အပိုင်း ၂၃၅
Viewers 29k

Chapter 235


ရှကျင်း၏ အေးစက်နေသော ပုံစံကိုကြည့်ပြီး ကျိုးလန်ဟွား သက်ပြင်းချကာ ကူကယ်ရာမဲ့စွာပြောလိုက်သည်။

"ကျင်းကျင်း..... ရှအန်းနဲ့ ပြေလည်အောင်နေလို့မရဘူးလား... အမေတို့ရှမိသားစုက အတိတ်ကရှမိသားစု မဟုတ်တော့ဘူးလေကွယ်...."


ရှကျင်းက ဘာကိုမှဂရုမစိုက်ပဲ အေးစက်စွာပြောလိုက်သည်။

"မဖြစ်နိုင်ဘူး... သမီးသေရင်တောင် ရှအန်းကို မတောင်းပန်နိုင်ဘူး..."


ကျိုးလန်ဟွားက ဘာပြောရမလဲပင် မသိတော့ချေ။


သူမသမီး၏ ရဲရဲနီနေသော မျက်နှာကိုကြည့်ပြီး ခဏမျှတိတ်ဆိတ်သွားပြီးမှ အမှန်အတိုင်းပြောပြရန် ဆုံးဖြတ်ချက်ချလိုက်သည်။


"ကျင်းကျင်း သမီးရှအန်းကို မကြိုက်မှန်း အမေသိပါတယ်... ဒါပေမ် ကျင်းကျင်းရယ် အခုက ဆန္ဒရှိသလို လုပ်လို့ရတဲ့အချိန်မဟုတ်ဘူးလေ.. အခု အမေတို့ရှမိသားစုက လုံးဝကိုပြီးဆုံးသွားပြီလေ...."


ကျိုးလန်ဟွားက ယခုလက်ရှိ ရှမိသားစု၏ ကိစ္စအားလုံးကို ပြောပြလိုက်သည်။


ကုမ္ပဏီက ဒေဝါလီခံနေရပြီး အခွံသာကျန်တော့ကြောင်း ပြေပြလိုက်သည်။


ဖုမိသားစုက သူတို့၏ အခွင့်အရေးများကို ပြန်ရုတ်သိမ်းကာ ရှမိသားစုကို လုံးဝမကူညီမည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းပြလိုက်သည့်အကြောင်း ပြောပြလိုက်သည်။


ယခင်ကတည်းက စီးပွားရေးပါတနာများဖြစ်သော လူများကလည်း ခေါင်းရှောင်နေကာ ရှမိသားစုကို လုံးဝမကူညီကြောင်း ပြောခဲ့သည်။


ထိုအပြင် အရာအားလုံးက C.Hကုမ္ပဏီ၏ ရှမိသားစုအပေါ် ရူးသွပ်စွာ ဖိနှိပ်မှုကြောင့်ဖြစ်သည်။


"ကျင်းကျင်း... အခုသမီးတစ်ယောက်တည်းကပဲ ရှမိသားစုကို ကယ်တင်နိုင်တော့မှာ...."

ကျိုးလန်ဟွားက ငိုယိုနေပြီး သူမ၏အသံက အက်ကွဲနေသည်။


သို့သော် ၎င်းတို့ကလည်း ရှကျင်းကို မလှုပ်ရှားစေနိုင်ပေ။


သူမက အလွန်အမင်း အံ့အားသင့်နေသော အခြေအနေထဲတွင်ရောက်နေသည်။


"ဒါတွေအကုန် ရှအန်းလုပ်ခဲ့တာလား...."


ရှကျင်းက မယုံနိုင်ဖြစ်နေသည်။ မူလက ရှအန်းကို သူမလက်ခုပ်ထဲကရေလို သွန်လိုသွန် မှောက်လိုမှောက် လုပ်နိုင်ခဲ့သော်လည်း ယခုတွင် သူမ အနိုင်ကျင့်ခဲ့သူတွင် ထိုသို့သော စွမ်းရည်မျိုးရှိနေလေသည်။


ထိုသို့ လုံးဝမဖြစ်သင့်ပေ။


ဘာဖြစ်သွားတာလဲ...


