ယန်ကျင်းဇီသည် ထိုနေ့တွင် စားစရာများစွာ ဝယ်ပြီး အိမ်ပြန်ခဲ့သည်။ ညနေခင်းတွင် သူသည် ဟင်းအမယ်မျိုးစုံကို ချက်ပြုတ်ခဲ့ပြီး ၎င်းတို့ကို စားပွဲပေါ်၌ တင်လိုက်သောအခါ အလွန်အလျှံအပယ်ဖြစ်ပုံ ပေါ်နေခဲ့သည်။
သေချာတာပေါ့... အရသာကတော့ သိပ်မကောင်းချေ။
သို့သော် ဝေ့လင်းရှိူ့သည် ဇီဇာမကြောင်ဘဲ ယန်ကျင်းဇီထံသို့ အသားများကို ဆက်တိုက်ထည့်ပေးနေပြီး ယန်ကျင်းဇီကို များများစားစေသည်။
သူသည် ယန်ကျင်းဇီက သူနှင့်အတူရှိလျှင် သိပ်မစားကြောင်း သိထားသည်။ မနက်တိုင်းတွင် ယန်ကျင်းဇီက အိပ်ရာထပြီး ဆန်ကြမ်းထမင်းတစ်အိုး ချက်ပြုတ်ကြောင်းကိုလည်း သိရှိထား၏။ ယန်ကျင်းဇီက လည်ချောင်းရောင်ရမ်းစေသော ထမင်းကို တိတ်တဆိတ် စား၍ သူ့ကိုယ်သူ ဗိုက်ပြည့်စေနှင့်သည် – ညဘက်တွင် အစောကြီး အိပ်ရာဝင်၍ တကယ်ပင် မနက်တွင်လည်း အစောကြီး အိပ်ရာထသည်။
သို့ရာတွင် သူသည် ဘာလုပ်ရမှန်း မသိသဖြင့် ယန်ကျင်းဇီ မျာများစားနိုင်အောင် ယန်ကျင်းဇီအတွက် အသားများများကို ချန်ရစ်ရန်သာ တတ်နိုင်သည်။
ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့က ဆက်တိုက် အသားများ ထည့်ပေးနေကြောင်း တွေ့သောအခါ အသားပန်းကန်ကို တိုက်ရိုက်ကောက်ကိုင်လိုက်သည် : “ ဒီအသားကို ခွဲလိုက်ရအောင်! ”
သူသည် ပန်းကန်လုံးတစ်ဝက်ကို ဝေ့လင်းရှိူ့၏ပန်းကန်ထဲသို့ လောင်းထည့်ကာ ကျန်တစ်ဝက်ကို သူ့ပန်းကန်ထဲသို့ လောင်းထည့်လိုက်သည်။ ပြီးပြီ!
ဝေ့လင်းရှိူ့သည် ယန်ကျင်းဇီကို တစ်ချက်လှမ်းကြည့်ပြီး တိတ်တဆိတ် ဆက်စားနေလေသည်။
နောက်တစ်နေ့ မိုးမလင်းမီတွင် နှစ်ယောက်အတူ အပြင်ထွက်ကြသည်။
လမ်းတစ်လျှောက်တွင် ဝေ့လင်းရှိူ့သည် ယန်ကျင်းဇီအား “Three Character Classic” ကို ရှင်းပြသည်။
သူသည် ဝေ့မိသားစု၏ မျိုးနွယ်စုကျောင်းတွင် ပညာသင်ခဲ့သည်။ သူသည် အလွန်ကောင်းမွန်စွာ မလေ့လာခဲ့သော်ငြား ကလေးငယ်တစ်စုနှင့် အတူသင်ယူခဲ့ပြီး “Three Character Classic” ကိုတော့ ကောင်းစွာ သင်ယူခဲ့၏။ ၎င်းကို အကြိမ်ပေါင်းများစွာ သင်ယူခဲ့သောကြောင့်ပင် သူသည် ၎င်းကို အထူးမှတ်မိနေသည်။
သူသည် တစ်လမ်းလုံး စကားပြောလာပြီး နာရီဝက်တိတိ ကြာကာ သူ့လည်ချောင်းကို ခြောက်သွေ့၍ ရေငတ်နေစေသည်။ သူ ပြောခဲ့သမျှအားလုံးကိုလည်း ယန်ကျင်းဇီသည် မှတ်မိသည့်အပြင် နားလည်သည်။
ဝေ့လင်းရှိူ့သည် အလွန်ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။ ယန်ကျင်းဇီက အရမ်းအစွမ်းထက်တယ်! သူ့ရဲ့ ဗဟုသုတနည်းနည်းလေးက သေချာပေါက် သင်ပေးဖို့ မလုံလောက်ဘူး!
