အပိုင်း ၂၃၈
Viewers 29k

Chapter 238


"ဒါပေမဲ့ ရှအန်းကျဲ... အစ်မရဲ့သမီးကဘယ်နေရာမှာလဲဟင်...ပြီးတော့ ရှောင်ရှင်းကရော ကျဲဘယ်လိုလုပ်မယ် တွေးထားလဲ..."


ရှကျင်း၏ စကားကို ဘေးဖယ်ထားလိုက်လျှင် ရှုထျန်းထျန်းက အရေးအကြီးဆုံးအရာကို တွေးမိသွားသည်။


"..."


ရှအန်း ခဏမျှတိတ်ဆိတ်သွားသည်။


အမှန်တကယ်တွင် သူမ ထိုအကြောင်းကို အများကြီး မစဉ်းစားရသေးပေ။


အဘယ်ကြောင့်ဆိုသော် သူမရင်ထဲတွင် ရှရှင်းချန်လေးကသာ သူမ၏တစ်ဦးတည်းသော သားလေးဖြစ်နေ၍ ဖြစ်သည်။


သူမအတွက် တစ်စုံတစ်ယောက်ကို လက်ခံယုံကြည်ပေးရန်မှာ မလွယ်လှပေ။


တစ်စုံတစ်ယောက်ကို သူမအတွက် အရေးပါသည်ဟု သတ်မှတ်လိုက်သည်နှင့် ထိုလူက တစ်သက်လုံးစာအတွက် မပြောင်းလဲတော့ပေ။


သူမက မူလပိုင်ရှင်မဟုတ်သလို ကလေးတစ်ယောက်မှမမွေးဖူးသဖြင့် သွေးသားဆက်နွယ်မှုအပေါ် ဂရုပင်မစိုက်ချေ။


မည်သို့ပင်ဆိုစေ သူမအတွက် ရှရှင်းချန်ကသာ တစ်ဦးတည်းသော သားလေးဖြစ်ပေသည်။


သူမက မူလပိုင်ရှင်၏သမီးကို သူမကို ကောက်ယူမွေးစားပေးခဲ့သော စုံတွဲနှင့် အတူရှိလျှင် ပိုကောင်းသည်ဟု တွေးနေမိသေးသည်။


မူလပိုင်ရှင်၏သမီးက ပစ္စည်းဥစ္စာများကို ဖောဖောသီသီသုံးခဲ့ရခြင်း မရှိသော်လည်း စိတ်ချမ်းချမ်းသာသာနေခဲ့ရပြီး ရှရှင်းချန်ထက်ပင် ပိုမိုကောင်းမွန်သည့် ဘဝ၌နေခဲ့ရသည်။


ထိုစုံတွဲက သူတို့၏သမီးလေးကို အလွန်ချစ်ပြီး ကလေးအရင်းတစ်ယောက်လိုပင် ဆက်ဆံလေသည်။


သူမ၏သားလေး ရှရှင်းချန်က အစောပိုင်းနှစ်များစွာ ဥစ္စာပစ္စည်းတို့ မပြတ်လတ်ပဲ နေခဲ့ရသော်လည်း အဖေရော အမေရော၏ မေတ္တာကိုမရခဲ့ပေ။ သူ၏ကလေးဘဝတွင် အလွန်အမင်းအချစ်ငတ်ခဲ့ရသည်။


သူအသက်ခြောက်နှစ်အရွယ်တွင် ဖုမိသားစုထံမှ စွန့်ပစ်ခံခဲ့ရပြီး မူလပိုင်ရှင်၏သမီးထက် ဆိုးဝါးလှသော ဘဝတွင် နေခဲ့ရသည်ဟ


