🥰 Chapter 48 ✅
မင်လျိုရီ အပေါ်ထပ်သို့တက်ကာ ယောင်ကျိကျိုးကို အောက်သို့ချရန်ကူညီပေးလိုက်သည်။ ယောင်ကျိကျိုးသည် တခြားသူများနှင့်ကွဲပြားသည်မဟုတ်ပါလား။ သူသည်ဇာတ်လိုက်ဖြစ်သောကြောင့် အပြင်ကို ညအိပ်ဝတ်စုံနှင့် ထွက်သွား၍မသင့်တော်ပေ။ ခဏမျှ စဥ်းစားခန်းဝင်ပြီးနောက် မင်လျိုရီသည် အိမ်အကူများကို ယောင်ကျိကျိုးအား သက်တောင့်သက်သာရှိနေမည့် အဝတ်အစားများလဲခိုင်းလိုက်လေသည်။ သူမသည် ယောင်ကျိကျိုး၏စိတ်ဆန္ဒမပါဘဲ အပြင်သို့ခေါ်ထုတ်ကာ လူများနှင့်ပေးတွေ့မိသည်။ ယောင်ကျိကျိုးသာနိုးလာလျှင် သူမအားသေချာပေါက် ခေါင်းကနေနှစ်ခြမ်းဆွဲဖြဲပစ်လောက်မည်ဖြစ်သည်။
ထိုအရာကိုတွေးမိပြီးနောက် မင်လျိုရီသည် အနည်းငယ်ကြောက်ရွံ့သွားပြီး ယောင်ကျိကျိုးအား နေကာဦးထုပ်နှင့် မျက်နှာအကာဝတ်ပေးရန် ဆုံးဖြတ်လိုက်တော့သည်။ ဒီဟာတွေနှင့်ဆို သူ၏မျက်နှာကို မြင်စရာအကြောင်းမရှိတော့သလို လေဝင်လေထွက်ကိုလဲ ပိတ်မည်မဟုတ်ပေ။ မင်လျိုရီသည် ထိုအကြံကအလွန်ကောင်းသည်ဟုတွေးမိပြီး နေကာဦးထုပ်နှင့် မျက်နှာအကာကို ခပ်မြန်မြန်ရှာကာ ယောင်ကျိကျိုးကို ပျော်ရွှင်စွာဝတ်ပေးလိုက်တော့သည်။
လူတိုင်းလိုလိုသည် ယောင်ကျိကျိုးအား ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်နေကြသည်။ ပုံမှန်ထသွားထလာ အရောင်နုနုအဝတ်အစားများသည် သူနှင့်အလွန်လိုက်ဖက်ပြီး သန့်ရှင်းသပ်ရပ်သည့်အသွင်ပေါ်နေတော့သည်။ သို့သော်လည်း နေကာဦးထုပ်ကြီးနှင့် မျက်နှာအကာကို ဝတ်ဆင်လိုက်သည့်အခါတွင်တော့ သူ၏အသွင်အပြင်သည် အလွန်ကိုထူးဆန်းနေကာ မိန်းမဆန်သည်ဟုပင်ပြောလို့ရသည်။ လူများအားလုံးသည် ထိုသို့တွေးမိပြီးနောက် သူတို့၏ ခေါင်းများကိုခါရမ်းလိုက်ကြသည်။ သူတို့အားလုံး ယောင်ရမ်းမှားယွင်းပြီး မြင်ယောင်မိခြင်းဖြစ်ပေလိမ့်မည်။ ဘယ်လိုလုပ် ယောင်ကျိကျိုးက မိန်းမဆန်တာဖြစ်မလဲ...
မင်လျိုရီကိုယ်တိုင်လဲ ထူးဆန်းသည်ဟု ခံစားနေရသည်။ ထို့ကြောင့် သူမက ယောင်ကျိကျိုး အနားနားကပ်ကာ ပြောလိုက်သည်။
"နောက်တစ်ခါကျ ဒီထက်ပိုသင့်တော်တာကို ဝယ်ပေးပါ့မယ် အခုတော့ ဒါလေးပဲဝတ်ထားလိုက်နော်"
ထို့နောက် မင်လျိုရီသည် အိမ်အကူများကို လက်ဟန်ခြေဟန်ပြလိုက်သည်။ အိမ်အကူများသည် ယောင်ကျိကျိုးကို ဝှီးချဲပေါ်သို့တင်ရန်ကူညီပေးလိုက်ကြပြီး မင်လျိုရီသည် အလွန်ကိုကျေနပ်သွားတော့သည်။
'လင်လင်က အပြင်လူမှမဟုတ်တာ စိုးရိမ်နေစရာမလိုပါဘူး...'
