အပိုင်း ၂၂၆
Viewers 29k

Chapter 226


ရှချန်သည် သက်ပြင်းချပြီး အချိန်အတော်ကြာ ငြိမ်သက်နေခဲ့သည်။ ထို့နောက် မည်သည့်ခံစားချက်မှမရှိသော မျက်နှာထားဖြင့် သူ၏ခေါင်းကို တစ်ဖန်ပြန်၍မော့လိုက်သည်။


“ဒါဆို..မင်းက ဒီတောင်းဆိုမှုကို လုပ်မပေးချင်ဘူးပေါ့..."


“တောင်းပန်ပါတယ်... မစ္စတာရှ, ကျွန်မမှာ အဲ့လိုလုပ်ပိုင်ခွင့်မရှိလို့ပါ...အကယ်၍ ကျွန်မမှာအဲ့လိုလုပ်ပိုင်ခွင့်ရှိတယ်ဆိုရင်တောင် ရှင့်ရဲ့တောင်းဆိုမှုကို လုပ်ပေးမှာမဟုတ်ဘူး...z


ရှအန်းက သူမ၏လက်ထဲမှ လက်ဖက်ရည်ကို ညင်သာစွာမှုတ်လိုက်သည်။


“ရှမိသားစုက ကျွန်မကို ဘယ်လိုတွေဆက်ဆံခဲ့ပြီး ဘယ်လိုတွေနှောင့်ယှက်ခဲ့တယ်ဆိုတာ သိသိကြီးနဲ့ ရှင့်က ကျွန်မကို အကူအညီတောင်းနေတာလား... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ကျွန်မက အရမ်းသဘောကောင်းနေလို့ ရှင့်ကို ထိခိုက်အောင်မလုပ်တာနော်..."


သူမသည် မူလပိုင်ရှင်၏သေဆုံးမှုနှင့် ရှရှင်းချန်က သူမ၏သားမဖြစ်နိုင်ကြောင်းကို တွေးခဲ့သည်။ မူလပိုင်ရှင်သည် သူမ၏ကလေးအရင်းက မည်သူမည်ဝါဆိုသည်ကို သေသွားသည့်တိုင် မသိခဲ့ပေ။ ရှအန်း၏နှလုံးသားသည် အေးစက်လာခဲ့သည်။


ရှမိသားစုက ထိုမျက်နှာမျိုးဖြင့် သူမကို အကူအညီတောင်းရဲသေးတယ်လား...


သူတို့ ရူးများသွားပြီလား...


“ရှအန်း... ငါတို့ရှမိသားစုက မင်းကိုဘယ်လိုတွေဒုက္ခပေးခဲ့လို့လဲ... မင်း ငါတို့မိသားစုနဲ့ ဆယ်နှစ်ကျော်ကြာ အတူနေခဲ့တာ... မင်းကို ကျောင်းတက်ခွင့်ပေးပြီး အဆင့်အတန်းမြင့်မြင့်ထားပေးခဲ့တယ်... ဒါပေမဲ့ မင်းအဲ့ဒါကိုတော့ စော်ကားစရာမလိုဘူး... မင်းကို ဖုမိသားစုက ပစ်ပယ်လိုက်တာကိုတော့ ငါတို့အပြစ်ကြောင့်လို့ မပြောနဲ့..."


ရှအန်း၏သဘောထားများက မစ္စတာရှကို စိတ်ပျက်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမက မကူညီနိုင်၍ ကုမ္ပဏီကစိုးရိမ်ဖွယ်အခြေအနေမှာပင်ရှိနေသေးသောကြောင့် ဖြစ်နိုင်သည်။


ထို့ကြောင့် ရှချန်းသည် သူ၏လူကြီးလူကောင်းပုံစံကို စွန့်လွှတ်ကာ ဈေးကွက်သမားတစ်ယောက်အနေဖြင့် ရှအန်းအား တောင်းဆိုနေသည်။


