အပိုင်း ၂၃၃
Viewers 29k

Chapter 233


နောက်တစ်နေ့ ရှအန်းနိုးလာချိန်တွင် တစ်စုံတစ်ယောက်က အင်တာနက်ပေါ်တွင် ရှကျင်း၏ အတိတ်ဆိုးများကို ဖော်ထုတ်လိုက်ကြောင်း မြင်လိုက်ရသည်။


အသေးစိတ်ကျကျရေးထားသည်မှာလည်း ရှကျင်း၏ ကိုယ်ရေး အတ္ထုပ္ပတိအလားပင်။


ဖတ်ကြည့်လိုက်သည့် မည်သူမဆို လုပ်ကြံပြောဆိုထားခြင်း မဟုတ်ကြောင်း ပြောနိုင်သည်။


"ရှအန်းကျဲ... အွန်လိုင်းပေါ် တက်ကြည့်လိုက်ပါဦး... ရှကျင်း၏ အတိတ်ဆိုးတွေ ဖော်ထုတ်ခံလိုက်ရပြီ..."


ရှုထျန်းထျန်းဆီမှ ဖုန်းဝင်လာချိန်တွင် ရှအန်းက ရေချိုးပြီး၍ မနက်စာလုပ်ရန်ပြင်နေချိန်ဖြစ်သည်။


ထိုစကားများကို ကြားပြီးနောက်တွင် အိပ်ချင်မူးတူးဖြစ်နေသော ရှအန်းခင်ဗျာ အပြည့်အဝနိုးလာတော့သည်။


"ဘယ်လို... တစ်ယောက်ယောက်က အင်တာနက်ပေါ်တင်လိုက်တာလား.. ညီမတင်လိုက်တာလား..."


"မဟုတ်ဘူး.. ညီမတို့မဟုတ်ဘူး.... ဘယ်သူ တင်လိုက်လဲတော့မသိဘူး... ဒါပေမဲ့ အဲ့လူလက်ထဲက ဟာတွေက ညီမတို့ဆီမှာရှိတဲ့ အချက်အလက်တွေထက် ပိုပြီး ပြီးပြည့်စုံနေတယ်..."


ဖုန်းချလိုက်ပြီးနောက်တွင် အင်တာနက်ပေါ်မှ ထိုအတိတ်ဆိုးများဟူသည်ကို သွားကြည့်ပြီး အံ့ဩသွားခဲ့သည်။


၎င်းက ရှုထျန်းထျန်း ပြောထားခဲ့သလိုဖြစ်သည်။ ရှကျင်း၏ မကောင်းသည့် ကိစ္စများက သူမတို့ထံတွင် ရှိနေသည်ထက် ပို၍ အသေးစိတ်ကျကျဖြစ်နေသည်။


ထိုလူတွင် သက်သေအဖြစ် ဓာတ်ပုံများသာရှိရုံမျှမက ပို၍ကြောက်ဖို့ကောင်းသော ဗွီဒီယိုများပင် ရှိနေသည်။


ရှကျင်း စတိတ်ပေါ်တွင် ထိုင်နေသော ပုံများကို ပြုပြင်ထားသည့်ပုံများဟု ပြောနိုင်မည်ဖြစ်သည်။


သို့သော် ဗွီဒီယိုများကမူ ၎င်းတို့က အဓိကသက်သေများပင်ဖြစ်သည်။


[ဘုရားရေ... မေးစေ့က ကောင်းကင်ပေါ်ပဲ အမြဲမော်ချီနေတဲ့ ရွှေရောင်အမျိုးသမီး ရှကျင်းက ဒီလိုတွေကြုံတွေ့ခဲ့ရမယ်လို့ မထင်ခဲ့မိဘူး...]


[ဖုမိသားစုရဲ့ အမွေဆက်ခံသူရဲ့ ဇနီးဖြစ်တဲ့ ရှကျင်းက ပြည့်တန်ဆာတဲ့လား...]