နောက်ပိုင်းတွင် ချမ်းသာလာခဲ့သော်လည်း သူက မူလပိုင်ရှင်၏သမီးလို မပျော်ရွှင်ခဲ့ရပေ။


ထို့ကြောင့် သူမက မူလပိုင်ရှင်၏သမီးကို ပြန်ခေါ်ခဲ့လျှင်ပင် ပစ္စည်းဥစ္စာတို့ကို မပူမပင် မကြောင့်မကျနေရအောင် ပေးနိုင်သော်လည်း ချစ်ခြင်းမေတ္တာကိုတော့ မပေးနိုင်ကြောင်း ကိုယ့်ကိုယ်ကိုယ်သိနေသည်။


သူမက ထိုစုံတွဲကဲ့သို့ ဖခင်မေတ္တာရော မိခင်မေတ္တာပါ မပေးနိုင်ပေ။ ထို့ကြောင့် သူမကို ပြန်ခေါ်ရန်မှာ အကြံကောင်းမဟုတ်ကြောင်း သိပေသည်။


"ရှအန်းကျဲ.... "

ရှအန်းအချိန်အတော်ကြာ တိတ်ဆိတ်သွားသည်ကိုမြင်၍ ရှုထျန်းထျန်းက တိုးတိုးလေးခေါ်လိုက်သည်။


"ရှုထျန်းထျန်း... ဒီတစ်ခေါက်တော့ ကျဲ ဘာကိုမှတွေးမရဘူး... ကျဲကို ဒီကိစ္စနဲ့ပတ်သတ်ပြီး စီစဉ်ဖို့ ကူညီပေးပါဦး... ကျဲ ကလေးကိုအရင်တွေ့ချင်တယ်...."


အဆုံးတွင် ရှအန်း ဆုံးဖြတ်ချက်ချလိုက်တော့သည်။


"ကျဲကို ကလေးနဲ့တိုက်ရိုက်တွေ့ဖို့ မစီစဉ်ပေးနဲ့... သူ့ကို မွေးစားထားတဲ့ မိဘတွေနဲ့ပဲ တိတ်တဆိတ်လေးတွေ့ဖို့ စီစဉ်ပေး... သူတို့ကိုမခြောက်လှန့်မိစေနဲ့...."


ရှုထျန်းထျန်းက ထိုစကားများကိုကြားပြီး အနည်းငယ် အံ့ဩသွားသည်။


ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့သမီးအရင်းကို အခြားလူက ကောက်ယူမွေးစားထားတဲ့အကြောင်း သိရင် ဒီလိုတုန့်ပြန်မှာမှ မဟုတ်တာပဲလေ....


ထိုအမျိုးသမီး၏ တုန့်ပြန်မှုက ဤမျှလောက် ခံစားချက် မဲ့မနေမသေချာလှသည်။


သို့သော် သူမ၏နတ်ဘုရားမက ကိုယ့်သမီးအရင်းကိုပင် သိပ်ဂရုစိုက်မနေကြောင်း ခံစားနေရသည်။


၎င်းက ထင်ယောင်ထင်မှားဖြစ်နေသည်သာ ဖြစ်ရပေမည်။


"ဟုတ်ကဲ့... ညီမသိပြီ... အခုပဲစီစဉ်လိုက်မယ်..."


"ရှောင်ရှင်း.. မာမားဒီနေ့အပြင်သွားဖို့ ရှိတယ်...ညကြမှ ပြန်လာရင် ပြနမလာဖြစ်မှာ.. သားက အိမ်မှာ လိမ်လိမ်မာမာလေး နေခဲ့နော်... အန်တီက သားကို စောင့်ရှောက်ပေးထားလိမ့်မယ်..."