သူ၏စိတ်ထဲတွင် ရှအန်းက အဖြူရောင်မျက်လုံးနှင့်ဝံပုလွေတစ်ကောင်ဖြစ်လာသည်ဟု ထင်မိသည်။ ဆိုလိုသည်မှာ ရှအန်းက ကျေးဇူးတရားမသိတတ်သူတစ်ယောက်ဟု မြင်မိသည်။


ရှအန်းကို မမုန်းဘူးဆိုသည်မှာ မဖြစ်နိုင်ပေ။


ရှချန်၏စွပ်စွဲချက်များကိုရင်ဆိုင်ရင်း ရှအန်းက ရှချန်အား တည်ငြိမ်စွာပြုံးပြပြီး ငေါ့တော့တော့ပြောလိုက်သည်။

“မစ္စတာရှ ကျွန်မ ရှင်နဲ့ထပ်ပြီး စကားမပြောချင်တော့ဘူး...ရှင့်ရဲ့လိမ္မာတဲ့သမီးလေးဆီသွားပြီးတော့ပဲ ဒီလိုမေးခွန်းမျိုး မေးကြည့်လိုက်..."


ရှအန်းက တစ်ခုခုကို သတိရသွားပြီး ဆက်၍ပြောလိုက်သည်။

“အိုး..မစ္စတာရှ… ကျွန်မ ရှင့်ကို သတိပေးစရာရှိတယ်။ C.Hကုမ္ပဏီက ရှမိသားစုကို တကယ်ကို ပစ်မှတ်ထားနေတာနော်..."


“ဘာ..."


ရှချန်က ရှအန်းအား မယုံကြည်သောအကြည့်ဖြင့်ကြည့်ပြီး သူမ ပြောသည့်အကြောင်းကိုလည်း နားမလည်ခဲ့ပေ။


“ကျွန်မက C.Hကုမ္ပဏီနဲ့ အရမ်းရင်းနှီးတယ်လေ... အာ..အဲ့တော့… C.Hကုမ္ပဏီက ရှမိသားစုကို ကျရှုံးအောင်လုပ်ပြီး ဒေဝါလီခံရအောင် လုပ်ဖို့ ကြိုးစားနေတယ်ဆိုတာ ကျွန်မသိတယ်...”


ရှအန်းက ရှချန်အား အပြုံးများဖြင့်ကြည့်ပြီး အပြုံးမပါသည့်လေသံဖြင့် ပြောလိုက်သည်။


ရှချန်သည် ရှအန်းပြောသောစကားများက ဟာသမဟုတ်ဘဲ အမှန်များသားဖြစ်ကြောင်း သဘောပေါက်ခဲ့သည်။


“ရှအန်း မင်း ဘာကိုဆိုလိုတာလဲ..."


သူမ၏စကားများကိုကြားပြီးနောက်.. သူ ထွက်သွားရန် ဆန္ဒမရှိတော့ပေ။


သူသည် သူမအနားသို့ကပ်ကာ သူမအား စိတ်အားထက်သန်စွာကြည့်လိုက်သည်။


“ရှအန်း.. မင်းဘာကိုဆိုလိုတာလဲ... ဘာလို့ နိုင်ငံခြားကုမ္ပဏီဖြစ်တဲ့C.Hကုမ္ပဏီက ငါတို့ရှမိသားစုကို ပစ်မှတ်ထားနေရတာလဲ...သူတို့က ဘာကြောင့် ငါတို့ရှမိသားစုနဲ့ ပတ်သက်ချင်နေရတာလဲ..."


ရှအန်းက ဖြေးညှင်းစွာပြောလိုက်သည်။

“ကျွန်မ မသိဘူး..."