သူ ကြိုးကြိုးစားစား စာလေ့လာရမယ်!
ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့ကို ကျောက် Xiucai ထံသို့ ပို့ပြီးနောက် စာအုပ်ကူးရန် စာအုပ်ဆိုင်နောက်ဘက်မှ သီးခြားအိမ်သို့ သွားသည်။
ဆိုင်ရှင်သည် အထူးတလည် လာရောက်ကြည့်ရှုပြီး ဝေ့လင်းရှိူ့နှင့် တူညီသော အတွေးတစ်ခုကို ရုတ်တရက် တွေးမိသည် — ဒီယန်တက အစွမ်းထက်လွန်းတယ်!
မဟုတ်ဘူး၊ သူ့ကို ယန်တလို့ ခေါ်လို့မရတော့ဘူး။ ယန်တကလည်း သူ့ကိုယ်သူ နာမည်ပေးထားသည်။ သူ့နာမည်က ယန်ကျင်းဇီ။
စာအုပ်ဆိုင်ပိုင်ရှင်သည် လျင်မြန်စွာ စာအုပ်များ ကူးယူနေသော သူ့ကို စောင့်ကြည့်နေပြီး ပိုကြည့်မိလေလေ၊ ပိုအံ့ဩမိလေလေ ဖြစ်လာကာ ဤသည်က မကောင်းဆိုးဝါးဟုပင် သံသယဝင်မိလုနီးပါးပင်။
သို့သော် ဤလူက... အထူးကောင်းမွန်သော မှတ်ဉာဏ်ကို ပိုင်ဆိုင်ထားရုံသာ ဖြစ်သည်။
သူက မည်သည့်စာအုပ်ကို ဖတ်ဖတ်၊ တစ်ကြိမ်ဖတ်ရှုပြီးသည်နှင့် ပြန်လည်ရွတ်ဆိုနိုင်သည်။ သူ မြင်ဖူးခဲ့သော စာလုံးတိုင်းကိုလည်း ချက်ချင်း ရေးသားနိုင်သည်။ သူ မဖတ်ရသေးသော အကြောင်းအရာကိုမူ တကယ်ပင် ဘာမှမသိချေ။
ဤအရည်အချင်းမျိုးနှင့်ဆိုလျှင် Xiucai စာမေးပွဲကို အောင်မြင်ရန်မှာ ခက်ခဲလိမ့်မည်မဟုတ်... ဆိုင်ရှင်သည် ယန်ကျင်းဇီကို လေးလေးနက်နက် ကြည့်ရှုလိုက်သည်။
ယန်ကျင်းဇီက တစ်ချိန်တည်း၌ စာအုပ်များကို ကူးယူလျက် မှတ်သားနေစဉ်တွင် ဝေ့လင်းရှိူ့က ကျောင်း၌ ကျောက် Xiucai ထံမှ သင်ခန်းစာများကို သင်ယူနေသည်။
ကျောက် Xiucai သည် ဝေ့လင်းရှိူ့၏ စကားလုံးများကို ဖတ်ရှုပြီး အလွန်သဘောကျသွားသည် : “ ကောင်းလိုက်တဲ့ စာလုံးတွေ! ” သူ့စကားလုံးများပင် ဝေ့လင်းရှိူ့လောက် မကောင်းမွန်ချေ။
သူက ဝေ့လင်းရှိူ့ကို စာလေ့လာမှုများနှင့် ပတ်သက်ပြီး ဂရုတစိုက် မေးမြန်းကြည့်သောအခါ...
