အပိုင်း ၂၃၇
Viewers 29k

Chapter 237


၎င်းက ရုတ်တရက်ဖြစ်ပေါ်လာသည့် မုန်တိုင်းကြီးတစ်ခုလို ရှကျင်း၏ကောင်းမွန်လှသည့် ဘဝကို လုံးဝဖျက်ဆီးသွားလေသည်။


သူမကို ထောင်သွင်းအကျဉ်းချထားပြီး လူသတ်ရန်ကြိုးပမ်းမှုနှင့်အတူ ကလေးသူငယ်လူကုန်ကူးမှုတို့နှင့်ပါ စွဲချက်တင်ထားခဲ့ကြသည်။


မူလက သူမက အတော်ဆုံးရှေ့နေကို ငှားရမ်းပြီး သူမ၏ အပြစ်ကင်းစင်မှုအတွက် ခုခံခြေပပေးစေချင်သော်လည်း အဆုံးတွင် သူမ ဘာမှမလုပ်နိုင်ခဲ့ပေ။ ရှအန်း၏လက်ထဲတွင် သက်သေများစွာရှိနေ၍ မည်မျှကောင်းသည့် ရှေ့နေဖြစ်နေပါစေ ရှကျင်းကို ဤအမှုမှ လွတ်အောင်လုပ်ပေးနိုင်မည်မဟုတ်ပေ။


တရားခံဘက်မှ ရှေ့နေက ပြစ်ဒဏ်လျော့ကျသွားအောင်သာ မျှော်လင့်နေခဲ့ရသည်။


ဖုမိသားစုက ရှကျင်းကို လက်လျော့ထားပြီးသားဖြစ်သလို ရှမိသားစုကလည်း ကျရှုံးသွားပြီဖြစ်သည်။ ရှကျင်းက တစ်ယောက်တည်း ခက်ခက်ခဲခဲဖြင့် ကိုယ့်ကိုကိုယ် ကာကွယ်နေရသည်။ ရှေ့နေက မည်မျှကောင်းနေပါစေ နောက်ဆုံးတွင် ရှကျင်းကို စောင့်မျှော်နေသည်မှာ အပြစ်ဒဏ်ပင်ဖြစ်သည်။


ရှကျင်းက သူမကိုယ်သူမက ဤသို့အဆုံးသတ်သွားမည်ဟု လုံးဝမတွေးမိခဲ့ဖူးပေ။


သူမက ရှမိသားစု၏စည်းစိမ်များ ရှအန်းလက်ထဲရောက်သွား၍ ရှက်နေရုံသာရှိသေး အချုပ်ထဲ တစ်ခါတည်းရောက်သွားခဲ့လေသည်။


တရားသူကြီးက သူမကို ထောင်ဒဏ် ၁၂နှစ်ချလိုက်သောအခါတွင် ရှကျင်းတစ်ယောက် မြေပြင်ပေါ် လဲကျလုမတတ်ဖြစ်သွားရသည်။


"မဟုတ်ဘူး... မဟုတ်ဘူး... မဖြစ်နိုင်ဘူး... ဘာလို့လဲ.. မဖြစ်နိုင်ဘူး... ကျွန်မ လူသတ်မှုမကျူးလွန်ခဲ့ဘူး... ရှအန်းရဲ့သမီးက မသေသေးဘူး... သူ မသေသေးဘူး... ရှင်တို့ ကျွန်မကို အခုလို ပြစ်ဒဏ်ချလို့မရဘူးလေ..."


