Chapter 227
"ကျင်းကျင်း အဖေ သမီးကိုမေးနေတယ်... သမီး ရှအန်းကို ဘာတွေလုပ်ခဲ့တာလဲ..."
"အဖေ... အဖေဒီလိုလာတာ သမီးကို ဒီမေးခွန်းမေးချင်ရုံပဲလား..."
ရှကျင်းက သူမအဖေ သူမကို ဤသို့မေးလာမည်ဟုမထင်ခဲ့ပေ။
အဖေနှင့်သမီးတို့ စကားများနေကြချိန်တွင် အခြားလူရောက်လာသည်ကိုပင် မသိတော့ချေ။
"ဆရာပြန်လာပြီလား..."
ဖုရှန်းကို မြင်သော အိမ်အကူက နှုတ်ဆက်လိုက်သည်။
"အန်းချီလေး ဘာဖြစ်တာလဲ... အခုထိ ကိုယ်ပူရှိန်မကျသေးဘူးလား..."
ဖုရှန်းက သူ၏ဂျက်ကတ်ကိုချွတ်ကာ အိမ်တွင်းစီး ဖိနပ်အပါးကို ပြောင်းစီးပြီးသည်နှင့် သူ့သမီးအကြောင်း မေးတော့သည်။
"အပူရှိန်ကျသွားပါပြီ... မမလေးအန်ချီက နေ့လည်ဆိုရင်အဖျားပျောက်လောက်ပါပြီ..."
၎င်းကိုကြားပြီးမှ ဖုရှန်း စိတ်သက်သာရာ ရသွားခဲ့သည်။
သို့သော် အိမ်အကူပြောသည်ကို နားထောင်ပြီးနောက်တွင် တစ်စုံတစ်ခု ထူးဆန်းသလို ခံစားလိုက်ရသည်။
"အဲ့တာ မဒမ်ရဲ့အဖေ မစ္စတာရှပါ... သူဒီနေ့အိမ်ကိုရောက်လာခဲ့ပေမဲ့ စိတ်အခြေအနေကတော့ မကောင်းတဲ့ပုံပါပဲ.. သူ မဒမ်ကို စာကြည့်ခန်းထဲခေါ်သွားပြီး ရန်ဖြစ်နေကြတဲ့ပုံပါပဲ..."
"ငါ့ယောက္ခထီးရောက်နေပြီး ရှကျင်းနဲ့ စကားများနေတယ် တဲ့လား..."
သူ ထူးဆန်းသလို ခံစားလိုက်ရသည်။
သူ၏ ယောက္ခမနှင့် ယောက္ခထီးတို့က သူတို့၏သမီးလေး ရှကျင်းကို အလွန်ချစ်မြတ်နိုးကြလေသည်။
သူတို့၏ အပြစ်ရှိစိတ်ကိုပေးဆပ်ရန် ရှကျင်းကို သူတို့သားထက် ကောင်းမွန်စွာ ဆက်ဆံပေးကြသည်။
စကားများရန်အသားထား သူမကို ဒေါသတကြီးပင် မကြည့်ဖူးကြပေ။
ရှကျင်း ဘာလိုလို သူမကိုပေးသည်သာဖြစ်သည်။ ယခုတွင် သူ၏အိမ်အကူက သူ့ယောက္ခထီးက အိမ်ကိုလာပြီး ရှကျင်းနှင့် စကားများနေသည်ဟု ဆိုလာသည်။
မဟုတ်သေးဘူး တစ်ခုခုတော့မှားနေပြီ...
ထို့ကြောင့် သူ့သမီးလေးကို အရင်သွားတွေ့ရန် ကြံရွယ်ထားသော ဖုရှန်းက စာကြည့်ခန်းထဲသို့ အရင်ဝင်သွားလိုက်သည်။ စာကြည့်ခန်းနှင့် နီးလာသည်နှင့်အမျှ သူ့ခြေသံက တဖြေးဖြေး တိုးဖွလာသည်။
သူတံခါးနား ရောက်သည်နှင့် ကြားလိုက်ရသည့်အရာမှာ...
"အဖေ ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲက အကြောင်းတွေကို ပြောနေတာမဟုတ်ဘူး... အဖေကြားချင်တာ အဲ့နှစ်တုန်းက မင်း ရှအန်းကို ဘာလုပ်ခဲ့လဲဆိုတာကိုပဲ.. သမီးဘာလုပ်ခဲ့လို့ ရှအန်းက သမီးကို ဒီလောက်တောင် မုန်းနေရတာလဲ..."
စာကြည့်ခန်းထဲတွင် ရှချန်းက ရှကျင်းကို စူးရဲစွာကြည့်ပြီး အလွန်အမင်း သိချင်နေသော လေသံဖြင့် မေးလိုက်သည်။
သို့သော် ရှကျင်းက လှောင်သလိုသာ ပြန်ပြောလိုက်သည်။
" သူ့ကို ဘာများလုပ်နိုင်မှာလဲ..."