“ သူတို့က မင်းကို ပညာမတတ်ဘူးလို့ ပြောတယ်။ ဒါပေမယ့် ငါ တွေ့တာတော့ မင်းရဲ့ စာပေအသိပညာက တော်တော်လေး ခိုင်မာနေတုန်းပဲ... ” ကျောက် Xiucai က အနည်းငယ် ပဟေဠိဖြစ်သွားသည်။
ဝေ့လင်းရှိူ့က စာအုပ်ကို ကောင်းစွာ မမှတ်မိသော်လည်း စာကြောင်းများ၏ ဆိုလိုရင်းကို နားလည်သည်။ သူက အလွတ်မှတ်သင့်သော စာအုပ်ကို အလွတ်မရသည်မှာ ဉာဏ်တုံးလွန်း၍ အလွတ်မကျက်နိုင်ခြင်းကြောင့် မဟုတ်ဘဲ စာလေ့လာခြင်းအပေါ် စိတ်ပါဝင်စားမှု မရှိခဲ့သောကြောင့်သာ ဖြစ်သည်။
ဤကျောင်းသားမျိုးကို သော့ပိတ်ပြီး စာရွတ်ဆိုရန် ဖိအားပေးကာ စာမရွတ်ဆိုနိုင်သောအခါ ရိုက်နှက်၍ အကြင်နာမဲ့စွာ အစာမကျွေးဘူးဆိုလျှင် ကျိုးကြောင်းသင့်စွာဖြင့် သူက အမြဲတစေ သင်ယူသွားနိုင်လိမ့်မည်ပင်။
ဝေ့လင်းရှိူ့သည်လည်း အခြားလူများကို ဝေ့အိမ်အကြောင်း မပြောပြချင်ပေ။ သူသည် နားမလည်သော စာတစ်ကြောင်းကို ညွှန်ပြ၍ ကျောက် Xiucai ကို ပြုံးပြလိုက်သည် : “ ဆရာ၊ ဒီစာကြောင်းက ဘာကိုဆိုလိုတာလဲ? ”
သူသည် ယခုအချိန်တွင် စာများများလေ့လာထားမှသာ နောက်ပိုင်းတွင် ယန်ကျင်းဇီကို သင်ပေးနိုင်မည်ဖြစ်သည်။
ဒီဝေ့သခင်လေးရဲ့ အပြုံးက လူတွေကို ဝမ်းနည်းအောင် တကယ် လုပ်နိုင်တယ်! ကျောက် Xiucai သည် ချက်ချင်းပင် စာရှင်းပြသည်။
ဝေ့လင်းရှိူ့သည် စာအုပ်ကို လှန်လှောပြီး နားမလည်သော တစ်ခုခုကို တွေ့လျှင် ကျောက် Xiucai ကို မေးမြန်းကာ တစ်ရက်အတွင်း အများအပြား သင်ယူလိုက်သည်။
တစ်ချိန်တည်းမှာပင် ကျောက် Xiucai သည် မတွေးမိဘဲ မနေနိုင်ပေ – ဒီဝေ့သခင်လေးက အရမ်းလုံ့လဝီရိယရှိတယ်၊ သူက စာဖတ်ရတာကို မကြိုက်ဘူးလို့ ဘာလို့ အရင်တုန်းက သူတို့တွေအားလုံး ပြောခဲ့ကြတာပါလိမ့်?
ယခု သူ လုပ်သင့်သော နောက်ဆုံးကိစ္စမှာ ထိုယန်တနှင့် တွဲသွားတွဲလာ လုပ်ခြင်းပင်။
ကျောက် Xiucai ထံမှ ကျောင်းသားအများစုသည် စာဖတ်တတ်ရန်သာ လာရောက်သင်ကြားကြခြင်း ဖြစ်ပြီး မိုက်မဲသော လူတစ်ဦး မဖြစ်ရန်အတွက်သာ ကြိုးစားကြရုံပင်။ သူ့ကို ကျမ်းစာများ ရှင်းပြရန် မေးမြန်းသည့် လူများမှာ သိပ်မများချေ။ သူသည် ဝေ့လင်းရှိူ့ကို သူတို့နှင့် အတူထိုင်၍ စာမလေ့လာခိုင်းသည့်အပြင် ဝေ့လင်းရှိူ့ကို သူ့နောက်သို့လိုက်ပါစေပြီး သူ အားလပ်သည့်အချိန်တိုင်းတွင် ဝေ့လင်းရှိူ့ကို ဖြေကြားပေးသည်။
ဤသို့ဖြင့် တစ်ရက်ကုန်ဆုံးပြီးနောက် ကျောက် Xiucai သည် ဝေ့လင်းရှိူ့ကို ပိုပိုပြီး သဘောကျလာသည်။
ရုပ်ချောပြီး ထက်မြက်တဲ့ ကျောင်းသားတွေကို ဘယ်သူက မကြိုက်လို့လဲ?
