Chapter 241
ထို နွေးထွေးသော မြင်ကွင်းလေးက ရှအန်းကို စိတ်သက်သာရာသွားစေသည်။
နေထိုင်ရသည့် ဘဝအခြေအနေမှာ ခက်ခဲသော်လည်း ကလေးမလေးက အတော်လေးပျော်နေသည့်ပုံပင်။
မိသားစုသုံးယောက်လုံး၏ မျက်နှာပေါ်တွင် အပြုံးများဖြင့် ပြည့်နှက်နေပြီး ရိုးရှင်းကာ ပျော်ရွှင်နေပြီ။
သူတို့ပျော်ရွှင်နေသည်မှာ ဘဝက မခက်ခဲသည့်အလားပင်။
"ရှအန်းကျဲ... ရှောင်ရွှယ်က တော်တော်လေး ပြုံးနေတာပဲနော်...."
ရှုထျန်းထျန်း၏မျက်နှာတွင်ပါ အပြုံးတို့ကူးစက်လာပြီး ခုဏက ရှအန်းပြောခဲ့သည်ကို နားလည်သွားလေသည်။
ပစ္စည်းဥစ္စာပစ္စည်းတို့ပြီးပြည့်စုံသော ဘဝက ကောင်းမွန်သော်လည်း ပျော်ရွှင်မှုနှင့် မေတ္တာတို့မွှန်းထုံနေသော ဘဝက ပိုကောင်းပေသည်။
....
"ဖေဖေ... မေမေ... အဲ့ဒီ့အနက်ရောင်ကားကြီးက ထူးဆန်းတယ်သိလား... သမီးကျောင်းမှာကတည်းက မြင်နေတာ..."
ကားထဲရှိ ရှုထျန်းထျန်း ရှအန်းတို့က ပျော်ရွှင်ကာ ရိုးသားလှသော ကလေးမလေးက ဤမျှထက်မြက်နေမည်ဟု မထင်ခဲ့ကြပေ။
သူမတို့ ကလေးမလေးနောက်မှ လိုက်ကတည်းက အကွာအဝေးအတော်လေး ခြားပြီးမှ လိုက်လာခြင်းဖြစ်သည်။
ထို့အပြင် ကလေးမလေးက ခုနစ်နှစ်သာရှိသေး၍ ဘာကိုမှ သတိမပြုမိသင့်ပေး။
ကလေးမလေးက အတော်လေး ဉာဏ်ကောင်းလှပြီး သူမတို့ကို ရှာတွေ့ခဲ့သည်။
ထိုအပြင် သူမ၏မိဘများကို ပြောပြသင့်သည်ဟု တွေးမိလောက်အောင် ဉာဏ်ထက်ပေသည်။
"တကယ်လား... အဲ့ကားက သမီးနောက်လိုက်နေတာလား..."
ဝမ်လန့်ကျီက မျက်လုံးများ ပြူးကျယ်သွားကာ ထိုကားအနက်ကို သတိတကြီးကြည့်လိုက်သည်။
သို့သော် ထိုကားက အတော်လေး ဈေးကြီးပုံပေါက်ကြောင်း မြင်လိုက်ရ၍ ခေါင်းသာခါလိုက်သည်။
ကလေးမလေးက ခေါင်းငြိမ့်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
"ဟုတ်တယ်... သမီး လိုင်စင်နံပါတ်ကို မှတ်မိတယ်..."
"တကယ်လား.. ဒါဆို ဖေဖေသွားကြည့်လိုက်မယ်..."
....
"ရှအန်းကျဲ... ဗိုက်ဆာနေပြီလား... ညီမတို့ တစ်ခုခုသွားစားရအောင်လေနော်..."
