အပိုင်း၅၂
Viewers 6k

🥰 Chapter 52 ✅


ယိုလင်လင် ရုတ်ချည်းဝမ်းနည်းလာသည်။ သူမတို့နှစ်ဦးသည် ညီအစ်မကောင်းဖြစ်သလို သူငယ်ချင်းကောင်းလဲဖြစ်ကြသည်။ သူတို့သာ အနာဂတ်မှာ ကွဲကွာသွားပါက ပြန်ပြီးဆုံနိုင်ပါ့မလား ဒါမှမဟုတ် မင်လျိုရီ ပြန်လာပါ့မလားဆိုတာ မသိနိုင်ချေ။ 


ယိုလင်လင်က ဝမ်းနည်းစွာပြောလာသည်။ 


"လျိုရီ ငါနင်နဲ့မခွဲနိုင်ဘူး နင်ထွက်သွားရင် နင့်ယောက်ျားကို ဘယ်လိုလုပ်မလဲ" 


ယောင်ကျိကျိုး အမည်ပါလာသည့်အတွက် မင်လျိုရီချက်ချင်းတိတ်ဆိတ်သွားသည်။ သူမက နောက်လှည့်ပြီး ယောင်ကျိကျိုးကို ကြည့်လိုက်မိသည်။ သူမလက်မောင်းနာနေခဲ့သောကြောင့် ဦးထုပ်နှင့်မျက်နှာအကာကို သေချာမဝတ်ပေးခဲ့သည်ကိုသတိထားမိသွားသည်။ မင်လျိုရီ ထရပ်ပြီးမျက်နှာအကာကို ညင်သာစွာ သပ်ရပ်အောင်ပြင်ပေးလိုက်သည်။ 


လေအဝှေ့တစ်ချက်တွင် မျက်နှာအကာလေးသည် လှစ်ဟသွားပြီး ရှည်လျားကျဥ်းမြောင်းသည့် မျက်လုံးတစ်စုံကို သူမမြင်လိုက်ရသည်။ ယောင်ကျိကျိုး၏ မျက်လုံးများပွင့်နေခဲ့သည်။ မင်လျိုရီ တဖြည်းဖြည်း ထိတ်လန့်လာသည်။ ယောင်ကျိကျိုးက ရုတ်တရက်ကြီး နိုးလာတာလား....


မင်လျိုရီက မရေမရာဖြင့် ချိုသာစွာမေးလိုက်သည်။ 


"ယောင်ကျိကျိုး ရှင်နိုးလာပြီလား" 


ဝှီးချဲပေါ်မှ ယောင်ကျိကျိုးသည် တုန့်ပြန်မှုမရှိသလို သူ၏မျက်လုံးအိမ်သည်လည်း မရွေ့လျားလာပေ။ မင်လျိုရီ သက်ပြင်းချမိသွားသည်။ သူမဘာကိုကြောက်နေခဲ့တာလဲ။ ဝတ္ထုထဲကအတိုင်းဆို ယောင်ကျိကျိုးသည် နောက်နှစ်လအကြာမှ နိုးထလာမည်ဖြစ်သည်။ 


ထို့အပြင် ယောင်ကျိကျိုးယခုချိန် နိုးထလာလျှင်တောင် သူသည်အမြင်အာရုံကွယ်နေဦးမည်ဖြစ်ပြီး အမြင်အာရုံများပြန်လည်ရရှိရန် အချိန်ယူရဦးမည်ဖြစ်သည်။


မင်လျိုရီသည် ယောင်ကျိကျိုး​၏မျက်လုံးရုတ်တရက်ပွင့်လာရသည့်အကြောင်းပြချက်ကို စဥ်းစားမိပြီး အပြစ်ရှိစိတ်ဖြစ်သွားရသည်။ 


ယခုလေးတင် သူသည်မှောက်ရက်ပြုတ်ကျသွားခဲ့ပြီး အရှိန်လည်း ပြင်းထန်သည်။ မျက်လုံးဆိုသည်မှာ ထိန်းချုပ်မရသည့်အရာဖြစ်သည်။ ထို့ကြောင့် သူ့အလိုအလျောက်ပွင့်လာခြင်းဖြစ်နိုင်သည်။


ဒါမှမဟုတ် ကျွီဖုန်းကဲ့သို့ တိုးတက်မှုလက္ခဏာများပြသည့်သဘောပဲလား...ဒီအခြေအနေတွင် ထိုမျှမြန်မြန်ကြီး နိုးထလာရန်မဖြစ်နိုင်ပေ။ 


