အပိုင်း၅၆
Viewers 5k

🥰 Chapter 56 ✅


မင်လျိုရီသည် ထိုအချိန်တွင် ထိန်းချုပ်ထားခဲ့သမျှ ပွင့်ထွက်ကုန်တော့သည်။ သူမသည် အပြင်ဘက်တွင် အနိုင်ကျင့်ခံရပြီး အိမ်သို့မျက်ရည်အပြည့်ဖြင့် ပြန်ရောက်လာသည့် ကလေးတစ်ယောက်လိုပင်။ သူမက ကျယ်လောင်စွာအော်ငိုလိုက်ပြီး လက်ရှိအခြေအနေကိုပင် မေ့လျော့သွားတော့သည်။ 


ယောင်ကျိကျိုးနိုးလာရင် သူက သူမကိုစိတ်ဆိုးပြီး နှိပ်စက်တော့မည်ဖြစ်သည်။ မင်လျိုရီသည် ယောင်ကျိကျိုးနှင့် ဝေးဝေးနေနိုင်ရန် အင်္ဂလိပ်စာကို ကြိုးစားပမ်းစားလေ့လာခဲ့ပြီး သူမဘာသာရပ်တည်နိုင်ရန်ကြိုးစားခဲ့သည်။ သို့ရာတွင် ယခုအချိန်မှာတော့ သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ပေ။ သူမက ယောင်ကျိကျိုးကိုသာ အားကိုးပြီးယုံကြည်ထားလိုက်ချင်တော့သည်။ ယခုအချိန်တွင် ယောင်ကျိကျိုးသာရှိနေလျှင် သူမဘာကိုမှ ကြောက်စရာမလိုတော့ဘူး ဟူသည့်အတွေးများဝင်ရောက်လာသည်။ 


ထိုအချိန် ယောင်ကျိရန်သည် အလွန်အမင်းပျော်ရွှင်နေသည်။ နောက်ဆုံးတော့ ဒီလိုနေ့ကိုရောက်လာခဲ့ပြီ။ အခုအချိန်ကစပြီး ယောင်မိသားစုနှင့် ယောင်ကုမ္ပဏီသည် သူ့လက်ထဲသို့ရောက်လာပေတော့မည်။ မင်လျိုရီ၏ ငိုကြွေးသံကိုကြားသောအခါ ယောင်ကျိရန်သည် အော်သစ်ကြိမ်းမောင်းလိုက်သည်။ 


"ပိတ်ထားစမ်း ယောင်ကျိကျိုးက- "


သူသည် စကားကိုဆုံးအောင်မပြောရသေးခင်မှာပင် အက်ကွဲရှတသည့်အသံတစ်ခုက ဖြတ်ပြောလာသည်။ ထိုအသံသည် ယောင်ကျိရန်ကို နေရာမှာပင် အေးခဲသွားစေပြီး မလှုပ်ရှားရဲအောင် ပြုလုပ်နိုင်ပေသည်။ 


"မင်းပါးစပ်ကိုသာ ပိတ်ထား" 


ထိုသူသည် စကားမပြောခဲ့ရသည်မှာ အချိန်ကြာနေသည့်အတွက် သူ​၏အသံသည်အတော်လေး လေးပင်နေသည်။ 


ယောင်ကျိရန်သည် ရုတ်တရက်ငြိမ်သက်သွားသည်။ သူသည် အလွန်စိတ်လှုပ်ရှားသွားသောကြောင့် ဂယောင်ဂတမ်း ပုံရိပ်ယောင်များမြင်ယောင်မိသည်ဟု တွေးမိသွားသည်။ ထို့ကြောင့် သူသည်အိပ်ရာဘေးသို့သွားပြီး ယောင်ကျိကျိုးကိုကြည့်လိုက်စဉ် မျက်လုံးပွင့်မနေသည်ကို တွေ့လိုက်ရသည်။ သူ၏ ကြောက်ရွံ့တုန်လှုပ်နေသောစိတ်များ ချက်ချင်းပြေလျော့သွားချိန်တွင် ယောင်ကျိကျိုး၏ ပါးစပ်သည် လှုပ်ရှားလာပြီး အေးစက်စွာပြောလိုက်သည်။ 


"ယောင်ကျိရန် မင်းကိုယ်မင်း ဘယ်သူထင်နေလို့ ငါ့နာမည်ကို ပါးစပ်ကထုတ်ပြောနေတာလဲ" 


