Chapter 243
စားပွဲပေါ်ရှိ ဟင်းပွဲမျိုးစုံကိုကြည့်ပြီး အမြဲတစေ ပိုက်ဆံချွေတာ တတ်သောစုံတွဲနှစ်ယောက်မှာ သေလုအောင် စိတ်ဖိစီးနေသည်။
စုစုပေါင်း အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးသုံးယောက်သာရှိသော်လည်း အခန်းမှာ အယောက်နှစ်ဆယ်စာမျှရှိနေသည်။
အစားအသောက်များမှာလည်း လေးယောက်တည်းရှိသော်လည်း ဆယ်ယောက်စာ မှာထားလေသည်။
ထိုကဲ့သို့ အသုံးအဖြုန်းကြီးမှုက စုံတွဲနှစ်ယောက်ကို စိတ်မသက်မသာဖြစ်စေသည်။
သူတို့က ရှုထျန်းထျန်းပေးသည့် ငါးစွပ်ပြုတ်ကိုသာ တိတ်တဆိတ်သောက်နေလေသည်။
စွပ်ပြုတ်သောက်ရင်းနှင့် အစားအသောက်အချို့ကိုပင် စားလိုက်သေးသည်။ စားသောက်ဆိုင်သို့ တစ်ခါမှမရောက်ဖူးသော စုံတွဲမှာ လှုပ်ရှားသွားရသည်။ သူတို့နိုင်ငံ၏ အကောင်းဆုံးစားသောက်ဆိုင်ရှိ အစားအသောက်များမှာ အရသာရှိလှသည်။
သူတို့၏သမီးလေး မစားနိုင်သည်မှာ နှမျောစရာပင်။
ဗိုက်ပြည့်အောင် စားပြီးနောက်တွင် ရှအန်းက သူမလက်ထဲရှိ တူကိုချလိုက်သည်။
သူမရှေ့တွင် အစားအသောက်များကို ဂရုတစိုက်စားနေသော စုံတွဲကို ကြည့်လိုက်သည်။
သူမတူချလိုက်သည်နှင့် ထိုစုံတွဲကလည်း ချက်ချင်းလက်ငင်း တူကိုချလိုက်ကြသည်။
"ရှင်တို့စားပါ...ဖြေးဖြေးစားလည်းရပါတယ်... ကျွံန်မကို စိတ်ပူမနေနဲ့..."
ရှအန်းက ထိုနှစ်ယောက် မျက်နှာရှိ စိုးရိမ်ပူပန်နေသော ခံစားချက်များကို မြင်လိုက်ရသည်။
ထိုစုံတွဲက သူမ၏မိဘများကို အမှတ်ရသွားစေသည်။
သူမ၏မိဘများ၏ မျက်နှာကို မမှတ်မိသော်လည်း ကြင်နာတတ်သည့်လူများဖြစ်ကြောင်း မှတ်မိပေသည်။
"ကျွန်တော်တို့ ဗိုက်ပြည့်ပါပြီ... ဗိုက်ပြည့်သွားပြီ... ခင်ဗျားနဲ့ ကျွန်တော်တို့ရဲ့ ရှောင်ရွှယ်လေးက...."
ကျူးတချင်းက စားသောက်ချင်စိတ်ရှိမနေပေ။ ဤနေရာရှိ အစားအသောက်များက ကောင်းသော်လည်း သူ၏သမီးလေးအကြောင်း ပိုစိတ်ဝင်စားပေသည်။
"ရှင်ထင်သလိုပဲ... ကျွန်မက သူ့ရဲ့အမေပါ..."
ရှအန်းက ပြန်ဖြေလာသည်။
ထိုစုံတွဲက သူမ၏ အထောက်အထားကို ခန့်မှန်းမိသော်လည်း ရှအန်းက အမှန်အတိုင်းပြောလိုက်သည်နှင့် သူတို့ရင်ထဲ အပေါက်ဖောက်သွားသလို ခံစားလိုက်ရသည်။
ကျူးတချင်းနှင့် သူ၏မိန်းမတို့က ထိုကစ္စကို လက်ခံရန် ခက်ခဲနေသေးသော်လည်း သူတို့နှစ်ယောက်လုံးက တည်ငြိမ်သည့်လူများဖြစ်ကြရာ ပြဿနာမလုပ်ကြပေ။ ခဏမျှတိတ်ဆိတ်သွားပြီးနောက်တွင် သူတို့ ဂရုအစိုက်ဆုံးအကြောင်းကို မေးလိုက်ရသည်။
"ရှင်.. ရှင်... ရှင်က ရှောင်ရွှယ်လေးရဲ့ အမေလား... ဒါဆို ဘာလို့ ရှောင်ရွှယ်လေးကို စွန့်ပစ်ခဲ့သေးလဲ..."
