖွဲ့က တိုက်ခိုက်ရန် မလိုတော့သလို မြို့တော်ရှိ သုတေသနပညာရှင်များသည်လည်း ကူးစက်ခံမြို့များနှင့် ထိတွေ့နိုင်ခြင်း မရှိခဲ့လေရာ ရှုကျစ်ဟန်၏ ကောက်ချက်ချမှုသည် နောက်ထပ်ဦးတည်ချက် အသစ်တစ်ခု ဖြစ်ပေါ်စေခဲ့သည်။ ရှုကျစ်ဟန်သည် မြို့တော်သို့ ရောက်လျှင်ရောက်ချင်း တစ်ဦးထဲသီးသန့် ထားရှိခြင်းခံခဲ့ရ၏။ 


အကယ်၍ စောင့်ကြည့်ကာလအတွင်း မည်သည့်အဖြစ်အပျက်မှ မဖြစ်ပျက်ခဲ့လျှင် ရှုကျစ်ဟန်၏ အဆိုပြုချက်အား ထည့်သွင်းစဉ်းစားပေးမည်ဖြစ်သည်။ 


ကူးစက်မခံရသေးသည့် မြို့များသည် ဆက်သွယ်ရေး ပြန်လည်ကောင်းမွန်လာပြီး ရေအရင်းအမြစ်ကိုမူ ဖြတ်တောက်ခံလိုက်ရ၏။ ရှုကျစ်ဟန် မှန်ကန်ခဲ့ပါက ထိုသူလွတ်လာသည်နှင့် ဗွီပရိုတွန်၌ နောက်ထပ် အစီအစဉ်အသစ်များ ရှိလာပေလိမ့်မည်။ ရှင်းလင်းရေးသည်လည်း ယာယီရပ်ဆိုင်းထားခဲ့၏။ ထို့ကြောင့် အသင်းတစ်ခုလုံး သုံးရက်ကြာ အားလပ်ရက် ရရှိနေကြသည်။ 


သို့သော် အဆိုပါ အားလပ်ရက်၌ သူတို့အားလုံးသည် လေ့ကျင့်ရေးအတွက် ဆိုလျှင်ပင် မည်သည့်နေရာကိုမှ သွားခွင့်မရှိချေ။ မြို့တော်၌သာ နေကြရသည်။ ရှုကျစ်ဟန်အား စောင့်ကြည့်နေကြသူများလည်း ရှိကြ၏။


သူက မည်သည့်မူမမှန်သည့် အပြုအမူကိုမှ မပြုလုပ်ခဲ့ချေ။ သူသည် ကန့်သတ်ချက်များစွာ ရှိနေသည့်တိုင် သုတေသနကို မရပ်မနား ပြုလုပ်ခဲ့၏။ ခေတ်မီလက်နက်များဖြင့် ရှင်းလင်းခံခဲ့ရသည့် မြို့များအကြောင်းကိုမူ မည်သူမှ မပြောဝံ့ကြချေ။ ထိုလူများသည် မသေသင့်ပဲ သေခဲ့ရခြင်း ဖြစ်ကောင်းဖြစ်နိုင်၏။ သို့သော် သူတို့၌ နောက်ပြန်လှည့်ရန် လမ်းမရှိချေ။ 


အဆိုပါ သုံးရက်အတွင်း ဟယ့်ယွင်ထင်၏ လက်ထောက်မှအပ ထိုသူ့အား မည်သူမှ စကားမဆိုဝံ့ကြချေ။ 


အဓိကနယ်မြေ သုတေသနဌာနရှိ မက်ခါဒီဇိုင်နာတစ်ဦးသည်လည်း ဟယ့်ယွင်ထင်နှင့် စကားဆိုလျှက်ရှိ၏။ 

 

ဒုတိယနေ့တွင် လင်းဟန်သည် ဟယ့်ယွင်ထင်အား ဗီဒီယိုကောလ် ခေါ်ခဲ့သည်။ တစ်ဖက်လူသည် ယာယီအစည်းအဝေးခန်းတွင်း၌ အနားယူနေ၏။ ထိုသူ၏ အမူအရာမှာ ဖတ်ရခက်သည့်ဟန်ဖြင့် ရှိနေခဲ့သည်။ 


သူတို့က ထိုနေ့က ဗီဒီယိုကောလ်အကြောင်း စကားမစခဲ့ကြချေ။ စတင်ခေါ်ဆိုခဲ့သူက အိပ်စက်နေခဲ့သည်ဖြစ်ရာ မည်သည့်မေးခွန်းကိုမှ မေး၍ရမည်မဟုတ်ပေ။ 