"ကျင်းကျင်း အမေ့စကားနားထောင်ပါ အမေတောင်းဆိုနေတာပါ... ရှအန်းကို မဆန့်ကျင်ပါနဲ့ ရှအန်းနဲ့ မတိုက်ခိုက်ပါနဲ့... ရှအန်းနဲ့လိမ်လိမ်မာမာလေးသွားတွေ့ပါ... တောင်းပန်လိုက် ပြီးရင်သူ့ကလေးကို ပြန်ပေးလိုက်... အဲ့လိုဆိုရင် ရှအန်းက အမေတို့ရှမိသားစုကို လွှတ်ရင် လွှတ်ပေးလောက်မှာ..."


ကျိုးလန်ဟွားက သူမ၏သမီး ထိတ်လန့်နေသည်ကို ကြည့်ပြီး ရှကျင်းက လက်မခံနိုင်ဖြစ်နေသည်မှန်း သိပေသည်။


သူမ၏သမီးက ခေါင်းမာလှပေသည်။


"မလုပ်ဘူး... သူ့ကိုဘယ်သောအခါမှ မတောင်းပန်နိုင်ဘူး..."


ရှအန်းကို တောင်းပန်ရမည်ဟူသော အတွေးဖြင့်ပင် ရှကျင်းက ရှက်ရွံ့ပြီး စိတ်မသက်မသာဖြစ်နေရသည်။


"ဘာလို့သူ့ကို စိတ်စွဲနေရတာလဲ... သမီးရဲ့အဖေက သမီးလုပ်ခဲ့သမျှကို သိလို့ ဒေါသထွက်နေပြီ... သမီးသာတစ်ခုခုမလုပ်ရင် သမီးအဖေတော့ သမီးအပေါ်မှာ အထင်အမြင်ဆိုးတွေကျန်ခဲ့လိမ့်မယ်..."


သူမ၏ယောက်ျားက ဒေဝါလီခံရခါနီးဖြစ်နေလေပြီ။ ရှကျင်းနှင့် ရှအန်းတို့၏သတင်းများကလည်း အင်တာနက်ပေါ်တွင် ပလူပျံနေရာ နေ့တိုင်းနေ့တိုင်း ဒေါသတကြီဖြစ်နေလေသည်။


ရှချန်းက သူ့သမီးက ဖုမိသားစု၏ ချွေးမဖြစ်နေစဉ်က အဖေကောင်းတစ်ယောက်ဖြစ်လေသည်။


သို့သော် ရှကျင်းက ထိုရာထူးမှပြုတ်သွား၍ ရှချန်းမှာ အဖေကောင်းတစ်ယောက် မလုပ်နိုင်တော့ပေ။


ခင်ပွန်းကောင်းတစ်ယောက်ပင် မဟုတ်တော့ချေ။


လွန်ခဲ့သည့်ရက်က သူတို့နှစ်ယောက် ရန်ဖြစ်ခဲ့ကြသည်။ သူက ရှကျင်းသာ ရှအန်းကို မတောင်းပန်ပဲ ရှမိသားစုကို ပြန်လည်ကယ်တင်မပေးနိုင်လျှင် ရှကျင်းကို သမီးအဖြစ်က စွန့်လွှတ်ပစ်မည်ဟု ပြောခဲ့သည်။


အကယ်၍ ရှကျင်းက ယခုလိုဆက်လက်ခေါင်းမာနေပါက ရှချန်းက ရှကျင်းကို သမီးအဖြစ်မှ အမှန်တကယ်စွန့်ပစ်လိုက်မည်ကို သူမကြောက်နေမိသည်။


သူမ ကိစ္စများကို ထိုအထိမဖြစ်စေချင်ပေ။


"အမေ... သမီးထပ်ပြောပြမယ်... ဘာတွေပဲဖြစ်လာဖြစ်လာ ရှအန်းကို မတောင်းပန်နိုင်ဘူး..."