ရှကျင်း၏ မျက်လုံးများက ရှအန်းကိုသာစိုက်ကြည့်နေသည်။ လက်ရှိ သူမကို ရဲများသာဝိုင်းမနေခဲ့ပါလျှင် ရှအန်းကို အလွှတ်မပေးပဲ ရိုက်ပစ်မည် ဖြစ်ပေသည်။


ရှအန်းက ရှကျင်းကို မီတာအနည်းငယ်အကွာမှ အေးစက်စွာကြည့်လိုက်ပြီး သူမ၏အကြည့်များထဲတွင် လှောင်ပြောင်သရော်လိုသော အရိပ်အယောင်တို့ ပါနေလေသည်။


ရှကျင်းက ဤအခြေအနေအထိ ရောက်လာရသည်မှာ သူမ၏ကိုယ်ပိုင်အမှားများကြောင့်သာဖြစ်သည်။


အမှန်အတိုင်းပြောရလျှင် ရှကျင်းသာ သူမကို မူလကိုယ်၏ကလေးကို လဲထားပြီး ရှချင်းချန်က မူလကိုယ်၏သားမဟုတ်ကြောင်း မပြောခဲ့ပါက သူမကဤကိစ္စကို စုံစမ်းခဲ့မည်မဟုတ်ပေ။


သူမကိုယ်သူမ ဖော်ထုတ်ခဲ့၍သာ ဤသို့ ထောင်ဒဏ်ကို ခံယူရခြင်းဖြစ်သည်။


"ရှကျင်း နင်ထောင်ထဲမှာ လိမ်လိမ်မာမာလေးနေနော်... နောက်ဆယ့်နှစ်နှစ်ကြာလို့ ပြန်ထွက်လာတဲ့အချိန်ကြရင် ငါ့ဘဝထဲကို နောက်တစ်ကြိမ် လာမနှောင့်ယှက်ဖို့ မျှော်လင့်တယ်သိလား..."


ထိုသို့ပြောပြီးနောက်တွင် ရှအန်းက နောက်ပင် လှည့်မကြည့်တော့ပဲ ထွက်သွားလေသည်။


ရှကျင်းက တောက်ပနေသော နောက်ကျောကိုသာ ချန်ထားရစ်ခဲ့ပြီး ထွက်သွားသော ရှအန်းကိုကြည့်ပြီး စိတ်လည်းတိုသလို ကူကယ်ရာလည်း မဲ့နေရပြန်သည်။


"ရှအန်း.... ငါနင့်ကို အလွတ်မပေးဘူး... ရှအန်း... ငါနင့်ကို ဘယ်သောအခါမှ အလွတ်မပေးဘူး..... အား.."


သူမနောက်မှ အော်ဟစ်သံကို လျစ်လျူရှုကာ ရှအန်းက တရားရုံးထဲမှ တည်ငြိမ်စွာ ထွက်လာခဲ့သည်။


ရှအန်းက ဤကိစ္စကို ယုံကြည်ချက်ရှိရှိနှင့် ကျော့မော့နေအောင် ဖြေရှင်းခဲ့သဖြင့် လူထုကလည်း ထိုကိစ္စကို အများကြီး မသိကြပေ။


မည်သည့် မီဒီယာကမှ ကြားဝင်ခဲ့ခြင်းလည်း မရှိပေ။


ရှအန်းက တရားရုံးထဲမှ ထွက်လာသည်နှင့် မီဒီယာများနှင့် ပရိတ်သတ်များထံမှ ဝိုင်းအုံခြင်းကို ခံလိုက်ရသည်။


ရှအန်းက ဤကိစ္စက ပုံမှန်လို လူရှာဖွေမှုအများဆုံး စာရင်းထဲရောက်သွားမည်ကို စိုးရိမ်နေခဲ့သည်။


ယခုအချိန်တွင်ရှအန်းက လွှမ်းမိုးနိုင်စွမ်းရှိသော ဥက္ကဋ္ဌတစ်ယောက်ဖြစ်နေပြီး လူထု၏ အာရုံစိုက်မှုကို ခံနေရသော မင်းသမီးတစ်လက်လည်းဖြစ်နေသည်။


အဆုံးတွင် ဤပုံရိပ်ပြောင်းလဲမှုကြီးက အတော်လေး ကြီးမားလှသည်။


စပွန်ဆာရှိနေသည်ဟု ကျော်ကြားနေသော စတားတစ်ယောက်က ကိုယ်တိုင် စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်နေခဲ့သည်။


