အပိုင်း ၂၄၂
Viewers 29k

Chapter 242


"ရှအန်းကျဲ... သူ ကျဲကို မှတ်မိသွားတာများလား..."


ရှုထျန်းထျန်းက ကျိုးတချင်းက အကြည့်တစ်ချက်တည်းဖြင့် ရှအန်း၏ အထောက်အထားကို သတိပြုမိသွားကြောင်းသိ၍ အံ့ဩသွားပေသည်။


၎င်းက သူတို့၏ အစီအစဉ်အားလုံးကို ပျက်စီးသွားစေသည်။


"ညီမပဲ ရှောင်ရွှယ်က တစ်ပုံစံတည်းဆို... သူမှတ်မိသွားတာ မဆန်းပါဘူး..."


ကျူးတချင်းက အစကတည်းက ကျူးပိုင်ရွှယ်ကို သူ၏သမီးအရင်းမဟုတ်ကြောင်း သိပေသည်။ ကျူးတချင်းက သူမနှင့် ကျူးပိုင်ရွှယ်တို့ ဆက်နွယ်မှုရှိကြောင်း သိနိုင်သည်မှာ အံ့ဩစရာပင် မရှိပေ။


ရှုထျန်းထျန်းက အသေအချာတွေးလိုက်သည်။


"ဒါဆို... ရှအန်းကျဲ... ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ...."


ရှအန်းက တွေးပင်မတွေးတော့ပဲ ပြောလိုက်သည်။

"ကျူးတချင်းနဲ့ သူ့မိန်းမကို စကားပြောဖို့အတွက် ကျဲကို နေရာသန့်သန့်လေး စီစဉ်ပေး... ..."


သူမက ဖွင့်ပြောပြရန် အဆင်သင့်မဖြစ်သေးပေ။ ထိုလင်မယားကို ပိုက်ဆံအနည်းငယ်ပေးရန် အစီအစဉ်များစွာ တွေးနေလေသည်။


သို့သော် ကျူးတချင်းက သူမကို သိသွားသည်။


ထို့ကြောင့် ကျူးတချင်းနှင့် သူ့မိန်းမကို ပိုက်ဆံပေးရန် ကွေ့ပတ်နေရာမလိုတော့ပေ။


သူမက ထိုလင်မယားနှင့် ထိပ်တိုက်တွေ့ပြီး သူတို့၏သဘောထားကို ကြည့်ရေပေမည်။


"အာ... ကောင်းပြီလေ... ညီမအခုပဲ စီစဉ်လိုက်မယ်..."


ထို့နောက် ရှုထျန်းထျန်းက ကားထဲမှထွက်ပြီး ရှအန်းအတွက် နေရာတစ်ခုကို ရှာပေးလိုက်သည်။


ကျူးတချင်း၏ စိတ်ထဲတွင် မသာမယာဖြစ်နေသော ခံစားချက်တို့ ပြည့်နှက်လာပြီး သူ၏သမီးလေးကို ကျောင်းပြန်သွားခိုင်းပြီးနောက်တွင် ဝမ်လန့်ကျီကို တား၍ ထိုအကြောင်းပြောပြလိုက်သည်။


ဝမ်လန့်ကျီက ထိုအကြောင်းများကို ကြားသောအခါ အံ့အားသင့်သွားခဲ့သည်။


နှစ်ယောက်စလုံးက သူတို့အလုပ်လုပ်သည့်နေရာသို့ အမြန်ဆုံးပြေးကာ ခွင့်ယူလိုက်ကြပြီး ရှအန်း၏ကားဆီ အပြေးလာကြသည်။


ထိုနှစ်ယောက် ကားဆီရောက်လာသောအခါ ကားမှန်သာမက ကားတံခါးကပါ ပွင့်လာခဲ့သည်။


"မစ္စတာကျူး....မစ္စကျူး... ကျေးဇူးပြုပြီး ကားထဲဝင်ပါဦး..."