“ကျွန်တော် ချီကျားမူရဲ့ညီလေးဆီ သူနဲ့အတူ သွားခဲ့သေးတယ် …” 

လင်းဟန်က သူ့အား တင်ပြ၏။ 

“သူက အရင်ကထက်ပိုကောင်းလာပြီ … သူ့ဂလင်းလည်း သက်သာလာပြီ …” 


“အင်း …” 


“ကုသဖို့ ဘယ်လောက်ကြာဦးမလဲ မသိပေမယ့် အဆင်ပြေလာမယ့်ပုံပဲ ..” 

ဟယ့်ယွင်ထင်သည်  ပုံမှန်အတိုင်း ရှိနေသော်လည်း လင်းဟန်က တစ်စုံတစ်ခုကို ခံစားမိလိုက်၏။ သူက တစ်ဖက်လူ၏ အမည်ကို ခေါ်လိုက်သည်။ 


“ကိုယ်ဒီမှာရှိတယ် …” 

ဟယ့်ယွင်ထင်က အမြန်ပြန်ဖြေလိုက်သည်။ သူက ပုံမှန်အားဖြင့် ဖြေရုံသာဖြေမည်ဖြစ်သော်လည်း ခဏအကြာ၌ စကားအချို့ကိုပါ ထပ်မံပြောလာ၏။ 

“သူပြန်ကောင်းလာတာ ကောင်းတာပေါ့ …” 


သူက ထိုသို့ပြောပြီးနောက် ပြန်လည်တိတ်ဆိတ်သွားကာ လင်းဟန်ကိုသာ ကြည့်နေပြန်၏။ ဗွီပရီုတွန်၏ ဆက်သွယ်ရေးစနစ် ပြန်လည်ကောင်းမွန်လာသည့်နောက် အတင်းအဖျင်းများ ထွက်ပေါ်လာခဲ့သည်။ အဆိုပါ မြို့သုံးမြို့သည် မြို့ပျက်ကြီးများဖြစ်ခဲ့ကြ၏။ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် စောင့်ဆိုင်းနေသည့် အခြားမြို့များကမူ အင်ပါယာ စေလွှတ်လိုက်သည့် စစ်တပ်သည် အချိန်အတန်ကြာသည့်တိုင် မလှုပ်ရှားလာသဖြင့် ကိစ္စများ မည်သို့ပြောင်းလဲသွားခဲ့ကြောင်း စုံစမ်းလာကြသည်။ 


ထို့ကြောင့် သတင်းအချို့သည် အင်ပါယာသို့တိုင် ပျံ့နှံ့လာခဲ့၏။ 


အင်ပါယာရှိလူများသည် ဗွီပရိုတွန်၏ အရေးပေါ် အခြေအနေကို သတိမပြုမိကြချေ။ သူတို့က သတင်းကောင်းများဟုသာ ထင်ကြ၏။ မျက်ကန်းယုံကြည်သူများကမူ အဖွဲ့ကိုပင် ချီးကျူးနေကြလေပြီ။ လင်းဟန်က ဟယ့်ယွင်ထင်အား မေးချင်ခဲ့သော်လည်း တစ်ဖက်လူကို မြင်ပြီးသည့်နောက် သူ မမေးရက်တော့ချေ။ 


သူ၏ ပုံစံက တစ်စုံတစ်ခု မှားယွင်းနေကြောင်း လင်းဟန်အား ပြောပြနေ၏။ 


လက်ရှိအချိန်အထိ သတင်းကောင်း ရှိမနေသေးပုံပေါ်သည်။ 


ဟယ့်ယွင်ထင်သည် စကားများတတ်သူမဟုတ်ချေ။ လင်းဟန်ကသာလျှင် သူ၏ လက်ရှိအခြေအနေကို တင်ပြပြီး ဟယ့်ယွင်ထင် စိတ်ဝင်စားမည့် အကြောင်းအရာများကို ထည့်သွင်းပြောကြားလျှက် စကားဝိုင်းကို ဦးဆောင်လေ့ရှိ၏။ 


“စကားမစပ် ဒီနေ့လေ … လူတချို့က ကျွန်တော် တစ်ယောက်ယောက်နဲ့ တွဲနေသလားဆိုတာ ဆွေးနွေးနေကြတယ် …” 