ထိုသို့ဖြင့် သူမသည် ယောင်ကျိကျိုးကိုတွန်းပြီး ဓာတ်လှေကားကိုအသုံးပြုကာ အောက်သို့ဆင်းလိုက်သည်။ ပြောရမည်ဆိုရင် ယခုအကြိမ်သည် သူမအတွက်ဓာတ်လှေကားကို ပထမဆုံးအကြိမ်အသုံးပြုခြင်းဖြစ်သည်။
ဓာတ်လှေကားသည်အလွန်ဝေးသည်ဟု သူမတွေးမိပြီး ခြေထောက်ဖြင့်အတက်အဆင်းလုပ်တာကမှ ပိုမိုလျင်မြန်ဦးမည်ဟု ထင်မိသည်။ သို့သော် ယောင်ကျိကျိုးတစ်ယောက် အလွန်စိတ်လှုပ်ရှားနေသည်ကို မင်လျိုရီမသိလိုက်ပေ။ ယောင်ကျိကျိုး ကိုမာမဝင်ခင်အချိန် သူ၏နောက်ဆုံးမှတ်ဥာဏ်သည် မင်လျိုရီကသူ့အား လှေကားပေါ်မှတွန်းချခဲ့ခြင်းဖြစ်သည်။
ဝှီးချဲဘီး၏လှုပ်ရှားမှုကိုခံစားရလေလေ စိုးရိမ်စိတ်ပိုများလာလေလေဖြစ်ပြီး နောက်ထပ်လှေကားပေါ်မှ တွန်းချခံရမည်ကို စိုးရွံ့နေလေသည်။ ထိုနေ့ညအချိန်တွင် မင်လျိုရီပြောခဲ့သော စကားများအား နားထဲတွင်ပြန်ကြားယောင်လာပြီး ခန္ဓာကိုယ်အနှံ့ရှိ သွေးကြောလေးများက တုန်လှုပ်နေမိသည်။ ထိုနေ့ညက မင်လျိုရီသည် ရူးသွပ်နေသည့်မိန်းမတစ်ယောက်ကဲ့သို့ ပြုမူကာ အော်ဟစ်နေခဲ့သည်။
"ဒုက္ခိတဖြစ်ပြီး ကန်းနေတဲ့အကောင်ရဲ့... အရမ်းကိုမှ နာကျင်နေမှာပဲနော်...ငါက နင်ကောင်းဖို့အတွက် ဒီလမ်းကိုပို့ပေးတာပါ နင်သေသွားရင် ငါ့ကိုကျေးဇူးတင်ဖို့မမေ့နဲ့နော်... ယောင်ကျိကျိုး အခုနင့်ကိုဘယ်သူမှ လာမကယ်နိုင်တော့ဘူး သွားသေလိုက် ဟားဟားဟား"
ဝှီးချဲလေးသည် အဆက်မပြတ်ရွေ့လျားနေပြီး ယောင်ကျိကျိုး၏ ဝိညာဥ်သည် အလွန်အမင်းနာကျင်လာကာ အသိစိတ်များလည်း အလို့လျောက်
ဝေဝါးလာသည်။ နောက်ဆုံးအကြိမ် ထိုကဲ့သို့ခံစားခဲ့ရချိန်တွင် သူ့အားကြင်နာစွာကူညီပေးခဲ့သူမှာ သူ၏ဇနီးလေးဖြစ်သည်။ ယခုတွင်တော့ သူ၏ဇနီးလေးကို နှလုံးသားထဲမှနေ၍ အော်ပြောရန်သာ တတ်နိုင်ခဲ့သည်။ သူ၏အသိစိတ်တွင် ထိုစကားနှစ်ခွန်းသည် သူ့အားကာကွယ်ပေးနိုင်မည့် မှော်ဂါထာအလား မှောင်မိုက်အထီးကျန်နေသည့် သူ့ဘဝထဲသို့ မျှော်လင့်ချက်ရောင်ခြည်များနှင့် အလင်းရောင်များ ဆောင်ကျဥ်းပေးခဲ့သည်။
