Chapter 98
Viewers 19k

💘Chapter 98 

လက်တုံ့ပြန်ခြင်း 




ဝေ့ချန်က ဈေးကွက်မြှင့်တင်ရေးဌာနကို ပြန်လည်ကြပ်မတ်လာပြီး လင်ရှင်းနှင့် သူ့အဖွဲ့တို့ချန်ထားခဲ့သည့် အရှုပ်များကိုလည်း ရှင်းလိုက်သည်။ သူ အလုပ်စလုပ်လိုက်သည်နှင့် ချက်ချင်း ဆက်တိုက် အလုပ်ရှုပ်လာခဲ့ပြီး ဈေးကွက်မြှင့်တင်ရေးဌာနမှ ဝန်ထမ်းများလည်း လည်ပတ်နေသည့်စက်များကဲ့သို့ အလုပ်လုပ်ကြရတော့သည်။ 


ဝေ့ချန် ရှိနေသောကြောင့်ဖြစ်နိုင်သည်။ ဈေးကွက်မြှင့်တင်ရေးဌာနမှ လုပ်ဖော်ကိုင်ဖက်များမှာ စိတ်ခွန်အား အပြည့်ဖြင့် ဖြစ်နေကြတော့သည်။ 


ဝေ့ချန်က အလုပ်ရှုပ်နေသော်လည်း သူ၏ အာရုံစိုက်မှု တစ်စိတ်တပိုင်းက ချန်လီအပေါ်တွင် ရှိနေပြီး သူ့ကိုစိတ်ပူနေ၏။ ထို့ကြောင်း နေ့လည်နားချိန်တွင် သူက ကျူးကောယွီကိုခေါ်၍ မေးလိုက်ရာ ချန်လီက သူ့စတူဒီယိုထဲတွင် ပန်းချီဆွဲနေကြောင်း သိလိုက်ရသည်။ ထိုမှသာ ဝေ့ချန်အလုပ်ဆက်လုပ်နိုင်သည်။ 


သို့သော်လည်း ဝေ့ချန်က ချန်လီကို လုံးဝစိတ်မပူတော့သည်မျိုးတော့ မဟုတ်ချေ။ မွန်းလွဲပိုင်းတွင် သူက ကျူးကောယွီကို နောက်တစ်ကြိမ် ဖုန်းဆက်လိုက်ပြန်သည်။ သို့သော်လည်း ကျူးကောယွီ စိတ်မရှည်ဖြစ်မနေချေ။ ဝေ့ချန်က ချန်လီကို ဖုန်းဝယ်ပေးသင့်သည်ဟု တွေးလိုက်သည်။ 


ကျူးကောယွီက ချန်လီ၏အခြေအနေအား ဝေ့ချန်ကို နောက်တစ်ကြိမ် ပြောလိုက်ပြီးနောက် ဖုန်းချလိုက်ကြသည်။ ကျူးကောယွီက သူ့ကိုကြည့်နေသည့် ချန်လီကိုကြည့်ရင်း ခေါင်းခါလိုက်၏။ 


“ဝေ့ချန်က မင်းကို ကြိုးနဲ့ချည်ပြီး သူနဲ့တစ်ချိန်လုံး အနားမှာရှိစေချင်နေသလို ငါခံစားနေရတယ်...ဘယ်လောက်ကြာသေးလို့လဲ....သူ ငါ့ကို အကြိမ်အများကြီး ခေါ်ပြီးနေပြီ”


ချန်လီ တိတ်ဆိတ်နေပြီး ကားချပ်ဆီသို့သာ မျက်နှာပြန်မူသွားသည်။ ယခုလေးတွင် ကျူးကောယွီက ဖုန်းကို စပီကာဖွင့်ထားလိုက်ရာ သူဝေ့ချန်၏ အသံကိုကြားလိုက်သည်။ ဝေ့ချန်အား အချိန်အကြာကြီးကြာအောင် မတွေ့ရခြင်းမှ မြင့်တက်နေသည့် မသက်မသာဖြစ်မှုများက သူ့အသံကိုကြားပြီးနောက် တဖြည်းဖြည်းနှင့် ပြေလျော့သွားလေသည်။ 