ထို့ကြောင့် အခြားကျောင်းသားများ ထွက်သွားသောအခါတွင် ကျောက် Xiucai သည် ဝေ့လင်းရှိူ့ကို အထူးတလည် သတိပေးသည် : “ ယန်တ ဆိုတဲ့ ဒီလူကို... မင်း သတိထားရမယ်။ ”
ဝေ့လင်းရှိူ့သည် သူ့ဆရာက ယန်ကျင်းဇီကို သဘောမကျကြောင်း သိသွားပြီး အမြန်ပြောလာသည် : “ ဆရာ၊ အစ်ကိုယန်က လူကောင်းပါ! ”
ကျောက် Xiucai : “ ??? ” သူတို့လမ်းတွင် လောင်းကစားဝိုင်းသို့ အကြွေးတင်သော လူတစ်ဦး ရှိခဲ့ဖူးသည်။ ယန်တက ထိုလူကို အိမ်ထဲမှ ဆွဲထုတ်ပြီး မြစ်ထဲသို့ ပစ်ချကာ မိသားစုထံမှ ငွေတောင်း၍ ငွေမပေးမချင်း မြစ်ထဲမှ လောင်းကစားသမားကို ကမ်းပေါ်သို့ တက်ခွင့်မပေးသည်အား သူသည် မျက်မြင်တွေ့ဖူးခဲ့၏။
အဲ့တုန်းက သူရဲ့ ကျောင်းသားတွေ တော်တော်များများ ကြောက်လို့ ငိုသွားကြတယ်!
“ အစ်ကိုယန်က ကျွန်တော့်အပေါ် တကယ် ကောင်းပါတယ်။ သူက ဆန်ဟောင်းကို စားပြီး ကျွန်တော့်ကို ဆန်သစ် ကျွေးတယ်။ ”
“ အိမ်မှာ ကျွန်တော်တို့ အသားချက်တိုင်း သူက ကျွန်တော့်ကို အမြဲအသားကျွေးတယ်။ ”
“ သူက ကျွန်တော့်ကို သူ့အိပ်ရာကိုလည်း ပေးထားတယ်! ”
“ ပြီးတော့ အစ်ကိုယန်က တကယ်ပဲ အရမ်းဉာဏ်ကောင်းပြီး ဘယ်တော့မှ မမေ့ဘူး! ”
“ သူ့မိသားစုက အဆင်မပြေလို့သာ သူက စာမလေ့လာနိုင်ခဲ့တာ။ မဟုတ်ရင် အခုလောက်ဆို သူက စာသင်သား ဖြစ်နေလောက်ပြီ! ”
…
ကျောက် Xiucai : “ ... ” မင်း တကယ်ပဲ ယန်တအကြောင်း ပြောနေတာ ဟုတ်ရဲ့လား?
ကျောက် Xiucai သည် တစ်ခုတွေးမိသွားသည်။ သူ့တပည်တော့ ယန်တဆီက အဆိပ်မိထားပြီ!
မဖြစ်သေးဘူး။ သူသည် ဤကျောင်းသားကို ပညာရှိစာအုပ်များအား များများဖတ်ခိုင်းပြီး ခေါင်းပိုရှင်းသွားအောင် လုပ်ပေးရမည်။
ဤသို့တွေးလျက် ကျောက် Xiucai သည် မူလက သူ ပြောချင်ခဲ့သော စကားများကို ပြန်မျိုချလိုက်သည်။
သူ့တပည့်က အခု ဒီလိုပုံဖြစ်နေပြီ၊ သူကသာ ယန်တနဲ့ပတ်သက်ပြီး မကောင်းတာ တစ်ခုခု ပြောလိုက်ရင် သူ့တပည့်က ထွက်ပြေးပြီး ယန်တကို သွားပြောပြမှာလား?
သူသည် ယန်တ၏ ဆွဲထုတ်ပြီး မြစ်ထဲသို့ ပစ်ချခြင်းကို လုံးဝ မခံစားချင်ပေ။ ထို့ကြောင့် ဘာမှမပြောခြင်းက ပိုကောင်းသည်။
ယန်ကျင်းဇီနှင့် ဝေ့လင်းရှိူ့တို့သည် စာအုပ်ကူးခြင်းနှင့် ကျောင်းတက်ခြင်း ဟူသော သူတို့၏ဘဝများကို စတင်ခဲ့ကြသည်။
မနက်ခင်းတွင် အိမ်မှာ စားပြီးနောက် သူတို့သည် အပြင်ထွက်ပြီး လမ်းပေါ်တွင် စာရွတ်ဆိုကြကာ နေ့ခင်းဘက်တွင် သီးသန့်စာလေ့လာကြသည်။ နေ့လယ်ခင်းတွင် ဝေ့လင်းရှိူ့သည် ကျောက် Xiucai ကို စားစရာနှင့် ငွေတို့အား ပေးဆောင်ပြီး ကျောက် Xiucai နှင့် အတူစားသည်။ ဤအချိန်တွင် ယန်ကျင်းဇီသည် စာအုပ်ဆိုင်၌ စား၏။ ညနေခင်းတွင် ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့ကို သွားကြိုပြီး နှစ်ယောက်သားဟာ ရှင်းအန်းကျေးရွာသို့ အတူပြန်ကြသည်။
သူတို့၏ နေ့စဉ်ဘဝများသည် ပုံမှန်ဖြစ်သော်ငြား သုံ့ကူကောင်တီမှ လူများကတော့ အနည်းငယ် အဆင်မပြေဖြစ်နေကြသည်။
ဘာလို့ ယန်တက တနေကုန် လမ်းပေါ်မှာ မသွားလာတော့တာလဲ? ယန်တ ဘယ်ရောက်သွားမှန်း သူတို့ သိတောင် မသိဘူး!