[မုန်းစရာကောင်းတဲ့လူတွေက မုန်းစရာကောင်းတဲ့အရာတွေ ကြုံခဲ့ရတယ်ဆိုတာ အမှန်ပဲ... ဒါတွေကတော့ အရမ်းကို ဆိုးဝါးလွန်းပါတယ်...]


[ငါဘာလို့များ ရှကျင်းကို မသနားမိပါလိမ့်...]


[ဘာ... ငါမှတ်မိသွားပြီ... ရှကျင်းကို ရင်းနှီးနေပါတယ်ထင်တာ... လက်စသတ်တော့ ငါသူ့ဆီသွားလည်ခဲ့ဖူးတာကိုး...]


...


လူအများစုက ရှကျင်းကိုသနားကြသော်လည်း စက်ဆုပ်ဖွယ်ရာ လူအချို့ကလည်း ရှိနေပြန်သေးသည်။


ရှကျင်းက အင်တာနက်ပေါ်မှ သတင်းကိုဖတ်ပြီး ဖြူဖျော့လာခဲ့သည်။ သူမ ရှက်လွန်းလှ၍ ထိုအရာများကို မျက်နှာချင်းမဆိုင်ချင်ပေ။


သူမ မတွေ့ချင်ဆုံးအရာများကိုမှ ထိပ်တိုက်တွေ့နေရသည်။


"ဘာလို့လဲ...."


ရှကျင်း ကိုယ့်ခေါင်းကိုယ်ကိုင်ကာ အော်ဟစ်လိုက်သည်။ သူမ၏ မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မှုတို့ ပြည့်နှက်နေသည်။


သူမက ထိုညစ်ပတ်လှသည့် အရာများအားလုံးကို စိတ်ထဲတွင် သိုဝှက်ထားခဲ့ပြီး ဖော်ထုတ်မခံချင်ပေ။


သူမကိုယ်သူမ ငရဲကဲ့သို့နေ့ရက်များဆီ ပြန်ရောက်လာသည်ဟု ခံစားနေရပြီး သူမကိုညစ်ပတ်သည့်အရာများကို အတင်းလုပ်ခိုင်းနေသလို ခံစားနေရသည်။


"ရှအန်း... ရှအန်း........"


ရှကျင်းက ယခုတွင် ဖော်ထုတ်ခံလိုက်ရပြီဖြစ်ပြီး ဟာသကြီးတစ်ခုလို ဖြစ်နေလေပြီ။


ဖုမိသားစုရော ဖုရှန်းကပါ သူမကို လုံးဝစွန့်ပစ်သွားပေတော့မည် ဖြစ်သည်။


အဘယ်ကြောင့်ဆိုသော် ဖုမိသားစုက ဤကဲ့သို့သော ချွေးမမျိုးကို မလိုအပ်၍ဖြစ်သည်။


"ဟားဟားဟား...."

ရှကျင်း ရုတ်တရက်ကြီး ရယ်မောလိုက်သည်။ သူမ၏ အပြုံးတွင် မျှော်လင့်ချက်မဲ့မှုတို့က ထင်ဟပ်နေသည်။


"ရှအန်း.... ကောင်းပြီလေ... ကောင်းပြီပေါ့..."


သူမ မနေ့က ရှအန်းသူမကို သတိပေးခဲ့သည့်အကြောင်း မှတ်မိသွားသည်။

ရှအန်းက လွဲလို့ ဘယ်သူကများ သူမရဲ့ဒီလို ကိစ္စတွေကို သိမှာတဲ့လဲ...


ထို့ကြောင့် ရှကျင်းက သူမ၏အတိတ်ဆိုးများကို ဖော်ထုတ်လိုက်သူမှာ ရှအန်းဖြစ်ကြောင်း ၁၀၀%လုံး သေချာသွားလေသည်။


မူလက ရှကျင်းက အနည်းငယ် ကြောက်ရွံ့နေပြီး လက်စားမချေရဲခဲ့ပေ။ သူမ၏ အတိတ်ဆိုးများအားလုံး ဖော်ထုတ်ခံရပြီးနောက်တွင်တော့ လုံးဝမတွန့်ဆုတ်တော့ပဲ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်လေတော့သည်။


သူ လက်စားချေချင်တယ်... ရှအန်းကို လည်း နာကျင်ခံစားစေချင်တယ်...


