အပိုင်း ၂၃၀
Viewers 33k

Chapter 230


ရှအန်းက ဓာတ်ပုံကိုစိုက်ကြည့်နေသည်ကိုတွေ့လိုက်ရ၍ ရှကျင်း ဂုဏ်ယူမိသွားသည်။


ဒီမိန်းမရှအန်းက သူ့ရဲ့ သမီးအရင်းကို ဂရုစိုက်နေတုန်းပဲ...


ဒီလိုဆိုရင်တော့ သူမအဖေရဲ့ အစီအစဉ်က အောင်မြင်တော့မှာပဲ...


ရှကျင်းက သူမထင်ထားသမျှအကုန်လုံးက ထပ်မှားနေမည်ဟု မထင်ထားခဲ့ပေ။


သူမထင်ထားသလို ရှအန်းက ပုံထဲက ကလေးမလေးကို ဂရုပင်မစိုက်ချေ။


"ရှအန်း... နင့်ရဲ့ သမီးအရင်းဘယ်ရောက်နေလဲ သိချင်လား.."


ရှကျင်းက ရှအန်း၏သမီးလေး ဤနှစ်များတွင် မည်မျှခက်ခဲကာ ရိုးရှင်းလှသော ဘဝကိုနေခဲ့ရကြောင်း ပြောပြရန် မစောင့်နိုင်တော့ပေ။


အရမ်းကို သနားစရာကောင်းတဲ့ ဘဝမျိုးပေါ့။


"ငါ့ကို အသနားခံလေ.. ဟားဟားဟား...အသနားခံစမ်း...."


သူမတွင် ရှအန်းဒေါသထွက်နေပုံကို ကြည့်ရင့း ပျော်ရွှင်မှုကို ခံစားနေရန် အချိန်မရှိသည်မှာ နှမျောစရာပင်ဖြစ်သည်။


အလွန်ဂုဏ်ယူနေသော ရှကျင်းကို ရှအန်းက ဖြတ်ပြောလိုက်သည်။

"အိုး... ငါတော့ သိကိုမသိချင်နေပါဘူး..."


ထိုသို့ပြောပြီးနောက်တွင် ရှအန်း ဆိုဖာပေါ်မှထကာ ထွက်သွားရန်ပြင်လိုက်သည်။


"ဘာ... နင် နင့်ရဲ့ သမီးအရင်းအကြောင်း မသိချင်ဘူးလား.."


သို့သော် ရှကျင်း၏ မေးခွန်းနှင့် ကြုံလိုက်ရသောအခါ ရှအန်းက မျက်မှောင်အသာကြုတ်လိုက်ပြီး ပေါ့ပေါ့ပါးပါးဖြေလိုက်သည်။

"ရှရှင်းချန်က ငါ့ရဲ့တစ်ဦးတည်းသောကလေးပဲ..."


ထိုသို့ပြောပြီးနောက် ရှအန်းက ထွက် အဆင်သင့်ဖြစ်နေလေပြီ။


ရှကျင်းက သူမနောက် ပြေးလိုက်သွားသည်။


သူမထိတ်လန့်သွားသော်လည်း လက်သင့်မခံနိုင်ပေ။


ရှကျင်းက ဤကိစ္စအကြောင်း ရှအန်းကိုပြောပြချင်သည့် အဓိကအချက်မှာ ရှအန်း၏ နာကျင်ခံစားနေရကာ အသံတို့ကွဲကြေနေသော ပုံကို မြင်ချင်၍ဖြစ်သည်။


ဒုတိယအချက်က ရှအန်းကို သူမတို့ ရှမိသားစုအပေါ် လက်လွှတ်ပေးရန်ဖြစ်သည်။


သို့သော် သူမထင်မှတ်ထားသည်မှာ ရှအန်း၏တုန့်ပြန်ချက်က သာမန်အကြောင်းအရာတစ်ခုကို ပြောနေသည့်အလား မပြောင်းမလဲဖြစ်နေ၍ဖြစ်သည်။


ရှအန်းကို သူမ၏လက်ရှိကလေးက ကလေးအရင်းမဟုတ်ပဲ သူမမွေးထားသည့် သမီးအရင်းလေးက ခက်ခဲနေသည်ဟု ပြောခဲ့သည်။


မထင်မှတ်ထားသည်မှာ သူမက ရှရှင်းချန်ကိုသာ သူမ၏သားအရင်းဟုသတ်မှတ်သည်ဟု ပြောခဲ့သည်။


၎င်းက သူမက သူမကိုယ်တိုင်မွေးခဲ့သော သမီးအရင်းကို အသိအမှတ်မပြုဟု အဓိပ္ပါယ်ရနေသည်။


"ရှအန်း... နင့်ကိုဒီလောက်ရက်စက်မယ်လို့မထင်ထားခဲ့ဘူး..."


