🥰 Chapter 47 ✅
မြောင်လွေ့မင်က ဆေးညွှန်းရေးပြီးနောက် ယိုလင်လင်အားပေးလိုက်သည်။ အောင်မြင်နိုင်ချေအလွန်နည်းသော်လည်း သူလက်လျှော့မည်မဟုတ်ပေ။ ဆေးပညာလောကတွင် မှော်ဆန်ဆန်ဖြစ်ရပ်အများအပြားရှိခဲ့သည်။ ဆရာဝန်များကလက်လျော့ခဲ့သော်လည်း မယုံနိုင်လောက်အောင် နလန်ပြန်ထူလာနိုင်သည့် လူနာများစွာရှိသည်။ အချိန်ခဏမျှ စဥ်းစားပြီးနောက် မြောင်လွေ့မင်သည် ဆေးညွှန်းစာရွက်ကိုပြန်ယူပြီး ဖုန်းနံပါတ်တစ်ခုကိုချရေးလိုက်သည်။
သူက သေချာစွာပြောလိုက်သည်။
"ဒါက ကျွန်တော့်စီနီယာရဲ့ နံပါတ်ပါ...သူက ဒီနယ်ပယ်မှာ ကျွန်တော့်ထက်ပိုပြီး ကျွမ်းကျင်တယ် ဒီဆေးညွှန်းကိုယူပြီးလို့ ကျွန်တော်ဒီမြို့မှာမရှိတော့ရင် ကျွန်တော့်စီနီယာဆီပဲ တိုက်ရိုက်သွားလိုက်ပါ... ကျွန်တော် သူနဲ့အတူနောက်ထပ်တစ်ဆင့်ကုသမှုနဲ့ ဘယ်လိုစီစဥ်ရမလဲဆိုတာကို အတူတူတိုင်ပင်ပေးပါ့မယ်"
ယိုလင်လင်ကား အလွန်ကိုစိတ်လှုပ်ရှားနေတော့သည်။ သူမက မြောင်လွေ့မင်ကို စမ်းသပ်ကြည့်စေရုံသာဆိုသော်လည်း မြောင်လွေ့မင်အား ထိုမျှလောက် တာဝန်ယူမှုရှိမည်ဟုမထင်ခဲ့ပေ။ သူမကို ဆေးညွှန်းရေးပေးခဲ့သည့်အပြင် သူမရှိသည့်အချိန်တွင် တခြားဆရာဝန်နှင့် ဆက်လက်ကုသလို့ရအောင်ပါ စီစဥ်ပေးခဲ့သည်။ ဒီလိုသဘောကောင်းပြီး တော်သည့်ဆရာဝန်ဆိုတာ အလွန်ရှားသွားပြီဖြစ်သည်။
ယိုလင်လင်သည် ဆေးညွှန်းစာရွက်ကို သူမလက်တွင်ကိုင်ထားရင်း ပျော်ရွှင်စွာပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်... ကျေးဇူးပါရှင်... ဒေါက်တာမြောင် ရလဒ်ကဘယ်လိုပဲဖြစ်ဖြစ် ရှင့်ကိုအမြဲကျေးဇူးတင်နေမှာပါ"
မင်လျိုရီသည်လည်း ပျော်သွားသည်။ မြောင်လွေ့မင်နှင့် ဆက်သွယ်မိကတည်းက ထိုသူကဘယ်လိုလူမျိုးလဲဆိုတာ သူမသိပြီးဖြစ်သည်။ သူက အရမ်းတည့်တိုးဆန်သည့်လူဖြစ်ပြီး မြောင်လွေ့မင်ဆီက ' နိုး' ဟုမပြောသ၍ ထိုလူနာသည် ကယ်လို့ရသေးသည့်လူဖြစ်သည်။ ထိုအရာကပဲ ယိုလင်လင်ကိုမျှော်လင့်ချက်များပေးခဲ့သည်။ မြောင်လွေ့မင်သည် အပျော်လွန်နေသည့် အမျိုးသမီးလေးနှစ်ယောက်ကိုကြည့်ရင်း ပြုံးလိုက်မိသည်။
ထို့နောက် သူက အလေးအနက် ဆက်ပြောသည်။
"ဘေးကင်းတဲ့နေရာမှာဆို လူနာကို လေကောင်းလေသန့်ရှုစေနိုင်ဖို့ အပြင်ခေါ်ထုတ်လို့ရတယ်"