ရှအန်း၏အဖြေက ရှချန်အား မျှော်လင့်ချက်မဲ့သွားစေသည်။ သူသည် သူမအား ကိုက်စားတော့မတက် ဒေါသစိတ်များဖြင့် ကြည့်ခဲ့သည်။


“ကောင်းပြီ... ရှအန်း.. ငါတို့မိသားစုက ဒီလိုကျေးဇူးကန်းတတ်တဲ့သူကို မြေထောင်မြှောက်ပေးခဲ့မိမယ်လို့ မထင်ခဲ့ဘူး... ဒီလိုမှန်းသာသိရင် ငါ မင်းကို ဆင်းရဲတဲ့မိသားစုဆီကနေခေါ်ပီး မမွေးစားခဲ့ပါဘူး..."


ရှချန်၏စကားများက ရှအန်းအား ရယ်စေခဲ့သည်။

" မစ္စတာရှ... ကျွန်မ မှတ်မိသလောက်တော့ ရှင်ကျွန်မကို မမွေးစားခဲ့ပါဘူး... အဘွားက မွေးစားခဲ့တာပါ... ရှင်ရော မစ္စရှရော ကျွန်မကို မမွေးစားချင်ကြပါဘူး..."


အမှန်မှာ ရှမိသားစုအကြောင်းပြောရမည်ဆိုလျှင် အဘွားတစ်ယောက်တည်းသာ မူလပိုင်ရှင်အပေါ် အစာနာဆုံးဖြစ်သည်။


အမှန်မှာ… မူလပိုင်ရှင်သည် ရှမိသားစုနှင့် နေခဲ့ရသည့်နေ့ရက်များက သူမအတွက် လုံးဝမပျော်ရွှင်ခဲ့ပေ။


သူမ အမှန်တကယ်ပျော်ရွှင်ခဲ့လျှင် သူမသည် ထိုကဲ့သို့ နုံချာသည့်ပုံစံမျိုး ဖြစ်လာမည်မဟုတ်ပေ။


ရှမိသားစုသည် သူစိမ်းမိန်းကလေးတစ်ယောက်ကို သူတို့၏သမီးနေရာတွင် အစားထိုးရန် ရှအန်းကို မလိုလားခဲ့ကြပေ။


ရှမိသားစု၏အဘွားသည် ရှအန်းအား ရှကျင်း၏ နေရာတွင် အစားထိုးရန် အကောင်းဆုံးသူအဖြစ် သတ်မှတ်ခဲ့သည်။


သို့သော်လည်း.. ထိုကိစ္စများရှိနေသော်လည်း….အဘွားက အလွန်ရိုးသားစွာ မူလပိုင်ရှင်အား စာနာမှုအပြည့်ဖြင့် ချစ်ခင်ခဲ့သည်။ မူလပိုင်ရှင်ကလည် အဘွားအား လေးစားချစ်ခင်ခဲ့သည်။


သို့သော်လည်း… ရှကျင်းပြန်ရောက်လာသောအခါ အဘွားသည် မူလပိုင်ရှင်အား ပစ်ပယ်ကာ ရှမိသားစုမှ သူမကိုမောင်းထုတ်လိုက်သည်။


“ဒါပေမဲ့လည်း နောက်ဆုံးတော့ ရှမိသားစုကနေ ကျွန်မကိုမောင်းထုတ်လိုက်တဲ့သူကလည်း အဖွားပါပဲ..."


ထိုသို့ပြောရင်း သူမသည် လှောင်ပြုံးပြုံးလိုက်သည်။


မူလပိုင်ရှင်က အရာအားလုံးကို ဆုံးရှုံးပြီးဖြစ်သည်။ သို့သော်လည်း နောက်ဆုံးတွင် သူမ၏ချစ်လှစွာသော အဘွားက သူမကို ပစ်ပယ်ခဲ့ပြီး သူတို့၏အရိပ်အာဝါသအောက်မှ သူမကို မောင်းထုတ်လိုက်ကြသည်။


ဒါ့ကြောင့် မူလပိုင်ရှင်သည် ကွဲရှလွယ်သောဖန်ရုပ်လေးတစ်ရုပ် ဖြစ်လာခြင်းဖြစ်သည်။


သူမသည် အလွန်အေးသော မိုးရွာနေချိန်တွင် မီးဖွားနေရပြီး သူမ၏ခန္ဓာကိုယ်က အားပြန်ပြည့်ရန်ပင် မလုပ်နိုင်တော့သောကြောင့် ဘယ်လိုပြန်ကောင်းလာနိုင်တော့မည်နည်း။