ကျူးပိုင်ရွှယ်၏ မိသားစုက ပျော်ပျော်ရွှင်ရွှင် ထမင်းဘူးစားနေကြောင်း မြင်လိုက်ရ၍ သူတို့လည်း လေယာဉ်ပေါ်မှာကတည်းက ဘာမှမစားရသေးကြောင်း သတိရသွားသည်။
ရှုထျန်းထျန်းက အနည်းငယ် ဗိုက်ဆာနေသည်။
ထို့ကြောင့် သူမ၏ နတ်ဘုရားမကို ပြောပြပြီး အစီအစဉ်ဆွဲနေချိန်တွင် ကျူးတချင်းက သူမတို့ဆီ လမ်းလျှောက်လာနေကြောင်း တွေ့လိုက်ရသည်။
ထိုလူက သူမတို့ဆီ တည့်တည့်လာနေကြောင်း မြင်လိုက်ရ၍ ရှုထျန်းထျန်းက အံ့အားသင့်သွားရသည်။ ထို့နောက် သူမတို့က အတော်အလေး ဂရုစိုက်ခဲ့သည်ဖြစ်၍ ထိုလူက သတိမပြုမိသင့်ကြောင်း တွေးလိုက်မိသည်။
ရှအန်းက ညိုမှောင်သော အသားအရည်နှင့် အရပ်ရှည်ရှည်အမျိုးသားကို မြင်လိုက်သောအခါ ခပ်တိုးတိုးပြောလိုက်သည်။
"သူတို့ အစ်မတို့ကို သတိပြုမိသွားပြီ...."
သို့သော် သူမ၏ လေသံတွင် အသိအမှတ်ပြုမှုတို့ ပါဝင်နေသည်။ ထိုအသိအမှတ်ပြုမိက မူလကိုယ်၏သမီးဖြစ်သူ ကျူးပိုင်ရွှယ်ကြောင့်ဖြစ်သည်။
ဤကလေးမလေးက သူမထင်ထားသည်ထက် ဉာဏ်ကောင်းလှပေသည်။
သူမတို့လိုက်လာနေမှန်းသိသော်လည်း ကလေးမလေးက တည်ငြိမ်အောင်နေပြီး သူမ မိဘများထံရောက်မှ ပြောပြလိုက်ခြင်းဖြစ်သည်။
"သူတို့ရှာတွေ့သွားတာလား.. ဒါပေမဲ့ ညီမတို့က အတော်လေး မသိသာအောင် နေနေတာလေ.."
ရှုထျန်းထျန်းက မျက်တောင်ခတ်ကာ မယုံနိုင်ဖြစ်နေရသည်။
ကျူးတချင်းက ကားတံခါးနားရောက်လာပြီး အတွင်းကသာ မြင်နိုင်သော ကားမှန်ကို ခေါက်လိုက်သည်။
"ညီမတို့ ဘာလုပ်ကြမလဲ..."
ရှုထျန်းထျန်းက အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
"မှန်ချလိုက်... သူဘာပြောမလဲ ကြည့်ကြတာပေါ့..."
ရှအန်းက ရှုထျန်းထျန်းကို စိတ်ငြိမ်ငြိမ်ထားရန် အချက်ပြလိုက်သည်။
ရှုထျန်းထျန်းက ဒရိုက်ဘာကို ကားမှန်ချခိုင်းလိုက်သည်။
မှန်ချလိုက်သည်နှင့် ကျူးတချင်းက ဒရိုက်ဘာကို မေးလိုက်သည်။
"ကျွန်တော့်သမီးနောက်ကို ဘာကြောင့်များ လိုက်နေကြတာလဲမသိဘူးဗျ.."
ထိုသို့မေးမြန်းနေစဉ်တွင် ကျူးတချင်းက နောက်ခုံသို့ လှမ်းကြည့်လိုက်သည်။
သူ အတော်လေး ထိတ်လန့်အံ့ဩသွားရသည်။
"ကျွန်တော်တို့မလိုက်...."
ဒရိုက်ဘာက သူတို့ ကျူးပိုင်ရွှယ်နောက် မလိုက်ကြောင်း ပြောပြရန် ပြင်နေချိန်တွင် တစ်ဖက်လူက အရင်ပြောလိုက်သည်။
"ခင်ဗျားတို့ ရှောင်ရွှယ်ဆီလာတာမလား... ဟုတ်တယ်မလား...."
ကျူးတချင်းက ရှအန်းကို စိုးရိမ်ပူပင်စွာကြည့်ရင်း ထိတ်လန့်နေသော အသံဖြင့် ပြောလိုက်သည်။
ထိုလူက သူမနှင့် ကျူးပိုင်ရွှယ်တို့၏ ဆက်နွယ်မှုကို ခန့်မှန်းမိသွားကြောင်း ရှအန်း သိလိုက်သည်။
ရှုထျန်းထျန်းက ကျူးတချင်းကို ထိတ်လန့်တကြားကြည့်ပြီး ဘာပြောရမလဲ မသိတော့ပေ။
ရှုထျန်းထျန်းနှင့်ယှဉ်လျှင် ရှအန်းက ပိုမိုတည်ငြိမ်နေသည်။
"သူနဲ့တွေ့ပါရစေ...."
