အပိုင်း၅၀
Viewers 6k

🥰 Chapter 50 ✅



ယိုလင်လင် ချက်ချင်းပျော်ရွှင်သွားသည်။ သူမရဲ့ ညီအစ်မကောင်းက သူမအတွက်လဲ စားစရာကောင်းတွေ ပြင်ဆင်ပေးဖို့ မမေ့လျော့ခဲ့ပေ။ မင်လျိုရီသည် ယောင်ကျိကျိုး၏ မျက်နှာအကာကို ဂရုတစိုက်


လှန်လိုက်ပြီး သူ၏အချိုးကျသည့်မေးစေ့နှင့်နှုတ်ခမ်းပါးများကို ဖော်ပြလိုက်သည်။ ယိုလင်လင်ကသက်ပြင်းချလိုက်သည်။ 


"သူ့ရဲ့ မေ့စေ့ကိုကြည့်လိုက်တာနဲ့ နင့်ယောက်ျားက ပြိုင်ဘက်ကင်းတဲ့အချောလေးမှန်း ခန့်မှန်းမိပါတယ် မျက်နှာအကာကိုချွတ်လိုက်စမ်းပါ ငါလဲကြည့်ချင်တယ်လို့" 


မင်လျိုရီ ဂရုမစိုက်ဘဲ ယောင်ကျိကျိုးကို အစားခွံ့ကျွေးသည့်နေရာတွင်သာ စိတ်နှစ်ထားလေသည်။ ယိုလင်လင်က မကျေနပ်သည့်အသံပေးပြီး ကျွီဖုန်းကိုပဲ ခွံ့ကျွေးလိုက်သည်။ ထိုအခိုက်တန့်သည် ချစ်ကြည်နူးနေသော စုံတွဲနှစ်ယောက်ဖြစ်ပြီး ဟဲယန်ဖုန့်ကိုပါ ပေါင်းထည့်ရမည်ဖြစ်သည်။ 


ကံကောင်းစွာဖြင့် ဟဲယန်ဖုန့်သည် ရှက်စိတ်တစိုးတစိမျှ မခံစားရပေ။ ထိုအစား သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်ပေါက်လာတော့သည်။ ဟဲယန်ဖုန့်၏ အဖေ ကိုမာဝင်သွားချိန်တွင် ဟဲမိသားစုသည် အခက်အခဲများနှင့်ရင်ဆိုင်ခဲ့ရပြီး ဟဲယန်ဖုန့်ဘဝကိုလဲ အကျိုးသက်ရောက်ခဲ့သည်။ ကျောင်းကဆရာဆရာမများသည် ဟဲယန်ဖုန့်ကို သနားသည့်အကြည့်များဖြင့်ကြည့်ပြီး တချို့ကျောင်းသားတွေဆို သူ့အဖေအကြောင်းကိုပင် ပြောနေကြသေးသည်။ ထိုအရာက ဟဲယန်ဖုန့်​၏ ဖော်ရွေသည့်စိတ်အား တံခါးပိတ်သွားစေသော်လည်း ယခုတွင် သူသည် မင်လျိုရီနှင့် ယိုလင်လင်အား နေရောင်အောက်တွင် အားကျသည့်အကြည့်ဖြင့် ကြည့်နေခဲ့သည်။ 


ဟဲယန်ဖုန့်​၏အတွေးများသည် ရုတ်တရက် အတိတ်သို့ပြန်ရောက်သွားပြီး သူ၏ဖခင်နေမကောင်းမဖြစ်သေးသည့်အချိန် သူတို့မိသားစု ပျော်ပျော်ရွှင်ရွှင်နှင့် စည်းစည်းလုံးလုံး နေထိုင်ခဲ့သည်ကို ပြန်လည်တွေးမိသွားသည်။ ဟဲယန်ဖုန့်သည် ရုတ်တရက် နားလည်သွားရသည်။ သူလည်း မင်လျိုရီနှင့် ယိုလင်လင်တို့လို ပျော်ရွှင်စွာနှင့်ဘဝကိုဖြတ်သန်းသင့်သည်... ယခုကဲ့သို့ လှောင်ပိတ်မနေဘဲနဲ့ပေါ့။


ယိုလင်လင်သည် မင်လျိုရီနောက်မှ ကျွီဖုန်းကို ကျွေးခဲ့သော်လည်း မင်လျိုရီထက် အရင်ပြီးသွားခဲ့သည်။ ယိုလင်လင်ရဲ့ ပုံမှန်မဟုတ်တဲ့ အမြန်နှုန်းကို တစ်ခုခုလုပ်မှရတော့မည်။ 