လင်းဟန်က ၎င်းကို စိတ်ဝင်စားစရာကောင်းသည်ဟု တွေးလိုက်၏။ 

“ချီကျားမူ ကျွန်တော့်ကို ခဏခဏလာခေါ်နေလို့ အဲဒီ့လိုထင်ကြတာ ဖြစ်မယ် …”

သူက ဟယ့်ယွင်ထင်၏ မျက်ဝန်းများ လက်ဖြာသွားသည်ကို သတိပြုမိလိုက်ပြီး ဆက်ပြော၏။ 

“ဒါပေမယ့် သူတို့ ဘယ်သူမှန်း မခန့်မှန်းနိုင်ကြသေးဘူး …” 


လင်းဟန်သည် စကားပြောလွန်းသူဖြစ်သည်။ သို့သော် ဤတစ်ကြိမ်၌ သူက ကိုယ်တိုင်ပင် မသိလိုက်ပဲ ဟယ့်ယွင်ထင်အား ပျော်အောင် လုပ်ပေးချင်စိတ်ဖြင့် ရောက်တတ်ရာရာ ဆက်ပြောနေခဲ့သည်။ 


“လင်းဟန် …”

ဟယ့်ယွင်ထင်က သူ့စကားကို ဖြတ်ပြောလိုက်၏။ 

“ကိုယ် အဆင်ပြေပါတယ် …” 


လင်းဟန်၏ စကားများ ပြတ်တောက်သွား၏။ 


သူက မတူညီသော နေရာများ၌ ရှိနေခြင်းသည် အစစ်အမှန်ဒုက္ခဖြစ်သည်ဟု ခံစားလိုက်ရသည်။ 


ဟယ့်ယွင်ထင်သည် မည်သည့်အရာကိုမှ ထုတ်ပြောလေ့မရှိချေ။ သူက အခက်အခဲအားလုံးကို မည်သူမှ မသိရလေအောင် ကိုယ်တိုင်သာ သိမ်းဆည်းထားလေ့ရှိ၏။ 


လင်းဟန်က သူ့အား မေးလာလျှင် ဟယ့်ယွင်ထင်သည် အမှန်အတိုင်း ဖြေကြားပေလိမ့်မည်။ သို့သော် တစ်ဖက်လူကိုယ်တိုင် ရုန်းကန်နေရသည့် တစ်စုံတစ်ခုကို လင်းဟန်က ပြန်လည်အစဖော်၍ တစ်ဖက်လူအား အဘယ့်ကြောင့် ခံစားစေရပါမည်နည်း။ 


သူတို့နှစ်ဦးလုံးက တစ်ဦးအတွက်တစ်ဦး တွေးပေးလျှက် တိတ်ဆိတ်သွားကြသည်။ 


“ကောင်းပြီ …” 

သူက ခေါင်းညိတ်ကာ တစ်ဖက်လူအား ထပ်မံကြည့်လိုက်သည်။ 


“လင်းဟန် …” 

ဟယ့်ယွင်ထင်သည် တစ်ဖက်လူ မည်သည့်အရာအား နားလည်သွားမှန်း မသိသဖြင့် ထိုသူ၏ အမည်ကို ထပ်မံခေါ်လိုက်သည်။ 


လင်းဟန် … လင်းဟန် … 


မင်းကိုယ့်ကို နှစ်သိမ့်စရာမလိုပါဘူး … ဒီအတိုင်း ပျော်ပျော်နေရင်ရပါပြီ …


“ကိုယ်မင်းကိုလွမ်းတယ် …”

ဟယ့်ယွင်ထင်က ပြောသည်။ 


လင်းဟန်သည် အတန်ကြာ ကြောင်အသွား၏။ သူက ထိုစကားများ တစ်ဖက်လူ၏ နှုတ်ဖျားမှ ထွက်လာမည်ဟု မျှော်လင့်မထားခဲ့ချေ။ 


သို့သော် ဟယ့်ယွင်ထင်ကမူ တည်ငြိမ်လျှက်ရှိ၏။ 


သူ ဝန်ခံခဲ့သည့် နေ့မှလွဲ၍ သူက သူ့အတွေးများကို ထုတ်ဖော်ပြောသည်မှာ ယခုအကြိမ်က ပထမဆုံးဖြစ်သည်။ 


ထိုသို့သော စကားကို သူဒီအတိုင်းပြောနိုင်၏။ စိတ်ဖတ်နေရန်ပင် မလိုအပ်ချေ.