ရှကျင်းက သူမကို တားလိုက်သည်။ ရှအန်းက စိတ်အခြေအနေကောင်းနေဟန် ပြုံးလိုက်သည်။


"ငါက ရက်စက်တယ်လား...ကောင်းလိုက်တဲ့ရှကျင်းရယ် ငါကဘယ်လိုလုပ် ရက်စက်ရမှာတုန်း..."


သူမ မူလပိုင်ရှင်၏ ဘဝကိုတွေးမိသွားသည်။ သူမသေဆုံးသွားသည့်တိုင်အောင် ရှကျင်း၏ ထိန်းချုပ်ခြင်းကို ခံခဲ့ရသည်။ မူလကိုယ်က အတော်လေး သနားစရာကောင်းလှသည်။


မူလကိုယ်ကသာ သူမရဲ့ကလေးက မွေးမွေးပြီးချင်းကတည်းက ရှကျင်းကြောင့် အလဲခံထားပြီး ခက်ခဲတဲ့ဘဝကို ကြုံနေရကြောင်းသိခဲ့ရင် သတ်သေဖို့တွေးပါဦးမလား...


"သွားစမ်းပါ... နင်ပြောတာကိုနားထောင်ဖို့ ပျင်းလွန်းလို့..."

ရှအန်းက နှာခေါင်းရှုံ့လိုက်ပြီး ရှကျင်းကို တွန်းထုတ်လိုက်သည်။


ရှအန်းက တုန့်ဆိုင်းမနေပဲ ချက်ချင်းထွက်သွားခဲ့သည်။ ထိုအချိန်တွင် ရှကျင်းက မှင်သက်သွားရသည်။


ဒါက သူမတွေးထားတာနဲ့ တခြားဆီပဲလေ....


ရှအန်းက သူ့ကလေးအရင်းအကြောင်းကို မသိချင်ဘူးလား...


ဒါမှမဟုတ် ရှအန်းက သူမကိုမယုံတာလား...


ရှကျင်းက ချက်ချင်းပြောလိုက်သည်။

"ရှအန်း ငါလိမ်ပြောတာမဟုတ်ဘူး... ငါနင့်ရဲ့ သမီးအရင်းကိုယူပြီး အဝေးကိုလွှတ်ပစ်ခဲ့တာ... ဒါပေမဲ့ နင့်ရဲ့သေမလိုဖြစ်နေတဲ့သမီးကို မိန်းမတစ်ယောက်က ကောက်သွားမယ်လို့ မထင်ခဲ့ဘူး... ဒါပေမဲ့ အဲ့မိန်းမရဲ့မိသားစုက အရမ်းဆင်းရဲတယ်... ငါတစ်ခုခုလုပ်ခဲ့တော့ အဲ့ဒီ့မိသားစုရဲ့ စုဆောင်းထားတာတွေအကုန်ကုန်သွားပြီ... အခုသူတို့တွေ အစကပြန်စနေရပြီ..."


ရှကျင်းက ရှအန်းကို ရှင်းရှင်းလင်းလင်းမပြောခဲ့သလို အရေးကြီးကိစ္စများကိုလည်း မပြောခဲ့ပေ။


သူမက ရှအန်း၏ကလေးကို လူကုန်ကူးသူထံတွင်ရောင်းပြီး သူမလို သနားစရာဘဝကို ခံစားစေချင်ခဲ့သည်။