ထိုအရာကိုမြင်တော့ ဟဲယန်ဖုန့်က ယိုလင်လင်အား ရှားရှားပါးပါး လှမ်းနောက်လိုက်သည်။ 


"သူ့ကိုအဲလောက် မြန်မြန်ကျွေးနေတာ အနောက်က ကျားလိုက်လာလို့လား"


ထိုအခါမှ ယိုလင်လင်သည် မင်လျိုရီအား ကြည့်မိလိုက်သည်။


'သူက ဘာလို့အခုထိ ကျွေးလို့မပြီးသေးတာလဲ...မသိရင်ပဲ ငါကကျွီဖုန်းကို ဂရုမစိုက်တဲ့ပုံနဲ့' 


အထူးသဖြင့် သူမကို စနောက်နေသည့်သူမှာ ဟဲယန်ဖုန့် ဖြစ်နေလေသည်။ 


ယိုလင်လင်က နှုတ်ခမ်းဆူကာ ပြောလိုက်သည်။ 


"လျိုရီ နင်ကနှေးလိုက်တာ မြန်မြန်ကျွေးပါဟ မသိရင် ငါက ရက်စက်တဲ့ဇနီးလောင်းကျနေတာပဲ" 


မင်လျိုရီ တွေးလိုက်သည်။ ယောင်ကျိကျိုးက ဇာတ်လိုက်တစ်ယောက်ဖြစ်သည်...အကယ်၍ သူမသာ သူ့ကိုအကြမ်းပတမ်း ကျွေးမိပါက သူပြန်နိုးလာတဲ့အချိန်ကျရင် သူမလည်ပင်းကို ဖြတ်ဖို့ အကြောင်းပြချက်ရသွားမည်ဖြစ်သည်။ ထိုအချိန်ကျရင်တော့ အရာအားလုံးက ရှင်းပြဖို့ နောက်ကျသွားမည်ဖြစ်သည်။ ထို့ကြောင့် မင်လျိုရီ ဖြည်းဖြည်းပဲကျွေးသင့်သည်။ 


ယိုလင်လင်သည် မင်လျိုရီလုပ်ပေးသည့် မုန့်ကိုယူပြီး အကြီးကြီးကိုက်လိုက်သည်။ အထဲတွင် အသီးများစွာထည့်ထားသောကြောင့် အရသာလဲ ပြောစရာမလိုပေ။ သူမ စားပြီးနောက် ခေါင်းကိုအနောက်သို့လှည့်ကြည့်လိုက်သည့်အချိန်တွင် ကျွီဖုန်း၏နဖူးတွင် ချွေးများထွက်နေသည်ကို မြင်လိုက်ရသည်။ 


ယိုလင်လင်သည် သူမလက်ထဲမှ မုန့်ကိုအမြန်ချကာ သူမယူလာသည့် ပုဝါနုနုလေးကို ထုတ်လိုက်သည်။ သူမက ညင်ညင်သာသာဖြင့် ကျွီဖုန်းနဖူးမှ ချွေးများကို သုတ်ပေးလိုက်ပြီး သူမကိုမှီစေကာ နောက်ကျောမှချွေးများကိုလဲ သုတ်ပေးလိုက်သည်။ 


သုတ်ပြီးသွားတော့မှ သူမက တပတ်အသစ်ကိုယူလိုက်ပြီး နောက်ကျောတွင်ခံထားကာ ချွေးဖြင့် အအေးမပတ်အောင် ပြုလုပ်လိုက်သည်။ ထိုသို့လုပ်ပြီးမှ ယိုလင်လင်သည် တပတ်တစ်ထည်ကို မင်လျိုရီအားပေးလိုက်သည်။ 


"သူ့ကျောဘက်ကိုလဲ သုတ်ပေးလိုက်ဦး" 


မင်လျိုရီသည် ယောင်ကျိကျိုးကို အစာခွံ့ကျွေးခြင်းဖြင့် အလုပ်ရှုပ်နေပြီး ယိုလင်လင်၏ အပြုအမူများကို သတိမထားမိလိုက်ပေ။ သူမကို ရုတ်တရက်ကြီး ယောင်ကျိကျိုး၏ ကျောကိုချွေးသုတ်ခိုင်းသောအခါ မင်လျိုရီ ဘယ်လိုလုပ်ရမလဲမသိတော့ပေ။ ယိုလင်လင်က မင်လျိုရီ၏ တွေဝေနေပုံကိုတွေ့တော့ ပြုံးကာပြောလိုက်သည်။