အားလုံးက နေဖြစ်ချင်ကြခြင်းမဟုတ်ချေ။ သူသည် လူသတ်သမားသာဖြစ်သည်။ လက်ရှိအချိန်၌ အမှောင်ထုအား ထိန်းသိမ်းသူဖြစ်၏။ သူက တောင့်တင်းနေဆဲဖြစ်သော လူငယ်လေးအား သူ့အပိုင်ပြုလုပ်ချင်မိသည်။ သူ့ရနံ့များ စွန်းထင်းအောင် ပြုလုပ်ချင်မိ၏။ သူတစ်ဦးထဲကိုသာ စကားပြောစေလိုသည်။ လက်ရှိအချိန်၌ သူ့အတွေးထဲတွင် လိင်ကိစ္စနှင့်ပတ်သတ်၍ တစ်စုံတစ်ခုမှ ရှိမနေခဲ့ချေ။ သူ့၌ တစ်ဖက်လူအား သူ့အနားတွင် ရှိနေရန် နည်းလမ်းပေါင်း ၁၀၀၀၀ ရှိနေသော်လည်း သူ့လူဖြစ်လာစေရန် တစ်ဆင့်ချင်းသာ ပြုလုပ်လို၏။ 


လင်းဟန်သည် သူ၏ သီးသန့်ပစ္စည်း မဖြစ်လျှင်ပင် လက်ရှိပုံရိပ်ယောင်လေးကိုမူ သိမ်းဆည်းထားချင်မိသည်။ 


လင်းဟန်က “ခဏ” ဟုဆိုကာ ဖန်သားပြင်ထက်မှ မိနစ်ဝက်ကြာ ပျောက်ဆုံးသွားခဲ့သည်။ 


မကြာခင်မှာပင် ဟယ့်ယွင်ထင်က ပွတ်တိုက်သံအချို့နှင့်တူ ဖန်သားပြင်ထက်၌ ပေါ်ထွက်လာသည့် လူငယ်လေးအား တွေ့လိုက်ရသည်။ 


“ကျွန်တော် ခင်ဗျား ဗီရိုကိုဖွင့်ကြည့်ခဲ့တယ် … စိတ်မရှိနဲ့နော် …” 

သူက ဟယ့်ယွင်ထင်အား တောင်းပန်သည့် အပြုံးတစ်ချက် ပြုံးပြလိုက်၏။ သူသည် လက်ရှိအချိန်၌ ပေါင်အား ဖုံးလုနီးပါးဖြစ်နေသော စစ်ဂျာကင် အင်္ကျီကို ကိုယ်ပေါ်၌ ပတ်ထားခဲ့သည်။ 


အတွင်းဘက်ရှိ ပစ္စည်းမှာ အလွန်ရိုးရှင်းပြီး ပျော့ပျောင်း၏။ ထို့ကြောင့် လင်းဟန်က အိပ်ရာပေါ်တက်ကာ ထိုအပေါ်သို့ ထိုင်ချလိုက်သည်။ ထို့နောက် သူက ယူနီဖောင်း၏ ကော်လံမှတဆင့် သူ့ကိုယ်သူ လွှမ်းခြုံလိုက်၏။ 

“ဒီမှာ … လူငယ်လေးက ယူနီဖောင်းကို ခြုံထားတယ် ..”

သူက ဟယ့်ယွင်ထင်အား အပြုံးဖြင့် ပြောသည်။ 

“ဒီတော့ ခင်ဗျား ကျွန်တော့်ကို ဖက်ထားတယ် တွေးကြည့်ပေါ့ …” 


“ကျွန်တော် ခင်ဗျားကို ဘယ်လိုစိတ်သက်သာရာရအောင် လုပ်ရမှန်းမသိဘူး …” 

လင်းဟန်သည် ဖန်သားပြင်မှတဆင့် ဟယ့်ယွင်ထင်၏ အတွေးများကို ခန့်မှန်းနိုင်သကဲ့သို့ ပြောလိုက်၏။ 

“အခုတော့ ခင်ဗျားက လူအများကြီးရဲ့ သူရဲကောင်းဖြစ်နေစရာမလိုပါဘူး …”


“ခင်ဗျားက ကျွန်တော်တစ်ဦးထဲရဲ့ ပရိုမီးသီးရပ်စ်ပဲ …” 