ကျူးကောယွီက ချန်လီ၏ စိတ်အခြေအနေပြောင်းလဲသွားသည်ကို ခံစားမိပြီး နောက်ဆုံးတော့ ဝေ့ချန်က သူ့ကို ဘာကြောင့် ဆက်တိုက်ခေါ်နေရလဲ နားလည်သွားတော့သည်။ ချန်လီ၏ လက်ရှိအခြေအနေက ဝေ့ချန်နှင့် အပြည့်အဝ ခွဲနေနိုင်သေးသည့် အဆင့်သို့မရောက်သေးချေ။ 


တစ်ယောက်တည်းနေနိုင်ပြီး ထောင်ပေါင်းများစွာသောလူများနှင့် ကမ္ဘာကြီးတွင် သူတစ်ကိုယ်တည်း ရှိနေနိုင်သည့် ပုံပေါ်နေသော်လည်း သူ့နှလုံးသားထဲတွင် တောင့်ခဲနေပြီး ပူပန်နေကာ အာရုံကြောများမှာ အဆက်မပြတ် ထုံထိုင်းနေသည်။ 


ဝေ့ချန်၏အသံကိုကြားလိုက်မှသာ ချန်လီက တောင့်ခဲနေသည့် ခံစားချက်များ ပြေလျော့သွားပြီး စိတ်တည်ငြိမ်သွား၏။


ဝေ့ချန်သာ ချန်လီကို ဖုန်းမခေါ်ဘဲ အချိန်အကြာကြီး နေလိုက်ပါက ချန်လီ၏ တောင့်ခဲနေသည့်စိတ်ခံစားချက်များ ပြိုကွဲသွားမလားဟု ကျူးကောယွီ သံသယဝင်မိသည်။ 


ကျူးကောယွီ မစွန့်စားရဲသောကြောင့် ဝေ့ချန်ဖုန်းခေါ်သည့်အချိန်တိုင်း ချက်ချင်းဖုန်းကိုင်ကာ စပီကာ ဖွင့်ပေးထားတတ်သည်။ သို့မှသာ ချန်လီ ဝေ့ချန်အသံကို ကြားနိုင်မှာဖြစ်သည်။ သူတို့က အရေးကြီးသည့် အကြောင်းအရာတစ်ခုခုကို ဆွေးနွေးနေခြင်းမဟုတ်သော်လည်း ချန်လီအတွက်ကတော့ စိတ်တည်ငြိမ်စေသည့် သားချော့တေးလိုပင်။ 


ထိုအချိန်တွင် စတူဒီယိုထဲ၌ တံခါးခေါက်သံ ထွက်ပေါ်လာသည်။ ကျုးကောယွီက အတွေးများကို စုစည်းလိုက်ပြီး ပြောလိုက်သည်။ “ဝင်လာခဲ့”


တံခါးက တွန်းဖွင့်ခံလိုက်ရပြီး ချန်လီ လက်ရှိတက်ရောက်နေသည့် အတန်းမှ ကျောင်းသား လုရှို့ရန်ဝင်လာသည်။ 


“ပရော်ဖက်ဆာကျူးကော” လုရှို့ရန်က ကျူးကောယွီအရှေ့တွင်ရပ်၍ ပြောလိုက်သော်လည်း အကြည့်များကတော့ ချန်လီအပေါ်သို့ ကျရောက်နေသည်။ 


“ရှို့ရန်...တစ်ခုခုလိုလို့လား” ကျူးကောယွီက အတန်းထဲရှိ ကျောင်းသားအားလုံးကို မသိသော်လည်း လုရှို့ရန်ကိုတော့ သေချာသိသည်။ လုရှို့ရန်က နိုင်ငံကျော်ဂီတပညာရှင်တစ်ယောက်ဖြစ်သည့်အမေနှင့် နိုင်ငံတကာ ဂုဏ်ပုဒ်များရှိသည့် ပန်းချီပညာရှင်အဖေရှိသော‌ ပညာတတ်မိသားစုမှ မွေးဖွားလာခဲ့သည်။ ကျူးကောယွီက သူတို့နှင့်လည်း ဆက်ဆံရေးရှိသည်။ 