ယောင်ကျိရန်သည် သူ၏ဝိညာဥ်ကိုတစ်စုံတစ်ယောက်က ဖမ်းဆုပ်ထားသကဲ့သို့ စကားတစ်ခွန်းမှမဆိုရဲဘဲ ထိုနေရာတွင်ကြက်သေသေလျက်ဖြင့် တစ်ကိုယ်လုံးတုန်ရီနေတော့သည်။ ယောင်ကျိကျိုးသည် စိတ်မရှည်တော့ဘဲ ပြောလိုက်သည်။


"မင်းငါ့ကို ဘယ်လိုခေါ်သင့်တာလဲ"


ယောင်ကျိရန်သည် ယောင်ကျိကျိုးအား မယုံနိုင်စွာ ပြန်ကြည့်ကြည့်လာသည်။ 


'အခုလေးတင် မြောင်လွေ့မင်က သူသေတော့မယ်လို့ ပြောခဲ့တာလေ ပြီးတော့ သူကိုယ်တိုင်လဲ အသက်ရှုူမရှူစမ်းသပ်ပြီးပြီမဟုတ်လား ... ဘယ်လိုလုပ်ပြီးလဲ...ဘယ်လိုလုပ် အသက်ရှင်လာပြီး ပြန်တောင် နိုးလာတာလဲ...'


ယောင်ကျိရန်က တုန်ရီစွာပြောလိုက်သည်။ 


"အ-အစ်ကိုကြီး" 


ယောင်ကျိကျိုး မကျေနပ်သေးပေ။ သူ၏ဇနီးလေးလဲ ဘေးမှာရှိနေတာကို ယောင်ကျိရန်က ကန်းနေတာလား...သူ့သခင်မကိုတောင် မနှုတ်ဆက်နိုင်ရအောင် ယောင်ကျိရန်က တစ်ခုခုများ ကြံစည်နေတာလား...


ယောင်ကျိကျိုးက အေးစက်စွာပြောလိုက်သည်။ 


"ပြီးတော့" 


ထိုစကားကိုကြားသောအခါ ယောင်ကျိရန်သည် မင်လျိုရီအား သံသယအပြည့်ဖြင့်ကြည့်လိုက်သည်။ ယောင်ကျိကျိုးက မင်လျိုရီကို နာမည်တပ်ပြီး မခေါ်စေချင်တာများလား...


အခန်းထဲတွင် လူသုံးယောက်သာရှိသည်။ သူ့ကိုဖယ်လိုက်လျှင် ကျန်သည့်နှစ်ယောက်သည်ယောင်ကျိကျိုးနှင့် မင်လျိုရီတို့ဖြစ်သည်။ ယောင်ကျိရန်က မရေမရာဖြင့် ပြောလာသည်။ 


"မရီး..." 


ယောင်ကျိကျိုးသည် နောက်ဆုံးတော့ စိတ်ကျေနပ်သွားပြီဖြစ်သည်။ သူ၏ဇနီးလေးကို လျစ်လျုရှူမထားနိုင်ပေ။ လက်အောက်ငယ်သားအနေနှင့် ယောင်ကျိရန်သည် သတိထားနေသင့်သည်။ တခြားအကြောင်းအရာများကိုတော့ သူတို့နောက်မှ ဆွေးနွေးလို့ရသည်။


"ထွက်သွား" 


ဟု သူကပြောလိုက်သည်။ 


ယောင်ကျိကျိုးသည် ပုပ်သိုးနေသည့်အရည်များရှိသည့် အိပ်ရာထက်တွင် လဲလျောင်းနေသော်လည်း ရက်စက်ကာလွှမ်းမိုးနိုင်သည့် သူ​၏အရှိန်အဝါသည် ယောင်ကျိရန်ကို အူတွေအသည်းတွေထဲမှ ကြက်သီးထမှုကိုဖြစ်စေသည်။ သူ​၏ 'ထွက်သွား' ဟူသည့် အမိန့်သံကိုကြားလိုက်သည်နှင့် ယောင်ကျိရန်သည် အခန်းအပြင်ဘက်သို့ ချက်ချင်းပင် ယိုင်တိယိုင်တိုင်နှင့် ပြေးထွက်သွားတော့သည်။ 


အခန်းထဲတွင် ယောင်ကျိကျိုးနှင့် မင်လျိုရီ နှစ်ယောက်တည်းသာကျန်ခဲ့ပြီး မင်လျိုရီသည် ယောင်ကျိကျိုး​၏စကားသံကို ကြားလိုက်ချိန်တွင်ထိတ်လန့်မှုကြောင့် နေရာမှရွေ့ဖို့ပင် မေ့လျော့နေခဲ့သည်။ အခန်းသည် တိတ်ဆိတ်နေပြီး နှစ်ဦးသားသည် ဘာစကားမှမဆိုကြပေ။ နောက်ဆုံးတွင်တော့ ယောင်ကျိကျိုး၏ချောင်းဆိုးသံသည် အခန်းတွင် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေသည်။ 


