အပိုင်း၄၆
Viewers 5k

🥰 Chapter 46 ✅


မင်လျိုရီသည် မြောင်လွေ့မင်အားကြည့်ပြီးနောက်  စကားလုံးများပျောက်ရှသွားတော့သည်။ ယခုတစ်ခါသည် သူမအဖို့ ပထမဆုံးအကြိမ်သူများလက်ထဲတွင် လက်ပူးလက်ကြပ်မိခြင်းဖြစ်သည်။ ယိုလင်လင်က မင်လျိုရီ အရှက်ရသွားသည်ကိုမြင်ပြီး ရှေ့သို့ထွက်လာလိုက်သည်။ ဒီကိစ္စက သူမသေချာဂရုမစိုက်မိ၍ဖြစ်လာခြင်းမဟုတ်လား...ဒါပေါ့ သူမ မင်လျိုရီရဲ့ အရှက်သိက္ခာအတွက် ကူညီပြီး ဖြေရှင်းပေးရမှာပေါ့။


ယိုလင်လင်က ပြုံးကာ ပြောလိုက်သည်။ 


"ဘာမှမဟုတ်ပါဘူး ကျွန်မက ဒေါက်တာမြောင်ရဲ့ ကိုယ်ကျင့်တရားကောင်းတာတို့ ရုပ်ရည်ချောမောတာတို့ ဆေးပညာမှာ တစ်ဖက်ကမ်းကျွမ်းကျင်တာတို့ကို ချီးကျူးနေတာပါ"


မြောင်လွေ့မင်က သံသယမျက်စိဖြင့် မင်လျိုရီအားကြည့်လိုက်သည်။ ချီးကျူးတာဆို ဘာကိစ္စဖုံးကွယ်နေကြတာလဲ...ဒါမှမဟုတ် သူတို့နှစ်ယောက် သူ့နောက်ကွယ်မှာ တစ်ခုခုပြောနေကြတာလား... 


သို့သော် ယိုလင်လင်​၏ယုံကြည်မှုရှိနေသည့် မျက်နှာအမူအရာအားကြည့်ပြီး မြောင်လွေ့မင်သည် သူမစကားကအမှန်ဟုယုံကြည်ပေးလိုက်သည်။ 


မြောင်လွေ့မင်က ပြုံးလိုက်ကာ ပုံမှန်ပဲပြောလိုက်သည်။ 


"တစ်ယောက်ယောက်ကို ချီးကျူးမယ်ဆို လူချင်းတွေ့မှပြောတာပိုကောင်းတယ်...မလိုလားအပ်တဲ့ နားလည်မှုလွဲတာတွေ မဖြစ်လာတော့ဘူးပေါ့"


မင်လျိုရီ ထိုစကားကိုကြားတော့မှရုတ်တရက် သက်ပြင်းချမိသွားတော့သည်။ သူမက မြောင်လွေ့မင် ဒေါသထွက်သွားမည်ကိုစိုးရိမ်နေခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူမသည်မြောင်လွေ့မင်၏ အကူအညီအားလိုနေသူပင်။ ယိုလင်လင်က မြောင်လွေ့မင်​၏ ပြောစကားကိုနားထောင်ပြီး အရာအားလုံးအဆင်ပြေမှန်းသိလိုက်သည်။ သူမအနေ့ဖြင့် ဒီအခွင့်အရေးကို အသုံးချပြီး မင်လျိုရီ၏ရှက်ရွံ့မှုကိုလျော့ကျအောင်လုပ်ပေးရမည်ဖြစ်သည်။ ထို့ကြောင့် ယိုလင်လင်က အရူးလေးလိုပြုံးကာ ပြောလိုက်သည်။


"လျိုရီပေါ့ သူများကိုသေချာမချီးကျူးမိမှာစိုးရိမ်နေတာလေ...အခု ကျွန်မရှင့်ကိုကိုယ်တိုင်ချီးကျူးစကားပြောပါ့မယ်... သေချာနားထောင်ပြီး ကောင်းမကောင်းဆုံးဖြတ်ပေးပေါ့" 


မင်လျိုရီ သူမဘေးတွင် တိတ်တဆိတ်သာရပ်နေသည်။ ယိုလင်လင်ကတော်လွန်းသည်။ ယိုလင်လင် မပြောင်းလဲနိုင်သည့်လေထုမရှိဘူး ဆိုတဲ့စကားက အမှန်ပင်ဖြစ်သည်။ ထိုသို့ဖြစ်ရန် ယိုလင်လင်အတွက် အနားတွင်လူများရှိနေရုံသာလိုအပ်သည်။ 