ဓာတ်လှေကားအပေါ်သို့တက်လာသောအခါ မင်လျိုရီသည် ယောင်ကျိကျိုးအား ဓာတ်လှေကားထဲသို့ တွန်းသွားခဲ့သည်။ သူတို့ ဓာတ်လှေကားထဲသို့ ဝင်ချိန်တွင် ဝှီးချဲသည် အကြိမ်အနည်းငယ်လောက် လှုပ်ရှားသွားပြီး ယောင်ကျိကျိုးသည် ပို၍ပင် ထိတ်လန့်လာကာ ထိုနေ့ညကဖြစ်ပျက်ခဲ့သည့်အတိုင်း ပြန်ခံစားလာရသည်။ မင်လျိုရီသည် ယောင်ကျိကျိုး၏ အဆင်မပြေမှုကိုခံစားမိသွားသည့်အလား ခပ်ဖွဖွပုတ်ကာလေသံလေးဖြင့်မေးလာသည်။
"အိပ်ခန်းထဲကနေ အပြင်ကိုမထွက်ဖူးဘူးလား မကြောက်နဲ့နော် ဒီတိုင်း လေကောင်းလေသန့်သွားရှုကြမှာ ဟုတ်ပြီလား"
ယောင်ကျိကျိုးသည် နူးညံ့ညင်သာသော အသံအားကြားလိုက်ပြီး အလိုအလျောက် အသိစိတ်ပြန်ဝင်လာခဲ့သည်။ သို့သော်လည်း ဤကဲ့သို့အလုံပိတ်နေရာမျိုးသည် သူ့အားပိုမိုကြောက်ရွံ့စေကာ ရေကန်နက်ထဲသို့ တဖြည်းဖြည်း နစ်မြုပ်နေသည့်အလား အဆုံးမရှိသော ချောက်နက်ထဲသို့ ဆွဲချခံနေရသည့် ခံစားချက်မျိုးဖြစ်ပေါ်စေသည်။
ဓာတ်လှေကား ပထမအထပ်သို့ရောက်သောအခါ လတ်ဆတ်သည့်လေ အမြောက်အမြားတိုးဝင်လာပြီး သူ့ဇနီးလေး၏ သာယာချိုမြသည့်အသံကို ပြန်ကြားလာရသည်။
"ကျွန်မတို့ ပထမအထပ်ကိုရောက်ပြီနော် အဆင်သင့်ပဲလား အခုခြံထဲဆင်းကြတော့မှာ"
ဝှီးချဲစတင်ရွေ့သွားသည်နှင့်တစ်ပြိုင်နက် လေထုသည် အပင်များ၏လတ်ဆတ်သည့်အငွေ့အသက်များဖြင့် ပြည့်နှက်နေကာ လေတစ်ချက်တိုက်တိုင်း လေနှင့်အတူ သစ်ရွက်များရောပါသွားလေသည်။ သူ၏အနောက်မှ ငှက်ကလေးများ၏အသံနှင့် တက်ကြွသည့်ခြေလှမ်းအသံကိုလည်း ကြားနေရသည်။ ယောင်ကျိကျိုးသည် ရေနစ်နေသည့်လူတစ်ယောက် ရေထဲမှလွတ်မြောက်သွားချိန်တွင် လောဘတကြီးနှင့် လေကိုရှူရှိုက်နေသည်နှင့်တူသည်။ မင်လျိုရီသည် ယောင်ကျိကျိုး၏ ရင်ဘတ်နိမ့်ခြည်မြင့်ခြည်ဖြစ်နေသည်ကိုမြင်သောအခါ ဝှီးချဲကို ရပ်တန့်လိုက်မိသည်။
သူမက ဝှီးချဲအနောက်မှ ယောင်ကျိကျိုးနှင့် မျက်နှာချင်းဆိုင်သို့ လျှောက်လာပြီး ဆောင့်ကြောင့်ထိုင်ချလိုက်ကာ မျက်နှာအကာကို ညင်သာစွာဖယ်ကြည့်လိုက်ပြီး လေဝင်လေထွက်ကို စစ်ဆေးကြည့်လိုက်သည်။ ဘာလို့သူ့ပုံစံက ဒီလိုဖြစ်နေတာလဲ...မင်လျိုရီ၏ ခန္ဓာကိုယ်သည် ယောင်ကျိကျိုး၏ ခြေထောက်များကို တစ်ဝက်မှီထားခြင်းဖြစ်ပြီး သူမရှေ့သို့ အနည်းငယ်ထပ်ကိုင်းလိုက်သောအခါ သူတို့ခန္ဓာကိုယ်များသည် ပိုမိုနီးကပ်သွားတော့သည်။ ယောင်ကျိကျိုးသည် သူ့ဇနီးလေးဆီမှသာ ရနိုင်သည့် လတ်ဆတ်သည့် တောင်ကျစမ်းရေ၏ အငွေ့အသက်ကို ခံစားမိလိုက်သည်။
🥰