ရှအန်းက လိမ်မနေတော့ပဲ တိုက်ရိုက်သာ ပြောပြလိုက်သည်။
ရှအန်း ဝန်ခံလိုက်သည်ကို ကြည့်ပြီး ကျူးတချင်းက ပိုမိုအံ့ဩသွားသည်။
အရပ်ခြောက်ပေမြင့်သည့် ကြွက်သားတို့ဖြင့် ဖုဖောင်းနေသော လူကြီးက တုန်ရီနေလေသည်။
"ခင်ဗျားနဲ့ စကားပြောဖို့ ကျွန်တော့်မိန်းမကို ခေါ်ခဲ့ပါမယ်..."
"ကောင်းတာပေါ့..."
ရှအန်းက တည်တည်ငြိမ်ငြိမ် ခေါင်းငြိမ့်ပြလိုက်သည်။
"ရှောင်ရွှယ်ကျောင်းသွားတဲ့ အချိန်အထိစောင့်ပြီးမှ ရှင့်ရဲ့ မိန်းမကို ခေါ်လာခဲ့ပါ... ကျွန်မ ဒီမှာပဲ စောင့်နေမယ်..."
ကျူးတချင်းက ရှအန်းကို ကျေးဇူးတင်သလို ကြည့်လိုက်ပြီး ပြန်သွားလိုက်သည်။
သူပြန်ရောက်လာချိန်တွင် ကျူးတချင်းက လုံးဝစိတ်သက်သာရာ ရမသွားပဲ ပိုမိုစိတ်လေးလာခဲ့သည်။
"ယောက်ျား... ကားထဲကလူက ဘာပြောလဲ.."
ကျူးတချင်း ပြန်လာသည်နှင့် ဝမ်လန့်ကျီက ချက်ချင်းမေးလိုက်သည်။
ကျူးပိုင်ရွှယ်က အလွန်အမင်း စိုးရိမ်နေလေသည်။
"အိုး... သူတို့က ရှောင်ရွှယ်နောက် လိုက်နေတာ မဟုတ်ပါဘူးတဲ့.. ဒါပေမဲ့ သူတို့ကို ရှောင်ရွှယ်နောက် ဆက်မလိုက်ဖို့ သတိပေးလိုက်တယ်..."
တစ်မှ မလိမ်ဖူးသော ကျူးတချင်းက သူ၏သမီးလေးကို ပထမဆုံးအကြိမ်အဖြစ် လိမ်ညာလိုက်သည်။
"ရှောင်ရွှယ် စိတ်မပူနဲ့တော့နော်... ဖေဖေက သူတို့ကို သမီးနောက် မလိုက်တော့ဖို့ ပြောလိုက်ပြီ... မကြောက်နဲ့တော့နော်...."
ကျူးတချင်းက ကျူးပိုင်ရွှယ်၏ ခေါင်းလေးကိုထိပြီး အက်ကွဲနေသော လေသံဖြင့် ပြောလိုက်သည်။
သူ ကျူးပိုင်ရွှယ်၏ လှပသော မျက်နှာလေးကို ကြည့်ပြီးကားနောက်ခုံရှိ အလွန်အမင်းလှပသော အမျိုးသမီး၏ မျက်နှာကို မြင်ယောင်ပြီး စိတ်မငြိမ်တော့ပေ။
ဤမျှတူလှသော မျက်နှာကြောင့် ကျူးတချင်းက ရူးနေလျှင်တောင်မှ ထိုအမျိုးသမီးက ကျူးပိုင်ရွှယ်နှင့် ဆက်နွယ်နေကြောင်း သိပေသည်။
နှစ်ပေါင်း များစွာကြာပြီးနောက်တွင် သူတို့ စိတ်ပူနေသော အရာက ဖြစ်လာလေပြီ။
ကျူးပိုင်ရွှယ်က ဉာဏ်ကောင်းသော်လည်း သူမက ခုနစ်နှစ်အရွယ်ကလေးသာဖြစ်သေး၍ လူကြီးများကို နားမလည်သေးပေ။
သူမ၏ အဖေက ပြောလိုက်သည်နှင့် ကျိုးပိုင်ရွှယ်က သံသယပင်မဝင်ပဲ ပျော်ပျော်ကြီး ခေါင်းငြိမ့်ပြလေသည်။
"ဖေဖေက အမိုက်ဆုံးပဲ...."