မြောင်လွေ့မင်က ပြုံးလိုက်သည်။ ဒီလိုစိတ်ဝင်စားဖို့ကောင်းသည့်လူတွေနှင့် ဆုံတွေ့ရမည်ဟုမမျှော်လင့်ခဲ့

ပေ။ သူက လက်အားဝေ့ယမ်းပြလိုက်ပြီး ယိုလင်လင်အား စတင်ပြောခိုင်းလိုက်သည်။ 


ယိုလင်လင်က ချက်ချင်းပဲ ပြောလာသည်။


"ဒေါက်တာမြောင်... ကျွန်မရှင့်ရဲ့ ဟောပြောပွဲတွေကို နားထောင်ဖြစ်တယ်...မြို့တော်မှာပြောသွားတဲ့ တစ်ခုကို အရမ်းသဘောကျတာပဲ... အဲအချိန် ရှင့်ရဲ့ဘိုးဘေးတစ်ယောက်က သိပ်တန်ဖိုးရှိတဲ့ဂျင်ဆင်းရိုင်းကို နှင်းတွေဖုံးလွှမ်းနေတဲ့တောင်မှာတွေ့ခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့်မယူလာနိုင်ဘူးဆိုတာကို ရှင်သိလိုက်ရတော့ အရှုံးကိုလက်မခံဘဲ အဲဒီဂျင်ဆင်းကိုသွားရှာခဲ့တယ်လေ... တောင်စောင်းတွေအထိ တစ်ယောက်ထဲသွားရှာခဲ့ပြီး တကယ်လဲရှာတွေ့ခဲ့တယ်မလား... ကျွန်မအတွေးက ရှင့်လိုမျိုးရဲရင့်ပြီး ဥာဏ်ကောင်းတဲ့လူမျိုးကို နတ်ဘုရားတွေကနှစ်သက်ကြမှာပဲလို့လေ ...အဲဒါကြောင့် ကျွန်မခင်ပွန်းလောင်းကို ရှင်ကသေချာပေါက် ကုပေးနိုင်မှာပါ" 


မြောင်လွေ့မင်သည် ယိုလင်လင်က တခြားသူများကဲ့သို့ သူ​၏မြင့်မြတ်သည့်ဆေးပညာဂုဏ်ပုဒ်၊ မှော်ဆန်တဲ့လက်တစ်စုံ စသည်ဖြင့် အပေါ်ယံစကားများပြောလာမည်ဟုထင်ခဲ့သည်။ သို့သော်ထိုအမျိုးသမီးလေးသည် သူမ​၏အိမ်စာကိုသေချာစွာလုပ်နိုင်ခဲ့သည်ဟုပြောရမလိုပင်။ သူမက သူထငါထားတဲ့အကြောင်းတစ်ခုမှပြောမလာခဲ့ပေ။ထို့ကြောင့် မြောင်လွေ့မင်လည်း ဂရုတစိုက်နားထောင်ပေးမိသွားပြီး ယိုလင်လင်အားပြောလိုက်သည်။


"ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ခင်ဗျားရဲ့ခင်ပွန်းလောင်းကို ကုပေးရတာကိုပဲဂုဏ်ယူနေမိပါပြီ"


ထိုစကားကိုကြားလိုက်ရသောကြောင့် မြောင်လွေ့မင်သည် လူနာကိုတွေ့ချင်နေမှန်းသိလိုက်ရသည်။ သူမက သူတို့အားလုံးကို တိတ်ဆိတ်သည့်အခန်းတစ်ခန်းထဲသို့ အလျင်အမြန်ခေါ်သွားလိုက်သည်။ မြောင်လွေ့မင်က ကျွီဖုန်း၏အခြေအနေများကို မေးမြန်းပြီးနောက် နှလုံးခုန်နှုန်းကိုစမ်းသပ်လိုက်သည်။ မြောင်လွေ့မင်ကို မနှောင့်ယှက်မိစေရန် မင်လျိုရီသည် ယိုလင်လင်ကို အခန်းထဲမှခေါ်ထုတ်သွားခဲ့သည်။ 


မင်လျိုရီက ယိုလင်လင် လက်ကိုဆွဲပြီးပြောလိုက်သည်။ 


"ငါအပြင်မှာစောင့်နေမယ် တစ်ခုခုလိုအပ်ရင်ငါ့ကိုခေါ်လိုက်နော်"