လောင်းကစားဝိုင်းက လူတွေ ပြောသလိုမျိုး တကယ်ပဲ ယန်တက ဝေ့အိမ်ရဲ့ သခင်လေးအတွက်နဲ့ လူမိုက် မလုပ်တော့ဘဲ ဘဝကို ကောင်းကောင်းနေဖို့ ဆုံးဖြတ်လိုက်တာလား?
ယန်ကျင်းဇီသည် သုံ့ကူကောင်တီမှ လူများက သူ့ကို စတင်ပြီး “လွမ်းဆွတ်” နေကြောင်းကို မသိခဲ့ပေ။
သူသည် ကူးယူပြီးသော စာအုပ်များ ပိုပိုများပြားလာသည်နှင့်အမျှ သူရှေ့မှ နဂိုမှောင်မိုက်နေသော ကမ္ဘာကြီးဟာ ရုတ်တရက် ကြည်လင်သွားသကဲ့သို့ ခံစားလိုက်ရသည်။
မှုန်ဝါးဝါးကမ္ဘာအသစ်တစ်ခုဟာ သူ့ရှေ့တွင် ပေါ်ပေါက်လာသည်။
ယခင်က သူ့တွင် မူလပိုင်ရှင်၏ မှတ်ဉာဏ်များသာ ရှိခဲ့ပြီး ဤကမ္ဘာအကြောင်းကို သိပ်မသိခဲ့သော်လည်း ယခုမူ သူသည် ပိုပိုနားလည်လာသည်။
သူသည် ‘စာအုပ်တစ်အုပ်ကို အကြိမ်တစ်ရာ ဖတ်ရှုခြင်းက ၎င်း၏ဆိုလိုရင်းကို ပေါ်ထွက်လာစေလိမ့်မည်’ ဟူသော ဆိုရိုးစကား၏ အမှန်တရားကိုလည်း တွေ့ရှိခဲ့သည်။
တော်ဝင်စာမေးပွဲတွင် ပုံမှန်အသုံးပြုနေကြ စာအုပ်များကို ကူးယူခြင်းအပြင် သူသည် အဘိဓာန်များ၊ ခရီးသွားမှတ်စုများနှင့် အစရှိသည့် စာအုပ်မျိုးစုံတို့ကိုလည်း ကူးယူသည်။ သူသည် ၎င်းတို့ကို ကူးယူနေစဉ် ဖတ်ရှုသွားမည်ဖြစ်သည်။ များများကူးကာ များများဖတ်ပြီးနောက် သူသည် စာအုပ်အချို့၏ အဓိပ္ပာယ်ကို သဘာဝကျစွာပင် နားလည်လာသည်။
ထို့အပြင် သူ့ကို ရှင်းပြမည့် ဝေ့လင်းရှိူ့လည်း ရှိသေး၏။
သူသည် များများသင်ယူမိလေလေ၊ ပိုပိုပြီး ဆက်လက်၍ သင်ယူမိချင်လေလေပင်။ သူက စာသင်ယူခြင်းတွင် စိတ်ဝင်စားမှု အပြည့်ရှိပြီး စာအုပ်ကူးယူနှုန်းကလည်း ပိုပိုမြန်လာ၏။ သူသည် နေ့ဘက်တွင် ငါးနာရီကြာ အလုပ်လုပ်ပြီးနောက် စကားလုံး ၂၀,၀၀၀ ကို တည်ငြိမ်စွာ ကူးယူနိုင်ဆဲဖြစ်သည်။
သူသည် သူ့ကိုယ်ပိုင်စွမ်းရည်ကိုပင် တီထွင်ခဲ့သည်။
သူသည် အခြားသူများ၏ လက်ရေးကို တုပနိုင်သည်။
သူ၏ ကနဦးလက်ရေးသည် ဝေ့လင်းရှိူ့ထံမှ အတုယူထားပြီး ဝေ့လင်းရှိူ့၏ ရေးသားနည်းကို မှတ်သား၍ သူ့အတိုင်း အတိအကျ ရေးသားခဲ့သည်။
သူသည် အစပိုင်းတွင် ထိုလက်ရေးလက်သားဖြင့်သာ ရေးသားခဲ့သော်ငြား စာရေးခြင်း များပြားလာသည်နှင့်အမျှ သူ့စကားလုံးများမှာ တဖြည်းဖြည်း ပြောင်းလဲလာပြီး နောက်ပိုင်းတွင် သူသည် စာအုပ်ဆိုင်တွင် ပို့စာကဒ်အနည်းငယ်ကို တွေ့ရှိကာ အခြားစာလုံးပုံစံများကိုလည်း ရေးသားနိုင်ကြောင်း သိလိုက်ရသည်။