ရှကျင်းက နှာမှုတ်လိုက်သည်။


ကိစ္စများက ဤမျှအထိဆိုးဝါလာမည်ဟု သူမ မထင်ခဲ့ပေ။


သူမ ကျိုးလန်ဟွားကို ငြင်းလိုက်ပြီးနောက် ရက်အနည်းငယ်အတွင်းတွင် ရှနေ့စဉ်သုံးပစ္စည်း ကုမ္ပဏီက ဒေဝါလီခံလိုက်ရပြီး C.Hမှရရှိသွားကြောင်း အင်တာနက်ပေါ်တွင် တက်လာခဲ့သည်။


နောက်တစ်ပတ်အတွင်း တရားဝင်လက်မှတ်ထိုးပွဲကို ကျင်းပပြီး မီဒီယာများနှင့် သတင်းထောက်ပေါင်းများစွာပါ ရောက်ရှိလာခဲ့သည်။


ရှကျင်းက ထိုသို့အဆုံးသတ်သွားမည်ဟု မထင်မှတ်ထားခဲ့ဘဲ ရှေ့နေတစ်ယောက်ထံမှ တရားစွဲဆိုသော စာကိုပင် ရခဲ့သည်။


"တရားစွဲတယ်... လူသတ်မှုနဲ့ ကလေးသူငယ်လူကုန်ကူးမှုအတွက်..."


ရှကျင်း ထိုစာကိုဖတ်ပြီး နှုတ်ခမ်းတင်းတင်းကိုက်လိုက်သည်။


ရှကျင်းက သူမကို ဤကဲ့သို့ တိုက်ခိုက်လာမည်ဟု မထင်ခဲ့ပေ။


သူမက ရှအန်း လက်စားချေလာနိုင်သည့် နည်းလမ်းမျိုးစုံကို စဉ်းစားခဲ့သော်လည်း ရှအန်းက ဥပဒေလမ်းကြောင်းဘက်ကိုသုံး၍ သူမကို တိုက်ခိုက်မည်ဟု မထင်ခဲ့ပေ။


သို့သော်လည်း ရှေ့နေဆီမှစာကို ဖတ်ပြီး ခဏအကြာတွင် စိတ်ငြိမ်သွားလေသည်။ အဆုံးတွင် သူမက ထိုအရာများကို လျှို့ဝှက်စွာ လုပ်ကိုင်ခဲ့ပြီး ထိုကိစ္စဖြစ်သည်မှာလည်း ခုနစ်နှစ်ကျော်ကြာပြီဖြစ်၍ သက်သာသေများမှာ မရှိလောက်တော့ပေ။


ရှအန်း သူမကိုတရားစွဲသော်လည်း ရှင်းလင်းသည့် သက်သေများ ရှာမတွေ့နိုင်၍ ဥပဒေကလည်း သူမကို ဘာမှမလုပ်နိုင်ပေ။


သက်သေများရှိသည်ဆိုလျှင်တောင် သူမ၏ရှေ့နေက ကျွမ်းကျင်ပြီး သူမအတွက်ခုခံကာကွယ်ပေးလျှင် ရှအန်းက သူမကို တရားစွဲဆိုနိုင်မည်မဟုတ်ပေ။


ရှကျင်းက ယခုလက်ရှိ ရှအန်းက ယခင်ရှအန်းလို လုပ်နိုင်စွမ်းမရှိတော့သည့် လူမဟုတ်တော့သည့်အချက်နှင့် သူမနောက်တွင် ဖုမိသားစုရော ရှမိသားစုပါမရှိတော့သည့်အချက်ကို လျစ်လျူရှုထားခဲ့သည်။


ထိုနေ့က နေသာပြီး လေပြည်လေညင်းတို့ကလည်း လူးလာတုံ့ခေါက် တိုက်ခတ်နေသော နေ့ဖြစ်၍ အပြင်ထွက်ရန် နေ့ရက်ကောင်းလေးတစ်ခုဖြစ်သည်။


သို့သော့ ထိုနေ့က ရှမိသားစုအတွက် နေ့ကောင်းလေးတစ်ခုမဟုတ်ပေ။


သူတို့၏ နေ့စဉ်သုံးပစ္စည်းကုမ္ပဏီက C.Hထံမှ ဝယ်ယူခံရသည့်နေ့ဖြစ်သည်။


သူတို့က C.Hက ရိုးရှင်းသည့် ကိစ္စကို အဘယ်ကြောင့် ရှုပ်ထွေးအောင်လုပ်နေရသလဲ သိချင်နေကြသည်။


သူတို့က စာချုပ်တွင်လက်မှတ်ရေးထိုးရန် အထူးပွဲကြီးတစ်ခု ပြုလုပ်ပြီး မီဒီယာကြီးကြီးငယ်ငယ် အကုန်ခေါ်ကာ တိုက်ရိုက်လွှင့်လေသည်။


