Chapter 240
ပိုကောင်းတဲ့ဘဝတဲ့လား...
အမှန်အတိုင်းပြောရလျှင် ရှအန်းက ကလေးတစ်ယောက်ကို ပစ္စည်းဥစ္စာမချို့ယွင်းသော ဘဝကိုပေးရမည်အစား ပျော်ရွှင်စရာဘဝကိုသာ ပေးရန်အလိုရှိပေသည်။ အထူးသဖြင့် ကျူးပိုင်ရွှယ်လို သနားစရာကလေးမလေးဆိုလျှင် ပို၍ဆိုးပေသည်။
ထို့အပြင် သူမက ကျုးပိုင်ရွှယ်၏ အနာဂတ်တွင် တိုးတက်လာမည့် ကိစ္စများကို သိပေသည်။
သူမ၏ ဘဝက ဖုအန်းချီလောက်မကောင်းပဲ ဖုအန်းချီလောက် အမြင်မကျယ်သော်လည်း သူမလေးက ဉာဏ်ကောင်းကာ တောက်ပသောမိန်းမငယ်လေးဖြစ်လာပေသည်။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင်ပင် အကောင်းဆုံး တက္ကသိုလ်ကို မြင့်မားသော အမှတ်ဖြင့် ဝင်ခွင့်ရခဲ့သည်။
သူမက စာလေ့လာရာတွင်သာ အာရုံစိုက်ထားခြင်းမဟုတ်ပဲ သူမမိဘများအတွက် ဖိအားများကို ဝေမျှပြီး အချိန်ပိုင်းအလုပ်များပင် လုပ်ကိုင်ခဲ့သေးသည်။
ထို့ကြောင့် ထိုကဲ့သို့သော ကလေးတစ်ယောက်က အမြင်ကျဉ်းမည်မဟုတ်ပေ။
ကျူးပိုင်ရွှယ်က တက္ကသိုလ်ပြီးသည်နှင့် သူမ၏အနာဂတ်မှာ အတိုင်းအဆမဲ့သွားမည်ဖြစ်ကြောင်း ရှအန်း ယုံကြည်ပေသည်။
၎င်းကလည်း ရှအန်းတစ်ယောက် ကျူးမိသားစုကို ပိုက်ဆံတိုက်ရိုက်ပေးရန် တွေးမိသွားခြင်းဖြစ်သည်။
ကျူးပိုင်ရွှယ်၏ အနာဂတ်အခြေအနေများကို ရှုထျန်းထျန်းက မသိသော်လည်း သူမက သိပေသည်။
"ရှောင်ရွှယ်နဲ့ အရင်တွေ့ကြည့်ရအောင်ပါ.."
"ဒါဆို ရှောင်ရွှယ်ရဲ့ ကျောင်းကိုသွားကြတာပေါ့... နေ့လည်တောင်ရောက်ပြီဆိုတော့... သူက နေ့လည်စာကို အိမ်ပြန်စားလေ့ရှိတယ်လေ..."
ရှုထျန်းထျန်းက သူမလေး၏ တစ်နေ့တာ အချိန်ဇယားများကို သိပေသည်။
သူမက ကျူးပိုင်ရွှယ်အတွက် အတော်လေး စိတ်မကောင်းဖြစ်နေမိ၍ ရှအန်းကို ထိုကဲ့သို့ လိမ္မာလှသော ကလေးမလေးကို ပြန်ခေါ်ရန် စိတ်ပြောင်းအောင် လုပ်နေခြင်းဖြစ်သည်။
"ဒါဆို ကျောင်းကိုသွားကြတာပေါ့..."