"တစ်ခါမှ နောက်ကျောကို ချွေးမသုတ်ပေးဖူးဘူးမလား ငါသင်ပေးမယ်...နင့်ယောက်ျားကို နင့်ဆီ မှီခိုင်းထားလိုက် ပြီးရင် တပတ်ကို သူ့အင်္ကျီထဲထည့်ပြီး သုတ်ပေးရုံပဲ" 


မင်လျိုရီသည် ယောင်ကျိကျိုးကို လဲပေးထားသည့် အဝတ်များကိုကြည့်လိုက်သည်။ သူမ ယောင်ကျိကျိုးကို ချွေးသုတ်ပေးဖူးသော်လည်း ထိုအချိန်တုန်းက ညအိပ်ဝတ်စုံနှင့်ဖြစ်ပြီး နှစ်ယောက်တည်းရှိသည့်အချိန်တွင် ဖြစ်သည်။ ယခုတွင် ယောင်ကျိကျိုးသည် သပ်သပ်ရပ်ရပ်ဝတ်စားထားသောကြောင့် မင်လျိုရီ၏ မျက်နှာရဲတက်လာတော့သည်။ 


ယိုလင်လင်သည် မင်လျိုရီ၏ မျက်နှာနီလာသည်ကိုတွေ့တော့ ချက်ချင်းပဲ မသင်္ကာဖြစ်သွားတော့သည်။ 


'သူတို့နှစ်ယောက်က အတူနေတာပဲကြာလှပြီ အခုမှလာပြီး ဘာရှက်စရာရှိလို့လဲ' 


"သူ့ရဲ့ ကျောကိုချွေးသုတ်ပေးရုံပါပဲ ဟုတ်ပြီလား" 


ယိုလင်လင်က နားမလည်စွာမေးလိုက်သည်။


"နင်တို့က လင်မယားပဲဖြစ်နေပြီလေ ဘာကိုရှက်နေတာလဲ" 


မင်လျိုရီသည် သိသာသွားမှာစိုး၍ ယောင်ကျိကျိုး၏ ကျောကိုသာ သန့်ရှင်းပေးလိုက်တော့သည်။ ယိုလင်လင်၏ ညွှန်ကြားချက်အတိုင်း ယောင်ကျိကျိုးကို သူမကိုယ်တွင်မှီစေပြီး တပတ်ကိုယူကာ ယောင်ကျိကျိုး၏ ကော်လံကိုတုန်ရီနေသော လက်ဖြင့် လှန်လိုက်လေသည်။ 


မင်လျိုရီ၏ မျက်လုံးသည် အောက်သို့တဖြည်းဖြည်းရောက်သွားပြီး....အဝတ်အောက်မှ ယောင်ကျိကျိုး၏ ခန္ဓာကိုယ်ကို ကြည့်မိလိုက်သည်။ ယောင်ကျိကျိုးသည် တစ်နေ့တာလုံး အိပ်ရာတွင်လှဲနေသောကြောင့် ကော်လံကနေကြည့်လျှင်တောင် သူ၏ နောက်ကျောကို မြင်ရခဲသည်။ 


မင်လျိုရီသည် တစ်ချက်ကြည့်ရုံမျှပင် ယောင်ကျိကျိုး၏ ကျောကုန်းနှင့်ပခုံးတန်းများကို မြင်နေရသည့်အတွက် တံတွေးမြို့ချလိုက်ကာ လက်တုန်တုန်ဖြင့် ရှပ်အင်္ကျီအတွင်းထဲသို့ ဝင်ရောက်လိုက်သည်။ ထိုအချိန် ယောင်ကျိကျိုးသည် အမှန်တကယ်လဲ ချွေးထွက်နေကြောင်း တွေ့ရှိလိုက်ရသည်။ ယောင်ကျိကျိုး၏ကိုယ်မှအပူချိန်ကို ထိတွေ့မိလိုက်ချိန် သူမလက်တွင်လည်း ပူလောင်လာကြောင်း ခံစားလိုက်ရသည်။ သူမ စိတ်လှုပ်ရှားလွန်း၍ လက်များကိုအပြင်သို့ပင် ပြန်ထုတ်မိတော့မလို့ပင်...သို့သော် သူမ ယောင်ကျိကျိုးကို ပစ်မထားနိုင်ပေ။ သူမက နှုတ်ခမ်းအားကိုက်လိုက်ပြီး ယောင်ကျိကျိုးကို ချွေးသုတ်ပေးနိုင်ရန်သာ စိတ်နှစ်ထားလိုက်သည်။



🥰