“ပရော်ဖက်ဆာကျူးကော...ကျွန်တော် အကူအညီလိုလို့ပါ” လုရှို့ရန် အနေခက်စွာဖြင့် ပြောလာသည်။ သူ့မိဘများက ကျူးကောယွီနှင့် အသိဟောင်းများဖြစ်ကြသော်လည်း နက်ရှိုင်းသည့် ဆက်ဆံရေးမျိုးတော့ မဟုတ်ပေ။ Qတက္ကသိုလ်ကို မတက်ခင်က သူက ကျူးကောယွီအား အကြိမ်အနည်းငယ်သာ တွေ့ဖူးခဲ့သည်။ ယခုတွင်တော့ ရုတ်တရက် အကူအညီတောင်းရခြင်းက သူ့ကို မျက်နှာပူစေသည်။ 


“ဟင်” ကျူးကောယွီ အနည်းငယ် ရှုပ်ထွေးသွားပြီး လုရှို့ရန်ကိုကြည့်လိုက်သည်။ 


လုရှို့ရန် ပြောလာသည်။ “ကျွန်တော့်အဖေက ဒီအချိန်အတောအတွင်း ပြပွဲတစ်ခုအတွက် နိုင်ငံခြားကိုသွားရမှာပါ...ပြီးတော့ အိပ်မက်ဖလားကလည်း မကြာခင် ကျင်းပတော့မှာ...ပရော်ဖက်ဆာကျူးကော ကျွန်တော့်ကို လမ်းပြသင်ကြားပေးဖို့ မျှော်လင့်ပါတယ်”


“ကောင်းပြီလေ” ကျူးကောယွီ များများစားစားမတွေးဘဲ တုံ့ပြန်လိုက်သည်။ သူက ဒီအတောအတွင်း ကျောင်းတွင်သာ ရှိနေမည်ဖြစ်ပြီး လုရှို့ရန်အား ကြီးကြပ်ပေးခြင်းက သူ၏အချိန်ဇယားများနှင့် ပြဿနာရှိလိမ့်မည်မဟုတ်ပေ။


ကျူးကောယွီ၏ သဘောတူညီမှုကို ကြားပြီးနောက် လုရှို့ရန်ချက်ချင်း ဝမ်းသာသွားသည့် အမူအရာသို့ ပြောင်းလဲသွားကာ ကိုးဆယ်ဒီဂရီဦးညွှတ်၍ ကျူး‌ကောယွီကို ကျေးဇူးတင်လာသည်။ 


“ပရော်ဖက်ဆာ ကျူးကော....ကျွန်တော် အခု ဒီမှာပန်းချီဆွဲလို့ရမလား” လုရှို့ရန်က မျှော်လင့်ချက်ပြည့်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ 


“နောက်တစ်ခန်းကိုသွားပြီး ဆွဲလို့ရတယ်” ကျူးကောယွီက လုရှို့ရန်အား ချက်ချင်း ငြင်းလိုက်သည်။ ချန်လီက အခြားသူများနှင့် ထိတွေ့ဆက်ဆံရသည်ကို မကြိုက်ပေ။ အတန်းတက်ရခြင်းက မရှောင်လွှဲနိုင်သော်လည်း အတန်းပြီးသွားလျှင်တော့ ကျူးကောယွီက ချန်လီအား မသက်မသာဖြစ်ခြင်းများကို ဖိနှိပ်ပြီး အခြားသူများနှင့် ထိတွေ့ဆက်ဆံနေရသည်မျိုး မဖြစ်စေချင်ပေ။ 


ချန်လီက သူ့ကျောင်းသားဖြစ်သောကြောင့် သဘာဝကျစွာပင် ကျူးကောယွီက ကျောင်းသား၏ အဆင်ပြေရေးအတွက် တွေးတောပေးရမည်ဖြစ်သည်။ 


