အပိုင်း ၂၃၂
Viewers 29k

Chapter 232


သူမ၏ သမီးဆိုသူမှာ မည်သူမှမဟုတ်ပဲ ဇာတ်လိုက်မ၏ အစားထိုးအဖြစ် အသုံးခံခဲ့ရသော ဖျော်ဖြေရေး နယ်ပယ်မှ စတားလေးတစ်ယောက်ဖြစ်သည်။


ထိုအမျိုးသမီးစတားလေးမှာ ဆင်းရဲသော မိသားစုလေးမှ သမီးတစ်ယောက်ဖြစ်သည်။ သူမ၏ မိဘများကသူမကို အလွန်ချစ်ကြသည်။ သူမ၏ ကလေးဘဝက ဆင်းရဲခက်ခဲခဲ့သော်လည်း သူမ၏မိသားစုက အလွန်ကောင်းမွန်ပြီး အမေရော အဖေကပါ သူမကို ချစ်မြတ်နိုးကြသည်။ စွန့်ပစ်ခံခဲ့ရသော ကလေးမလေးက အလွန်ပျော်ရွှင်ခဲ့ရသည်။


ငယ်စဉ်ကတည်းက မိသားစုတွင် ပိုက်ဆံမရှိ၍ ကလေးမလေးက ပိုမိုလိမ္မာရေးခြားရှိလာသည်။ သူမက တက္ကသိုလ် ကောင်းကောင်းတက်ကာ ငွေအများကြီးရှာပြီး သူမ၏မိဘများကို ကောင်းကောင်းမွန်မွန်နေစေချင်ခဲ့သည်။


ထိုအတိုင်းသာဆိုလျှင် သူမ၏ အစီအစဉ်များမှာ ချောချောမွေ့မွေ့ပြီးဆုံးသွားမည်ဖြစ်သည်။


သူမက ခက်ခဲသည့် ဘဝတွင် နေရလောက်အောင်အထိ မတုံးအပေ။


သူမသာ မူလ လမ်းကြောင်းအတိုင်း လိုက်ခဲ့ပါက သူမ၏ ရည်မှန်းချက်အတိုင်း ဖြစ်လာမည်ဖြစ်သည်။


သို့သော် သူမ အထက်တန်းကျောင်းမှ ဘွဲ့ရပြီး တစ်နှစ်အကြာတွင် သူမ၏ မွေးစားဖခင်က ကားမတော်တဆဖြစ်ပြီး မသန်မစွမ်းဖြစ်သွားခဲ့သည်။


သူမ တက္ကသိုလ်တက်ရန် စုဆောင်းထားသော ငွေအားလုံးကို ဆေးရုံစရိတ်အဖြစ် သုံးလိုက်ရ၍ သူမ ကျူရှင်ကြေးအတွက် ပိုက်ဆံမကျန်တော့ပေ။


သို့သော် သူမက တက္ကသိုလ်တက်ရန် အိပ်မက်ကို လက်မလျော့ပဲ သူမအဖေ၏ဆေးကုသစရိတ်အတွက် ပိုက်ဆံရှာတော့သည်။


သူမ၏ လှပသော ရုပ်ရည်သွင်ပြင်ကြောင့် အေးဂျင့်တစ်ယောက်က လာကမ်းလှမ်းသဖြင့် ဖျော်ဖြေရေး နယ်ပယ်ထဲ ဝင်သွားခဲ့သည်။


အလွန်အလုပ်ကြိုးစားပြီး လှပကာ လေးလေးနက်နက်ရှိပြီး အရည်အချင်း အနည်းငယ်လည်းရှိသော မိန်းမငယ်လေးတစ်ယောက်တွင် အလားအလာအကြီးကြီးရှိပေသည်။


ထို့ကြောင့် တက်သစ်စလေးသာဖြစ်သော်လည်း ကုမ္ပဏီအများစု၏ စောင့်ကြည့်ခြင်းကို ခံခဲ့ရသည်။


သူမ ပွဲဦးထွက်ချိန်တွင် လူထု၏နှစ်သက်ခြင်းကို ခံခဲ့ရပြီး ပရိတ်သတ်အနည်းငယ်ပင် ရလာခဲ့သေးသည်။


အစက အရာတိုင်းက ကောင်းသည့်ဘက်ကို ဦးတည်နေခဲ့သည်။


သို့သော် ရေးမချထားသော စည်းမျဉ်းများက သူမကို ပိတ်ပင်လိုက်ပြီး ဆိုးဝါးလှသည့် အခြေအနေတစ်ခုထဲ ကျရောက်သွားပြန်သည်။