"ကျင်းကျင်း အဖေ့ကို အမှန်အတိုင်းပြောစမ်းပါ... ရှအန်းက အဲ့တုန်းက ဘာဖြစ်ခဲ့လဲ သိသွားပြီ... သူက မင်းကို မေးဖို့ပဲ ပြောလိုက်တယ်..."
ရှကျန်းက သူမကို အတော်လေး ကူကယ်ရာမဲ့စွာ ကြည့်နေသည်။ ထိုအချိန်တွင် သူ၏လေသံက အသနားခံသလိုသာဖြစ်နေသည်။
"သူသိတယ်လား..."
ရှကျင်းက လှောင်ထေ့သလိုပြောလိုက်သည်။
"ဒီနှစ်တွေထဲမှာ သူ့ကို လုံးဝရူးနေတယ်ပဲ ထင်ခဲ့တာ..."
"ကျင်းကျင်း သမီး ရှအန်းကို ဘာလုပ်ခဲ့တာလဲ... သူဘာလို့ အဖေတို့ရဲ့ ရှမိသားစုကို အရမ်းမုန်းနေရတာလဲ..."
"သမီးဘာလုပ်ခဲ့လဲတဲ့လား... သူ့ကို ဆေးခတ်ထားတဲ့ ဖျော်ရည်တစ်ခွက် ပေးလိုက်ရုံပါပဲ..."
သူမအဖေ၏ စိုးရိမ်ပူပန်နေသော ပုံကိုကြည့်ပြီး ရှကျင်းက ထပ်မံဖုံးကွယ်မနေတော့ပေ။
မည်သို့ပင်ဆိုစေ သူမ၏ မိဘများက သူမဘက်တွင် ရပ်တည်ပေးမည့် လူများသာဖြစ်ကြသည်။
ရှကျင်းက အတိအကျကြီး မပြောလိုက်သော်လည်း ကောလဟာလများ ကြားဖူးသော ရှကျန်းနှင့် ဖုရှန်းတို့က နားလည်သွားပြီဖြစ်သည်။
"ဘာလို့လဲ... ဘာလို့ ဒီလို လုပ်ခဲ့ရတာလဲ..."
ရှအန်းက ဖုရှန်းနှင့် အိပ်မိအောင် မလုပ်ခဲ့သလို ဖုမိသားစုထဲကို လက်ထပ်ပြီး ဝင်ရောက်ရန်လည်း အကြံမရှိခဲ့ကြောင်း ပေါ်ထွက်လာခဲ့သည်။
ရှချန်းက သူ့သမီးကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သူ သူမကို ပြန်ခေါ်လာခဲ့စဉ်က သူ့သမီးလေးက ခက်ခဲခဲ့သော်လည်း ရိုးသားနေဆဲဟု ထင်ခဲ့သည်။
သို့သော် ယခုတွင် သူမပြန်ရောက်ပြီးနောက်တွင် ဤကဲ့သို့သော ဆိုးဝါးလှသည့် အရာများကို ပြုလုပ်ခဲ့ကြောင်း ပေါ်ပေါက်လာခဲ့သည်။
ယခုအချိန်တွင် ရှချန်း၏ အတွေးများက ဖုရှန်းနှင့် တူသွားပြီဖြစ်သည်။
သို့သော် ဖုရှန်း၏ ထိတ်လန့်မှုက ရှချန်းထက် ပိုဆိုးလေသည်။
ထိုအချိန်က သူကိုယ်တိုင်လည်း ရှအန်းက ထိုအရှက်မရှိ လုပ်ရက်များကို လုပ်ပြီး သူနှင့်လက်ထပ်နိုင်ရန် ပြုလုပ်ခဲ့သည်ဟု ထင်ခဲ့သည်။
သူ ရှကျင်းကိုပင် အားပေးခဲ့သေးသည်။ သူက ရှကျင်းကို ရိုးသားကာ လှပပြီး နူးညံ့သိမ်မွေ့သူဟု ထင်ခဲ့ကာ အလှတရားကို ဖော်ကျူးသော စကားလုံးတိုင်းက သူမနှင့် ထိုက်တန်လှသည်ဟု ထင်ခဲ့သည်။
သူ ထိုသနားစရာကောင်းကာ ကြင်နာသော မိန်းကလေးကို စာနာကာ ချစ်မိသွားခဲ့သည်။
သို့သော် ယုတ်ညံ့သည့်အရာတိုင်းနှင့် ကြောက်စရာအကြံအစည်တိုင်းက သူမလုပ်ခဲ့သည်ဟု မထင်ခဲ့ပေ။
သူချစ်မြတ်နိုးခဲ့သော မိန်းကလေးက အစကတည်းက သိုးရေခြုံသော ဝံပုလွေဖြစ်နေခဲ့သည်။
"ကျင်းကျင်း.. အဲ့တာတွေအားလုံး သမီးလုပ်ခဲ့တာလား..."