“ကောင်းပါပြီ” လုရှို့ရန် ခဏလောက်မှင်သက်သွားပြီး ချက်ချင်း သဘောတူလိုက်သည်။ 


ကျူးကောယွီ၏ အခန်းဘေးက အချန်အတော်ကြာအောင် မသုံးဘဲထားထားသည့် စတူဒီယိုအဟောင်းတစ်ခု ဖြစ်သည်။ ကံကောင်းစွာနှင့် ၎င်းကို အချိန်မှန်မှန် သန့်ရှင်းရေးလုပ်ပေးထား‌သောကြောင့် ချက်ချင်း အသုံးပြ၍ ရနိုင်သည်။ 


လုရှို့ရန်က သူ့ပစ္စည်းများကို ယူလိုက်ပြီး တစ်ဖက်စတူဒီယိုသို့ သွားလိုက်သည်။ သူက ကားချပ်ကို ပြင်ဆင်လိုက်ကာ စုတ်တံကိုကိုင်ဿ လှုပ်ရှားမှုများကို ပြေပြေပြစ်ပြစ်ပဲ စတင်လိုက်သည်။ ကျူးကောယွီ၏ ငြင်းဆိုချက်ကို စိတ်ပျက်သွားသည့်ပုံမပေါ်ဘဲ အခြားသောခံစားချက်များကိုလည်း ပြမလာချေ။ 


ကျူးကောယွီက ချန်လီဆီသို့ လျှောက်လာလိုက်သည်။ ဒီနေ့ ချန်လီ၏ ပန်းချီဆွဲသည့် လုပ်နိုင်စွမ်းများက ပုံမှန်ထက် လျော့နည်းနေသည်။ ယခင်က ချန်လီမှာ သူ့ကိုယ်သူ ပန်းချီဆွဲခြင်းတွင် နှလုံးသားတစ်ခုလုံး နစ်မြုပ်၍ ဆွဲလိမ့်မည်ဖြစ်သော်လည်း ဒီနေ့တွင်တော့ ချန်လီက စိတ်နှင့်ကိုယ်နှင့် မကပ်သည့်ပုံပေါ်နေသည်။ စုတ်တံကို ကိုင်၍ ဆွဲချက်အချို့ကိုမလုပ်ခင် ပြတင်းပေါက်အပြင်ဘက်ကိုကြည့်၍ တစ်နာရီခွဲလောက်ကြာအောင် အတွေးများ လွင့်နေတတ်သည်။ 


ချန်လီ၏ အပြုအမူများအနောက်မှ အကြောင်းအရင်းအား ကျူးကောယွီ အနည်းငယ်သဘောပေါက်၏။ ဝေ့ချန်၏ တည်ရှိမှုအား နေသားကျနေသည့် ချန်လီသည် ဝေ့ချန်အနားတွင် မရှိသည့်အခါ နေသားကျရန် အခက်အခဲရှိလာခဲ့သည်။ သို့သော်လည်း ချန်လီ၏ ကျောင်းတွင် တစ်ယောက်တည်းနေနိုင်စွမ်းများက သိသိသာသာ တိုးတက်လာခဲ့သည်ဟု ကျူး‌ကောယွီ ယုံကြည်သည်။ 


“ချန်လီ” ကျူးကောယွီ ချန်လီ၏အမည်အား ညင်သာစွာ ခေါ်လိုက်သည်။ ချန်လီခဏလောက် မှင်သက်သွားပြီးနောက် ကျူးကောယွီအား မျက်နှာသေဖြင့် လှည့်ကြည့်လာသည်။ 


“ဘာဆွဲချင်တယ်ဆိုတာ သိပြီလား” ကျူးကောယွီ မေးလိုက်သည်။ ချန်လီ ချက်ချင်းခေါင်းခါပြလာ၏။ ကျူးကောယွီ ဘာမေးနေသလဲ သူသိသည်။ အိပ်မက်ဖလားတွင် သူ၏ ဝင်ခွင့်အတွက် အကြံဉာဏ်ရ၊ မရမေးနေခြင်းဖြစ်သည်။ တကယ်တမ်းတွင် ချန်လီ “အလိုဆန္ဒ”ဆိုသည့် အကြောင်းအရာနှင့် ပတ်သက်၍ လုံးဝမသိချေ။ 