ဒရိုင်ဘာက သူတို့နှစ်ယောက်အတွက် ကားတံခါးဖွင့်ပေးပြီး လေးစားစွာ ခေါ်ဝေါ်လေသည်။ ထို့ကြောင့် ရိုးသားလှသော လင်မယားနှစ်ယောက်က အတော်လေး စိတ်ဖိစီးသွားရသည်။


"အာ... ရပါတယ်... သွားကြတာပေါ့..."


သူတို့နှစ်ယောက် ကားထဲဝင်လာခဲ့သည်။


ရှုထျန်းထျန်းက ထိုနေရာတွင်မရှိပေ။ ဒရိုင်ဘာက ကျူးတချင်းကို ရှေ့ထိုင်ခုံတွင် ထိုင်ရန် ပြောလိုက်သည်။


ဝမ်လန့်ကျီက အနောက်ခုံတွင် ရှအန်းနှင့် ထိုင်ရသည်။


နှစ်ယောက်လုံးက ကားထဲရောက်သည်နှင့် မသက်မသာခံစားရလာသည်။


ကျူးတချင်းနှင့် ဝမ်လန့်ကျီတို့ဘဝတွင် ဤမျှးဈေးကြီးသော ကားပေါ်သို့ တက်ဖူးသည့် ပထမဆုံးအကြိမ်ဖြစ်လေသည်။


ရှအန်းက မူလပိုင်ရှင်၏သမီးကို ပြုစုပျိုးထောင်ပေးခဲ့သော လူနှစ်ယောက်ကိုကြည့်ပြီး ထိုသူတို့ကို အတော်လေး သဘောကျနေသည်။


တစ်ချက်ကြည့်ရုံဖြင့် ထိုနှစ်ယောက်က ကြင်နာရိုးသားတတ်ကြောင်း မြင်နိုင်ပေသည်။ ထို့ကြောင့် ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာရသည့် ကျုးပိုင်ရွှယ်မှာ အကောင်းမြင်စိတ်အပြည့်နှင့် တက်ကြွလန်းဆန်းနေသည့် ကလေးတစ်ယောက်ဖြစ်လာသည်မှာ မထူးဆန်းတော့ပေ။


ကျုးပိုင်ရွှယ်က သူမ၏ဘဝကို ကစားသွားခဲ့သော လူယုတ်မာနှင့်တွေ့ခဲ့သည်မှာ သနားစရာပင်ဖြစ်သည်။


ဝမ်လန့်ကျီက အတော်လေး စိတ်လှုပ်ရှား ရှက်ရွံ့နေသည်။ ရှအန်းကိုကြည့်ရင်း ကိုယ့်ကိုယ်ကိုယ်လည်း သိမ်ငယ်နေမိသည်။


သို့သော် ကျူးပိုင်ရွှယ်အတွက်သူမ၏သတ္တိအကုန်လုံးကိုစုကာ ရှအန်းကိုမေးလိုက်သည်။

"ရှင်က ရှောင်ရွှယ်နဲ့ ဘယ်လိုတော်စပ်လဲမသိဘူး..."


သူမက ရှအန်းကို မကြည့်ရဲသေးချေ။


"ကျွန်မတို့ ကားထဲကထွက်တာနဲ့ အတိအကျပြောပြပေးပါ့မယ်..."


ရှအန်းက ခေါင်းကြီးငုံ့နေသော ဝမ်လန့်ကျီကို ကြည့်လိုက်သည်။


ထိုစုံတွဲက မူလကိုယ်ထက် အသက်သိပ်မကြီးပေ။


နှစ်ယောက်စလုံးက သုံးဆယ်ကျော်သာရှိသေးသော်လည်း သူတို့နှင့် သက်တူရွယ်တူများထက် ပိုမိုကြီးရင့်နေပုံ ပေါ်နေသည်။


"အာ... အိုး..ကောင်းပြီလေ..."