T/N - ဂရိဒဏ္ဏာရီအရ ပရိုမီးသီးရပ်စ်ကို မီးနတ်ဘုရားအနေဖြင့် သတ်မှတ်ကြသည်။ ပရိုမီးသီးရပ်စ်က လူသားမျိုးနွယ်ကို ရွှံ့စေးမှတဆင့် ဖန်တီးခြင်း၊ နတ်ဘုရားတို့၏ ယဉ်ကျေးမှုကို ခိုးယူ၍ လူသားမျိုးနွယ်အား ပေးကမ်းခြင်းတို့ကြောင့် ဂုဏ်ပြုခံခဲ့ရသည်။ ထိုသူသည် လူသားမျိုးနွယ်အတွက် သိပ္ပံဗဟုသုတများ ယူဆောင်လာပေးသူအဖြစ် သတ်မှတ်ခံခဲ့ရပြီး သူ့ကိုယ်သူ စတေး၍ လူသားမျိုးနွယ်အား မြှင့်တင်ပေးခဲ့သည့် ပါရမီရှင်ဖြစ်လာခဲ့၏။ ထို့ကြောင့် လင်းဟန်သည် ဟယ့်ယွင်ထင်အား ကမ္ဘာတစ်ခုလုံးအတွက် စတေးရန်မလိုအပ်ပဲ လင်းဟန်၏ သူရဲကောင်းသာ ဖြစ်ရန်လိုကြောင်း ပြောခဲ့ခြင်းဖြစ်သည်။


“ဒါက အပေါစားဆန်သွားလား …” 

လင်းဟန် ရှက်သွေးဖြာကာ ခေါင်းငုံ့လိုက်မိသည်။ သူ့ကဲ့သို့ အလုပ်ကြမ်းပိုးတစ်ဦးသည် ထိုသို့သော စကားမျိုး ပြောရမည့်နေ့ ရှိလာလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။ 


သူတို့က အတူတကွ ရှိပြီးသည့်နောက် စတင်ပြောင်းလဲလာကြသည်။ 


ဟယ့်ယွင်ထင်သည် သူတို့ ပထမဆုံး ဆုံတွေ့စဉ်ကနှင့် မတူတော့ချေ။ သူက သူ့အတွေးများကို မည်မျှ သိမ်းထားစေကာမူ လက်ရှိအချိန်ကဲ့သို့ မကြာခဏ ထုတ်ပြောလာတတ်သည်။ 


လင်းဟန်က ခဏကြာ အတွေးနက်သွား၏။ 


“ဘာပဲဖြစ်ဖြစ် … ကျွန်တော် ပြောတာ ခင်ဗျားနားလည်မှာပါ …” 

လင်းဟန်က ဟယ့်ယွင်ထင်အား ပြောလိုက်သည်။ ထို့နောက် ပြတင်းပေါက်မှ ဝင်ရောက်လာသည့် လေအေးကြောင့် ကုတ်အင်္ကျီအား သူ တင်းတင်းဆွဲခြုံလိုက်၏။ 


“ဝတ်လိုက် …” 

ဟယ့်ယွင်ထင်က မနေနိုင်ပဲ ဆက်ပြောလိုက်၏။

“ကြယ်သီးတပ် …” 


လင်းဟန်က ခဏကြာ တောင့်တင်းသွား၏။ ထို့နောက် ပြုံးကာ ပြောလိုက်သည်။

“အိုး …” 


သူက ဟယ့်ယွင်ထင်၏ စကားကို နားထောင်ခဲ့သည်။ သူက ဂျာကင်အင်္ကျီကို ဝတ်ဆင်ကာ ခေါင်းငုံ့လျှက် နူးညံ့သော လက်ချောင်းရှည်ရှည်များကို ဝတ်စုံပေါ်၌ ပြေးလွှားစေရင်း ကြယ်သီးတစ်လုံးချင်း တပ်လိုက်၏။ 


ဟယ့်ယွင်ထင်က သူ့အဝတ်ကို ဝတ်ဆင်နေသည့် တစ်စုံတစ်ဦးကိုကြည့်ရင်း ညှဉ်းပန်းနေသကဲ့သို့ ခံစားလိုက်ရ၏။ 


လင်းဟန်၏ လက်ချောင်းများသည် ခဏအကြာ၌ ဂျာကင်၏ အပေါ်ဘက်သို့ ရောက်လာ၏။ သူက လက်ညှိုးလက်မဖြင့် ဖန်းကျီ ကြယ်သီးကို ထိလိုက်သည်။ 

“ဒါကိုရော ချိတ်လိုက်ရမလား …” 