“အဆင်ပြေတယ်…အလျင်မလိုနဲ့”  ကျူးကောယွီပြောလိုက်ပြီး ချန်လီ၏ ဆံပင်များကို ဖွရန် လက်လှမ်းလိုက်၏။ သို့သော်လည်း သူလက်မြှောက်လိုက်သည်နှင့် ချန်လီတစ်ယောက် တောင့်ခဲသွားသည်ကို ကျူးကောယွီ ခံစားမိလိုက်သည်။ 


ချန်လီ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုများကို မကိုင်တွယ်နိုင်သေးကြောင်း သိလိုက်ပြီးနောက် ကျူးကောယွီ ချက်ချင်းပဲ လက်ပြန်ရုတ်လိုက်သည်။ ချန်လီက သူနှင့် တစ်နေရာတည်းတွင် အတူတူရှိနေခြင်းအား သည်းခံနိုင်သော်လည်း ထိတွေ့မှုကိုတော့ လက်မခံနိုင်သေးပေ။ 


“ဘာဆွဲမလဲဆိုတာ သေချာတွေးလိုက်ဦး…ငါမင်းကိုမနှောင့်ယှက်ဘူး ဟုတ်ပြီလား” ကျူးကောယွီပြောပြီးနောက် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ ဆရာတစ်ယောက်အနေနှင့် အားထုတ်မှုများစွာ လုပ်ရဦးမည်ဟု သူတွေးလိုက်သည်။ သူက ဝေ့ချန်အဆင့်လောက်ထိ မမျှော်မှန်းသော်လည်း အနည်းဆုံးတော့ ချန်လီအား သူနှင့်ပတ်သက်၍ တွန်းလှန်မှု မရှိစေချင်ပေ။ 


ချန်လီက ကျူးကောယွီအား ကြည့်လာသည်။ မျက်ဝန်းထဲတွင် တောင်းပန်သည့်အရိပ်အယောင်များ ပြေးလွှားနေ၏။ အချို့ခံစားချက်များက ချန်လီမထိန်းချုပ်နိုင်သည့် ပင်ကိုတုံ့ပြန်မှုများဖြစ်သည်။ ကျူးကောယွီနှင့် တစ်နေရာတည်းတွင် သက်သက်သာသာနှင့် အတူတူရှိနေနိုင်သည့် အချက်ကပင် ကျူးကောယွီအပေါ် သူ၏လက်ခံမှုအား ဖော်ပြနေပြီးဖြစ်သည်။ သို့သော်လည်း သေးငယ်သည့် အကွာအဝေးလေးတော့ ကျန်နေသေး၏။ ချန်လီ၏ ပင်ကိုတွန်းလှန်မှုများနှင့် လှုပ်ရှားမှုများကို အခြားသူမပြောနှင့် သူကိုယ်တိုင်တောင် မထိန်းချုပ်နိုင်ပေ။ 


၎င်းကို ကျူးကောယွီ သတိထားမိသည်။ 


တစ်ညတည်းနှင့် ဘယ်အရာမှပြောင်းလဲမသွားပေ။ အချိန်ယူရန် လိုအပ်သည်။ သူသာ ချန်လီအား စိတ်ရင်းမှန်မှန်နှင့် ဆက်ဆံပေးပါက တစ်နေ့တွင် ချန်လီက တွန်းလှန်မှုတစ်စုံတရာမရှိဘဲ သူ့ကိုဆက်ဆံလာနိုင်လိမ့်မည်ဟု ကျူးကောယွီ ယုံသည်။ 



ဝေ့ချန် အလုပ်အားလုံး ပြီးသွားသည့်အချိန်တွင် အလုပ်ဆင်းချိန်သို့ ရောက်တော့မည်ဖြစ်သည်။ စားပွဲပေါ်မှ ဖိုင်များကို သေသပ်အောင်လုပ်လိုက်ရင်း Qတက္ကသိုလ်တွင် ချန်လီကို သွားကြိုရန်အတွက် အလုပ်ဆင်းရန်ပြင်လိုက်သည်။