ကောလဟာလများက အတုများဖြစ်သော်လည်း ရှအန်း၏ ပုံရိပ်မှာ အားနည်းကာ လှပသော မိန်းမတစ်ယောက်သာ ဖြစ်လေသည်။


ယခုတွင် မျက်စိတစ်မှိတ်အတွင်း၌ အလှပန်းအိုးမင်းသမီးတစ်လက်ဖြစ်သည့် ရှအန်းက ကုမ္ပဏီကြီးတစ်ခု၏ big bossကြီးဖြစ်နေခဲ့သည်။


သူမက တောက်ပသော အနာဂတ်ရှိသည့် ကုမ္ပဏီတစ်ခု၏ တည်ထောင်သူဖြစ်ပြီး ၎င်းကုမ္ပဏီ၏ ထုတ်ကုန်များမှာလည်း အမြဲတမ်း ဈေးကွက်တွင် နာမည်ကြီးသော အရာများဖြစ်လေသည်။ ထို့ကြောင့် လူများအံ့ဩကြသည်မှာလည်း မဆန်းတော့ပေ။


ရလဒ်အနေဖြင့် C.Hကုမ္ပဏီက လူရှာဖွေမှုအများဆုံးစားရင်းထဲတွင် တန်းစီနေအောင် ဝင်သွားခဲ့သည်။


ထို ကိစ္စကြီးက လက်တလောတွင် နာမည်အကြီးဆုံးအရာဖြစ်ပြီး မည်သည့် စတားကမှ သူမ၏နေရာကို ကိုင်လှုပ်နိုင်ခြင်းမရှိတော့ပေ။


C.Hကုမ္ပဏီ၏ ရောင်းရနှုန်းမှာ နောက်ထပ် အဆင့်သစ်တစ်ခုအထိရောက်သွားပြီး စတော့ရှယ်ယာများမှာလည်း ထောင်တက်သွားခဲ့သည်။ ထိုအရှန်အဟုန်ကိုကြည့်ပြီး လူများစွာက ယခုနှစ်၏ တရုတ်တွင် အချမ်းသာဆုံး အမျိုးသမီးစာရင်း၌ ရှအန်းက ဗိုလ်ဆွဲမည်ဟု ခန့်မှန်းနေကြသည်။


ထိုကဲ့သို့သော အောင်မြင်မှုမျိုးကို စီးပွားရေး စွန့်ဦးတီထွင်သူများပင် မရဖူးပေ။


ရှအန်းက သူမကိုယ်သူမ ထိုမျှဂရုမစိုက်ပေ။


သူမကိုယ်သူမ အလွန်အင်အားကြီးသည်ဟုလည်း မခံစားရပေ။ သူမယနေ့လို အခြေအနေမျိုးသို့ ရောက်လာရသည်မှာလည်း ရွှေလက်ချောင်းနှင့် ကံကောင်းမှုကြောင့်ဖြစ်သည်။


ပထမက သူမကို ဈေးနိမ့်သော်လည်း ကောင်းမွန်သည့် ထုတ်ကုန်များ ထုတ်ပေးနိုင်အောင် လုပ်ပေးခဲ့သည့် နေရာလွတ်ရှိ၍ဖြစ်သည်။ ဒုတိယက အဓိကဇာတ်လိုက်ကို မတော်တဆကယ်ခဲ့မိပြီး သူ၏အဘိုးဖြစ်သူ၏အကူအညီနှင့် ကျွမ်းကျင်ပညာရှင်များထံမှ အကူအညီကို ရခဲ့၍ဖြစ်သည်။


ရှအန်းက အင်တာနက်ပေါ်တွင် သူမအကြောင်း ချဲ့ကားပြောဆိုနေကြသည်ကို သိပင်မသိပေ။


သူမက သူမကုမ္ပဏီ၏ ကျွမ်းကျင်သူများ၏ လစာကို တိုးမြှင့်ပေးပြီး ကုရှုမော့နှင့် သူမ၏သားလေးတို့နှင့် အတူတူသွားနေရန် ဆုံးဖြတ်လိုက်သည်။


"ရှအန်းကျဲ... ရှကျင်း က အရမ်းရက်စက်တာပဲ... သူဒီလို ကိစ္စတွေ လုပ်ရက်မယ်လို့ မထင်ထားမိခဲ့ဘူး..."