မကြာခင် ရှုထျန်းထျန်းက မူလပိုင်ရှင်၏ သမီးကို သွားတွေ့ရန် ပြင်ဆင်ပေးလိုက်သည်။


ရှအန်းက ထိုကိစ္စများကို ဖြေရှင်းပြီးသည်နှင့် ရှောင်ရှင်းနှင့်အတူ အမေရိကန်ကို ပြန်ရန် ပြင်ဆင်ထားလိုက်သည်။


ကုရှုမော့က အမေရိကန်တွင်တစ်ယောက်တည်း ကျန်ခဲ့သည်ဖြစ်ပြီး ရှောင်ရှင်းကလည်း ကျောင်းမသွားတာ ကြာလှပြီဖြစ်သည်။


သူမ၏သားက ဉာဏ်ကြီးရှင်ဖြစ်သော်လည်း ကလေးသူငယ်များအတွက် စာသင်ကြားရေးဆိုသည်မှာ လျစ်လျူရှုသင့်သည့်အရာ မဟုတ်ပေ။


"မာမား... ဘယ်ကိုသွားမလို့လဲဟင်.... "

ရှရှင်းချန်က မေးလိုက်သည်။ သူ၏ မျက်နှာက စိုးရိမ်ပူပန်မှုတို့ အထင်းသားတို့ ဖြစ်ပေါ်နေသည်။


‌အမှန်အတိုင်းပြောရလျှင် သူ၏နတ်သမီးမေမေက သူမ၏သမီးကို သွားတွေ့မည်မှန်းသိပေသည်။ ၎င်းက သူ့ကိုစိတ်လှုပ်ရှားစေပြီး ကြောက်လန့်စေသည်။


"မာမား...."


သူစိတ်လှုပ်ရှား ပူပင်နေသည်ကိုမြင်ပြီး သူမ၏ဉာဏ်ကြီးရှင်သားလေးက တစ်စုံတစ်ခု သိနေသည်ဟု တွေးလိုက်မိသည်။


"မာမားက တစ်ယောက်ယောက်နဲ့ သွားတွေ့မလို့..."


ရှအန်းက သူမသားလေး ဘာကြောင့် စိုးရိမ်ပူပန်နေရကြောင်း မသိပေ။


သို့သော် သူမက သူမ၏သမီးအရင်းနှင့်သွားတွေ့မည်ဟု တိုက်ရိုက်ကြီး မပြောခဲ့ပေ။။


အမှန်အတိုင်းပြောရလျှင် သူမကဤကိစ္စနှင့် ပတ်သတ်ပြီး အလွန်အမင်း အလုပ်ရှုပ်မည်မဟုတ်ပေ။


နောက်ထပ်ကလေးတစ်ယောက်ကို ပျိုးထောင်ပေးရသည်မှာ မခက်ခဲလှပေ။


သို့သော် သူမ၏သားလေးနှင့်အတူတူနေလာသည်မှာ ကြာပြီဖြစ်၍ ထိုကောင်လေး မည်မျှ sensitiveဖြစ်ကြောင်း သိပေသည်။


အကောင်ပေါက်ကလေးသာ သူက သူမ၏သားမဟုတ်ကြောင်းသိလျှင် အတော်လေး ခံစားနေရပေလိမ့်မည်။


သူမက အကောင်ပေါက်လေး အမှန်တရားကို သိပြီးနောက်တွင် နာကျင်သွားမည်ကို စိုးရိမ်နေမိသည်။


ထို့ကြောင့် ရှရှင်းချန်ကို လုံးဝမသိစေချင်ပေ။


သို့သော် ရှအန်းက ရှရှင်းချန် သိနေတာကြာလှပြီဖြစ်ကြောင်း မသိပေ။


"မာမား... မသွားလို့ရမဘူးလားဟင်..."

ကောင်ငယ်လေးက နှုတ်ခမ်းတင်းတင်းစေ့ထားပြီး သူ၏အသံလေးမှာလည်း တုန်ယင်နေသည်။


ကောင်ငယ်လေး၏ တုန့်ပြန်မှုကိုမြင်ပြီးနောက်တွင် ရှအန်းက မျက်မှောင်ကြုတ်လိုက်သည်။


"ရှောင်ရှင်း... ဘာဖြစ်လို့လဲ.. သားတစ်ခုခုများ ကြားထားလို့လား...."


