Chapter 8
Viewers 1k

🌌 Chapter 8



လုမော့က စုန့်ကျန်းရှူးအကြောင်းကို အမှန်တကယ် စပ်စုချင်စိတ်များ ပြင်းပြနေသည်။ ဤကမ္ဘာတွင် သုံးနှစ်နေပြီးနောက် သူက အမျိုးသမီးဇာ့ဂ်များ၏ ပင်ကိုစရိုက်များကို ကောင်းကောင်း သိနေပြီဖြစ်သည်။ 


ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ဇာ့ဂ်မျိုးနွယ်စု၏ ပင်ကိုယ်စရိုက်လက္ခဏာ ဖြစ်နိုင်သည်။ သို့မဟုတ်လျှင်လည်း သူတို့သွေးများတွင် သဘာဝအတိုင်းပင် စီးဆင်းနေသည့် နာခံကျိုးနွံမှု ဖြစ်နိုင်ပေသည်။ သို့သော်ငြား တစ်ယောက်ချင်းစီက သူတို့၏မျိုးနွယ်စုရှင်သန်နိုင်ရန် သူတို့၏တာဝန်ဝတ္တရားများကို သေသေချာချာပင် ဆောင်ရွက်ကြပေသည်။ 


သူ မည်မျှပင် ဆိုးရွားရိုင်းစိုင်းစွာ ပြုမူနေပါစေ အမျိုးသမီးဇာ့ဂ်များက ယုတ္တိရှိသည့် အကြောင်းပြချက်များရှာကာ လုမော့၏ ယုတ်မာမှုများကို သည်းခံနေကြဦးမည်သာ ဖြစ်သည်။


စုန့်ကျန်းရှူးက လွတ်လပ်မှုနှင့် ညီတူညီမျှဆက်ဆံမှုကို အလေးပေး အရေးထားသည့် အမျိုးသားဇာ့ဂ်တစ်ယောက်ဖြစ်သည့် အကြောင်းကို လင်း၏ အကြမ်းဖျင်း အချက်အလက်မှ ရှင်းရှင်းလင်းလင်းသိနိုင်ပေသည်။


ခေါင်းမာသည့် အမျိုးသမီးဇာ့ဂ်များ၏စိတ်ကို "သူဘယ်လိုချုပ်ကိုင်လဲ" ဟူသည့် အကြောင်းလေးကိုသာ လုမော့က သိချင်ရုံဖြစ်သည်။ 


"ငါ အကုန်မြင်လိုက်တယ်..."

စုန့်ကျန်းရှူး ရှေ့တိုးလိုက်ကာ သူ့မျက်လုံးများက ကြောက်စရာကောင်းသည့် အေးစက်မှုများနှင့် ပြည့်လျှံနေသည်။

"လက်ထပ်မှတ်ပုံတင်ရုံးရှေ့မှာ မင်းဘာလုပ်လိုက်လဲဆိုတာကို ငါမြင်တယ်..."


လုမော့ သူ့လက်များကို ဂရုမစိုက်ဟန် ဖြန့်လိုက်သည်။

"ဘာလဲ...မင်းကငါ့ကို သင်ခန်းစာပေးချင်လို့လား..."


"မိန်းမတွေ ဘယ်သွားရမယ်ဆိုတာကို ယောကျ်ားတွေက ဆုံးဖြတ်ခွင့်ရှိတယ်..."

လုမော့က အထင်သေးစွယ ပြောလိုက်သည်။

"ငါကသူ့ကို အလုပ်သွားခွင့် ပြုလိုက်တာလေ...အဲ့ဒါဘာမှားလို့လဲ..."


စုန့်ကျန်းရှူးက ဒေါသတကြီး ဆူပူကြိမ်းမောင်းလိုက်သည်။

"မင်းက သူ့ကို ဒီတိုင်း ပိုက်ဆံထုတ်တဲ့ စက်ပစ္စည်းလိုဆက်ဆံနေတာကွ..."