သို့သော် သူမ၏အဘွားကြောင့် ထိုအစီအစဉ်က မအောင်မြင်ခဲ့ပေ။။


သူမသာ ထိုကလေးကို လူကုန်ကူးသူများထံရောင်းစားပါက သူမ အဘွားက ရှာတွေ့သွားမည်ဖြစ်သည်။


ထို့အပြင် ထိုအချိန်တုန်းက ထိုကလေးကို အမှိုက်တောင်းထဲမပစ်ခဲ့ပဲ ဆောင်းညလယ်တွင် အေးခဲ၍သေအောင် အပြင်တွင်ထားခဲ့သည်။


သို့သော် ထိုကလေးမ၏အသက်က အတော်ရှည်နေမည်ဟု သူမ မထင်ထားခဲ့ပေ။ နောက်တစ်နေ့တွင် ဆေးရုံနားတွင် ကလေးတစ်ယောက်သေသွားသည်ဟူသော သတင်းမျိုး မကြားခဲ့ရပေ။


ထို့ကြောင့် တစ်ယောက်ယောက်ကို စုံစမ်းခိုင်းသောအခါ သူမပစ်ထားခဲ့သော ကလေးကို သန့်ရှင်းရေးသမားတစ်ယောက်က ကောက်သွားခဲ့ကြောင်း သိခဲ့ရသည်။


ရှအန်း၏ သမီးကမသေပေ။ သူမကို သန့်ရှင်းရေးသမားက ကောက်သွားခဲ့သည်။ ထိုမိသားစု၏ နောက်ခံကို စုံစမ်းပြီးနောက်တွင် သူမ ပို၍ပျော်ရွှင်လာရသည်။


ထိုမိသားစုက အလွန်ဆင်းရဲလှသည်။


ရှအန်း၏သမီး ခက်ခဲပင်ပန်းနေသမျှ ရှကျင်းကပျော်နေမည်သာဖြစ်သည်။


သို့သော် သူမက ထိုကလေးမကို ရွာတွင်နေပြီး ဆင်းဆင်းရဲရဲနေစေချင်သည်။


ထို့ကြောင့် ထိုကလေးကို ကောက်ယူမွေးစားခဲ့သော မိသားစုကို ပစ်မှတ်ထားခဲ့သည်။ ထိုစုံတွဲက သူတို့၏ စုဆောင်းထားသမျှ အကုန်ကုန်သွားရပြီး မြို့ကြီးတွင်မနေနိုင်တော့ပဲ သူတို့၏ ဇာတိမြို့သို့သာ ပြန်သွားရသည်။


ထို့နောက်တွင် သူမက ထိုကလေးမကို အာရုံပင် မစိုက်တော့ပေ။


"ရှအန်း နင်စဉ်းစားကြည့်စမ်းပါဦး... နင့်က တဖြေးဖြေးနဲ့ လူသိများတဲ့ စတားတစ်ယောက်ဖြစ်လာပြီ... ဒါပေမဲ့ နင့်ရဲ့ဘဝက ပရမ်းပတာဖြစ်ပြီး နင့်ရဲ့ကလေးအရင်းမဟုတ်တဲ့လူနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေနေရတယ်..."


ရှကျင်းက ဂုဏ်ယူစွာပြုံးလိုက်သည်။


"ပြီးတော့ အဲ့လိုအချိန်မှာပဲ နင့်ရဲ့သမီးအရင်းက ဆင်းဆင်းရဲရဲနေနေရတယ်... နင့်ရဲ့သမီးက လယ်သမားတစ်ယောက်ရဲ့ ဇနီးဖြစ်ရင်လည်း ဖြစ်လာမှာပေါ့...ဟားဟားဟား..."


ထိုသို့တွေးရင်း ရှကျင်းက ပျော်ပျော်ကြီး ရယ်လေတော့သည်။


အခြားအရာများကိုပင် ကိစ္စကြီးမဟုတ်ဟု ခံစားလာရသည်။


သို့သော် ခဏအကြာတွင် ရှကျင်း၏ ပျော်ရွှင်မြူးထူးနေသော စိတ်အခြေအနေက အစအနမရှိအောင် ပျောက်ကွယ်သွားခဲ့သည်။


ထို့အပြင် အလွန်အမင်းပင် ထိတ်လန့်သွားရသေးသည်။


"အိုး.. နင့်လိုပုံစံမျိုးလား..."

ရှအန်းက ခပ်ထေ့ထေ့ပြောလိုက်သည်။


"နင့်လိုမျိုး ဝေးလံခေါင်သီတဲ့တောရွာမှာ ကလေးသတို့သမီးလုပ်ရမှာမျိုးလား..."