ရှချန်း၏ အပြစ်တင်သံနှင့် ကြုံလိုက်ရ၍ ရှကျင်းက အတော်လေးဒေါသထွက်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
"ဒါပေါ့... အကုန်လုံး သမီးပဲ လုပ်ခဲ့တာလေ.. ဖုရှန်းသူ့ကို မုန်းသွားဖို့က သမီးအကြံအစဉ်ပဲကို... သမီး ရှအန်းကို အရှက်မရှိတဲ့ဟာတွေ လုပ်အောင်ကြံစည်ပြီး ရှမိသားစုက ထွက်သွားအောင် လုပ်ခဲ့တာ.. အကုန်လုံးကို သမီးပဲလုပ်ခဲ့တာ..."
ရှကျင်း၏ စကားများကို ကြားပြီးနောက်တွင် ရှချန်း၏ စိတ်ထဲတွင် အတွေးတစ်ခုသာပေါ်လာခဲ့သည်။ ၎င်းကား...
'ဖြောင်း...'
ရှချန်းက ရှကျင်းကို အားဖြင့် ရိုက်ချလိုက်သည်။
"အဖေ... သမီးကို ရိုက်တယ်လား..."
ရှကျင်း သူ့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သူမအဖေ သူမကို ဘာကြောင့်ရိုက်သလဲ နားမလည်ခဲ့ပေ။
သူမအဖေက သူမကိုတစ်ခါမှ မရိုက်ခဲ့ဖူးပေ။
သို့သော် ယခုတွင် သူမအဖေက သူမရှအန်းကို ပစ်မှတ်ထားခဲ့ကြောင်း သိလိုက်၍ ပထမဆုံးအကြိမ် ရိုက်ခဲ့သည်။
ထိုအချိန်တွင် သူမနှလုံးသားတစ်ခုလုံးတွင် ဒေါသနှင့် မနာလိုမှုတို့ ဖုံးလွှမ်းသွားသည်။
"ငါ မင်းကိုရိုက်တာ အသိဝင်လာအောင်လို့ပဲ... မင်းရှအန်းကို မုန်းလို့ရတယ် ဒါပေမဲ့ သူ့ကို ဒီလိုအမှားတွေ လုပ်လို့မရဘူး..."
"သမီးဘာလုပ်လို့လဲ... ဘာများ မှားလို့လဲ..."
"ရှအန်းက ဘယ်လိုလူမျိုးမလို့လဲ... သူက ငါတို့ရှမိသားစုထဲက အရေးမပါတဲ့လူတစ်ယောက်ပဲ... မင်းလက်ကို ဘာကြောင့် ညစ်ပတ်ခံရတာလဲ... မင်းသာ သူ့ကို မကြိုက်ဘူးလို့ပြောရင် မင်းအမေနဲ့ငါက သူ့ကိုအဝေးကို ပို့ပစ်မှာပေါ့... ဒါပေမဲ့ မင်းက.. မင်းက..."
ရှချန်းက ရှအန်းယနေ့ပြောခဲ့သော စကားများကို နားလည်သွားခဲ့လေပြီ။ ယခုကိစ္စကို ပြေလည်အောင် လုံးဝလုပ်၍မရဟု ပြောခဲ့သည်။
ရှအန်းက ဖုမိသားစုကို ဆန့်ကျင်ခဲ့သည်။ ကလေးတစ်ယောက်မွေးခဲ့ပြီး ရှမိသားစုကလည်း ကန်ထုတ်ခံခဲ့ရသည်။
သူနှင့်သူ့မိန်းမက ရှအန်းက သူ့ဘာသာသူ ပြဿနာဖန်တီးခဲ့၍ ထိုသို့ အပြုမူခံရသည်ကသာ ထိုက်တန်သည်ဟု ပြောခဲ့သည်။
သို့သော် ထိုအရာတိုင်းအားလုံးက သူတို့၏ သမီးလေးက အရာတိုင်းကို တွက်ချက်ပြီး ထောင်ချောက်ဆင်ခဲ့သော အရာများဖြစ်နေသည်။ ထို့ကြောင့် ရှအန်းက အလွန်ခံစားခဲ့ရပြီး သူတို့ကို မုန်းသည်မှာ ဖြစ်သင့်ပေသည်။
ရှကျင်းက သံကိုသံမဏိမဖြစ်၍ စိတ်တိုနေဟန် ကြည့်နေသော သူမအဖေကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် အပြစ်တင်ဟန် အရိပ်အယောင်တို့ရှိနေ၍ သူမ သက်တောင့်သက်သာမဖြစ်ပေ။
"သမီးလုပ်တာ ဘာမှားလို့လဲ... အမှားလို့ကိုမထင်သလို နောင်တလည်းမရဘူး... ဂုဏ်တောင်ဂုဏ်ယူသေး..."
ရှကျင်းစကားမဆုံးမီ ရင်းနှီးနေသေ အမျိုးသားတစ်ယောက်၏ အသံက ကြားဖြတ်ပြောလာသည်။
"ဒါပေမဲ့ ငါကတော့ မှားတယ် ထင်သလို နောင်တလည်းရတယ်..."