လုမော့ မျက်တောင်ခတ်လိုက်သည်။

"ဆိုတော့ မင်းပြောတာက ငါက သူ့အလုပ်ကို ပိတ်ပင်ပြီး အိမ်မှာပဲနေခိုင်းပြီး သူ့နှလုံးသားတစ်ခုလုံးနဲ့ ငါ့ကိုပြုစုစောင့်ရှောက်ခွင့် ပြုရမယ်ပေါ့လေ..."


စုန့်ကျန်းရှူး သူ့ကို အထင်သေးစွာ ကြည့်လိုက်သည်။

"မင်းသူ့ကို ဘာထင်နေတာလဲ...သူက လွတ်လပ်တယ်ကွ..."


လုမော့ : "..."


ဒါကို အဓိကဇာတ်လိုက်လို့ ခေါ်တယ်ပေါ့...


သူ့ကြည့်ရတာဖြင့် ဦးနှောက်မရှိတဲ့ ငတုံးပဲကို...


စုန့်ကျန်းရှူး၏ အကြည့်များက Hover ကားပေါ်သို့ရောက်သွားသည်။


မူလတွင် ဤကျက်တီးကြယ်ပေါ်မှ မည်ကဲ့သို့လူမျိုးကများ ထိုကဲ့သို့ စျေးကြီးသည့်ကားကို တတ်နိုင်သည်လဲဟု တွေးကာ အံ့သြမိသေးသည်။ သို့သော်ငြား သူ လင်းကို မြင်လိုက်သည့်အခိုက်တွင် နားလည်သွားသည်။


ဤအမျိုးသားဇာ့ဂ်က သူ့အား ကားဝယ်ပေးရန် လင်းကို ချော့မော့ခဲ့သည်သာ ဖြစ်ရပေမည်။


ဘယ်လိုလုပ်ပြီး ငါက လင်းကို အဲလိုရက်စက်ယုတ်မာတဲ့ အမျိုးသားလက်ထဲကို ပါခွင့်ပြုရမလဲ...


ထိုသို့တွေးပြီး သူ့လက်ကို လင်းထံ ဆန့်တန်းကာ နူးညံ့စွာ ပြောလိုက်သည်။

"လင်း ကိုယ့်ကို ထပ်ပြီး စိတ်မဆိုးပါနဲ့တော့...မင်းလည်းမြင်တာပဲ...ဒီကောင်က မင်းကို လုံးဝမချစ်ဘူး မင်းဆန္ဒတွေကိုတောင် မတွေးပေးဘူး..."


လုမော့ ဆက်မတ်တတ်ရပ်နေကာ သူ့ခြေထောက်များကို လှုပ်နေလိုက်သည်။


ထို့နောက် သူအသံတစ်ခု ကြားလိုက်ရသည်။


၎င်းအသံက မည်သည့်နေရာကမှ မဟုတ်ဘဲ သူ့စိတ်ဝိညာဥ်ပင်လယ်ထဲမှလာခြင်း ဖြစ်သည်။


လုမော့ : " မင်းဘာလုပ်နေတာလဲ..."


စနစ်က ပဟေဠိဆန်စွာ ပြန်ပြောလိုက်သည်။

[မလှုပ်လိုက်နဲ့...အဲ့လို ကောက်ကျစ်တဲ့ အပြုံးကြီးပဲဆက်ပြုံးနေ...ငါအခု တိုက်ရိုက်ထုတ်လွှင့်မလို့...]


လုမော့ : "ဟမ်..."


ထိုအခိုက် ထိပ်တိုက်တွေ့ဆုံနေကြသည့် လူသုံးယောက်၏ ပုံကို အသစ်ဖွင့်လိုက်သည့် တိုက်ရိုက်ထုတ်လွှင့်မှုခန်း၏ အတိုချုပ်ဖော်ပြချက် အနေနှင့် အသုံးပြုလိုက်သည်။


စုန့်ကျန်းရှူး၏မျက်နှာကြီးအား ငါးစားအနေနှင့်သုံးကာ ဇာ့ဂ်နက်ဝေါ့ တစ်လျှောက်လုံးအနှံ့ဖြန့်လိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုစတူဒီယို အများအပြားက သူ့ပုံအားသုံး၍လှည့်စားကာ လူများကို ကြည့်ရန် ပရိယာယ်ဆင်ကြသည်။