ရှကျင်း၏ မျက်နှာ ဖြူဖျော့သွားသည်။


သူမရှအန်းကို မယုံနိုင်သလိုကြည့်ပြီး ခြေထောက်များပင် ပျော့ခွေလာရသည်။


"နင်ဘာတွေပြောနေတာလဲ... နင်ပြောနေတာတွေ ငါနားမလည်ဘူး..."


မဟုတ်သေးဘူး... ရှအန်းသိနေတယ်... ဒီမိန်းမ ရှအန်းက သိနေတယ်...


သူမသိသင့်ဘူး... သူညာပြောနေတာ...


ဟုတ်တယ် အမှန်ပဲ... ညာပြောနေတာ...


"ရှကျင်း... နင့်ကိုယ်နင် ကမ္ဘာပေါ်မှာ ဉာဏ်အကောင်းဆုံးလူလို့ ထင်နေတာလား... လူတိုင်းက နင့်ကိုခယနေရမယ်ထင်တာလား.."


ရှအန်း မျက်စိများမှေးကျဉ်းက ရှကျင်းနားကို တစ်လှမ်းချင်းလှမ်းသွားလိုက်သည်။


ရှကျင်းက ကြောက်လန့်တကြား နောက်သို့ဆုတ်လိုက်သည်။


သူမ ရှအန်းရှေ့မှာ ဘယ်လိုလုပ်ရပ်နိုင်ရမှာလဲ...


ရှကျင်း နောင်တရလာသည်။


ရှကျင်း ဒီကိုလာမိသည်ကို နောင်တရပြီး ရှအန်းကို တားမိသည်ကို နောင်တရလာမိသည်။


"ရှကျင်း နင်ပြန်ပေးဆွဲခံခဲ့ရတယ်... ကံဆိုးလွန်းလို့ လူကုန်ကူးတဲ့လူတွေနဲ့တွေ့ခဲ့တယ်... ငါနင့်ကိုဘာလုပ်ခဲ့လို့လဲ... မေ့မနေစမ်းနဲ့ဦး... နင်ပြန်ပေးဆွဲခံရတော့ ငါကနင့်ကိုကူညီဖို့ ကြိုးစားခဲ့တာ... ဒါပေမဲ့ ငါလည်း နင်နဲ့အတူ‌ပြန်ပေးဆွဲခံခဲ့ရတာ..."


ရှအန်းကို ထိုကိစ္စကိုပြောရင်း စိတ်အနှောင့်အယှက်ဖြစ်လာရသည်။ မူလပိုင်ရှင်က အလွန် ရိုးအလှသည်။ သူမလုပ်ခဲ့သည့် တစ်ခုတည်းသောအမှားမှာ ရှကျင်းကို ကယ်တင်ရန် ကြိုးစားခြင်းသာဖြစ်သည်။


သူမသာ ထိုအချိန်က ထွက်ပြေးပြီး ဘာမှမမြင်မသိသလိုနေခဲ့လျှင် ဤမျှဆိုးဝါးသော ဘဝကိုခံစားခဲ့ရမည်မဟုတ်ပေ။


"နင်ကလေးသတို့သမီးဖြစ်လာတာကရော... ငါနင့်ကိုတစ်ခုခုလုပ်ခဲ့လို့လား... နင်အဲ့တောင်တွေထဲက ထွက်ပြေးလာပြီး လိင်ကုန်ကူးသူတွေနဲ့တွေ့ခဲ့တယ်လေ... ငါကနင့်ကို တွန်းအားပေးပြီး ပြည့်တန်ဆာလုပ်ခိုင်းခဲ့လို့လား... နင့်က ရှိသမျှ အမှားတွေ ငါ့အပေါ်ပုံချတယ်... နင့်မှာသာ ပြန်တိုက်နိုင်စွမ်းရှိလာရင် နင့်ကို တွန်းအားပေးခဲ့ပြီး နင့်ဘဝကိုဖျက်ဆီးခဲ့တဲ့လူတွေကို သတ်ပစ်စမ်း ဖျက်ဆီးပစ်စမ်းပါ.. ဘာလို့ ငါ့ကို ထိခိုက်နေရတာလဲ..."