"အဲ့နေတုန်းက နှင်းတွေအရမ်းကျနေပြီး ဘယ်လောက်တောင် အေးနေခဲ့လဲသိလား.. ကျွန်မသာ အဲ့အချိန်က လမ်းကို သန့်ရှင်းရေးလုပ်ပြီး ရှောင်ရွှယ်လေးကိုသာ မတွေ့ခဲ့ရင်... ရှောင်ရွှယ်က ဘယ်လိုလုပ် အသက်ရှင်နိုင်ပါ့မလဲ..."
ထိုကိစ္စကိုပြောပြီးနောက်တွင် သူတို့၏ မဝံ့မရဲဖြစ်နေမှုတို့ ပျောက်ကွယ်သွားကြသည်။
သူတို့၏ မကျေမနပ်ဖြစ်မှုနှင့်အပြစ်တင်လိုသော အမူအယာတို့ ထွက်ပေါ်လာသည်။
ထိုအချိန်က သူတို့သာ ကလေးမလေးကို မကောက်ယူခဲ့ပါက သူမလေး ဤကမ္ဘာမှ ပျောက်ကွယ်သွားသည်မှာ ကြာလှပြီဖြစ်သည်။
"မစ္စတာကျူး.. စိတ်မပူပါနဲ့... တကယ်တော့ ဒီကိစ္စက ရှအန်းကျဲကြောင့် မဟုတ်ရပါဘူး... အကုန်လုံးက အထင်လွဲနေကြတာပါ..."
ရှုထျန်းထျန်းက သူတို့ကို အရာအားလုံး ရှင်းပြလိုက်သည်။
ရှုထျန်းထျန်း ရှင်းပြပြီးနောက်တွင် သူတို့နှစ်ယောက်လုံး အံ့ဩသွားပြီး ဒေါသထွက်လာကြသည်။
"အဲ့မိန်းမက ဘယ်လိုလုပ်ပြီး ဒီလိုလုပ်ရဲရတာ... ဆိုးဝါးလိုက်တာ.. သူက ရှောင်ရွှယ်ကို သတ်ချင်နေတာပဲ..."
"ခင်ဗျား ရဲကိုမခေါ်လိုက်ဘူးလား.. အဲ့မိန်းကလူသတ်ဖို့ ကြိုးစားခဲ့တာလေ... အဲ့အချိန်က ကျွန်တော့်မိန်းမသာ ခေါ်မလာခဲ့ရင် ရှောင်ရွှယ်လေးက သေချာပေါက်သေသွားမှာပဲ..."
သူမတို့ ကျုးပိုင်ရွှယ်လေးကို ကောက်ယူခဲ့သော်လည်း သူမလေးက အလွန်ငယ်ရွယ်သေး၍ ကျန်းမာရေးက မကောင်းလှပေ။ လင်မယားနှစ်ယောက်စလုံးက နည်းလမ်းမျိုးစုံသုံးကာ ကျူးပိုင်ရွှယ်၏ ခန္ဓာကိုယ်ကို ကျန်းမာအောင် လုပ်ပေးခဲ့သည်။
သို့သော်လည်း ကျူးပိုင်ရွှယ်၏ ခန္ဓာကိုယ်မှာ အခြားကလေးများထက် အားနည်းနေသေးပေသည်။
ထိုစုံတွဲ၏ တုန့်ပြန်မှုကိုကြည့်ရင်း ရှအန်းနှင့် ရှုထျန်းထျန်းတို့မှာ သူတို့နှစ်ယောက်လုံး ကျူးပိုင်ရွှယ်ကို အလွန်ချစ်ကြကြောင်း မြင်နိုင်ပေသည်။
ရှုထျန်းထျန်း၏စိတ်ထဲတွင် ချိန်ညှိကြည့်နေလေသည်။
ရှအန်းက သူမ၏နတ်ဘုရားမဖြစ်သော်လည်း သူမက ကလေးတစ်ယောက်ကို ထိုသို့ချစ်ပေးနိုင်မည်မဟုတ်ကြောင်း သိပေသည်။
ဤစုံတွဲက မိဘကောင်းများဖြစ်ကြသော်လည်း တစ်ခုတည်းသော ပြစ်ချက်မှာ ပိုက်ဆံမရှိခြင်းသာဖြစ်ပေသည်။
"ကျွန်မတို့ တိုင်ကြားပြီးပါပြီ... ပြီးတော့ အဲ့မိန်းမလည်း အဖမ်းခဲ့ရပါပြီ..."