ရှအန်း၏ အေးဂျင့်ဖြစ်သူ ရှုထျန်းထျန်းက အရာရာတိုင်းကို သိသွားပြီဖြစ်၍ ရှကျင်း ပြစ်ဒဏ်ကျသည်မှာ နည်းနေသေးသည်ဟု ထင်ပြီး ဒေါသထွက်နေလေသည်။


"ထောင်ဒဏ် ဆယ့်နှစ်နှစ်ဆိုတာ သူ့အတွက် လုံးဝမလုံလောက်ဘူး...."


ရှအန်း ရယ်မောလိုက်သည်။


"မင်းအတွက်တော့ ပြစ်ဒဏ်ကပေါ့တယ်ထင်ပေမဲ့ ရှကျင်းအတွက်ကတော့ အိပ်မက်ဆိုးကြီးပဲလေကွယ်... သူပြန်ပေးဆွဲခံရတုန်းက ကလေးပဲရှိသေးတာ... ဒါပေမဲ့ နှစ်ပေါင်းများစွာကြာအောင် လူမဆန်တဲ့ ပုံစံနဲ့နေခဲ့ရတယ်... သူရှမိသားစုကို ပြန်ရောက်တော့ ကောင်းမွန်လွန်းတဲ့ ဘဝမှာနေခဲ့ရတယ်... ဒါပေမဲ့ အခုတော့..."


ရှအန်းက ဖြေးဖြေးချင်းပြောလိုက်သည်။

"မကောင်းတဲ့အခြေအနေကနေ ပိုဆိုးတဲ့အခြေအနေကိုသွားဖို့က လွယ်တယ်လေ... ဒါပေမဲ့ ကောင်းမွန်တဲ့အခြေအနေကနေ ဆိုးဝါးတဲ့အခြေအနေကို ရောက်သွားတာကတော့... ရှကျင်းလို မိန်းမအတွက်ကတော့ ငရဲကျသလိုပဲနေမှာ...."


သူမက ရှကျင်းတစ်ယောက် ထောင်ထဲတွင် မည်မျှဆိုးဝါးအောင် နေနေရသည်ပုံကို မြင်ယောင်ကြည့်နေမိတော့သည်။


"ပြီးတော့ အခုရှမိသားစုက အခြေအနေမကောင်းတော့ဘူး... ဖုမိသားစုကလည်း အတိတ်ဆိုးတွေရှိပြီး ထောင်ထဲပါကျဖူးတဲ့လူကို ပြန်လိုချင်မှာ မဟုတ်တော့ဘူး...."


ထို့ကြောင့် ရှကျင်း၏ဘဝက လုံးဝကို ဖျက်ဆီးခံလိုက်ရလေပြီ။


သူမ၏ အပြစ်ဒဏ်က အတော်လေးနောက်ကျပြီးမှ ရောက်လာခဲ့သော်လည်း မူလပိုင်ရှင်အတွက် လက်စားချေပေးနိုင်ခဲ့သည်ဟု ပြောနိုင်ပေသည်။


"အိုး...."


ရှုထျန်းထျန်းက ခဏမျှတွေးလိုက်မိသည်။ ရှကျင်းကဲ့သို့ ယွမ်မီလီယံပေါင်းများစွာကို မျက်တောင်မခတ်ပဲသုံးနိုင်ပြီး အထက်တန်းကျကျဇိမ်ခံဘဝကို နေခဲ့သောလူက ရုတ်တရက်ကြီး ခက်ခဲကြမ်းတမ်းသော ဘဝကိုကြုံရမည်တိုက တောင့်ခံနိုင်မည်မဟုတ်ပေ။