မည်သို့ပင်ဖြစ်စေ လေ့ကျင့်ရန်မှာ အမြဲလိုလို အချိန်ကြာလေ့ရှိသဖြင့် သူသည် စာကူးချိန်တွင် ဝေ့လင်းရှိူ့၏ လက်ရေးကိုသာ အသုံးပြုနေသည်။
သူသည် ဤသို့ရေးရခြင်းကို ကျင့်သားရနေပြီဖြစ်သည်။ ဤလက်ရေးဖြင့် စာအုပ်ကူးယူရခြင်းဟာ အမြန်ဆုံးဖြစ်ကာ ထိုပို့စာကဒ်များတွင် စကားလုံး အများအပြား မပါရှိချေ။ သူသည် မူလအတိုင်း တိတိကျကျဖြင့် စကားလုံးများကို ရေးသားနိုင်သော်ငြား အခြားစကားလုံးများကိုမူ အကိုးအကားမရှိဘဲ ချက်ချင်း မရေးသားနိုင်ပေ။
သူသည် စာအုပ်ဆိုင်ပိုင်ရှင်ကို အတုယူပြီး အကောင်းဆုံး လက်ရေးလှ လက်စွဲစာအုပ်ကို ချိတ်ဆွဲထားကာ မရောင်းချချေ။ သူသည် ၎င်းကို အကြိမ်များစွာ သီးသန့်လေ့ကျင့်ခဲ့ပြီး လက်စွဲစာအုပ်တွင် မပါဝင်သော စကားလုံးများကိုလည်း လေ့ကျင့်ခဲ့သည်။ အပြီးပြည့်စုံဆုံးအထိ အဆုံးသတ် ရေးသားပြီးမှသာ သူသည် လက်ရေးကို အသုံးပြုပြီး “Three Character Classic” ကို တစ်အုပ်စာ အပြီးကူးယူလိုက်သည်။
ဤသည်ကား သူနှင့် အရင်းနှီးဆုံး စာအုပ် ဖြစ်သည်။ သူသည် စာလုံးပုံစံအသစ်ဖြင့် စတင်ရေးသားချိန်တွင် မသိစိတ်၏ စေ့ဆော်မှုအရ ဤစာအုပ်ကို ရေးသားမိခဲ့သည်။
စာရေးပြီးသောအခါ ယန်ကျင်းဇီသည် စာအုပ်ကို သူကိုယ်တိုင် ချည်နှောင်လိုက်သည်။
ယခင်က ဤအလုပ်ကို အခြားသူများ လုပ်ဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် သူသည် ၎င်းက အလုပ်ပိုစေကြောင်း သိလိုက်ရသဖြင့် သူကိုယ်တိုင် လုပ်ရန် သင်ယူထားခဲ့သည်။ စာလုံးရေနှစ်ထောင်ကို ကူးယူပြီးသည့်အကြိမ်တိုင်းတွင် သူသည် ထကာ ခဏအနားယူပြီး ကူးယူပြီးသော စာအုပ်ကိုလည်း ချည်နှောင်သည်။
သူက စာအုပ်ကူးသောအခါ တစ်ခါမှ အမှားမလုပ်သောကြောင့် ဆိုင်ရှင်က ၎င်းတို့ကို စစ်ပင် မစစ်ဆေးတော့ဘဲ သူ ကူးယူထားသော စာအုပ်များကို တိုက်ရိုက်သာ ရောင်းချလေ့ရှိသည်။
စကားလုံးတိုင်းကို စစ်ဆေးရသည်မှာ ဒုက္ခများလှသည်ပင်။
ဤအခိုက်တွင် ဆိုင်ရှင်က ရောက်လာပြီး ယန်ကျင်းဇီ ကူးယူထားသော စာအုပ်ကို ယူကာ သံသယအချို့ဖြင့် မေး၏ : “ ဘာလို့ မင်း Three Character Classic ကို ထပ်ကူးခဲ့တာလဲ? ”
ဤစာအုပ်က ရောင်းရလွယ်သော်လည်း ရောင်းဈေးမမြင့်ချေ။ စာအုပ်အချို့က ငွေကြေးပမာဏ ကြီးကြီးမားမား ကုန်ကျသည်။ ဤစာအုပ်ကမူ ဝမ် ၃၀၀ သာ ရှိသည်။