ရှအန်းက သူမ၏ဉာဏ်ကြီးရှင်သားလေး တစ်စုံတစ်ခု သိထားကြောင်း ခပ်ရေးရေးလေး ခံစားမိလိုက်သည်။


"သားဆီ ရှကျင်းလာတွေ့ထားလို့လား..."


ရှအန်းက ထိုရူးနေသော မိန်းမအကြောင်း ချက်ချင်းလက်ငင်းတွေးလိုက်မိသည်။


ရှကျင်းက သူမအဖမ်းမခံရမီ ရှောင်ရှင်းကို ပြောပြခဲ့ပါက အံ့ဩစရာမရှိလောက်တော့ပေ။


ရှရှင်းချန်က ခေါင်းလေး ခပ်သာသာရမ်းပြလိုက်သည်။

"သား သူနဲ့မတွေ့ရသေးပါဘူး...."


ရှရှင်းချန်က သူ၏နှုတ်ခမ်းလေးများကို တင်းတင်းစေ့ထားကာ အမှန်အတိုင်းမပြောနိုင်ပေ။ သူပြောချင်နေသည်မှာ-


မာမား... သားကိုထားမသွားပါနဲ့....


အကောင်ပေါက်လေးက သူသာ ထိုအကြောင်းကိုပြောလိုက်လျှင် သူ့ကို အမှန်တကယ် မလိုချင်တော့မည်ကို စိုးရိမ်မိနေသည်။


"မာမား.... သားလေ မာမားနဲ့ မခွဲချင်ဘူး..."


ကောင်ငယ်လေး ရှအန်း၏ ခါးကို လက်ကလေးနှစ်ဖက်ဖြင့် တင်းတင်းဖက်လိုက်ပြီး သူ၏ ခေါင်းလုံးလုံးလေးကို ရှအန်း၏ ရင်ခွင်ထဲ နှစ်ထားသည်။


ရှအန်းက ခေါင်းငုံ့လိုက်ပြီး ကောင်ငယ်လေး၏ ခေါင်းလေးကို ခပ်ဖွဖွထိလိုက်သည်။


"ငတုံးလေး... မာမားက ညကြရင်ပြန်လာမှာပါ... မာမား အလုပ်ကိစ္စတွေပြီးတာနဲ့ အမေရိကကို အတူတူပြန်ကြဖို့ စီစဉ်ထားပါတယ်..."


ထိုစကားများကို ကြားသည်နှင့် ရှရှင်းချန်က ခေါင်းမော့လိုက်မိသည်။


သူ၏ အနက်ရောင်မျက်လုံးများက အလင်းတန်းများ ထွက်ပေါ်လာသလို ရှအန်းကို စိုက်ကြည့်နေသည်။


"တကယ်လား.. မာမားက သားကို အမေရိကန်ပြန်ခေါ်သွားမှာလား..."

ရှရှင်းချန်က အတော်လေးစိတ်လှုပ်ရှားမိသွားသည်။


ဒါ သူ့မာမားက သူ့ကို ထားမသွားဘူးလို့ ဆိုလိုတာမလား... သူ့ကိုလည်း သားအရင်းလို ဆက်ဆံမယ်လို့ ဆိုလိုတာမလား....


"ဟုတ်တာပေါ့...ဒီတော့ သားက မာမားပြန်လာတဲ့အထိ လိမ်လိမ်မာမာလေး စောင့်နေနော်..."


ကောင်ငယ်လေး၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုတို့ ရောပြွန်းလာ၍ ရှအန်း ပြုံးပြီး ခေါင်းငြိမ့်လိုက်သည်။


"အင်း... ရတာပေါ့... ရှောင်ရှင်းက မာမားပြန်လာတဲ့အထိ လိမ်လိမ်မာမာလေး စောင့်နေပေးမှာ..."