သူမက စားဝတ်နေရေးအတွက် ငွေရှာရန်ကြိုးစားခဲ့ပြီး ကံကောင်းစွာပင် သူမ၏လှပသောမျက်နှာကြောင့် ဖျော်ဖြေရေးနယ်ပယ်သို့ ဝင်ရောင်နိုင်ခဲ့သည်။


သူမသည် ဖျော်ဖြေရေးနယ်ပယ်တွင် သတင်းဆိုးများမထွက်သောကြောင့် အလွန်ထူးခြားခဲ့သည်။


သတင်းဆိုးဆိုသည်မှာ မိမိအောင်မြင်မှုအတွက် လိင်ပိုင်းဆိုင်ရာပေးဆပ်လိုက်ရတာမျိုးဖြစ်သည်။


အစတွင် ဒါသည် သူမအတွက်အထူးအဆန်း ဖြစ်သည်။ သို့သော် ပို၍ဆန်းသစ်လာသောနယ်ပယ်တွင် ရှအန်းသည် တရုတ်နိုင်ငံ၏ဖျော်ဖြေရေးနယ်ပယ်က အလွန်ရိုးသားလွန်းနေသည်ဟု တွေးမိသည်။


“အဲ့အချိန်တုန်းက.. မင်း မလုပ်သင့်တဲ့လုပ်ရပ်တစ်ခုကိုလုပ်ခဲ့တယ်...အဲ့ဒီကိစ္စကြောင့် ငါတို့ရှမိသားစုကို သက်သက်မဲ့အပြစ်တင်ခံရနိုင်တယ်.... မင်း ငါတို့ရှမိသားစုကို လက်စားချေချင်နေတာလား...”

ရှချန်က စိတ်ပျက်စွာပြောလိုက်သည်။


ဒီအချိန်မှာ သူသည် စိတ်များအရမ်းမွန်းကျပ်နေသည်။ သူသည် သူ၏ကုမ္ပဏီနှင့် နိုင်ငံခြားအခြေစိုက်C.Hကုမ္ပဏီသည် မည်သည့်ပက်သတ်မှုမှ မရှိကြောင်းကို တွေးနေခဲ့သည်။


သူတို့၏ရှမိသားစုက အမြဲတမ်း ငြိမ်းချမ်းရေးကို တန်ဖိုးထားသည်။ ဈေးကွက်တွင်လည်း ရန်သူဟူ၍မထားရှိပဲ ဖြေးဖြေးမှန်မှန်ပင် ဆောင်ရွက်နေသည်။


ရှချန်သည် သူ၏အရည်အချင်းက သာမန်မျှသာရှိသည်ကိုလည်း သဘောပေါက်သည်။ သူသည် သူ၏ကုမ္ပဏီကိုဆက်လက်တိုးတတ်စေချင်လျှင် ဂရုတစိုက်လုပ်ဆောင်ရမည်ဖြစ်သည်။ သူ့တွင် ဖုမိသားစု၏ ကျောထောက်နောက်ခံရှိသည်။ ရှမိသားစုတွင် အရည်အချင်းရှိသော ခေါင်းဆောင်များမရှိလျှင်တောင်မှ သူတို့သည် ခိုင်မာစွာရပ်တည်နိုင်သည်။


သို့သော်..ယခု.. အင်အားကြီးသောပြိုင်ဘက်က ရုတ်တရက်ထွက်ပေါ်လာသည်။ ၎င်းတို့၏ရည်ရွယ်ချက်က ရှမိသားစုကို ပစ်မှတ်ထားရန်ဖြစ်သည်။