ဇာ့ဂ်များက ထိုကဲ့သို့ လှည့်ကွက်မျိုးကို သုံးလေ့ရှိသော်လည်း အလျှော့မပေးဘဲ တိုက်ရိုက်ထုတ်လွှင့်မှုတိုင်းကို ဇွဲကောင်းစွာပင် ဝင်ကြည့်လေ့ရှိသည့် လူများက အမြဲတမ်းရှိဆဲဖြစ်သည်။


ယခုအကြိမ်ကမူ လှည့်ကွက်မဟုတ်ဘဲ အစစ်အမှန်ဖြစ်ပေသည်။


"ဟာ…"


"တကယ်ကြီး စုန့်ကျန်းရှူးအစစ်ဟ..."


"ကယ်ကြပါဦး...အားးးးးသူကအရမ်းချောမော ခန့်ညားနေတာပဲ အားးးအားးးအား..."


တခဏကြာသည့်တိုင်အောင် ထိုကဲ့သို့ အဖိုးတန်ကို ရှာတွေ့လိုက်ကြသည့် တိုက်ရိုက်ထုတ်လွှင့်မှုထဲက လူများက အခြားသူများအား ဘရိတ်မထိန်းနိုင်သည့် အမြန်နှုန်းနှင့် အပြေးအလွှား ပြန်ပြောလိုက်ကြသည်။ ကွန့်မန့်များကလည်း လှိုင်းလုံးကြီးသဖွယ် တစ်လှိုင်းပြီးတစ်လှိုင်း စုပုံလာကာ စခရင်တစ်ခုလုံး ကွန့်မန့်များနှင့် ပြည့်နှက်နေကာ ပိတ်ထားသည်။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲက အပူများက ပေါက်ကွဲထွက်လာပေသေည်။


လုမော့ တခဏမျှ အံ့သြသွားကာ ရုတ်တရက်နားလည်လိုက်သည်။


ဟုတ်သားပဲ...


ငါဘာလို့ ဒီလိုမတွေးမိလိုက်တာပါလိမ့်...


အမျိုးသမီးဇာ့ဂ်များ၏ စိတ်ထဲတွင် ထိုသို့သော တလွဲအသိပညာကြီး ရှိနေသော်လည်း ယခု သူ့ရှေ့တွင် ရပ်နေသူမှာ ဇာ့ဂ်မျိုးနွယ်တစ်ခုလုံးတွင် ရေပန်းအစားဆုံး စုန့်ကျန်းရှူးဖြစ်ပေသည်။


လူတိုင်း၏ မြင်ကွင်းတွင် ဗီလိန်ဆန်ဆန်မျက်နှာထားလုပ်ပြီး စုန့်ကျန်းရှူးအား ဖိနှိပ်ရန်စနေသ၍...


အမှိုက်ဆန်မှုတန်ဖိုးများက ရိုးရိုးရှင်းရှင်းပင် သူတို့ကိုယ်တိုင် ဝင်လာပေမည်။


ထိုသို့တွေးလိုက်ပြီး လုမော့ ရုတ်တရက် အကြံရသွားသည်။ သူ့မေးကို ခပ်ကြမ်းကြမ်းမော့လိုက်ကာ ပြောလိုက်သည်။

"လူကြီးမင်းစုန့် မင်းငါ့ကို ပြောစေချင်တယ်ဆိုရင်တော့ပြောလိုက်ဦးမယ်… မင်းက ဇာ့ဂ်မျိုးနွယ်ကို တကယ်အရှက်ရစေတာပဲ..."


"ဟိုးရှေးခေတ်ကတည်းက အမျိုးသားဇာ့ဂ်တွေက ကောင်းကင်ဖြစ်ပြီးတော့ အမျိုးသမီးဇာ့ဂ်တွေက မြေကြီးပဲ ...ကောင်းကင်က မြေကြီးကို ဖိနှိပ်သင့်တယ်… အဲ့လိုပဲ အမျိုးသမီးတွေကလည်း အမျိုးသားတွေကို နားထောင်သင့်တယ်...အဲ့တာကို သူကောင်းအမျိုးသမီးလို့ခေါ်တာ..."


