Chapter 229
"ရှောင်ရှင်း..."
ထိုနေ့တွင် ရှအန်းက အလုပ်အကုန်ပြီး၍ အမေရိကန်ပြန်ကာ ကလေးနှစ်ယောက်ကိုသွားတွေ့ရန် အစီအစဉ်ဆွဲနေခဲ့သည်။
သို့သော် သူမသားက သူမရှေ့တွင်တစ်ယောက်တည်း ပေါ်လာခဲ့သည်။
"သားဘာလို့ ရုတ်တရက်ကြီးရောက်လာရတာလဲ... တစ်ယောက်တည်းလာတာလား..."
ရှအန်းက သူမသားလေးက ကျောပိုးလွယ်အိတ်လေးလွယ်လျက် သူမကိုရှေ့တွင် ပေါ်လာသည်ကို ထိတ်လန့်သွားခဲ့သည်။
"မာမား...."
ရှရှင်းချန် ရှအန်းကို သူ့မျက်စိရှေ့တွင် မြင်လိုက်သောအခါ သူ့မျက်နှာပေါ်တွင် တောက်ပနေသော အပြုံးလေးတစ်ခုထွက်ပေါ်လာခဲ့ပြီး ချက်ချင်း သတိလစ်သွားတော့သည်။
"ရှောင်ရှင်း..."
...
"ရှအန်းကျဲစိတ်မပူပါနဲ့... ရှောင်ရှင်းက ပင်ပန်းသွားရုံပါ... ဆရာဝန်က အနားယူလိုက်တာနဲ့ ပြန်ကောင်းသွားမယ်လို့ပြောတယ်လေ..."
လူနာဆောင်ထဲတွင် ရှအန်းက ရှုထျန်းထျန်းပြောသည်ကိုကြားသော်လည်း စိတ်မချနိုင်သေးပေ။
"ထျန်းထျန်း... ရှောင်ရှင်းလေး ဘာဖြစ်တာလဲ... ပြောတော့ သူ့ကိုတစ်ယောက်ယောက်က စောင့်ရှောင့်ပေးနေတာဆို.. အခုကြဘာလို့ ရုတ်တရက်ကြီးတစ်ယောက်တည်း ပေါ်လာရတာလဲ..."
ရှအန်းက သူမသားလေး အမေရိကန်မှ တရုတ်ဆီသို့ တစ်ယောက်တည်း လေယာဉ်စီး၍ လာခဲ့သည်ကိုတွေးပြီး မွန်းကြပ်လာမိတော့သည်။
သူမသားလေးက ဉာဏ်ကောင်းကာ ထက်မြက်သော်လည်း ကလေးတစ်ယောက်သာရှိသေးသည်။
" စိတ်မပူပါနဲ့... ညီမကိုပဲအပြစ်တင်ပါ... လတ်တလောမှာ ရှောင်ရှင်းက တရုတ်ကိုပြန်လာပြီး ကျဲကိုပဲရှာချင်နေခဲ့တာ... ဒါပေမဲ့ သူ့ကိုစောင့်ရှောက်ပေးတဲလူတွေနဲ့ လက်ထောက်တွေက ကျဲက ပြန်လာတော့မယ်လို့ ပြောပေးပါတယ်... ပြီးတော့ ရှောင်ရှင်းကိုလည်း ဆက်စောင့်ဦးလို့ပြောပါတယ်..."
"မထင်မှတ်ထားတာက... ရှောင်ရှင်းက အဲ့လောက်မစောင့်နိုင်ခဲ့တဲ့ပုံပဲ..."
ရှုထျန်းထျန်းက သူမနတ်ဘုရားမ၏သားက ဤမျှဉာဏ်ထက်မည်ဟု မထင်ခဲ့ပေ။ ဤမျှငယ်ငယ်ရွယ်ရွယ်လေးဖြင့် လူများကိုလှည့်စားပြီး သူတစ်ယောက်တည်း လေယာဉ်စီးပြီး တရုတ်ကို ပြန်လာခဲ့သည်။
သူက မည်သည့်အန္တရာယ်နှင့်မှ မကြုံပဲ ရှအန်းထံသို့ ချောချောမွေ့မွေ့ရောက်လာခဲ့သည်။
ကံကောင်းစွာဖြင့် ကောင်ငယ်လေးက ဉာဏ်ကောင်းလွန်းနေခဲ့သည်။ မဟုတ်ပါက ဤဘိုးဘေးလေးသာပျောက်သွားပါက သူမ၏နတ်ရားမကို မည်ကဲ့သို့ ရှင်းပြရမည်မှန်းပင် သိတော့မည်မဟုတ်ပေ။
"ထားလိုက်ပါတော့... တို့လည်း မင်းကိုအပြစ်တင်လို့မရပါဘူးလေ..."
စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ရှအန်းက ကောင်ငယ်လေးနားသွားလိုက်သည်။ ထို့နောက် ကောင်ငယ်လေး၏ပါးပြင်ကို ခပ်ဖွဖွပွတ်သပ်လိုက်သည်။
ရှအန်းက အနည်းငယ်ရယ်ချင်စရာကောင်းသည်ဟု ခံစားမိပြီး သူ၏ဖြူဖွေးလှပသော မျက်နှာလေးကို ငေးကြည့်နေမိသည်။
"ကောင်စုတ်လေးကတော့.. မာမားက ပြန်မလာမှာကြလို့..."
သူမ ခပ်တိုးတိုးရေရွတ်လိုက်သည်။
သူမ အပြင်ထွက်ကာ အကောင်ပေါက်လေးအတွက် အစားအစာအချို့ပြင်ဆင်ပေးရန် လုပ်လိုက်ချိန်တွင် သူမ၏လက်ဖဝါးကို လက်ကလေးနှစ်ဖက်က အားပါးတရ ဆုပ်ကိုင်ထားသည်။
မူလက ကောင်ငယ်လေးနိုးလာပြီဟု ထင်ခဲ့သော်လည်း ထိုသို့ဟုတ်မနေပေ။
သူက သူမကိုကိုင်ထားသော်လည်း မျက်လုံးများက တင်းတင်းကြပ်ကြပ်ပိတ်နေဆဲဖြစ်သည်။
"မာမား.. မသွားပါနဲ့... မာမား... သားကိုမလိုချင်တော့ဘူးလား..."
ရှအန်းက အကောင်ပေါက်လေး အိပ်မက်ယောင်နေသည်ကို နားထောင်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
"ရှောင်ရှင်းက အရမ်းလိမ္မာတာလေ... မာမားက သားကိုထားမသွားဘူး... မာမားက သားကိုအမြဲတမ်းလိုချင်တယ်နော်... မာမားသားလေးကို အမြဲတမ်းလိုချင်တယ်..."
ရှအန်း ငြင်သာစွာပြောလိုက်ပြီး သူ၏ခေါင်းလေးကို ပွတ်ပေးလိုက်သည်။
ရှအန်း၏ ငြင်ငြင်သာသာချော့မြူမှုအောက်တွင် သူ၏အိပ်မက်ကြောင့် ကြောက်ရွံ့နေရှာသော ကောင်ငယ်လေးက စိတ်ငြိမ်သွားတော့သည်။
သူငြိမ်ကျသွားသည်ကိုမြင်ပြီး ရှအန်း မျက်မှောင်ကြုတ်လိုက်မိသည်။
ဘာတွေဖြစ်နေတာလဲ... ဘာလို့သူမရဲ့သားက ဒီလောက်တောင် စိတ်မလုံမခြုံဖြစ်နေရတာလဲ...
အတိတ်က အကောင်ပေါက်လေးက သူမကိုအမြဲတမ်းတွယ်ကပ်နေပြီး ဘယ်သောအခါမှ စိတ်မလုံမခြုံမခံစားရပေ။
"အမေရိကန်မှာတစ်ခုခုဖြစ်ခဲ့လို့လား..."
ရှအန်းက ခပ်တိုးတိုးရေရွတ်လိုက်ပြီး နောက်ထပ် အကောင်ငယ်လေးနှင့် ဆက်သွယ်လိုက်သည်။
ရှရှင်းချန် အမေရိကန်တွင် ပစ်ထားခဲ့သော ရှောင်ချန်က အမေရိကန်တွင် အရာတိုင်းပုံမှန်သာဖြစ်ပြီး ဘာမှမဖြစ်ခဲ့ကြောင်း ပြောပြလာသည်။
သူမ အတော်လေး စိတ်ရှုပ်သွားရသည်။
သူမ လုံးဝမတွေးနိုင်တော့ပေ။
"ဟေး.. ရှအန်း.. ငါပါရှကျင်း... ငါနင်နဲ့စကားပြောချင်လို့..."