သူတို့ကွဲကွာနေသည်မှာ တစ်နေ့ပင်မပြည့်သေးသော်လည်း ထိုအချိန်အတွင်းတွင် ဝေ့ချန်က သူ့နှလုံးသားမှာ ချန်လီကိုသာ တောင့်တနေကြောင်းခံစားရသည်။ အလုပ်မှလွဲ၍ သူ၏အတွေးများတွင် ချန်လီဖြင့်သာ ပြည့်နေ၏။ ချက်ချင်းပင် ချန်လီ့ဆီသို့ ပျံသွားလိုက်ချင်သည်။ 


အချိန်ကုန်မြန်စေရန်အတွက် ဝေ့ချန်က သူ့ကိုယ်သူ အလုပ်ထဲသို့ စိတ်နှစ်ထားလိုက်သည်။ ကြိုးစားနေသော်လည်း အချိန်ကုန်တာနှေးနေသလို ဝေ့ချန်ခံစားနေရဆဲဖြစ်သည်။ 


အလုပ်ဆင်းရမည့်အချိန်သို့ ရောက်သည်နှင့် ဝေ့ချန် ထလိုက်ကာ အိတ်ကိုကိုင်လိုက်ပြီး အလုပ်ဆင်းရန်ပြင်လိုက်သည်။ အပြင်ဘက်တွင် ရှိနေသည့် ဈေးကွက်မြှင့်တင်ရေးဌာနမှ ဝန်ထမ်းများက ဝေ့ချန် အလုပ်ဆင်းတော့ဟု ပြောလာသည့်အခါ အနည်းငယ် ကြောင်အမ်းသွားကြသည်။ ခဏနေမှ သူတို့ တုံ့ပြန်လာကြ၏။ 


ဟုတ်သားပဲ…ဒါရိုက်တာဝေ့ပြန်ရောက်လာပြီဆိုတော့ သူတို့ အချိန်ပိုဆင်းစရာမလိုတော့ဘူး…။


ထိုအတွေးနှင့်အတူ လူတိုင်းက အလုပ်များကို လက်စသတ်ပြီး အလုပ်ဆင်းရန်ပြင်ကြတော့သည်။ ထိုမှသာ သူတို့၏ စွမ်းဆောင်ရည်များက မနေ့ကထက် ပို၍မြင့်မားနေကြောင်း သဘောပေါက်သွားကြသည်။ 


ဒါရိုက်တာဝေ့က တကယ်ကိုအံ့ဩစရာပင်။ စကားတစ်ခွန်းမပြော၊ ဘာမှမလုပ်ဘဲနှင့်တောင် သူ၏တည်ရှိနေမှုက သူတို့ကို ခွန်အားဖြစ်စေကော အလုပ်လုပ်ရာတွင် ပိုမြန်စေသည်။ 


ဈေးကွက်မြှင့်တင်ရေးဌာနရှိ လူများက အံ့ဩနေကြချိန်တွင် ဝေ့ချန်ကတော့ ထွက်သွားပြီဖြစ်သည်။ သူက အလျင်လိုနေသည့် အရှိန်ဖြင့် လျှောက်သွားပြီး အနောက်မှကြည့်လျှင် တက်ကြွနေသည့်ပုံပေါ်နေသည်။ 


ဝေ့ချန်က အရပ်ရှည်ပြီး ရှည်လျားသည့် ခြေထောက်များ ရှိသည်။ မပြေးလွှားဘဲနှင့်တောင် သူ၏ လမ်းလျှောက်နှုန်းက အတော်လေးမြန်ပြီး မိနစ်အနည်းငယ်အတွင်းမှာပင် ရုံး၏ မြေအောက် ကားပါကင်သို့ ရောက်နေပြီဖြစ်သည်။ သူက ကားကိုရှာလိုက်ပြီး အထဲကိုဝင်ကာ စက်နှိုး၍ တုံ့ဆိုင်းခြင်းမရှိဘဲ လျင်မြန်စွာနှင့် မောင်းထွက်သွားတော့သည်။ 