လုမော့ သူ့လက်ကို ယမ်းလိုက်သည်။

"မိန်းမတွေကို ယောက်ျားတွေက အရမ်းအလိုလိုက်နေမယ်ဆိုရင် မြေပြင်ကကောင်းကင်ကို ဖီဆန် ဆန့်ကျင်လိမ့်မယ်..."


သူ ထိုသို့ပြောလိုက်သည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ကွန့်န့်များက တစ်ခဏမျှ ရပ်သွားပြီးနောက် တစ်ဖန် စုပြုံမန့်လာကြပေသည်။


"သေချာပေါက်ပဲ..."


"အခြားနည်းမရှိဘူး..."


"ပြောရရင် ဒါတွေအကုန် ဟိုးရှေးကတည်းကရှိတဲ့ စည်းမျဥ်းစည်းကမ်းတွေပဲလေ..."


စုန့်ကျန်းရှူး၏ မျက်လုံးများက ဒေါသများဖြင့် ပြူးကျယ်လာခဲ့သည်။

"ရွံရှာစက်ဆုပ်ဖို့ကောင်းလိုက်တာ..."


"ဘယ်လိုချီးကိစ္စကများ ရှေးခေတ်ကတည်းက ရှိလာတာလဲ..."

သူက ဒေါသများဖြင့် ဆူပူကြိမ်းမောင်းလိုက်သည်။


"သူတို့လည်းဇာ့ဂ်တွေပဲ...ဇာ့ဂ်တစ်ယောက်က ဘယ်လိုလုပ်ပြီး တခြားဇာ့ဂ်ထက် နိမ့်ကျပြီးမွေးလာမှာလဲ... သူတို့က မငိုနိုင်၊ နာကျင်မှုကို မခံစားနိုင်တဲ့ ကျောက်တုံးတွေမို့လို့လား..."


"တကယ် နိမ့်ကျတဲ့သူတွေက သူတို့ကိုမှီခိုပြီး ဂုတ်သွေးစုပ်နေတဲ့ ငါတို့ အမျိုးသားဇာ့ဂ်တွေကွ..."


စုန့်ကျန်းရှူး ဝမ်းနည်းစွာ ပြောလိုက်သည်။

"ငါတို့အမျိုးသားတွေက မွေးကတည်းက အကောင်းဆုံး အခြေအနေနဲ့ အကောင်းဆုံးပြုစုဆက်ဆံမှုတွေကို ရထားတာ ဒါပေမဲ့ ငါတို့လုပ်ခဲ့တာ ဘာရှိလို့လဲ..."


"အမျိုးသမီးတွေကို ဖိနှိပ်မယ်..သူတို့ကို နာကျင်အောင်လုပ်ပြီး ကျေနပ်မှုရယူမယ်...ပြီးတော့ မင်း..."


သူ လုမော့၏ နှာခေါင်းထံ လက်ညှိုးထိုးကာ ပြောလိုက်သည်။

"သူတို့ထဲကမှ မင်းက အော်ဂလီဆန်စရာအကောင်းဆုံးပဲ...အေးစက်လွန်းပြီး အကြင်နာတရား ခေါင်းပါးလွန်းတယ်..."


သူ၏ပြန်လည်ခုခံပြောဆိုသည့် စကားများပြောပြီးနောက် ထောက်ခံသည့် အသံတစ်သံက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ဖြည်းဖြည်းချင်း ထွက်ပေါ်လာကာ ကြီးမားလာလေသည်။


"မှန်တယ်..."


"ဘာလို့လဲ...ငါတို့လဲ ဇာ့ဂ်တွေပဲလေ..."


"ငါ ဟိုးအရင်အချိန်တွေကတည်းက အမျိုးသားဇာ့ဂ်တွေဆီက လုံလုံလောက်လောက် ဖိနှိပ်ခံခဲ့ရ ပြီးပါပြီ...ငါ့အစ်ကိုက အမျိုးသားဇာ့ဂ်တွေ သတ်တာခံလိုက်ရတာ.."