ရှကျင်း အသက်ပြင်းပြင်းရှူသွင်းပြီး ဖုန်းဆက်လိုက်သည်။


"ဟေး... ငါ့ကိုဆက်ကူညီဦး...."


...


ရှကျင်း၏ အတိတ်ဆိုးများမှာ ထိတ်လန့်စရာဖြစ်သည်။


သို့သော် သူမက ဖျော်ဖြေရေးအသိုင်းအဝိုင်းမှလူမဟုတ်သလို နာမည်ကြီး စတားတစ်ယောက်လည်း မဟုတ်ပေ။ ထို့ကြောင့် အဆုံးတွင် ၎င်းက ကိစ္စကြီးတစ်ခု ဟုတ်မနေခဲ့ပေ။


မကြာခင် ၎င်းက အခြားသော သတင်းများကြောင့် မှိန်ဖျော့ပျောက်ကွယ်သွားမည်သာ ဖြစ်သည်။


ရှကျင်း၏ ကိစ္စက လုံးဝကြီး ဘေးပစ်ထားစရာ ကိစ္စမျိုးမဟုတ်၍ ဆွေးနွေးနေသူများတော့ ရှိနေဆဲပင်။


နောက်ထပ် သတင်းအကြီးစားကြီးတစ်ခု ထွက်ပေါ်လာသောအခါ လူတိုင်းက ရှကျင်း၏ အတိတ်ကို စိတ်ပင် မဝင်စားကြတော့ပေ။


၎င်းက ဖျော်ဖြေရေးအသိုင်းအဝိုင်းတွင် ကြီးစိုးချယ်လှယ်ပြီး ပြည်တွင်းရှိ အင်တာနက်တွင်လည်း လွှမ်းမိုးချုပ်ကိုင်သူ ရှအန်း၏ သတင်းဖြစ်သည်။


[Traffic စတားတစ်ယောက်ရဲ့နောက်မှာ ရွှေရောင်လက်ချောင်းကြီးရှိနေတယ်.. ဩဂုတ် ၂၀၁၈_C.H.]


[ထိတ်လန့်စရာပဲဟေ့ နာမည်ကြီးစတား ရှအန်းက စပွန်ဆာယူထားတယ်ဆိုပဲ..]


ရှအန်းက မနက်ခင်းတွင် ရှကျန်း၏ အတင်းအဖျင်းပို့စ်များတက်လာပြီး ညပိုင်းတွင် သူမ၏ အတင်းအဖျင်းပို့စ်များ တက်လာမည်ဟု မထင်ခဲ့ပေ။


ပို၍ ရယ်ချင်ဖွယ်ကောင်းသည်မှာ သူမနောက်မှ အကောင်ကြီးကြီးက C.Hက ဥက္ကဋ္ဌဟု ပြောနေကြခြင်းဖြစ်သည်။


ထို့အပြင် သူမကဲ့သို့ စတားလေးတစ်ယောက်က C.H၏ ဥက္ကဋ္ဌ၏ အကူအညီကိုယူပြီး ဖျော်ဖြေရေးနယ်ပယ်တွင် ချယ်လှယ်နေသည်ဟုပင် ပြောနေကြသေးသည်။


"အား...ရှအန်းကျဲရယ်... ကျဲက ကိုယ့်ကိုကိုယ် စပွန်ဆာပေးနေတဲ့လူတဲ့လေ... ရယ်စရာကောင်းလိုက်တာ..."