ရှကျင်းက သူမကိုဖုန်းဆက်ရန် သတ္တိရှိမည်ဟု မထင်ထားခဲ့ပေ။
ထိုအပြင် သူမနှင့်စကားပြောချင်ပါသည်ဟု တည်ငြိမ်စွာပြောလာသေးသည်။
ဒီမိန်းမက အတော်လေးမခေဘူးပဲ..
"အိုကေလေ.. ငါလည်း နင်နဲ့ပြောချင်နေတာ..."
ရှအန်း သရော်လိုက်သည်။
နှစ်ယောက်သားက ချိန်းဆိုလိုက်ကြသည်။ သူမ ယခုအထိနိုးမလာသေးသော ကောင်ငယ်လေးကိုကြည့်လိုက်သည်။ ထို့နောက် သူမလက်ထောက်၏ လက်ထဲတွင် အသေအချာအပ်ခဲ့ပြီး ချိန်းဆိုထားသောနေရာသို့ လျှင်မြန်စွာသွားလိုက်သည်။
ချိန်းဆိုထားသောနေရာက အတော်လေး လျှို့ဝှက်သော ကော်ဖီဆိုင်လေးပင်။ အတော်လေး လုံခြုံရေးတင်းကြပ်လှ၍ လူအများစုက ဝင်မလာနိုင်ဘဲ စားသုံးသူတိုင်းကလည်း ကိုယ်ပိုင်အခန်းငယ်လေးထဲတွင် စကားပြောကြပေသည်။
'ကလစ်'
ရှအန်း တံခါးဖွင့်လိုက်သောအခါ ရှကျင်းက အခန်းငယ်ထဲတွင် ထိုင်နေကြောင်းတွေ့လိုက်ရသည်။
ယနေ့တွင် ရှကျင်းက သူမ၏အဘွားချုပ်လုပ်ပေးထားသော အဆင့်အတန်းမြင့် ဝတ်စုံကို ဝတ်ထားပြီး ဖက်ရှင်မော်ဒယ်များလို ပိတ်စတိုင်းတွင် ရတနာတို့စီချယ်ထားပြီး အတော်လေးဈေးကြီးလှသည်။
"ရှအန်း နင်တကယ်ရောက်လာခဲ့တာပဲ...ကြည့်ရတာ နင်ငါ့ကို တကယ်ဂရုစိုက်ပုံပဲနော်..."
ရှအန်း မျက်ဆံသာလှန်လိုက်သည်။
"မဟုတ်ပါဘူး.. ငါကနင့်ကိုဂရုစိုက်စရာလား... ငါက အခုတလော နင်ဘယ်လိုနေလဲသိချင်နေတာလေ... ဘာပဲဖြစ်ဖြစ် နင်တို့ရဲ့ ရှမိသားစုက အဆုံးသတ်ခါနီးပြီမလား..."
ရှအန်းက အတော်လေး တည်ငြိမ်နေသောအမူအယာရှိနေသည်။ သို့သော် သူမ၏စကားများရော လေသံများကပါ ကြောက်မက်ဖွယ်ကောင်းနေသည်။
ရှကျင်း အံကြိတ်လိုက်ရသည်။
"ရှကျင်း နင်ငါ့ကိုအခုလိုအချိန်မှာခေါ်တယ်ဆိုမှတော့... ဘာလဲ ရှမိသားစုအတွက် အသနားခံပေးမလို့လား..."