သူမ ယောက်ျားတစ်ယောက်နှင့် တွေ့ခဲ့လေသည်။


ထိုယောက်ျားက ဇာတ်လိုက်မကို သဘောကျနေသော လူများစွာထဲမှ တစ်ယောက်ဖြစ်သည်။


သူက ဇာတ်လိုက်မကို မရနိုင်မှန်းသိ၍ သူမနေရာတွင် အစားထိုးတစ်ယောက်ရှာခဲ့သည်။


သူ ဇာတ်လိုက်မနှင့်တူသော မိန်းကလေးတစ်ယောက်ကို တွေ့ခဲ့ရသည်။


ထိုကောင်မလေးက ငယ်ရွယ်သေးကာ ရိုးသားလှပေသည်။ သူမက ထိုလူကို သူမ၏မျှော်လင့်ချက်နှင့် သူမကိုဒုက္ခနွံထဲမှ ကယ်ယူပေးမည့်လူဟုထင်ပြီး ထောင်ချောက်ထဲကျခဲ့သည်။


သို့သော် သူမဖြတ်ကျော်ခဲ့ရသည့် အရာတိုင်းမှာ ထိုလူ၏ ကြံစည်ထားသည့်အတိုင်းသာဖြစ်သည်။


ထိုလူက သူမ၏မွေးစားအဖေကို ကုသပေးရန် ပိုက်ဆံပေးပြီး သူမကို ထောက်ပံ့ရန် ပိုက်ဆံပေးပြီး ဖျော်ဖြေရေးလောကထဲ မဝင်ရန် တားဆီးလေသည်။


သူမက လှောင်အိမ်လှလှလေးထဲတွင် ပိတ်မိနေသော စာဝါငှက်လေးပမာ ဖြစ်နေရသည်။


သို့သော် တစ်နေ့တွင် သူမက အစားထိုးတစ်ယောက်သာဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။


သူမ လွတ်မြောက်ချင်သော်လည်း မလွတ်မြောက်နိုင်တော့ပေ။


သူမ ထိုလူ၏ မျက်နှာအစစ်ကို ရှာတွေ့သွားခဲ့သည်။


နောက်ဆုံးတွင် ထိုလူ၏လက်ထဲတွင် သေခဲ့ရသည်။ သူမက ဇာတ်လိုက်မနှင့် ဇာတ်လိုက်တို့ လက်ထပ်သည့်နေ့တွင် သေခဲ့ရသည်။


ထိုလူက ဇာတ်လိုက်မ၏ လက်ထပ်ပွဲကို အလိုမရှိပဲ သူ့ကိုမရွေးချယ်ခဲ့သည်ကို နာကျည်းခဲ့လေသည်။ သူမကလည်း ထိုလူအတွက် အစားထိုးတစ်ယောက်အဖြစ် မနေနိုင်တော့၍ သူ့အနားမှ ထာဝရထွက်သွားရန် ဆုံးဖြတ်လိုက်သည်။


ထိုလူက သူမကို တားရန် ကြိုးစားခဲ့သော်လည်း မတော်တဆသတ်မိသွားခဲ့သည်။


မိန်းမငယ်လေးမှာ သနားဖို့ကောင်းအောင် သေသွားရသည်။ သူမ၏ သေဆုံးခြင်းက မတရားလှကာ အသုံးမဝင်ပေ။


သူမသေသွားချိန်တွင် သူမကို အမြဲချစ်ခင်ပေးခဲ့ကြသော စုံတွဲမှာ သူမ၏ မိဘအရင်းများမဟုတ်ကြောင်း မသိသွားခဲ့ပေ။


ထို့အပြင် သူမ အမြဲတမ်း မနာလိုဖြစ်ခဲ့ရသော မိန်းကလေးကလည်း သူမ၏ သွေးတစ်ဝက်နှောသော ညီမဖြစ်ကြောင်းလည်း မသိခဲ့ရပေ။


ဇာတ်ကြောင်းကို ပြန်တွေးပြီးနောက်တွင် ရှအန်း မဲ့ရွဲ့သွားရသည်။


မူလပိုင်ရှင်၏ သမီးက ရှကျင်းထံမှ ဖျက်ဆီးခံခဲ့ရသည်။


အစက သူမက မူလပိုင်ရှင်က မည်သူနှင့် ဆက်နွယ်ခဲ့ပြီး ရှရှင်းချန်ကို မွေးခဲ့ကာ ဖုရှန်း၏ကလေးဟု ပြောခဲ့ကြောင်း အဖြေရှာနေခဲ့သည်။


သို့သော် ယခုတွင် မူလပိုင်ရှင်တွင် အခြားလူမရှိကြောင်း သိလိုက်ရလေပြီ။ ကလေးက ဖုရှန်း၏ကလေးဖြစ်သော်လည်း အလဲခံထားရတာဖြစ်သည်။


အစမှအဆုံးထိ မူလပိုင်ရှင်က လူယုတ်မာ ဖုရှန်းကို သစ္စာမဖောက်ခဲ့ပေ။


မူလက ရှအန်းက ရှကျင်းကို အမှန်တကယ်ကြောက်စရာကောင်းသည်ဟု ခံစားခဲ့ရသည်။


သို့သော် ယခုတွင် ရှကျင်း၏ နောက်မှ ရှကုမ္ပဏီက ကျရှုံးတော့မည်ဖြစ်၍ ထို မိန်းမယုတ်ကို ကိုင်တွယ်ရန် လွယ်ကူသည်ဟု ခံစားလိုက်ရသည်။