ရှအန်း၏ အေးဂျင့်ဖြစ်သူ ရှုထျန်းထျန်းက ထိုအတင်းအဖျင်းများကို အရင်ဆုံးသူရှိသူဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် ရှုထျန်းထျန်းက ထိုကိစ္စနှင့် ပတ်သတ်၍ အလေးအနက်ထားသင့်သည်။


သို့သော်လည်း ရှအန်းက အနည်းငယ်မျှပင် အလေးအနက်ရှိမနေပေ။


အဆုံးတွင် အင်တာနက်ပေါ်မှ သတင်းများဖတ်တိုင်း ရယ်ပဲရယ်ချင်လာသည်။


စူပါစတားရှအန်းကိုယ်တိုင်က C.H၏ ဥက္ကဋ္ဌဖြစ်နေသည်။


သူမက ရှအန်းတစ်ယောက် ဤမျှခက်ခဲသည့် အလှည့်အပြောင်းကြီးကို ရလာသလဲပင် သိချင်နေသည်။


"မရယ်နဲ့တော့... တော်လောက်ပြီ... ကျဲ စုံစမ်းခိုင်းထားတဲ့ ကိစ္စရော... စုံစမ်စမ်းပြီးပြီလား..."


ရှအန်းက ဖုန်း၏အခြားတစ်ဖက်မှ ဆက်လက်ထွက်ပေါ်လာနေသော ရယ်သံကို နားထောင်ပြီး မျက်လုံးသာလှန်လိုက်မိသည်။


သူမ ထိုကိစ္စအကြောင်းကို အများကြီး ဂရုမစိုက်ပေ။


" အိုး အိုး အိုး....ဟုတ်သားပဲ..."


ရှုထျန်းထျန်းက လက်တလော သူမရှာတွေ့ထားသော အချက်အလက်များကို ရှင်းပြလေတော့သည်။


သူမ ထိုကလေးမကို မတွေ့သေးသော်လည်း သဲလွန်စများ ရနေပြီဖြစ်သည်။


အချိန်အချို့ကြာလျှင် လူကိုယ်တိုင်ကို တွေ့တော့မည်ဖြစ်သည်။


"ကျဲစိတ်မပူနဲ့.... ညီမအသေအချာလေး ရှာနေတယ်... မကြာခင် ကျဲရှာချင်တဲ့ ကလေးမကို ရှာတွေ့တော့မှာပါ..."


ရှအန်း ညီးညူလိုက်ပြီး ရှကျင်း၏ အတိတ်ဆိုးများအကြောင်း ဖော်ထုတ်ခံရသည်ကို တွေးမိသောအခါ ရှကျင်း ဒေါသထွက်လာမည်ဟု တွေးမိလိုက်သည်။


ထိုမိန်းမက ဒေါသထွက်ပြီး မူလကိုယ်၏သမီးကို တိုက်ခိုက်နိုင်ကြောင်း တွေးလိုက်မိသည်။


ထို့အပြင်...


"ထျန်းထျန်း.... တွေ့ခဲ့သမျှ သဲလွန်စတွေအကုန်ဖျောက်ခဲ့.... အစ်မတို့ကလွဲပြီး အခြားလူကို မသိစေချင်ဘူး..."


အာ.. ဘာလို့များလဲ....

ရှုထျန်းထျန်း စိတ်ထဲမှမေးလိုက်မိသည်။


ဤကိစ္စက တဖြေးဖြေး လျှို့ဝှက်ဆန်းကြယ်လာကာ နားလည်ရခက်လာသည်။


ယခုတွင် ရှအန်း၏ သတိပေးချက်ကို ကြားသောအခါတွင် သူမနားမလည်နိုင်တော့ဟုခံစားနေရသည်။


အဲ့ကလေးမလေးက ဘယ်သူလဲ...


နတ်ဘုရားမက သူ့ကို ဘာလို့ ရှာနေရတာလဲ...


ကြည့်ရတာ နတ်ဘုရားမတင်မဟုတ်ဘူး အခြားလူတွေပါ ရှာနေပုံပဲ... အခြားလူတွေကလဲ ဘာလို့ ရှာနေရတာလဲ....