အမှန်စင်စစ် ၎င်းက ပြီးပြည့်စုံနေပြီးဖြစ်သည်။ 


သူက သူ့ထက် များစွာကြီးမားသည့် စစ်ဂျာကင်အင်္ကျီအား ဝတ်ဆင်ထားသည်။ အင်္ကျီလက်သည် သူ့လက်ဖဝါးတစ်ခုလုံးကို ဖုံးအုပ်လျှက်ရှိပြီး လက်ဆစ်အချို့သာလျှင် ထွက်ပေါ်နေ၏။ အင်္ကျီသည် သူ၏ ကျစ်လျစ်သော ခန္ဓာကိုယ်ကို လုံးလုံးလျားလျား ဖုံးကွယ်ပေးထား၏။ သူ၏ အာဒမ်ပန်းသီးကမူ နှင်းဖြူရောင် အသားအရည်အား လှစ်ဟပြလျှက် စွဲမက်ဖွယ်ကောင်းစွာ ထွက်ပေါ်နေသည်။ 


သူက ထပ်မေးလိုက်၏။ 


ဟယ့်ယွင်ထင်သည် တစ်ဖက်လူအား အကြည့်မလွှဲနိုင်ခဲ့ချေ။ သူက လင်းဟန် ကြိုက်သလို လုပ်နိုင်သည်ဟု ပြောချင်ခဲ့သော်လည်း တကယ်တမ်း၌ အခြားစကားကိုသာ ပြောလိုက်မိ၏။ 

“အဲဒီ့ကြယ်သီးက အရမ်းအရေးကြီးတယ် …” 


သူ့အသံမှာ ကိုးရို့ကားယား နိုင်နေသည်။ 


လင်းဟန်က ကြယ်သီးကို ဆက်လက်တပ်လိုက်ရင်း သူ၏လည်ပင်းအား စစ်ဝတ်စုံအတွင်း သေသေချာချာ ဖုံးအုပ်လိုက်သည်။ 


၎င်းက သီးသန့်ပစ္စည်းတစ်ခုနှင့် တူသွားပြီဖြစ်သည်။ 


“အဆင်သင့်ပဲလား …” 

လင်းဟန်က တစ်ကိုယ်ကောင်းဆန်ခြင်း ကင်းမဲ့စွာဖြင့် မေးလိုက်၏။ သူက ဟယ့်ယွင်ထင်၏ ခံစားချက်ကို နားလည်နေသည့်တိုင် သူ၏ စိတ်ကူးယဉ်မှုကို ဆက်လက်အဖော်ပြုပေးလိုခဲ့သည်။ 


သူတို့က မတွေ့နိုင်သေးသော်လည်း တစ်ဖက်လူအား မည်သည်ကိုမှ စိုးရိမ်ရန်မလိုအပ်ကြောင်း ပြောလိုခဲ့၏။ 


“အင်း …” 

ဟယ့်ယွင်ထင်သည် လည်ချောင်းထဲရှိ ပူနွေးမှုကို ခံစားလိုက်ရသည်။ 


ဇာတ်လမ်းတွဲကို အမှီကြည့်ပြီးသွားသည့် ကူးလုလုသည် အကျင့်ပါနေသကဲ့သို့ လင်းဟန်ထံ လာချင်ကာ တစ်ဖက်လူ၏ လက်ဖဝါးအား သူ၏ အမွှေးများဖြင့် ပွတ်သပ်လိုက်၏။ သို့သော် ၎င်း၏ အနက်ရောင်ပဲစေ့ကဲ့သို့ မျက်ဝန်းများသည် ဟယ့်ယွင်ထင်၏ အင်္ကျီအား တွေ့လိုက်ရသည်နှင့် ၎င်းက လူမှားကပ်မိပြီဟု ထင်သွားကာ ဝမ်းနည်းပက်လက်အော်လိုက်သည်။ ထို့နောက် အကြောက်ကြောက် အလန့်လန့်ဖြင့် အိပ်ရာထက်မှ ပြုတ်ကျသွားတော့၏။ 


လင်းဟန်က ထိုအဖြစ်ကြောင့် ရယ်ချင်သွားကာ ကိုယ်ကိုကိုင်းလျှက် ကူးလုလုအား ချီမလိုက်သည်။ ထို့နောက် ၎င်း၏ အမွှေးများကို ပွတ်သပ်ပေးရင်း ပြောလိုက်၏။ 