ထို့အပြင် ယန်ကျင်းဇီက အုပ်ရေများစွာကို ကူးယူဖူးခဲ့ပြီး လတ်တလောတွင် ဤစာအုပ်ကို မကူးယူခဲ့ချေ။
“ လက်ရေး လေ့ကျင့်နေတာ။ ” ယန်ကျင်းဇီက ဖြေကာ စာအုပ်ဆက်ကူးနေသည်။
ဆိုင်ရှင်က သူ့ကို မနှောင့်ယှက်တော့ဘဲ စာအုပ်ကို ယူကာ ထွက်သွားသည်။
တိုက်ဆိုင်စွာဖြင့် ဆိုင်ရှင် အပြင်သို့ ရောက်သောအခါ တစ်စုံတစ်ယောက်က “Three Character Classic” ကို လာဝယ်သည်။
သုံ့ကူကောင်တီမှ သုံးဆယ့်-တစ်ခုခု-နှစ်အရွယ် လီ Xiucai က ရောက်လာခဲ့သည်။ လီ Xiucai သည် လီမိသားစုဝင်တစ်ဦး ဖြစ်သည်။ သူသည် မိသားစုအခွဲတစ်ခုမှသာ ဖြစ်သော်ငြား ချမ်းသာကြွယ်ဝသော မိသားစုတစ်ခုမှလည်း ဖြစ်သည်။ ဤအချိန်တွင် သူ့သားက အသိအမြင်ကြွယ်ချင်ပြီး စာအုပ်တစ်စုံ လိုအပ်နေသည်။ သူသည် ကိုယ်တိုင်ကိုယ်ကျ ကူးယူရန် ပျင်းရိလှသဖြင့် စာအုပ်ဆိုင်တွင်သာ ဝယ်လိုက်သည်။
ဆိုင်ရှင်သည် လီ Xiucai ကို စာအုပ်ရွေးရာတွင် အမြန်ကူညီလိုက်ပြီး ယန်ကျင်းဇီ လောလောလတ်လတ် ကူးယူထားသော “Three Character Classic” ကိုပါ ထည့်ပေးလိုက်၏။
လီ Xiucai သည်လည်း သေချာမကြည့်ဘဲ စာအုပ်များကို ယူပြီး ငွေရှင်းကာ ထွက်သွားသည်။
သူ ထွက်သွားပြီး သိပ်မကြာမီ ယန်ကျင်းဇီကလည်း ထွက်လာသည်။
သူသည် စာလုံးပုံစံအသစ်ကို သင်ယူခဲ့သည်။ သူသည် သူ့တွင် အလွန်အကျိုးရှိသော နေ့ရက်တစ်ရက် ရရှိခဲ့သည်ဟု ခံစားရပြီး အပြင်ထွက်ဈေးဝယ်ရန် စိတ်ကူးထားသည်။ လမ်းတွင် ဝေ့လင်းရှိူ့ကိုလည်း သွားတွေ့ပြီး ဝေ့လင်းရှိူ့ကို စာလေ့လာရန် တိုက်တွန်းချင်သေးသည်။
သုံ့ကူကောင်တီ၏ လမ်းများသည် အများအားဖြင့် မြစ်ဘေးတွင် တည်ရှိသည်။ ယန်ကျင်းဇီသည် မြစ်ကမ်းနားရှိ ကျောက်ခင်းလမ်းအတိုင်း လမ်းလျှောက်သွားပြီး မကြာမီတွင် ကျောက် Xiucai ၏ အိမ်သို့ ရောက်ရှိသွား၏။
ကောင်တတွင် အိမ်ဈေးများဟာ ဈေးကြီးပြီး ကျောက် Xiucai ၏ အိမ်က မကြီးချေ။ သူ့အိမ်အပြင်ဘက်တံခါးက ပွင့်နေသည်။ ဝင်ပြီးနောက် အဝတ်လှန်းရန် တစ်ဆယ်စတုရန်းမီတာထက် မပိုသော ခြံငယ်တစ်ခု ရှိသည်။ ခြံငယ်နောက်တွင် သူတို့မိသားစု၏ နေအိမ် တည်ရှိ၏။ ထို့အပြင် တံခါး၏ညာဘက်တွင် ခြံစည်းရိုး ရှိပြီး ဘယ်ဘက်ခြမ်းတွင် ကျောက် Xiucai စာသင်ကြားရန်အတွက် အခန်းကျယ်တစ်ခန်း ရှိသည်။