သို့သော် မင်လျိုရီမသိသည်မှာ ယောင်ကျိကျိုးသည် သူမဆီမှ အဖြေကိုမျှော်လင့်နေခဲ့ခြင်းဖြစ်သည်။ သူမသာထွက်သွားခဲ့လျင် ယောင်ကျိကျိုးကိုဘယ်လိုလုပ်မှာလဲ ဆိုသည့်မေးခွန်းပင်။ သူတို့နှစ်ဦးသည် တစ်ကုတင်ထဲတွင် နီးနီးကပ်ကပ်အတူတူအိပ်ခဲ့ကြသည်ဆိုသော်လည်း တစ်ခါမှစကားမပြောခဲ့ဖူးချေ။ 


မင်လျိုရီသည် သူ၏ခန္ဓာကိုယ်ကို နေ့စဥ်ဆေးကျောသုတ်သင်ပေးမည်၊ အစာခွံ့ကျွေးမည်၊ နှိပ်နယ်ပေးမည်။ သူမသည် သူ့အပေါ်အလွန်ကို စိတ်ဝင်တစားရှိပြီး ကောင်းမွန်စွာစောင့်ရှောက်ပေးခဲ့သည်။ သူလုပ်နိုင်တာဆိုလို့ သူမ သူ့လက်မောင်းများအကြား အိပ်မောကျနေစဥ်တွင် သူမခေါင်းလေးအား ပွတ်ပေးနိုင်ရုံသာဖြစ်သည်။ ကျန်သည့်အရာအားလုံးသည် မင်လျိုရီတစ်ဦးတည်းကသာ ပြုလုပ်ပေးသည့် တစ်ဖက်သက်အပြုအမူများဖြစ်သည်။


ထိုအရာများကိုစဥ်းစားပြီးနောက် ယောင်ကျိကျိုးသည် မင်လျိုရီထွက်သွားချင်သည်မှာပုံမှန်ပဲဟု ခံစားလိုက်ရသည်။ သူ့ကျန်းမာရေးပြန်ကောင်းလာသည်နှင့်အမျှ မင်လျိုရီသည် သူ့နံဘေးတွင်နေချင်လိမ့်မည်ဟု သူထင်ခဲ့သည်။ သို့သော် ယခုတွင်တော့ မင်လျိုရီ၏ အနာဂတ်အစီစဉ်တွင် သူ မပါဝင်သည်မှာ သိသာထင်ရှားသည်။


ယောင်ကျိကျိုး၏နှလုံးသားတွင် ပြောမပြတတ်လောက်အောင် ဒေါသနှင့်ဝမ်းနည်းမှုများပြည့်နှက်လာခဲ့သည်။ သို့သော် အချိန်ခဏကြာပြီးနောက် တဖြည်းဖြည်း အားနည်းလာကာ နှလုံးသားထဲမှ အလင်းရောင်သည် မှိတ်ကျသွားခဲ့ပြီး သူကိုယ်တိုင်လဲ အဆုံးမရှိသော အမှောင်ထုထဲသို့ ပြုတ်ကျသွားတော့သည်။ သူသည် အလွန်အမင်း ပူပန်သောကရောက်နေကာ ခန္ဓာကိုယ်တွင်းမှ စွမ်းအားများ ပေါက်ကွဲသွားဖို့ လက်မတင်လေးသာလိုတော့သည်။ 


မင်လျိုရီ၏ ခန္ဓာကိုယ်တွင်းမှဝိညာဥ်စမ်းချောင်းသည်လည်း စတင်လှုပ်ရှားလာသည်။ ယောင်ကျိကျိုးတွင် တစ်ခုခုမှားယွင်းနေသည့်အချိန်တိုင်း ထိုအရာသည် မင်လျိုရီအားအသိပေးလေ့ရှိသည်။ ထို့ကြောင့် ယခုအချိန်တွင် ယောင်ကျိကျိုးတွင် တစ်ခုခုတော့မှားနေပြီဖြစ်သည်။ ဝိညာဥ်စမ်းချောင်းထိုသို့စီးဆင်းခဲ့သည်မှာ သူမ ဤနေရာသို့ ကူးပြောင်းလာခဲ့သည် ပထမနေ့တွင်သာဖြစ်ခဲ့ပြီး ထိုကဲ့သို့ခံစားချက်မျိုးထပ်မဖြစ်တော့သည်မှာ ကြာလှပြီဖြစ်သည်။ 


မင်လျိုရီ စိုးရိမ်မှုကြောင့် အရှေ့အနောက်လျှောက်နေမိပြီး ယောင်ကျိကျိုး တစ်ခုခုဖြစ်သွားမည်ကို ကြောက်ရွံ့နေခဲ့သည်။ အကယ်၍ သူသာ ရုတ်တရက်ကြီး နိုးထလာခဲ့ရင် သူမကို လွယ်လွယ်နှင့် အလွတ်ပေးမည်မဟုတ်ပေ။ မင်လျိုရီသည် ရွေးချယ်စရာမရှိတော့ဘဲ ကျန်သည့်လူများကို ပြောလိုက်သည်။ 