မင်လျိုရီ နောက်ဆုံးတော့ အသိစိတ်ပြန်ဝင်လာပြီး သူမချက်ချင်းထရပ်ကာ ရေနွေးနွေးလေးတစ်ခွက် ခပ်လိုက်ပြီး သူမအရင်နေ့များက ပြုမူနေကျအတိုင်း ယောင်ကျိကျိုးအား ရေတိုက်လိုက်သည်။ သို့သော်လည်း ယောင်ကျိကျိုးကား နိုးထလာခဲ့ပြီဖြစ်ပြီး ယခင်ကဲ့သို့ ကိုမာဝင်နေသည့်လူမဟုတ်တော့ပေ။ 


မင်လျိုရီ၏ နီးကပ်လာမှုနှင့်ရေတိုက်သည့် လုပ်ဆောင်ချက်များကြောင့် ယောင်ကျိကျိုး၏ နားရွက်ဖျားများ နီရဲလာတော့သည်။ မင်လျိုရီသည် ထိုအရာကိုမြင်သွားပြီး စိတ်ပူစွာဖြင့်နဖူးကိုစမ်းကြည့်ပြီး သူမဘာသာရေရွတ်မိလိုက်သည်။ 


"အဖျားမိရှိပါဘူး ဘာလို့ နားရွက်ဖျားတွေ နီနေရတာလဲ" 


မင်လျိုရီ၏အသံသည် နူးညံ့ချိုသာနေပြီး ထိုအသံ၏အစွမ်းကြောင့်ပဲ ယောင်ကျိကျိုး၏မျက်နှာပိုနီလာတော့သည်။ သို့သော် သူသည်စကားပြောရန်အားယူနေခဲ့သောကြောင့် အမှန်တကယ် ရေသောက်ရန်လိုအပ်နေသည်။ ထို့ကြောင့် နာခံစွာဖြင့် ပါးစပ်ဟပေးလိုက်ပြီး မင်လျိုရီအားရေတိုက်စေလိုက်သည်။ 


ရေသောက်ပြီးသောအခါမှ ယောင်ကျိကျိုးသည် ရှက်စိတ်ကို ဖိနှိပ်ထားနိုင်လိုက်ပြီး နောက်တစ်ကြိမ် သတိလစ်သွားမည်ကို စိုးရိမ်သွားခဲ့သည်။ ထို့ကြောင့် သူသတိလစ်မသွားခင် သူ၏ဇနီးလေးနှင့် စကားပြောရမည်။ ယောင်ကျိကျိုး အမြဲလိုလို မေးချင်နေခဲ့သည့် ေမးခွန်းတစ်ခုရှိသည်။ ထို့နောက် သူက နူးညံ့စွာ ပြောလိုက်သည်။ 


"အချစ်လေး..." 


ရေခွက်ကိုင်ထားသော မင်လျိုရီ၏လက်တုန်ရီသွား

သည်။ ယောင်ကျိကျိုးက သူမကို ထိုကဲ့သို့ခေါ်မည်ဟု မထင်ထားခဲ့ပေ။ သို့သော် သူမ ဘာမှမတုန့်ပြန်နိုင်ခင်မှာပင် ယောင်ကျိကျိုးသည် တည်ငြိမ်အောင်ကြိုးစားလိုက်ပြီး သူမကို အေးခဲနေသည့် မြေအောက်ခန်းထဲသို့ ရောက်ရှိသွားသလို ခံစားရမည့် မေးခွန်းအား မေးလာခဲ့သည်။


ယောင်ကျိကျိုးသည် ရေသောက်ပြီးနောက် အခြေအနေပိုကောင်းလာသည်။ သူ၏နှုတ်ခမ်းများသည် အစိုဓာတ်များရှိနေပြီးနူးညံ့ပုံပေါ်နေသည့်အတွက် တစ်စုံတစ်ယောက်၏ အတွေးများကို အရိုင်းဆန်သွားစေသည်။ ယောင်ကျိကျိုးသည် ပါးစပ်ဖွင့်ဟပြီး သူ့ဘေးတွင်ရှိနေသေးသည့် တည်ရှိမှုကိုခံစားမိကာ မင်လျိုရီအား အေးစက်စွာမေးလိုက်သည်။ 


"မင်းကဘယ်သူလဲ"



🥰