ရှအန်းက ဘာမှမပြောသော်လည်း အတော်လေး စိတ်ခံစားချက်ပြင်းပြနေမိသည်။ မူလကိုယ်၏ သမီးလေးမှာ အတော်လေး သိတတ်လှပေသည်။ ခုနစ်နှစ်သာရှိသေးသော်လည်း သူမ၏မိဘများအတွက် ထမင်းဟင်းပင် ချက်ပြုတ်ပေးနေလေပြီ။
ကားက ကျိုးပိုင်ရွှယ်၏ ကျောင်းဆီရောက်လာခဲ့သည်။ နိုင်ငံငယ်လေးသာဖြစ်၍ မူလတန်းကျောင်းကလည်း မကောင်းလှပေ။
ကျောင်းက အတော်လေးအိုဟောင်းနေပြီး သေးငယ်လှပေသည်။
ကျောင်းရှေ့တွင် စက်ဘီးများစွာရှိနေပြီး ရှုပ်ယှက်ခတ်ကာ ဟောင်းနွမ်းနေပေသည်။
ရှအန်းက ထိုမူလတန်းကျောင်းလေးကို ကြည့်ပြီး မျက်ခုံးပင့်မိသွားသည်။
အမှန်အတိုင်းပြောရလျှင် သူမက ရှရှင်းချန်ကြောင့် ကလေးတစ်ယောက်၏ ပညာရေးက မည်မျှအရေးပါကြောင်း သိပေသည်။
သူမက ဤပြည်တွင်းတွင်ပင် ရှရှင်းချန်အတွက် အကောင်းဆုံးကျောင်းကို ရှာမတွေ့ခဲ့ပေ။
သို့သော် ယခုတွင် ကျူးပိုင်ရွှယ် တက်နေသော ကျောင်းအဟောင်းကို ကြည့်လိုက်မိသည်။ ရှရှင်းချန်၏ကျောင်းမှာ နိုင်ငံတကာတွင် အကောင်းဆုံးသော ကျောင်းတစ်ကျောင်းဖြစ်ပေသည်။
ရုတ်တရက် သူမက ရှုထျန်းထျန်း ပြောသည်မှာ မမှားကြောင်း နားလည်သွားပေသည်။
ကလေးနှစ်ယောက်၏ ကျောင်းများမှာ မိုးနှင့်မြေလို ကွာခြားလှပေသည်။
သူမက ကျူးပိုင်ရွှယ်၏ ဉာဏ်ရည်ကို တွေးမိလိုက်သည်။ ပြင်ပအကူအညီမပါဘဲ မိသားစု၏ စီးပွားရေးကိုပင် ကူညီလုပ်ကိုင်ပေးသော်လည်း ထူးချွန်လှပေသည်။
သို့သော် ထိုထူးချွန်မှုက သာမန်လူများနှင့် ယှဉ်မှသာဖြစ်ပေသည်။
ရှရှင်းချန်နှင့် ကုရှုမော်တို့နှင့် ယှဉ်လျှင် သူမက အစဦးမျဉ်းသာ ရောက်ပေသည်။ ကျူးပိုင်ရွှယ်က နိုင်ငံတွင်းရှိ အကောင်းဆုံး တက္ကသိုလ်ကို တက်ခွင့်ရပြီး အကောင်းဆုံးကျောင်းမှ ဘွဲ့ယူခဲ့သော်လည်း ရှရှင်းချန်နှင့် ကုရှုမော့တို့ဖြင့် ယှဉ်မရပေ။
ဖုအန်းချီနှင့်တောင် ယှဉ်မရပေ။
လူတစ်ယောက်နှင့် တစ်ယောက် ကွာခြားမှုကို ထိုလူ၏ အရည်အချင်းနှင့် မဆုံးဖြတ်သင့်ပေ။ သို့သော် တစ်ခါတစ်ရံတွင် သူတို့ကြီးပြင်းလာသည့် ပတ်ဝန်းကျင်နှင့် ဆုံးဖြတ်၍ရပေသည်။
"ရှအန်းကျဲကျဲ.. ကြည့်လိုက်ဦး...အဲ့တာ ရှောင်ရွှယ်လေ... သူက အရမ်းလှတာပဲ.."