ထိုမှသာ လင်မယားနှစ်ယောက်က စိတ်ငြိမ်သွားကြပေသည်။
ဒေါသတို့ တည်ငြိမ်သွားမှ သူတို့ရင်ဆိုင်ရတော့မည့် ပြဿနာကို သတိပြုမိသွားကြသည်။
မူလက ရှအန်း သူတို့သမီးလေးကို စွန့်ပစ်ခဲ့သည်ဟု ထင်ခဲ့ကြပြီး ရှအန်းမည်သို့ပြောပြော ပြန်ပေးရန် သဘောတူမည်မဟုတ်ပေ။
သူမကသာ ကလေးကို စွန့်ပစ်ခဲ့သည်ဖြစ်၍ သူတို့ဘက်က ငြင်းဆန်ခွင့် အပြည့်အဝရှိပေသည်။
သို့သော် အခုတွင် အမှန်တရားကိုသိလိုက်ရပြီး ရှအန်းကိုယ်တိုင်လည်း နစ်နာသူဖြစ်နေ၍ ဘာလုပ်မလဲ မသိတော့ပေ။
သူတို့၏သမီးလေးနှင့် မခွဲချင်သော်လည်း ရှအန်းကိုယ်တိုင်က နစ်နာသူဖြစ်နေ၍ သူမတွင် ကလေးကို ပြန်ယူခွင့် အပြည့်အဝရှိကြောင်း သိပေသည်။
သူတို့က အကြောင်းပြချက်မရှိ ငြင်းဆန်နေ၍မရပဲ သူတို့၏သမီးလေးကို ပြန်မပေး၍လည်းမရတော့ပေ။
ထို့အပြင် ရှအန်း၏ စီးပွားရေးအခြေအနေက အလွန်ကောင်းကြောင်းလည်း သိပေသည်။
သူတို့၏ ရှောင်ရွှယ်လေးမှာ ရှအန်းနောက်လိုက်လျှင် ကောင်းကောင်းနေရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
"ဒါဆို ဒီတစ်ခေါက်လာတာ... ရှောင်ရွှယ်ကို ပြန်လာခေါ်တာလားဟင်..."
ကျူးတချင်းလို လူကြီးတစ်ယောက်ကပင် ယောက္ခမအိမ်သို့ ပထမဆုံးရောက်သော ချွေးမလေးလို ပြုမူနေလေသည်။
သူ၏မျက်လုံးများက နီရဲနေကာ မျက်ရည်တို့ ပြည့်လျှံလာပြီးထိန်းမရတော့ပေ။
၎င်းက အတော်လေး ထူးဆန်းနေသည်။
ဝမ်လန့်ကျီကလည်း မျက်ရည်များ စီးကျလာသည်။
ရှုထျန်းထျန်းက သူတို့ငိုနေသည်ကိုကြည့်ပြီး အံ့အားသင့်သွားရသည်။
"မစ္စတာကျူး... မစ္စကျူး မငိုကြပါနဲ့.."
ရှုထျန်းထျန်းက ရှအန်းကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။အမှန်အတိုင်းပြောရလျှင် ထိုစုံတွဲနှင့် ဆက်ဆံကြည့်ပြီးနောက်တွင် ရှအန်းကို ကျူးပိုင်ရွှယ်ကို ပြန်ခေါ်ထားစေချင်ခဲ့သညိ။
သို့သော် ထိုစုံတွဲ ငိုယိုနေသည်ကိုကြည့်ပြီး ပိုမိုစိတ်ဖိစီးလာရသည်။
"ရှအန်းကျဲ... ညီမတို့ ဘာလုပ်ကြမလဲဟင်..."