ယိုလင်လင်က ချက်ချင်းပဲခေါင်းငြိမ့်လိုက်သည်။ ယခင်က ယိုလင်လင်သည် ကျွီဖုန်းကိုအပြင်သို့ခေါ်ထုတ်ချင်သော်လည်း တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်ခဲ့သည်။ သို့သော် မြောင်လွေ့မင်က အဆင်ပြေတယ်ဟု ပြောလာသည့်အတွက် သူမ ကျွီဖုန်းကို မကြာခဏအပြင်သို့ ခေါ်ထုတ်ပေးတော့မည်ဖြစ်သည်။ မင်လျိုရီလည်း မြောင်လွေ့မင်အား ကျေးဇူးတင်မိသည်။ ပထမတွင် ယောင်ကျိကျိုးကို ကြည့်ပေးရန်လာခဲ့သော်လည်း သူမသူငယ်ချင်းကိုပါ ကူညီပေးခဲ့သည်။
မင်လျိုရီက အပြုံးလေးဖြင့် ပြောလိုက်သည်။
"ဒေါက်တာမြောင် ဒီနေ့ရာသီဥတုကောင်းတယ်နော် အကယ်၍ အလျင်မလိုဘူးဆိုရင် မပြန်ခင်ကျွန်မတို့နဲ့နေ့လယ်စာစားသွားပါလား... ဒီနေ့မီနူးက ခြံထဲမှာ ပျော်ပွဲစားထွက်ဖို့ အကောင်းဆုံးပဲ"
မြောင်လွေ့မင်သည် အနည်းငယ်တွေဝေသွားပြီးနောက် ခေါင်းခါလိုက်သည်။ သူ့တွင်ကြည့်စရာလူနာ
ရှိသေးကြောင်းကို ရှင်းပြလိုက်ပြီး မင်လျိုရီပေးသည့် ဘီစကွက်များကိုယူကာ ထွက်ခွာရန်ပြင်လိုက်သည်။ မြောင်လွေ့မင်သည် သီးစုံအနှစ်၏အရောင်ကိုကြည့်လိုက်ပြီး အနီရောင်နဂါးမောက်သီးဖြင့် ပြုလုပ်ထားမှန်းသိလိုက်သည်။ မြောင်လွေ့မင်မပြန်ခင် မင်လျိုရီသည် သူ့အားလှမ်းခေါ်ကာခဏစောင့်ပေးရန်ပြောလိုက်သည်။
မင်လျိုရီက နောက်လှည့်ကာ မီးဖိုချောင်အတွင်းသို့ ပြေးဝင်သွားခဲ့သည်။ နေ့လယ်စာဗူးထဲတွင် လတ်လတ်ဆတ်ဆတ်ဖုတ်ထားသည့် ပီဇာများရှိပြီး အားလုံးကို မင်လျိုရီကိုယ်တိုင်လုပ်ထားခြင်းဖြစ်သည်။ ထိုစားစရာများကို အရသာရှိသည်ဟု မပြောဝံ့သော်လည်း အရသာမဆိုးသည်ကိုတော့ သူမပြောနိုင်သည်။ မင်လျိုရီသည် နေ့လယ်စာဗူးနှင့်အတူ ပြန်ရောက်လာပြီး မြောင်လွေ့မင်အား ပေးလိုက်သည်။ မင်လျိုရီသည် မြောင်လွေ့မင်က ထိုကဲ့သို့ အစားအစာများကို စားမစားမသိသဖြင့် အနည်းငယ် ရှက်ရွံ့နေလေသည်။
"ဟိုလေ ဒေါက်တာမြောင် နေ့လယ်စာဗူးကိုယူသွားပါလား... ကျွန်မဒီနေ့လုပ်ထားတာပါ စိတ်မရှိဘူးဆို မြည်းကြည့်လို့ရပါတယ်"
မြောင်လွေ့မင်သည် ငြင်းဆိုရန်ပြင်ထားသော်လည်း မင်လျိုရီ၏ လက်ရာဟုသိလိုက်သောကြောင့် ရုတ်တရက် စိတ်ဝင်စားသွားတော့သည်။ မြောင်လွေ့မင်သည် ဆေးကုရာတွင် စည်းကမ်းရှိသည်။ ဆေးကုသစရိတ်ရနေသ၍ တခြားအပိုလက်ဆောင်ပစ္စည်းများကို ဘယ်တုန်းကမှလက်မခံခဲ့ပေ။ သို့သော်မြောင်လွေ့မင်သည် မင်လျိုရီလုပ်ပေးသည့် အစားအစာများကို ကြိုက်နှစ်သက်သောကြောင့် မငြင်းဆိုတော့ပေ။