ဒီအချိန်တွင်.. ရှချန်၏နှလုံးသားထဲတွင် ထင်ကြေးတစ်ခုရှိခဲ့သည်။ ၎င်းမှာ…


ရှမိသားစုက ဒီတစ်ခါတော့ တကယ်ကို ဒုက္ခတွင်းကြီးထဲရောက်နေပြီဖြစ်သည်။


ဖုမိသားစုက သူတို့အားကူညီမည်ဆိုလျှင်တောင် သူတို့သည် ကောင်းကင်ဘုံကိုတော့ ဆန့်ကျင်တိုက်ခိုက်နိုင်စွမ်းရှိမည်မဟုတ်ပေ။


“ကျွန်မ ပြောပြီးပြီ..အိမ်ပြန်ပြီး ရှင့်ရဲ့ သမီးလိမ္မာလေးကိုမေးကြည့်လိုက်လို့..."


ထို့သို့ပြောပြီး... ရှအန်းက ဘာမှမပြောတော့ပေ။


ရှချန်သည် ဆက်ပြောနေလျှင်လည်း ဘာမှထူးတော့မှာ မဟုတ်သည်ကို သဘောပေါက်ခဲ့သည်။


ရှအန်းက ရှမိသားစုကိုမုန်းသည်ဆိုသောအချက်သည် အဓိကအချက်ဖြစ်နိုင်သည်။


အကယ်၍ သူမ၏နှလုံးသားထဲတွင် အမုန်းတရားများမရှိတော့ပါက C.Hကုမ္ပဏီသည် ရှမိသားစုနှင့် ပတ်သက်စရာလိုတော့မည်မဟုတ်ပေ။ ထို့နောက် ရှမိသားစုသည်လည်း ပြန်၍အဆင်ပြေသွားမည်ဖြစ်သည်။


ထို့သို့စဉ်းစားပြီး.. ရှချန်းက အသုံးမဝင်တော့သောစကားများကို မပြောတော့ပေ။ သူသည် လျှင်လျှင်မြန်မြန်ပင် အိမ်သို့မပြန်ဘဲ ရှကျင်းနှင့် ဖုရှန်း၏အိမ်သို့ တန်းသွားခဲ့သည်။


သူသည် အိမ်တံခါးနားသို့ရောက်သောအခါ အိမ်ဖော်များအား မေး၍ ရှကျင်းနှင့် တွေ့ခဲ့သည်။


“အဖေ...ရုတ်တရတ်ကြီး ဘာလို့ဒီကိုရောက်နေရတာလဲ?”


ရှကျင်းက ဖုန်းကိုချလိုက်ပြီး သူမ၏ရှေ့တွင်ရောက်လာသော ရှချန်းကိုမြင်ပြီး အံ့အားသင့်သွားခဲ့သည်။


“ အဖေနဲ့ စာကြည့်ခန်းထဲလိုက်ခဲ့..."


သူသည် အိပ်ပျော်နေသော သူ၏မြေးမလေးအား တစ်ချက်လှည့်ကြည့်လိုက်သည်။


သူသည် သူမအိပ်ရာထသည်ထိမစောင့်တော့ဘဲ ရှကျင်းအား စာကြည့်ခန်းထဲသို့ဆွဲခေါ်သွားခဲ့သည်။


“ဘာကိစ္စရှိလို့လဲ...တစ်ခုခု ဖြစ်လို့လား..."


ရှချန်က ဘာမှမပြောဘဲဆွဲခေါ်သွားသော ရှကျင်းသည် တကယ်ကို တွေးရခက်နေသည်။


သူမသည် ဒီတစ်ကြိမ် သူမအဖေ၏အလည်လာခြင်းက ကောင်းသောကိစ္စမဟုတ်ကြောင်း သဘောပေါက်ခဲ့သည်။


သူ၏နှလုံးသားထဲတွင် အလွန်သောကဝေနေသည်။ စာကြည့်ခန်းထဲရောက်သောအခါ တံခါးကိုပင် မပိတ်နိုင်ဘဲ သူသည် ရှကျင်းကို စတင်မေးလိုက်သည်။