ယိုလင်လင်သည် မင်လျိုရီ၏လက်အား စိတ်လှုပ်ရှားစွာဖြင့်ကိုင်ထားသည်။ ဒေါက်တာမြောင်သည် သူမ ခင်ပွန်းလောင်း၏မျှော်လင့်ချက်ဖြစ်သလို ယိုလင်လင်၏မျှော်လင့်ချက်လည်းဖြစ်သည်။ သူမ အရင်ကတည်းက မြောင်လွေ့မင်နှင့်တွေ့ချင်ခဲ့သော်လည်းအခွင့်အရေးမရခဲ့ပေ။ ယနေ့ ကျွီဖုန်းအားစစ်ဆေးပေးနေသည့်မြင်ကွင်းကိုတွေ့ရသောအခါ နောက်ဆုံးတွင် သူမ​၏မျှော်လင့်ချက်ရောင်ခြည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း ထိုမျှော်လင့်ချက်ထဲကသတင်းဆိုးကြားရမည်ကိုတွေးမိပြီး ပို၍ကြောက်ရွံ့လာမိသည်။ 


"လျိုရီ ငါနဲ့အတူနေပေးလို့ရမလား... ငါအရမ်းစိတ်လှုပ်ရှားပြီး အနှောင့်ယှက်ပေးမိမှာစိုးလို့" 


ယိုလင်လင် ထိုကဲ့သို့ စိတ်လှုပ်ရှားနေသည်ကို မင်လျိုရီ ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ မင်လျိုရီ ခေါင်းငြိမ့်ပြပြီး သူမကိုနှစ်သိမ့်ပေးကာ အခန်းထဲသို့အတူတူပြန်ဝင်လိုက်တော့သည်။ မြောင်လွေ့မင်က ကျွီဖုန်း၏ မျက်လုံးကို လှန်ကြည့်နေသည်ကို မင်လျိုရီမြင်လိုက်ရသည်။ 


ယိုလင်လင်က ချက်ချင်းပဲ ရှေ့ကိုသွားလိုက်ပြီး မြောင်လွေ့မင်ကို အလေးအနက်ပြောပြလိုက်သည်။ 


"အခုတလော ကျွီဖုန်းက မသိစိတ်ကနေ အလိုလို မျက်လုံးနည်းနည်းပွင့်လာတတ်တယ်ဒါပေမဲ့ ဘာတစ်ခုမှမြင်ရတဲ့ပုံတော့မပေါ်ဘူး...သူ့မျက်လုံးရှေ့မှာ လက်တစ်ခုလုံးရှိနေရင်တောင် ဘာမှမတုန့်ပြန်ဘူး" 


မြောင်လွေ့မင် ခေါင်းငြိမ့်လိုက်သည်။ ဤလူနာ၏ အခြေအနေသည် အနည်းငယ်ဆိုးသော်လည်း လုံးဝကြီးမဖြစ်နိုင်တာတော့မဟုတ်ပေ။ အောင်မြင်နိုင်ချေရာခိုင်နှုန်းသိပ်မမြင့်သော်လည်း မျှော်လင့်ချက်မရှိတာထက်စာရင်တော့ တော်သေးသည်ပြောရမည်။ မြောင်လွေ့မင်က သူသယ်လာခဲ့သည့် ဘောပင်နှင့်စာအုပ်ကိုထုတ်လိုက်ပြီး ဆေးညွှန်းချရေးလိုက်သည်။ 


သူက သူမတို့နှစ်ယောက်အား ကြည့်ပြီး အလွန်ကို လေးနက်သည့်မျက်နှာထားဖြင့် အလောတကြီးပြောပြလိုက်သည်။ 


"ကျွီဖုန်းရဲ့ဦးခေါင်းက နည်းနည်းထိခိုက်ထားတာကြောင့် ပြန်ကောင်းဖို့အချိန်လိုအပ်တယ် ကျွန်တော်တို့ သူပြန်နိုးထလာမဲ့ အကောင်းဆုံးအချိန်ကိုတော့ ကျော်လွန်သွားပြီ... ဒါပေမဲ့ ကြိုးစားလို့ရပါသေးတယ် အရေးအကြီးဆုံးကတော့ မျှော်လင့်ချက်ကိုမစွန့်ပစ်လိုက်ပါနဲ့... မှော်ဆန်တဲ့အရာတွေဆိုတာ ဖြစ်လာတတ်တယ်လေ"



🥰