သူက နေ့လယ်စာဗူးကိုယူပြီးပြုံးကာပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
မင်လျိုရီလည်း ပြုံးပြပြီး ကားနားသို့လိုက်ပို့သည်။ မြောင်လွေ့မင်သည် တရုတ်ဆေးပညာလောကတွင် ကျင်လည်နေသောကြောင့် ကမ္ဘာပေါ်ရှိပစ္စည်းများ၏ ဝိညာဥ်စမ်းအင်များကို တစ်ခါတစ်ရံခံစားမိသည်။ သူအင်မတန်ကြိုးစားပြီးမှရခဲ့သည့် နှစ်ပေါင်းတစ်ရာသက်တမ်းရှိဂျင်ဆင်းသည် ဝိညာဥ်စွမ်းအင်အများဆုံးရှိမည်ဟု သူထင်ခဲ့မိသည်။ သို့သော် မင်လျိုရီလုပ်ပေးသည့် ဘီစကစ်နှင့် သီးစုံအနှစ်များသည် ဂျင်ဆင်းထက်ပင်အာနိသင်ပိုရှိနေလေသည်။
အသင့်စား အစားအစာဖြစ်သည့်ပီဇာလျှင်ပင် လတ်ဆတ်ပြီး ကောင်းမွန်ပုံပေါ်နေသည်။ သူပဲစိတ်ထင်တာလားတော့မသိပေ။ မြောင်လွေ့မင်သည် မင်လျိုရီလုပ်ပေးသည့် သီးစုံအနှစ်ကိုစားလိုက်တိုင်း တစ်နေ့လုံး လန်းဆန်းနေတတ်သည်။ မင်လျိုရီသည် မြောင်လွေ့မင်အားလိုက်ပို့ပြီးနောက် သူမနှင့် ယိုလင်လင်တို့သည် ပျော်ပွဲစားအတွက် ပြင်ဆင်တော့သည်။ သူတို့နှစ်ဦးသည် ရာသီဥတုပူမည်ကိုစိုးရိမ်ခဲ့သော်လည်း သစ်ပင်အကြီးကြီးအောက်သို့ ဝင်ထိုင်လိုက်မိသည်နှင့် သစ်ရိပ်ဝါးရိပ်ဆိုသော စကားကို စတင်နားလည်လာကြသည်။
မင်လျိုရီ၏ဗီလာသည် မြို့ပြင်တွင်တည်ရှိပြီး ထိုနေရာမှအပူချိန်သည် မြို့ထဲထက်နည်းပါးသည်။ သစ်ပင်ကြီးများရှိခြင်းကြောင့် လတ်ဆတ်သည့် သဘာဝလေသည် အလွန်သက်တောင့်သက်ရှိစေပြီး အပူဒဏ်တစိုးတစိမျှ မခံစားရပေ။ ယိုလင်လင်သည် ကျွီဖုန်းအား အပြင်မထုတ်တာကြာပြီဖြစ်၍ နောက်ဆုံးအကြိမ်ကိုပင် မမှတ်မိတော့ပေ။ ထို့ကြောင့် ယခုအချိန်တွင်စိတ်လှုပ်ရှားလွန်း၍ ဘာလုပ်ရမှန်းပင်မသိတော့ပေ။
မင်လျိုရီသည် အိမ်အကူများကို နေရာထိုင်ခင်းပြင်ဆင်ပေးရန်ပြောပြီး ယိုလင်လင်အားပြောလိုက်သည်။
"လင်လင် နင်ကျွီဖုန်းကို ဟိုနားဒီနားတွန်းပေးနေလို့ရတယ်... ငါ ငါ့ယောက်ျားကိုအောက်အရင်ချလိုက်ဦးမယ်... သူလည်း လေကောင်းလေသန့်ရှုဖို့လိုအပ်တယ်လို့ ဒေါက်တာမြောင်ကပြောလို့လေ ငါတို့ ရာသီဥတုကောင်းနေတာကို ဖြုန်းတီးလိုက်လို့ဘယ်ဖြစ်မလဲ"
🥰