“ဒီတော့ မင်းက လူတွေကို အဝတ်နဲ့ မှတ်ထားတာလား …” 


သူက ကူးလုလုသည် ဟယ့်ယွင်ထင်အပေါ် အမြင်မကြည်ဟု တွေးလိုက်မိသည်။ ထို့ကြောင့်သာ လူမှားကပ်မိပြီဟု ထင်မှတ်မှားလျှက် ဤမျှအထိ ထိတ်လန့်သွားခဲ့ခြင်း ဖြစ်ရပေမည်။ လင်းဟန်က စိတ်ဝင်စားစရာကောင်းသည်ဟု တွေးလိုက်ရင်း ကူးလုလု၏ မေးကလေးကို ညှစ်လိုက်၏။ 

“ဒီတော့ မင်းက သူရဲဘောကြောင်ပေမယ့် ခက်ထန်ချင်ယောင် ဆောင်နေတာပေါ့ … ကျားကိုကြောက်တဲ့ မြေခွေးလေး ဖြစ်နေခဲ့တာလား …” 


သူက ဗန်းစကားနှစ်မျိုးကို သုံးစွဲခဲ့သဖြင့် ကူးလုလုသည် နားမလည်ဟန် ဖြစ်သွားခဲ့သည်။ ထို့နောက် လင်းဟန်၏ လက်ဖဝါးတွင်းသို့ ခုန်တက်လိုက်၏။ ထိုကဲ့သို့ သက်သောင့်သက်သာရှိလှသည့် လေထုသည် ဟယ့်ယွင်ထင်၏ ထိုင်းမှိုင်းမှုတို့အား များစွာ လျော့ပါးသွားစေခဲ့သည်။ သူ့စိတ်ထဲတွင်မူ သူ့အပေါ် စိတ်အနှောင့်အယှက်ဖြစ်စေသည့် ကိစ္စများကို တစ်ဖက်လူအား ရင်ဖွင့်လိုစိတ်များ ပြည့်လျှံလာ၏။  


သူက လင်းဟန် အဆိုပါ ဖက်ထုပ်လုံးလေးအား ချော့မြှူနေသည်ကို စောင့်ကြည့်နေခဲ့သည်။ ထို့နောက် သူ၏ စစ်ဂျာကင်အား ဝတ်ဆင်ထားသည့် ထိုသူသည် ဖန်သားပြင်ကိုကြည့်ကာ သူ့အမည်အား ခေါ်ဆိုလာ၏။ 


ဟယ့်ယွင်ထင်က မေးလိုက်သည်။ 

“ကိုယ်မင်းကို စစ်ဆေးခိုင်းတာကို မှတ်မိလား …” 


လင်းဟန်၏ မျက်နှာထက်ရှိ အပြုံးက အနည်းငယ် မှိန်ဖျော့သွားသည်။ သူက ဟယ့်ယွင်ထင် စကားဆက်ပြောစေရန် စကားထောက်ပေးလိုက်သည်။ 

“အင်း …”


ဟယ့်ယွင်ထင်က လင်းဟန်အား ကြည့်လိုက်သည်။ သာမန်လူများအတွက် ရိုးရှင်းသည့် ဝန်ခံချက်တစ်ခုကပင် သူ့အတွက် ခက်ခဲနေခဲ့၏။ 

“ကိုယ် အဲဒီ့နေ့ကို မှတ်မိတယ် … ကိုယ် သေနတ်ပစ်လေ့ကျင့်ရေးမှာ ရှိနေခဲ့တာ …” 


လင်းဟန်၏ နှလုံးသားတစ်ခုလုံး နစ်မြုပ်သွားသည်။ သူက အင်း ဟု ခပ်တိုးတိုး အသံပြုလိုက်၏။ 


“ဒါပေမယ့် မင်းတွေ့တဲ့အတိုင်း ကိုယ်စခန်းမှာ တစ်နေ့လုံးမရှိခဲ့ဘူး … ကိုယ်ဘယ်လောက်စဉ်းစား စဉ်းစား အဖြေထွက်မလာဘူး ဖြစ်နေတယ် …” 


ကူးလုလုအား ပွတ်သပ်ပေးနေသည့် လင်းဟန်၏ လက်ချောင်းများ ရပ်တန့်သွားရသည်။ 


“ကိုယ်က ကိုယ့်မှတ်ဉာဏ်အပေါ် ယုံကြည်ချက် အပြည့်ရှိတယ် …” 