ရှအန်း၏စကားများကို ကြားပြီးနောက်တွင် ထိုစုံတွဲက ကြောက်ရွံ့သွားကြပြီး ဘာမှမပြောရဲကြတော့ပေ။


ကားထဲတွင် ကိုးရိုးကားရားနိုင်စွာ ငြိမ်သက်နေပြီး ဘာသံမှမထွက်ပေ။


ကံကောင်းစွာဖြင့် ဤတိုင်းပြည်က မကြီးလှပေ။


မိနစ်အနည်းငယ်သာ ကားမောင်းရသေးသော်လည်း ရှုထျန်းထျန်း စီစဉ်ပေးထားသော နေရာသို့ရောက်နေလေပြီ။


ကားရပ်သွားသည်နှင့် စုံတွဲက ကားထဲမှဆင်းလိုက်ပြီး သူတို့တိုင်းပြည်ရှိ အကြီးဆုံးနှင့် ဈေးအကြီးဆုံး စားသောက်ဆိုင်ရှေ့သို့ ရောက်သွားကြသည်။ သူတို့ အနည်းငယ် ရှက်ရွံ့သွားကြသည်။


ဒီအမျိုးသမီးက အရမ်းချမ်းသာတော့ သတို့သမီးလေးကို ခေါ်သွားတော့မှာလား....


ထိုသို့တွေးမိသည်နှင့် နှစ်ယောက်စလုံး ကြောက်လန့်သွားကြသည်။


ရှအန်းက ကားထဲမှ ထွက်သည်နှင့် နေကာမျက်မှန်တပ်ပြီး မက်စ်တပ်လိုက်သည်။


သူမက အတော်လေး နာမည်ကြီးလှ၍ သူမကိုမှတ်မိသွားကြပါက ကျူးပိုင်ရွှယ်က သူမ၏သမီးဖြစ်ကြောင်း ဖော်ထုတ်ခံရနိုင်ပေသည်။


ထို့ကြောင့် ရှအန်းက ဂရုစိုက်ရပေမည်။


"ဒီမှာ... ဒီမှာ..."


ရှုထျန်းထျန်းက ရှအန်းနှင့် အခြားလူများကို ကြီးမားကာ ဈေးကြီးလှသော အခန်းထဲခေါ်သွားပြီး စားပွဲထိုးများအားလုံးကို အပြင်ထုတ်လိုက်သည်။


ထိုအချိန်တွင် ရှအန်းက ရှုထျန်းထျန်းတစ်ယောက် သူမကို အတော်လေး နားလည်ကြောင်း သိသွားခဲ့သည်။


သူမက ဟင်းပွဲများစွာကို မှာထားပြီး စားပွဲပေါ်တွင် ဟင်းပွဲတို့ ပြည့်နေသည်။


စားပွဲပေါ်တွင် ဟင်းပွဲမျိုးစုံကို မြင်ပြီးနောက်တွင် ရှအန်းက စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။


သူမ ဘာမှမစားရသည်မှာ ကြာပြီဖြစ်၍ ဗိုက်အတော်ဆာနေလေပြီ။


"မစ္စတာကျူးနဲ့ မစ္စကျုး... ထိုင်ပါဦး အတူတူစားကြတာပေါ့.... ကျွန်မရဲ့ ရှအန်းကျဲက ညစာစားပြီးတာနဲ့ အကုန်ပြောပြပါလိမ့်မယ်..."


ရှုထျန်းထျန်းက ရှအန်းအတွက် စွပ်ပြုတ်တစ်ပန်းကန်ခပ်ပေးပြီး ကျန်လူနှစ်ဦးကို စိတ်ငြိမ်ငြိမ်ထားနိုင်စေရန် ပြောလိုက်သည်။


သို့သော် ထိုစုံတွဲမှာ မစားနိုင်ပေ။ နိုင်ငံတွင်းတွင် အကောင်းဆုံးစားသောက်ဆိုင် ဖြစ်နေသော်လည်း စားချင်စိတ် ရှိမနေကြပေ။


ယခုအချိန်တွင် သူတို့ရှေ့တွင် ထိုင်နေသော ချမ်းသာသည့် အမျိုးသမီးက သူတို့၏သမီးလေးကို ခေါ်သွားမည်ကို ကြောက်နေကြလေသည်။


"ကျွန်တော်တို့... စားခဲ့ပြီးပါပြီ မစားတော့ပါဘူး..."