ရှအန်းက တွေးတောနေစ၍တွင် ရှုထျန်းထျန်းက စိတ်လှုပ်တရှားအော်လိုက်သည်။
ရှအန်းက ကားမှန်ပြတင်းပေါက်မှ ကြည့်လိုက်သည်။
တစ်ချက်ကြည့်ရုံဖြင့် ရှောင်ရွှယ်ကို မြင်သွားလေသည်။
ကျောင်းသူ ကျောင်းသားများစွာဖြင့် ပြုံတိုးနေသော်လည်း ကျူးပိုင်ရွှယ်မှာ မူလတန်းကျောင်းသား အုပ်ထဲတွင်ပင် မျက်စိဖမ်းစားနိုင်ပေသည်။
သူမ၏ ဆံပင်များက မှင်ရောင်လို နက်မှောင်နေပြီး အသားအရည်က နှင်းလိုဖြူဖွေးကာ မျက်လုံးအစုံကလည်း ကြယ်လေးများလို တောက်ပနေသည်။
သူမက အကြိမ်ကြိမ်အခါလာ ဖွတ်လျှော်ခံထားရသော အဖြူရောင်အင်္ကျီလေးကို ဝတ်ထားပြီး အလွန်လှပကာ ချစ်စဖွယ်ကောင်းနေလေသည်။ လူအုပ်ကြီးထဲတွင် ရပ်နေလျှင်ပင် တောက်ပနေသဖြင့် အကြည့်တစ်ချက်ဖြင့် ချက်ချင်းမြင်နိုင်လေသည်။
"ရှအန်းကျဲ.. ရှောင်ရွှယ်ရဲ့ မျက်လုံးတွေက ကျဲနဲ့ တစ်ထေရာတည်းပဲ.."
ရှုထျန်းထျန်းက ရှအန်း၏ ကလေးဗားရှင်းလေးဖြစ်သော ရှောင်ရွှယ်ကိုကြည့်ရင်း အပျော်လွန်နေလေသည်။
ကျူးပိုင်ရွှယ်က အလွန်ငယ်ရွယ်သေးပြီး သူမ၏ မျက်နှာသွင်ပြင်တို့က မထင်ရှားသေးပေ။ အနီးကပ်ကြည့်မှသာ အနည်းငယ်ရင်းနှီးသည်ဟု ထင်ရသည်။ ကျူးပိုင်ရွှယ်နှင့် ရှအန်းတို့က သားအမိများဖြစ်ကြောင်း သိသာလှပေသည်။
ရှုထျန်းထျန်းက ရှအန်း၏ နံပါတ်တစ် အမာခံပရိတ်သတ်ဖြစ်ပြီး ရှအန်းကို နေ့တိုင်းတွေ့နေရသဖြင့် ကျူးပိုင်ရွှယ်၏ မျက်နှာက ရှအန်းနှင့် အတော်လေး တူကြောင်း သိပေသည်။ သူတို့နှစ်ယောက်က သားအမိဖြစ်ကြောင်း သံသယဝင်စရာပင်မလိုပေ။
"တူသားပဲ..."
ရှအန်းက မူလပိုင်ရှင်နှင့် လုံးလုံးလျားလျားတူညီသော ကလေးမလေးကိုကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။
ကျူးပိုင်ရွှယ်က သူမနှင့် သိပ်မတူပဲ မူလရှအန်းနှင့် တူခြင်းဖြစ်သည်။
သူမလေး၏ အသွင်အပြင်က သူမကူးပြောင်းလာကစ အချိန်နှင့် တစ်ပုံစံတည်းဖြစ်သည်။
DNAစစ်စရာပင် မလိုပဲ ကျူးပိုင်ရွှယ်က ရှအန်း၏သမီးဖြစ်ကြောင်း သေချာလှပေသည်။
"ရှောင်ရွှယ် နေ့လည်ကြမှတွေ့မယ်နော်..."
"တာ့တာ ရှီရာယုကီ...."
"နေ့လည်ကြမယ်တွေ့မယ်..."
ကျုးပိုင်ရွှယ်က နေရောင်ခြည်နှင့်အပြိုင် တောက်ပစွာပြုံးနေပြီး သူမ၏ အတန်းဖော်များကို နှုတ်ဆက်လေသည်။ ကလေးမလေးက သူမထက်ကြီးသော စက်ဘီးအဟောင်းကို စီးနင်းကာ အိမ်သို့ ပြန်လေသည်။
ရှအန်းက ကျူးပိုင်ရွှယ် စက်ဘီးစီးနေသည်ကိုကြည့်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
"ကြည့်ရတာ ကလေးမလေးက ကျောင်းမှာ နာမည်ကြီးတဲ့ပုံပဲ..."