ဟယ့်ယွင်ထင်က လင်းဟန် ပြောခဲ့သည့် ကိုယ်မှတ်မိချင်တာသာ မှတ်မိသည်ဟူသော စကားကြောင့် ပြောလိုက်ခြင်းဖြစ်၏။ 

“ဒါပေမယ့် ကိုယ်အခုတော့ ယုံကြည်ချက်မရှိတော့ဘူး .. ကိုယ့်ရဲ့မှတ်ဉာဏ်က တစ်ခုခုမှားနေသလိုပဲ …” 


ဟယ့်ယွင်ထင်က ထိုအထိသာ ပြောခဲ့၏။ လုအန်းဟယ် သူ့အား ထိုကိစ္စနှင့် ပတ်သတ်၍ မည်သည့် သဲလွန်စမှ မပေးခဲ့ကြောင်း ကိုမူ ထည့်သွင်းမပြောခဲ့ချေ။ သူက လင်းဟန်အား ထိုအချက်ကိုသာ ပြောပြလိုခဲ့ခြင်းဖြစ်၏။ လင်းဟန်သည်လည်း သူပြောနိုင်သည့် အကန့်အသတ်မှာ ထိုမျှသာရှိကြောင်း နားလည်နိုင်ပေလိမ့်မည်။ 


ဟယ့်ယွင်ထင်သည် သူ၏ အားနည်းချက်ကို ထုတ်ပြလိုက်မိသလို ခံစားလိုက်ရသည်။ ၎င်းက သူ့အတွက် တစ်ဦးထဲ သယ်ဆောင်ထားရန် အလွန်များပြားလှပြီး ဖိအားကိုပင် မေ့လျော့သွားခဲ့ကာ ကိုယ်တိုင် ဆက်လက်၍ တောင့်ခံနေမိခဲ့သော အရာဖြစ်သည်။ 


ကူးလုလုက အိပ်မောကျသွားပြီဖြစ်၏။ လင်းဟန်က ၎င်းကို နံဘေးရှိ ကူရှင်ပေါ်သို့ တင်လိုက်သည်။ 

“ကျွန်တော် သိပြီ …” 


ဟယ့်ယွင်ထင်က ခဏတွေးလိုက်ပြီးနောက် ထပ်ပြောလိုက်၏။ 

“ဒါပေမယ့် မင်း ဌာနကို ခွင့်ပြုချက်မရှိပဲ စစ်ဆေးလို့ရမယ့် နည်းလမ်းမရှိဘူး … ကိုယ်လည်း မရှိဘူးဆိုတော့ မတော်တဆမှုဖြစ်ခဲ့ရင် …” 

သူ့အသံက တိုးလျသွားကာ ပြောမိသည်ကိုပင် နောင်တရနေပုံပေါ်၏။ 

“ကိုယ် …” 


“မစိုးရိမ်ပါနဲ့ …” 

လင်းဟန်က သူ၏ တုံ့ဆိုင်းမှုကို ခံစားမိသွားသည့် အလျောက် ပြုံးလျှက် ပြောလိုက်သည်။ 

“ခင်ဗျား ကျွန်တော့်ကို ပြောချင်စိတ်ရှိတာကပဲ တိုးတက်မှုကြီး ဖြစ်နေပါပြီ ..” 


ဟယ့်ယွင်ထင်က တိတ်ကျသွားသည်။ သို့သော် သူ့မျက်ဝန်းထဲ၌မူ ခံစားချက် အမြောက်အများ ကခုန်လျှက်ရှိနေ၏။ 


“ဒီတော့ …” 

လင်းဟန်က မျက်ဝန်းများကို ကွေးညွှတ်လျှက် ဖန်သားပြင် အနီးသို့ တိုးကပ်လိုက်သည်။ ဟယ့်ယွင်ထင်သည် သူ၏ အင်္ကျီပေါ်ရှိ ထိပ်ဆုံးကြယ်သီးကိုပင် မီးအိမ်၏ အလင်းရောင်ဖြင့် ရှင်းရှင်းလင်းလင်း မြင်နေရ၏။ 

“ကောင်းကောင်းဆက်လုပ်ထား … ဟယ့်ယွင်ထင် … ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှာပါ … ဒီအတိုင်း ဝင်မသွားပါဘူး …” 

လင်းဟန်က ပြောလိုက်သည်။ 

“ဒါက ကျွန်တော်တို့ကြားက လျှို့ဝှက်ချက်ပဲ … မစိုးရိမ်နဲ့နော် …” 


…..