ထိုတစ်ချက်တည်းဖြင့် ရှမိသားစုက အရှက်ကွဲခဲ့ရသည်။


သို့သော် လက်မှတ်ရေးထိုးပွဲတွင် ရှကုမ္ပဏီ၏ပိုင်ရှင်နှင့်အတူ C.Hကုမ္ပဏီ၏ ကိုယ်စားလှယ်ကလည်း တက်ရောက်၍ ထိုကိုယ်စားလှယ်ကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။


လက်မှတ်ရေးထိုးပွဲတွင် C.H၏ ကိုယ်စားလှယ်မှာ ရှအန်းဖြစ်နေခဲ့လေသည်။


"ရှအန်း... မင်းကဘာလို့ ဒီမှာရှိနေရတာလဲ..."


ရှချန်းက ရှအန်းကိုမြင်သည်နှင့် မျက်နှာများ ဖြူဖျော့သွားကြသည်။


"ကျွန်မလား... ဒါပေါ့ ကျွန်မက ဒီကိုလာရမှာပေါ့... ဘာကြောင့်ဆို ကျွန်မက C.Hရဲ့ ဥက္ကဋ္ဌလေ...."


ရှအန်း၏စကားများက ရှကျင်းကိုသာမက လူတိုင်းကိုပါ အံ့အားသင့်သွားစေသည်။


မည်သူကမှ ဒဏ္ဍာရီတစ်ခုလို လျှင်မြန်စွာ ဖြစ်ထွန်းအောင်မြင်ခဲ့သော ကုမ္ပဏီ၏ နောက်တွင် ငယ်ရွယ်လှပသော အမျိုးသမီးစတားတစ်ယောက်ရှိနေမည်ဟု မထင်ခဲ့ကြပေ။


အလွန်ကြောက်မက်ဖွယ်ကောင်းလေသည်။


လူတိုင်းက သူတို့ကိုယ်သူတို့ အိပ်မက်မက်နေသလို ခံစားလိုက်ရသော်လည်း အိပ်မက်မဟုတ်ပဲ အစစ်အမှန်ဖြစ်ကြောင်း သိနေကြသည်။


C.Hကုမ္ပဏီ၏ ဘော့စ်က မိန်းမငယ်လေးတစ်ယောက်ဖြစ်ပြီး သူမက ရှအန်းဖြစ်နေသည်။


ရှအန်းက ရိုးရှင်းသော အနက်ရောင်ပြောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။


ရှကျန်းက စာချုပ်တွင် လက်မှတ်ထိုးရန် ဆန္ဒမရှိတော့ပေ။


သူရှအန်းဆီကို ကုမ္ပဏီမရောင်းချင်ပေ။


သို့သော် အဆုံးတွင်မူ သူလည်း လက်တွေ့ကို မလွန်ဆန်နိုင်ပေ။


ကုမ္ပဏီကိုရောင်းလိုက်ပါက သူတို့အနားယူရန် ပိုက်ဆံအနည်းငယ်မျှ ကျန်နေဦးမည်ဖြစ်သည်။


သို့သော် မရောင်းလိုက်ပါက ပို၍ဆိုးသွားပေမည်။ သူ၏ ဘဝတစ်ဝက်ကို ရှင်သန်ရန် ပိုက်ဆံပင် ကျန်တော့မည်မဟုတ်ပေ။


အံတင်းတင်းကြိတ်ကာ ဒေါသများကို မြိုချ၍ လက်မှတ်ထိုးရန်သာ လုပ်နိုင်လေသည်။


ရှချန်းက စာချုပ်ပေါ်လက်မှတ်ထိုးပြီးနောက်တွင် အရာရာတိုင်းက အစစ်အမှန်မဟုတ်တော့သလို ခံစားလိုက်ရသည်။


ရှအန်းက သူတို့မိသားစုမှ မွေးစားခဲ့သော ကလေးမလေးတစ်ယောက်ဖြစ်ပြီး သူမကိုစိုးရိမ်စရာမလိုခဲ့ပေ။


သူမ၏ဘဝကို ထိန်းချုပ်နိုင်ပြီး သူမ၏ အရာတိုင်းကိုလည်း ထိန်းချုပ်နိုင်ခဲ့သည်။


သို့သော်...ယခုတွင်...