"ငါတို့ရဲ့ နို့သကြားလုံးလေး ထာဝရဖြစ်ဖို့ ထိုက်တန်ပါတယ်...စုန့်ကျန်းရှူးက အရမ်းအထင်ကြီးစရာကောင်းတယ်...သူ့ကို ဘယ်သူဆန့်ကျင်ရဲလဲ… အဲ့လူက ကြည့်ဖို့တောင် စက်ဆုပ်စရာ ကောင်းလွန်းတယ်…"


-------


[အမှိုက်ဆန်မှုတန်ဖိုး+10]


[အမှိုက်ဆန်မှုတန်ဖိုး+50]


[အမှိုက်ဆန်မှုတန်ဖိုး+500]


လုမော့ နှုတ်ခမ်းထောင့်စွန်းကို ပင့်ကာ အကူအညီမဲ့စွာ ခေါင်းယမ်းလိုက်သည်။

"အာ...မင်း ဘယ်တောကြိုတောင်ကြားက တက်လာတာလဲ...တကယ်ကို ထိုးထွင်းဥာဏ်မရှိဘူးပဲ..."


မျှော်လင့်ထားသည့်အတိုင်းပင် သူထိုသို့ပြောလိုက်သည့်အခါ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ streamလိုင်းများအကုန် ထပ်မံပေါက်ကွဲကုန်ကြသည်။


"ဟား ဟား ဟား...သူကိုယ်တိုင်ကမှ တကယ့်တောသား… စုန့်ကျန်းရှူးက A အဆင့် အမျိုးသားဇာ့ဂ်ဆိုတာ သူ မသိမှာ ကြောက်တယ်ဟေ့..."


"A အဆင့်အမျိုးသားဇာ့ဂ်တစ်ယောက်ကို သရော်နေတဲ့ D အဆင့်အမျိုးသားဇာ့ဂ်တစ်ယောက်..."


"ဟားဟားဟား...စုန့်ကျန်းရှူးရဲ့ သင်ခန်းစာပေးတဲ့ အစီအစဥ် ထပ်ရောက်လာပြန်ပြီဟေ့...မြန်မြန်လေးလုပ်ပါ...မျက်နှာဖြတ်ရိုက်တာကို ကြည့်ဖို့ မစောင့်နိုင်တော့ဘူး..."


စုန့်ကျန်းရှူး၏ မျက်လုံးများတွင် ရယ်ချယ်စိတ်များနှင့် တခဏမျှ တန့်သွားပြီးနောက် နူးညံ့စွာ မေးလိုက်သည်။

"ငါကလား..."


လုမော့ ဖြစ်ထိုက်သည်ဆိုသည့်ပုံဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ် မင်းက ကိုယ့်ကိုကိုယ် အရူးလုပ်ပြီး စည်းမျဥ်းစည်းကမ်းတွေကို လုံးဝ လျစ်လျူရှူနေတာလေ..."


ထိုအကြောင်းကို တွေးပြီးနောက် သူ ထပ်ပေါင်းပြောလိုက်သည်။

"မင်းမိသားစု ဂုဏ်သိက္ခာကို အရှက်မရစေဖို့အတွက် ငါမင်းကို ကျကျနန ပညာပေးပေးမယ်..."


ကင်မရာက လုမော့မျက်နှာကို အချိန်မီရိုက်လိုက်သည်။


သူ ကားကိုမှီလိုက်ပြီး ပြတင်းပေါက်မှ လင်းကိုညွှန်ပြလိုက်သည်။

"ကြည့်လိုက် အဲ့ဒါ S အဆင့်မိန်းမ… ငါက D အဆင့်အမျိုးသားဇာ့ဂ်ပဲ ဆိုရင်တောင် ငါ ယောကျ်ားဖြစ်နေသရွေ့တော့ သူက ငါ့အရှေ့မှာ ဒူးထောက်ရမှာပဲ..ဒါကစည်းမျဥ်းပဲ..."


"မင်းကလည်း အမျိုးသားတစ်ယောက်ဆိုတော့ အဲ့ဒါကို မမေ့လိုက်သင့်ဘူး...မိန်းမတွေက ဘယ်လောက်ပဲမြင့်မြတ်နေပါစေ သူတို့က အရမ်းဆာလောင်၊ ငတ်ပြတ်နေကြတာ...ယောကျ်ားတစ်ယောက်ရဲ့အရသာကို ခံစားဖူးတာနဲ့ သူတို့က ယောကျ်ားမရှိဘဲ မနေနိုင်တော့ဘူးကွ..."


တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် အနက်ရောင်ဆံပင်နှင့် အစိမ်းရောင်ဆံပင်ရှိသော အမျိုးသားဇာ့ဂ်၏ မျက်နှာအမူအယာအား ပုံကြီးချဲ့ပြထားကာ ဆူပူကြိမ်းမောင်းမှုများ ပေါက်ကွဲထွက်လာကြပေသည်။


"ဒီဇာ့ဂ်ကောင်စုတ်က ဘယ်သူလဲဟ သူ့အကြောင်းတွေကို သုံးမိနစ်အတွင်း ငါသိချင်တယ်..."


"ဒီလိုမျိုး ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲနေတဲ့ ဇာ့ဂ်မျိုး တကယ်ရှိတယ်ဆိုတာကို ငါယုံတောင်မယုံနိုင်ဘူး...အမျိုးသားဇာ့ဂ်တွေက တန်ဖိုးရှိတယ်ဆိုရင်တောင် S အဆင့်အမျိုးသမီးဇာ့ဂ်တွေက သူ ထိနိုင်တဲ့သူမဟုတ်ဘူး...ဟုတ်ပြီနော်..."


သို့သော် အမြင်စူးရှသည့်ဇာ့ဂ်များက တစ်ခုခုထူးဆန်းနေသည်ကို သတိပြုမိသွားပြီးဖြစ်သည်။


"နေဦး ဒီအမျိုးသမီးဇာ့ဂ်ကို နည်းနည်းရင်းနှီးနေတယ် မထင်ဘူးလား...ငွေရောင်ဆံပင်နဲ့ မျက်လုံးအနီရောင်ရှိတဲ့ အမျိုးသမီး ဒုတိယတစ်ယောက် ရှိသေးလို့လား..."


"ချီးထဲမှ…"


"ပြီးတော့ အဲ့ကား အားးးးးးး မင်းတို့ ဒီကားကနောက်ဆုံးပေါ် Hover ကားဆိုတာကို မှတ်မိကြလား...ငါသုံးလလောက် ပိုက်ဆံစုထားတာတောင် 

အဲ့ကားကို ဝယ်ဖို့မတတ်နိုင်သေးဘူးရယ်..."


"ငါလည်း မှတ်မိတယ်..."


"ဘာလဲ ဒီမိန်းမက ဘာဖြစ်တာလဲဟ..."


ကွန်မန့်များက အခြားသို့ဦးတည်သွားသည်ကို မြင်လိုက်သည့်နောက် လုမော့ ခေါင်းစဥ်အား မူလသို့ ပြန်ဆွဲခေါ်လိုက်သည်။


သူ၏ယုတ်မာလှသည့်လက်ကို ဆန့်ထုတ်လိုက်ပြီး ဦးတည်ရာကမူ လင်း၏ကော်လံဖြစ်သည်။


ငါ ဒီစကားတွေကို ဘယ်လောက်တောင် ပြောချင်နေလဲဆိုတာ ဘုရားပဲသိလိမ့်မယ်...


တခဏမျှ သူ့ဝိညာဥ်က အခွံမှ ထွက်သွားသည့်အလား ဟင်းလင်ပြင်ထဲသို့ ကျွမ်းထိုးမှောက်ခုံကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည့် ပရိသတ်များလည်း ရင်ထိတ်ကာ အော်ဟစ်လိုက်ကြသည်။


ဘန်း ဘန်း ဘန်း…


တောင်းပန်ပါတယ် ငါ့လိုမျိုး အမှိုက်ကောင်က ဒီကမ္ဘာပေါ် အသက်ရှင်ဖို့ မထိုက်တန်ပါဘူး...