ဤရက်များအတွင်း၌ ဝေ့လင်းရှိူ့ကို ဤနေရာသို့ မိုးသောက်ချိန်တွင် လာပို့ပြီး ညမှောင်ခါနီးတွင် လာပြန်ကြိုခဲ့လေရာ ယန်ကျင်းဇီသည် ဤနေရာနှင့် ရင်းနှီးနေပြီးဖြစ်ကာ ဤအချိန်တွင် အထဲသို့လျှောက်သွားသည်။
ဤတလောတွင် ယန်ကျင်းဇီသည် သူ နားမလည်သည့်အကြောင်းများကို ချရေးကာ ဝေ့လင်းရှိူ့ထံသို့ ပေး၍ ဝေ့လင်းရှိူ့အား ကျောက် Xiucai ကို မေးမြန်းစေခဲ့သည်။ ထိုမျှတင်မကပဲ ဝေ့လင်းရှိူ့၏ အားနည်းချက်ကိုလည်း သိရှိသွားပြီးနောက် သူသည် နားမလည်ချင်ယောင်ဆောင်၍ ဝေ့လင်းရှိူ့ကို မေးမြန်းစေ၍ အများအပြား သင်ယူစေခဲ့၏။
ကျောက် Xiucai အတွက်မူ... ကျောက် Xiucai သည် ဝေ့လင်းရှိူ့ စာမေးသောအခါ ထိပ်ပြောင်သွားသည်။
ကျောက် Xiucai သည် ဝေ့လင်းရှိူ့ကို ပထမဆုံး လက်ခံခါစတွင် ဝေ့လင်းရှိူ့၌ ခိုင်မာသော အခြေခံ ရှိပြီး ထက်မြက်ပုံပေါ်သည်ဟုသာ ခံစားခဲ့ရသည်။ သို့သော် တစ်လတာ စာသင်ကြားပြီးနောက်... သူသည် ဝေ့လင်းရှိူ့က သူ ထင်ထားသည်ထက် များစွာထက်မြက်ကြောင်း ရုတ်တရက် သိလိုက်ရသည်။
ဒီကောင်လေးက ဉာဏ်ကြီးရှင်ပဲ!
ဝေ့အိမ်က ဘာဖြစ်တာလဲ? ဒီလောက်ထက်မြက်ပြီး အလုပ်ကြိုးစားတဲ့ ကလေးကိုတောင် စာလေ့လာတဲ့နေရာမှာ မတော်ဘူးလို့ သူတို့အကုန်လုံးက ပြောကြတယ်လား?
ကျောက် Xiucai သည် ဝေ့အိမ်တွင် တစ်ခုခုမှားနေသည်ဟု ခံစားမိပြီး တစ်ချိန်တည်းမှာပင် စာသင်ကြားရာ၌ ပိုပိုပြီး အင်အားထက်သန်လာသည်။
သူ Xiucai တစ်ယောက်ကို မွေးထုတ်နိုင်လောက်တယ်!
အဲ့အချိန်ကျရင် သူက အကျိုးသင့်အကြောင်းသင့်နဲ့ လက်ဆောင်ကြီးကြီးမားမား ရနိုင်လိမ့်မယ်! အနာဂတ်မှာ သူ ကျောင်းသားတွေ ပိုပြီး လက်ခံနိုင်တော့မယ်!
ယနေ့တွင်လည်း ကျောက် Xiucai ဟာ စာသင်ခန်းထဲ၌ ကျောင်းသားများကို စာသင်ကြားနေပြီး ထို့နောက် သူသည် သူ့စာသင်ခန်း၏ အနောက်ဘက်တွင် အလွန်အရပ်ရှည်သော လူတစ်ဦး ရှိနေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။
သူ၏ စာသင်ကြားပို့ချ
နေသော အသံမှာ ရုတ်ချည်း ရပ်တန့်သွားသည်။
အတန်းတက်နေသော ကျောင်းသားများသည် ဆရာ့၏ အမူအရာကို မြင်သွားကြပြီး မသိစိတ်ဖြင့် နောက်သို့ လှည့်ကြည့်လိုက်ကြသည်...
“ဝါးခနဲ” ဖြင့် ကလေးတစ်ဦးက ထငိုတော့သည် : “ ယန်တ! ”