ရှအန်းက ဆိုဖာပေါ်တွင် သက်တောင့်သက်သာရှိစွာထိုင်ရင်း ရှကျင်းကိုပြုံးပြီးပြောလိုက်သည်။
ရှကျင်းက နှုတ်ခမ်းကိုက်လိုက်မိသော်လည်း တစ်စုံတစ်ခုကိုစဉ်းစားမိသွားဟန် သက်တောင့်သက်သာဖြစ်သွားသည်။ သူမကိုကြည်ရသည်မှာ ရှအန်း၏ အားနည်းချက်ကိုချနင်းပြီး ထိန်းချုပ်ချင်နေသည့်ပုံ ပေါ်နေသည်။
"အသနားခံရမယ်တဲ့လား... နင်ကသာ ငါ့ကို အသနားခံရမယ့်လူဖြစ်နေမယ်လို့ ငါစိုးရိမ်မိသွားတယ်...ရှအန်းရယ်..."
ရှကျင်းက မျက်ခုံးပင့်ရင်း သူမအိတ်ထဲမှ ဓာတ်ပုံတစ်ပုံထုတ်လိုက်သည်။ သူမက ၎င်းကို ကော်ဖီစားပွဲပေါ်တင်ပြီး ရှအန်းကို ပြလိုက်သည်။
"အဲ့တာဘာလဲ..."
ထိုပုံက နှစ်အတော်ကြာနေသည့်ပုံပေါ်ပြီး အသေအချာမသိမ်းထား၍ အဝါရောင်ပင် သန်းနေလေပြီ။
"ရှအန်း...ကြည့်စမ်းပါဦး ဒီကလေးက နင်နဲ့တူတယ်လို့ မထင်မိဘူးလား..."
ရှအန်းက ရှကျင်းရုတ်တရက်ကြီး သူ့အိတ်ကပ်ထဲမှ ပုံကိုထုတ်လိုက်ရသည့်အကြောင်းအရင်းကို နားလည်သွားခဲ့သည်။
၎င်းက ရှကျင်း၏ နောက်ဆုံးလက်နက်ဖြစ်နေသည်။
သူမခန့်မှန်းတာမှန်လျှင် ပုံထဲမှကလေးက သူမကလေးဖြစ်ပုံပေါ်သည်။
"ငါတော့ မထင်ပါဘူး..."
ရီအန်းက ပုံထဲမှကလေးကိုကြည့်လိုက်သည်။ မွေးကာစပုံလေးဖြစ်နေ၍ သူ၏ မျက်နှာသွင်ပြင်က မထင်မရှားဖြစ်နေသည်။
ထိုကလေးက ယောက်ျားလေးလား မိန်းကလေးလားပင် မပြောနိုင်ဖြစ်နေရသည်။
"ဒါဆို ဒီတစ်ခုကိုပါကြည့်လိုက်..."
ရှကျင်းက သူမအိတ်ထဲမှ ဒုတိယပုံကိုထုတ်လာသည်။
"ဒီပုံဆိုရင်ရော..."
ဒုတိယပုံက ပထမပုံထပ် ကြည်လင်လှသည်။
ပထမပုံက မွေးကာစ ကလေးပုံဖြစ်သော်လည်း ဒုတိယပုံက နှစ်လိုဖွယ်မိဘနှစ်ပါးနှင့် ကလေးလေးတစ်ယောက်၏ပုံဖြစ်သည်။
မိဘများက အလွန်သာမန်ဆန်သော်လည်း သူတို့၏သမီးလေးက အလွန်လှပကာ သိမ်မွေ့လှသည်။
သူမက ပထမပုံထဲမှ မွေးကာစကလေးနှင့် တူပင်မတူချေ။
ရှအန်းက ဒုတိယပုံကိုမြင်သောအခါ ပုံထဲမှကလေးက မူလကိုယ်၏ ကလေးဖြစ်ကြောင်း သေချာသွားလေပြီ။
မူလပိုင်ရှင်တွင် သမီးတစ်ယောက်ရှိကြောင်း ထွက်ပေါ်လာခဲ့သည်။
ရှအန်းက ဓာတ်ပုံထဲမှကလေးမကို ရင်းနှီးနေသလို ခံစားနေရသည်။
"ငါတော့ နင်ကအရမ်းဉာဏ်ကောင်းတော့ ဘာတွေဖြစ်နေလဲ ခန့်မှန်းမိလောက်ပြီထင်တာပဲ... ရှအန်း နင့်သားကို နင်မွေးထားတာမဟုတ်ဘူး... ဘာလို့လဲဆိုတော့ နင်မွေးထားတာ သမီးတစ်ယောက်မလို့ပဲ..."