သို့သော် ပွဲကြီးပွဲကောင်းကို အထွတ်ထိပ်ထိရောက်အောင် တွန်းပို့ရာတွင် သူ့အခွံက သစ္စာရှိရှိပင် သူ့တာဝန်ကို ဖြည့်ဆည်းပေးခဲ့သည်။


စုန့်ကျန်းရှူးက သူ့မျက်စိအောက်တွင်ပင် လင်းအား အခွင့်ကောင်းယူနေသည်ကို ကြည့်ရန် သေချာပေါက် ခံနိုင်ရည်မရှိပေ။


သေချာပေါက်ပင် သူ့လက်က လင်း၏ကော်လံကိုထိလိုက်သည့်အခိုက် စုန့်ကျန်းရှူးက သူ့ဒေါသများကို ဆက်မထိန်းနိုင်တော့ပေ။ 


"ရပ်လိုက်စမ်း…"


ထိုအခိုက်အတန့်တွင် အချိန်က ရှည်လျားနေသည့်ပုံပင်။


စုန့်ကျန်းရှူးက အနှေးပြကွက်နှင့် ရွေ့လျားနေသလို လေကိုဖြတ်လာပြီး သူ့မျက်နှာဘယ်ဘက်အခြမ်းကို ဦးတည်နေသည့် စုန့်ကျန်းရှူး၏ လက်သီးလမ်းကြောင်းကိုပင် လုမော့ မြင်နိုင်ပေသည်။


D အဆင့် အမျိုးသားဇာ့ဂ်တစ်ယောက်၏ ခန္ဓာကိုယ်က ထို ထိုးချက်ကို ဘယ်သောအခါမှ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။


မျက်နှာတွင် အသေးစားပြတ်ရှဒဏ်ရာများ၊ ပြင်းထန်သည့် သတိလစ်ခြင်းနှင့် တစ်သက်တာပါသွားနိုင်မည့် နောက်ဆက်တွဲ ဆိုးကျိုးများကိုပင် ကြုံတွေ့နိုင်ချေရှိသည်။


ဥပမာအားဖြင့် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတာမျိုး...


[ခဏနေဦး...]


စနစ်က အော်ဟစ်လိုက်သည်။

[ဒီထိုးချက်က 10 သန်းတန်တယ်]


လုမော့ " ...... "


သူ့မျက်လုံးများကို မှိတ်လိုက်သည်။


အာမင်....


ဘုန်း…


ပြင်းထန်သည့် ဆောင့်တိုက်မှုမှ ထွက်လာသောအသံက မြေအောက်ကားပါကင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။ သို့သော် မျှော်လင့်ထားသည့် နာကျင်မှုက ရောက်မလာခဲ့ချေ။


လုမော့ မျက်လုံးတစ်ဖက် ဖွင့်ကြည့်လိုက်ရာ စုန့်ကျန်းရှူး၏ လက်သီးက သူ့မျက်နှာနှင့် နီးကပ်နေသည်ကို တွေ့လိုက်ရသည်။ 


အရေးကြီးသည့် အခိုက်အတန့်တွင်မှ ပြိုင်ဘက်၏ နှလုံးသားက နူးညံ့သွား၍ မဟုတ်ပေ။ ၎င်းက အဘယ့်ကြောင့်ဆိုသော် သွယ်လျပြီး ခွန်အားအပြည့်ရှိသည့် လက်တစ်ဖက်က စုန့်ကျန်းရှူး၏ လက်သီးအားဆုပ်ကိုင်ထားသောကြောင့် ဖြစ်သည်။


လုမော့၏ရှေ့တွင် လင်းက မတ်တတ်ရပ်လျက်ရှိသည်။


-------


"သောက်ရမ်းမိုက်တယ်...မင်းတို့သူ့ လှုပ်ရှားမှုတွေကို မြင်လိုက်လား..."


"S အဆင့်အမျိုးသမီးဇာ့ဂ် ဖြစ်ထိုက်ပါပေတယ်...အဲ့ထက်နည်းနည်းပဲ အဆင့်နိမ့်တဲ့သူတောင်မှ အဲ့လိုမျိုး မလုပ်နိုင်ဘူး..."