ကျူးတချင်းက ပြုံးပြီးပြောပြလိုက်သည်။


ဝမ်လန့်ကျီက ကျူးတချင်းနောက်တွင် ရပ်နေပြီး ဘာမှမပြောပေ။ ထိုနှစ်ယောက်က စိုးရိမ်ပူပန်နေကာ သိချင်စိတ်တို့ များနေကြလေသည်။


အမှန်တကယ်တွင် သူတို့က ရှအန်း၏ အထောက်အထားကိုပင် မသိကြသော်လည်း အလုပ်ရှင်ရှေ့တွင် ရပ်နေကြသော ဝန်ထမ်းလေးများပမာ ပြုမူနေကြသည်။


ထိုနှစ်ယောက်မှာ တစ်နေကုန်တစ်နေခမ်း အလုပ်ကြိုးစားနေရ၍ ဖျော်ဖြေရေးလောကမှ အတင်းအဖျင်းများကို ကြည့်ရနိ အချိန်ပင်မရှိကြပေ။ သူတို့အိမ်တွင် TVပင် မရှိကြပေ။


"ရှင်တို့ ထိုင်ပြီး နည်းနည်းတော့ စားကြပါဦး...."


ရှအန်းက ငါးစွပ်ပြုတ်ကို တစ်ငုံသောက်လိုက်ပြီး ထိုနှစ်ယောက်ကို ကြည့်လိုက်သည်။


"ထျန်းထျန်း.. သူတို့ကို စွပ်ပြုတ်တစ်ပန်းကန်ဆီပေးလိုက်...."


ရှုထျန်းထျန်းက ချက်ချင်းလက်ငင်း အပြုံးလေးဖြင့် ပြန်ဖြေလေသည်။

"ဟုတ်ကဲ့..."


ကျူးတချင်းနှင့် ဝမ်လန့်ကျီတို့က သူတို့ကို စွပ်ပြုတ်ထည့်ပေးနေသော မိန်းမလှလေး ရှုထျန်းထျနိးကိုကြည့်ပြီး စိတ်လှုပ်ရှား ပူပင်နေကြသည်။


"ညီမလေး.. ကျွန်မတို့ မစားတော့ပါဘူး... စားပြီးပါပြီ..."


"ဟုတ်တယ် ကောင်မလေး... ကျွန်တော်တို့စားပြီးပြီ.. တကယ်မလိုတော့ပါဘူး..."


သို့သော် ရှုထျန်းထျန်းက အရသာရှိသည့် ငါးစွပ်ပြုတ်ကို လောင်းထည့်ပေးလိုက်သည်။


ထို့နောက် ကျူးမောင်နှံကို ပြုံးပြီးပြောလိုက်သေးသည်။


"မစ္စတာကျူး... အတူတူစားရအောင်ပါ... ကျွန်မနဲ့ ရှအန်းကျဲက မစားရသေးဘူးလေနော်... ရှင်တို့မစားရင် ကျွန်မတို့က ကိုးရိုးကားရားဖြစ်နေမှာပေါ့..."


ကျူးလင်မယားမှာ အနည်းငယ် ရှက်ရွံ့သွားသည်။


စုံတွဲက အချင်းချင်း မျက်စပြစ်လိုက်ကြပြီး ရွေးချယ်စရာမရှိပဲ ရှအန်းနှင့် ရှုထျန်းထျန်းတို့နှင့်အတူ ထိုင်စားလိုက်ရသည်။ သို့သော် ထိုထမင်းဝိုင်းက သူတို့ကို မလွယ်ကူသလို ခံစားရစေသည်။