"ဟုတ်တာပေါ့... ရှအန်းကျဲရယ်.. ရှောင်ရွှယ်က ဆက်ဆံရေးကောင်းတယ်လေ... ကျောင်းမှာရှိတဲ့ ကလေးတိုင်းက ညီမတို့ရဲ့ ရှောင်ရွှယ်လေးနဲလ သူငယ်ချင်းဖြစ်ချင်ကြတာ..."
လမ်းတွင် ရှုထျန်းထျန်းက ရှောင်ရွှယ်ကို ထပ်မံ ချီးကျူးလိုက်သည်။
ဤနိုင်ငံက သိပ်မကြီးပဲ တစ်နိုင်ငံလုံးကို ကားဖြင့်ပင် နာရီဝက်မျှသာမောင်းရသည်။
ကျုးပိုင်ရွှယ်က ကျောင်းမှ အိမ်သို့ ဆယ်မိနစ်အတွင်း ပြန်ရောက်သွားသည်။
ကလေးမလေးနောက်မှ လိုက်ခဲ့သော ကားက ခပ်လှမ်းလှမ်းတွင် ရပ်နေလိုက်သည်။
ကျူးပိုင်ရွှယ်၏ မိသားစုက အထပ်မြင့်တိုက်များတွင် မနေပဲ ကိုယ်တိုင်ကိုယ်ကျဆောက်လုပ်ထားသော တစ်လုံးချင်းအိမ်လေးတွင် နေလေသည်။
စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း ရှုထျန်းထျန်းက ကျူးပိုင်ရွှယ်လေး ဤကဲ့သို့ နေရာမျိုးတွင် နေနေရကြောင်း သူမမျက်လုံးနှင့် ကိုယ်တိုင်မြင်လိုက်ရပြီး စိတ်ဆင်းရဲသွားရသည်။
"ညီမတို့ရဲ့ ရှောင်ရွှယ်လေးက ဒီလိုနေရာမှာ အချိန်အတော်အကြာနေခဲ့ရတာ... အတော်လေး သနားဖို့ကောင်းတာပဲ..."
အငွေ့တို့ လွင့်ပျံလာပြီးနောက်တွင် ကျူးရှောင်ပိုင်က နေ့လည်စာ ထမင်းဘူးနှစ်ဘူးဖြင့် ပြန်ပေါ်လာခဲ့သည်။
ကလေးမလေးက သံထမင်းဘူးနှစ်ဘူးကို စက်ဘီးခြင်းတောင်းထဲကို ဂရုတစိုက်ထည့်ပြီး သူမမိဘများ အလုပ်လုပ်သောနေရာကို နင်းသွားလိုက်သည်။
ကျူးတချင်းအလုပ်လုပ်သည့်နေရာက ဝမ်လန့်ကျီ၏စက်ရုံနှင့် အတော်လေးနီးလှ၍ ထမင်းစားချိန်တိုင်းတွင် ကျူးပိုင်ရွှယ်လေး အစားအသောက်လာပို့မည်ကို အတူတူစောင့်လေ့ရှိသည်။ ထို့နောက်တွင် မိသားစုသုံးယောက်က ဟာလာဟင်းလင်း ကွင်းပြင်တွင် အတူတူထမင်းစားကြလေသည်။
လင်မယားနှစ်ယောက်က လုပ်ဖော်ကိုင်ဖက်များနှင့် စကားပြောပြီး သူတို့၏သမီးလေး ယူလာသော နေ့လည်စာကို စောင့်နေကြသည်။
"ဖေဖေ... မေမေ..."
ကျူးမိသားစုရောက်သည်နှင့် သူတို့၏သမီးလေးက စက်ဘီးစီးပြီး လာနေကြောင်း တွေ့လိုက်ရသည်။
"ရှောင်ရွှယ် အရှိန်လျော့ဦး...."
"ရှောင်ရွှယ်... ဂရုစိုက်ဦး... အမြန်ကြီး နင်းမလာနဲ့...."