ဝေ့ချန်က စိတ်အားထက်သန်နေသော်လည်း မြို့ထဲတွင် ညနေခင်းကားလမ်းပိတ်ခြင်းနှင့် တိုးတော့သည်။ လမ်းမကြီးပေါ်သို့ တက်လိုက်သည်နှင့် ကားတန်းအရှည်ကြီးက ဖြေးဖြေးချင်း ရွေ့လျားနေသည်ကို တွေ့လိုက်ရသည်။ 


ယခုက မြို့ထဲရှိ ကားလမ်းပိတ်ခြင်းအား ဝေ့ချန် ပထမဆုံးအချိန် မုန်းခြင်းဖြစ်၏။ ကားများကြားတွင် ပိတ်မိနေသည့် အခိုက်အတန့်တိုင်းက သူ့အတွက် နှိပ်စက်မှုပင်။ မျက်နှာပေါ်တွင် အမူအရာတစ်စုံတရာမှ မပြသော်လည်း စိတ်ထဲတွင်တော့ လမ်းရှင်းပြီး ချောချောမွေ့မွေ့နှင့် Qတက္ကသိုလ်သို့ ရောက်ကာ ချန်လီကို ကြို၍ အိမ်ပြန်ရန် တောင့်တနေ၏။


ဝေ့ချန် ပူပန်မှုကို ခံစားနေရချိန်တွင် ဖုန်းမြည်လာခဲ့သည်။ ၎င်းက ကျူးကောဖုန်းထံမှဖြစ်ပြီး အရေးကြီးသည့်ပုံပေါ်သည်။ ဝေ့ချန်က ပူပန်နေပြီး ဖုန်းသံကိုကြားလိုက်သည့်အခါ ပို၍ပင် ထူပူသွားစေကာ ဖော်ပြမရနိုင်သည့် ခံစားချက်များဖြစ်ပေါ်လာစေသည်။ 


“အထွေထွေမန်နေဂျာကျူးကော” ဝေ့ချန် ဖုန်းကိုင်လိုက်၏။


“ဝေ့ချန်…ဒီရက်တွေမှာ သတိထားနေတော့” ကျူးကောဖုန်း၏ အသံက အလျင်လိုနေပြီး စိုးရိမ်နေသည့်ပုံပေါ်နေသည်။ သူဆက်ပြောလာ၏။


 “စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဟဲခယ်ချမ်းရဲ့ လုပ်ရပ်တွေအတွက် သက်သေရှာတွေ့ခဲ့တယ်…ဒါပေမယ့်လည်း သူ့ကိုတရားရုံးကိုတင်ဖို့ လုပ်ငန်းစဥ်က လျစ်လျူရှုခံလိုက်ရတယ်…အခု ဟဲခယ်ချမ်းက လွတ်သွားပြီ…ငါစိုးရိမ်တာက သူမင်းကို လက်တုံ့ပြန်မှာကိုပဲ…အခုတလော သတိဝီရိယနဲ့နေ…ငါမင်းအတွက် ဘော်ဒီဂတ်တွေငှားထားတယ်…သူတို့ ခဏနေရင် မင်းနောက်ကို လိုက်လာကြလိမ့်မယ်”


“ကျေးဇူးတင်ပါတယ်” ဝေ့ချန်က ကျူးကောဖုန်း၏ စေတနာကို မငြင်းလိုက်ဘဲ သူ ခုနက ခံစားလိုက်ရသည့် မဖော်ပြနိုင်သည့် ခံစားချက်များက စိုးရိမ်ပူပန်မှုတို့ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ 


ဟဲခယ်ချမ်း လွတ်သွားပြီ…။


ဖုန်းချပြီးနောက် ဝေ့ချန်၏ အကြည့်များလေးနက်သွားကာ သူ့နှလုံးသားက အလျင်လိုမှုကြောင့် လောင်ကျွမ်းတော့မလိုပင်။ ခံစားချက်များလည်း ပို၍ပြင်းထန်လာလေတော့သည်။



💘