"ငါ့ယောက်ျားရဲ့အဝတ်အစားတွေ ချွေးစိုကုန်လို့ သူ့ကိုအရင်အထဲပို့ပြီးမှ နင်တို့ဆီပြန်လာတော့မယ်အားနာစရာမလိုပါဘူး ကိုယ့်အိမ်ကိုယ့်ရာလို သဘောထားနော်" 


ထိုသို့ပြောပြီး မင်လျိုရီသည် ယောင်ကျိကျိုးကို အခန်းဆီသို့အလျင်အမြန်တွန်းသွားပြီး အိမ်အကူများကို ထွက်သွားရန်ပြောလိုက်သည်။ မင်လျိုရီသည် ရေတစ်ဝက်မျှခပ်ပြီး တစ်ထိုင်တည်းနှင့် 

ဝိညာဥ်စမ်းရေစက် ၁၂ စက်လောက်ကို ရေခွက်ထဲသို့ချလိုက်ပြီး ယောင်ကျိကျိုးအားဖြည်းညင်းစွာတိုက်လိုက်သည်။ 


ယောင်ကျိကျိုး ဝိညာဉ်စမ်းရေအားသောက်ပြီးသည်နှင့် မင်လျိုရီ၏ခန္ဓာကိုယ်တွင်းမှ ​ရေလှိုင်းများလဲ တဖြည်းဖြည်းချင်းတည်ငြိမ်လာခဲ့သည်။ ထို့နောက် သူမကိုယ်တိုင်သတိမထားမိဘဲ ယောင်ကျိကျိုး အနားသို့အလိုလိုကပ်သွားမိသည်။ သူမက သူ​၏နှုတ်ခမ်းပါးများဆီ အကြည့်ရောက်သွားပြီး နမ်းရှိုက်ချင်စိတ်များ ပြင်းပြလာတော့သည်။ 


မင်လျိုရီသည် အတော်လေးမသက်မသာခံစားရကာ ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်လာခဲ့သည်။ နောက်ဆုံးတွင် သူမ မထိန်းချုပ်ထားနိုင်တော့သည့်အတွက် စိတ်ပြောင်းလဲစေရန် တခြားအရာတစ်ခုပြုလုပ်ရသည်။ သူမက ယောင်ကျိကျိုး၏ ရင်ဘတ်ပေါ်သို့မှီချလိုက်ပြီး ထိုသူ၏နှလုံးခုန်သံကိုနားထောင်နေမိသည်...ထိုကဲ့သို့ပြုလုပ်ခြင်းက သူမစိတ်ကိုသက်သာရစေသည်။ 


သို့သော် မင်လျိုရီသည် ထိုမျှနှင့်စိတ်ကျေနပ်ပုံမရဘဲ မသိစိတ်ကအလိုလို ယောင်ကျိကျိုး၏ လည်ပင်းကို လက်မောင်းများဖြင့် ချိတ်တွယ်မိသွားပြီး ကြောင်ပေါက်စတစ်ကောင်ကဲ့သို့ မျက်နှာဖြင့်လိုက်ပွတ်သပ်နေမိတော့သည်။ နောက်ဆုံးတွင်မူ သူမသည် သက်တောင့်သက်သာရှိသည့် အနေအထားကိုရှာတွေ့သွားပြီး ယောင်ကျိကျိုးကိုယ်ပေါ်သို့ လှဲချလိုက်တော့သည်။ 


ယောင်ကျိကျိုးကို ထိုကဲ့သို့ ကပ်တွယ်နေလိုက်မှ မင်လျိုရီ၏ ခန္ဓာကိုယ်အပူချိန်သည် လျော့ကျသွားပြီး ပြောမပြတတ်သည့် သက်တောင့်သက်သာရှိမှုကို ခံစားလိုက်ရသည်။ 


အချိန်အတော်ကြာ ပွေ့ဖက်ပြီးနောက် မင်လျိုရီသည် ယိုလင်လင်နှင့် ဟဲယန်ဖုန့်တို့ သူမကိုအပြင်မှာစောင့်နေသည့်အတွက် သူမကြာကြာနေလို့မရကြောင်းသတိရသွားသည်။ မင်လျိုရီသည် မထချင်သော်လည်း မတ်တပ်ရပ်လိုက်သည်။ သူမသည် ယောင်ကျိကျိုးနှင့်ထိုကဲ့သို့ ရင်းနှီးစွာနီးကပ်မှုကို အသားကျနေပါက ယခုလိုရှက်ရွံ့နေမည်မဟုတ်ပေ။


🥰