ရှုထျန်းထျန်းက ရှအန်းကို အကူအညီတောင်းလိုက်သည်။ ရှအန်းက တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။
"မငိုကြပါနဲ့... ကျွန်မက ကလေးကို ပြန်ခေါ်မယ်လို့လည်း မပြောရပါဘူး..."
ရှအန်း၏စကားများက စုံတွဲနှစ်ယောက်ကိုဟထိတ်လန့်သွားစေသည်။
ဝမ်လန့်ကျီက ဆက်မငိုတော့သလို ကျူးတချင်းက မသက်မသာဖြစ်နေရသည်။
ထိုအချိန်တွင် သူတို့က မေးလာသည်။
"ဘယ်လို... ရှင်က ရှောင်ရွှယ်လေးကို ပြန်မခေါ်ဘူးပေါ့..."
ကျူးတချင်းနှင့် သူ့ဇနီးက ပထမဆုံးပျော်သွားသော်လည်း ဒေါသထွက်လာပြန်သည်။
"ခင်ဗျားက ရှောင်ရွှယ်ကို မလိုချင်ဘူးပေါ့...."
"ရှင်က ရှောင်ရွှယ်ရဲ့ အမေအရင်းမဟုတ်ဘူးလား.. ဘာလို့ ရှောင်ရွှယ်ကို မလိုချင်ရတာလဲ... ရှောင်ရွှယ်ကဖြင့် ကောင်းလွန်းလို့ တစ်ဖက်ကမ်းတောင်လွန်တယ်... ရှင်ဘယ်လိုလုပ် ပြန်မလိုချင်ဘူးလို့ ပြောရဲရတာလဲ.."
"..."
သူတို့၏အပြစ်တင်မှုများကို ကြုံလိုက်ရသောအခါ ရှအန်းက ငိုပင်ငိုချင်မိသွားသည်။
ယခုတွင် သူမက ထိုစုံတွဲ၏ရင်ထဲရှိ ကျုးပိုင်ရွှယ်၏ အနေအထားကိုသိလိုက်ရပြီး သူမကို မည်မျှဂရုစိုက်ကြောင်းလည်း သိလိုက်ရသည်။
"ဒါဆိုရှင်တို့က ကျွန်မကို ရှောင်ရွှယ်ကို ပြန်ခေါ်သွားစေချင်တာလား...."
ရှအန်းက စုံတွဲနှစ်ယောက်ကိုပြုံးစိစိကြည့်နေလိုက်သည်။
ထိုစုံတွဲက တောင့်ခဲသွားရပြန်သည်။
"ကျွန်တော်တို့က ရှောင်ရွှယ်လေးနဲ့ တကယ်မခွဲချင်ဘူးဆိုပေမဲ့ ရှောင်ရွှယ်လေးမှာ သူ့ကို စွန့်ပစ်သွားတဲ့ အမေရှိမှာလည်းမလိုချင်ဘူး..."
"ကျွန်မတို့က ရှောင်ရွှယ်အသက်ကြီးလို့ တက္ကသိုလ်ကဘွဲ့ရမှ သူ့ကိုမွေးစားထားတဲ့အကြောင်းကို ပြောဖို့ ဆုံးဖြတ်ထားကြပြီးသား... ကျွန်မတို့က သူ့ရဲ့အမေက သူ့ကို မလိုချင်ဘူးဆိုတာ မသိစေချင်ဘူး..."
ထိုစကားများကိုကြားသည်နှင့် စိတ်နှလုံးသား နုနယ်လှသော ရှုထျန်းထျန်းက ငိုကြွေးလေတော့သည်။
ထိုအချိန်တွင် ရှအန်းက ကျုးပိုင်ရွှယ်ကို ပြန်မခေါ်သွားရန် မျှော်လင့်မိသွားသည်။ ဤစုံတွဲက အတော့ကို ကောင်းကြပေသည်။
သူတို့၏စကားကိုကြားသည်နှင့် ရှအန်းတွင် အကြံရလာခဲ့သည်။
ထိုအကြံက သူမ၏မူလအကြံနှင့် ကွက်တိပင်ကျနေသေးသည်။
"ရှင်တို့က ရှောင်ရွှယ်နဲ့လည်း မခွဲချင်သလို ကျွန်မကိုလည်း သူ့ကိုမစွန့်ပစ်စေချင်ဘူး... ဒါဆိုပြောပါဦး.. ကျွန်မ ဘာများလုပ်ပေးရဦးမှာလဲ..."