"ဟုတ်တယ် ဟုတ်တယ်...ငါသာဆို အမျိုးသားကို ဘေးကို တွန်းလိုက်မှာ...ဒါပေမဲ့ အဲ့လိုလုပ်လိုက်ရင် ငါ့ခွန်အားကြောင့် အမျိုးသားဇာ့ဂ်က နည်းနည်းတော့ ဒဏ်ရာ ရသွားနိုင်သေးတယ်...ပြီးတော့ သူကတော့ အဲ့လောက်နီးနေတဲ့ လက်သီးကို တားဖို့ ကားကိုတကယ်ကြီး ပတ်သွားခဲ့တယ်ပေါ့..."


"ပြီးတော့ ငါမင်းတို့ကို သတိပေးချင်တာက စုန့်ကျန်းရှူးရဲ့ အဆင့်ကလည်း အရမ်းမြင့်တာနော်...သူ့ခွန်အားနဲ့အမြန်နှုန်းက B အဆင့် အမျိုးသမီးဇာ့ဂ်တွေကို ယှဥ်နိုင်တယ်..."


"ငါ ဆက်သည်းမခံနိုင်တော့ဘူး...သူ့နာမည်ကို အကျယ်ကြီး အော်ပြောလိုက်ချင်တယ်...ဗိုလ်မှူးကြီး...ကျွန်တော့်ရဲ့ဗိုလ်မှူးကြီး…"


စုန့်ကျန်းရှူးက လင်းအား မယုံကြည်နိုင်မှုများဖြင့် ကြည့်လိုက်သည်။

"လင်း မင်းသူ့ကို တကယ်ကူညီလိုက်တာလား...ဒီအမျိုးသားဇာ့ဂ်ကို တကယ်ကြီး ကူညီချင်နေတာလား..."


လင်းက လုမော့၏ ပုံသဏ္ဍာန်ကို မျက်လုံးထောင့်စွန်းမှမြင်လိုက်သည်။


နှင်းခဲနှင့် ရိုက်ခံလိုက်ရသည့် ခရမ်းသီးသဖွယ် သူ၏ စိတ်မချမ်းမြေ့နေသော အမူအရာမှာ လင်း၏ နှုတ်ခမ်းထောင့်စွန်းများကို မြင့်တက်သွားစေသည်။


ထို့နောက် သူ့မျက်လုံးများက စကားလုံးအချို့ကိုသာ ဖော်ပြနေသည်။


စိတ်ဝင်စားစရာ မရှိတဲ့ဘဝ...


နှလုံးသားက သေဆုံးသွားပြီ...


ကမ်းပေးထားသော လက်သည်ပင် အနည်းငယ် တုန်ယင်နေပေသည်။


လုမော့က သူအသားအရည် အလွန်ပါးသည် ဆိုသည်ကို သတိမထားမိခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ထို့ကြောင့် သူစိတ်ဓါတ်ကျသွားသည့်အခါ သူ့မျက်လုံးစွန်းလေးများက အနီရောင်သန်းသွားပေသည်။  


သူက မကြာမီပင် ငိုချတော့မည့်ပုံ ပေါက်နေပေသည်။


"ဟုတ်တယ် ငါသူ့ကို ကူညီချင်တယ်..."


လင်း၏အသံက ဂရုမစိုက်မှုများဖြင့် ပြောလိုက်သည်။

"ငါ မင်းနားချတာတွေကို ထပ်နားမထောင်ချင်တော့ဘူး စုန့်ကျန်းရှူး..."


စုန့်ကျန်းရှူး သူ့ကိုကြည့်ကာ အံကြိတ်လျက် သံကသံမဏိဖြစ်မလာသည်ကို မုန်းတီးနေသည်။

"မင်း သူ့ခြေဖဝါးအောက်မှာ ဒူးထောက်ဖို့ ဆန္ဒရှိသလား..."


"ငါ မင်းရဲ့ခြေဖဝါးအောက်မှာ ဒူးထောက်ရင်ရော..."


လင်းက စုန့်ကျန်းရှူးကို စူးစုးစိုက်စိုက် ကြည့်လိုက်သည်။

"စုန့်ကျန်းရှူး မင်းက စကားပြောကောင်းတာပဲ...ဝမ်ကောကို လက်ထပ်ပြီးတဲ့နောက် မင်းဘာလုပ်ခဲ့လဲ..."

 


🌌🌌🌌