ရှအန်းက မူလပိုင်ရှင်၏ သမီးအကြောင်း တွေးနေစဉ်တွင် အိပ်ပျော်နေရမည့် အကောင်ငယ်လေးက စာကြည့်ခန်းတံခါးအဟကြားမှ သူမကို ချောင်းကြည့်နေကြောင်း မသိခဲ့ပေ။


'ဟေး ကောင်လေး...ငါပြောပါတယ် မင်းက သူ့သားမဟုတ်ဘူးလို့ဆိုတာကို... အခုလည်း သူက မင်းကို သူ့သားမဟုတ်မှန်း သိသွားလောက်ပြီ... ခုဏလေးတင် သူဖုန်းခေါ်ရင်း ပြောလိုက်တဲ့ ကလေးမလေးဆိုတာက သူ့သမီးအရင်းလေ....'


ရှရှင်းချန်က လေးလေးနက်နက်တွေးတောနေသော သူ၏ နတ်သမီးမေမေ၏ မျက်နှာလေးကို ကြည့်နေလိုက်သည်။ သူ့ခေါင်းထဲရှိ အရွယ်ရောက်ပြီး အမျိုးသား၏ ခပ်နိမ့်နိမ့်အသံက သူ့ကို အလွန်အမင်း စိတ်ဓာတ်ကျစေသည်။


သူ ထိတ်လန့်တကြားဖြစ်နေသည်။


သူမာမားသာ သူက သားအရင်းမဟုတ်မှန်းသိရင် သူ့ကို စွန့်ပစ်လိုက်မှာလားဟင်...


သူ့နတ်သမီးမေမေက သူမရဲ့ သမီးအရင်းကို ရှာတွေ့ရင် သူ့ကို ကန်ထုတ်ပစ်တော့မှာလား...


သူ့မာမားက သူ့ကို ထပ်မချစ်တော့ဘူးလားဟင်...


ယခုအချိန်တွင် ရှရှင်းချန်မှာ စွန့်ပစ်ခံလိုက်ရသော ခွေးပေါက်လေးတစ်ကောင်နှင့် တူနေသည်။


'မာမားက သားကို မလိုချင်တော့ရင်ရော... သားကတော့ မာမားကို မခွဲချင်ဘူး... သားက မာမားနဲ့နေပြီး မာမားရဲ့ အချစ်ဆုံးသားလေးအဖြစ်ပဲ နေမှာ...'


'အိုး... လွယ်ပါတယ်... သူမကို သူမရဲ့သမီးအရင်းကို ရှာမတွေ့စေနဲ့ပေါ့...'


ရှရှင်းချန်ခေါင်းထဲမှအသံက အလွန်သဘာဝကျနေကာ လွယ်ကူလှသည့် တာဝန်တစ်ခုကို ပြောနေသည့်အလား ဖြစ်နေသည်။


ကောင်ငယ်လေးက ထိုကိစ္စကို ဘယ်လိုလုပ်ရမလဲ မသိသော်လည်း ခက်ခဲမည်ဖြစ်ကြောင်း သိပေသည်။


သို့သော် သူက သူ့ခေါင်းထဲရှိအသံက အရာရာတိုင်းကိုသိနေ၍ သူ၏မာမားထက် သန်မာကြောင်း သိပေသည်။


သူက သူ့မာမားကို ထိတ်လန့်စေသော စကင်ကဲ ထုတ်ကုန်များကို ပြုလုပ်ပေးနိုင်သည်။


ထို့ကြောင့် သူက ထိုသို့လုပ်ပေးနိုင်ပေလိမ့်မည်ဖြစ်သည်။


'သားမလုပ်ဘူး... ဟင့်အင်း... မလုပ်ဘူး...'


'ဒါဆို မင်းက သူမကို သူမသမီးအရင်းကို ရှာတွေ့ပြီး ပြန်ခေါ်လာစေချင်တာလား... အဲ့လိုသာဖြစ်လာရင် မင်းက အချစ်မခံရတော့ဘူးနော်...'


'ဒါပေမဲ့ သူက မာမားရဲ့သမီးလေ...မာမားကို စိတ်မကောင်းမဖြစ်စေချင်ဘူး... သားက သူ့ကိုပြန်မခေါ်လာစေချင်ပေမဲ့ မာမားစိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းမှာကို မလိုချင်ဘူး...'


'ငါသိသွားပြီ... ရှရှင်းချန် မင်းက ရူးနေတဲ့ကလေးပဲ...'


'တုံးအလွန်းတယ်...'


'ကောင်းပြီလေ ဒီလိုဆိုမှတော့ မင်းကို ကူညီဖို့ နောက်တစ်နည်းစဉ်းစားပြီးတော့ ကူညီပေးမယ်....'