အပိုင်း၅၇
Viewers 6k

🥰 Chapter 57 ✅


ထိုအမေးစကားသည် မင်လျိုရီအား မြေအောက်အအေးခန်းထဲသို့ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ သူမအား "အချစ်လေး" ဟု ယခုလေးတင်ခေါ်ခဲ့သူသည် ယောင်ကျိကျိုးမဟုတ်သည့်အတိုင်းပင်။ ယောင်ကျိကျိုး နောက်တကြိမ်သတိမေ့သွားတော့မည့်အချိန်တွင် သူခန့်မှန်းထားသလိုမင်လျိုရီ​၏ ယုံကြည်မှုမရှိသည့်အသံကြားလိုက်ရသည်။


"ကျွန်မက မင်လျိုရီပါ" 


ထိုသို့ပြောပြီး မင်လျိုရီ ခေါင်းငုံ့ချလိုက်ကာ ယောင်ကျိကျိုးဆီမှလာမည့် တုန့်ပြန်ချက်အား တိတ်တဆိတ်စောင့်မျှော်နေလိုက်သည်။ သို့သော်လည်း အချိန်အကြာကြီးစောင့်ပြီးသည်အထိ ယောင်ကျိကျိုး၏ အသံအားမကြားရပေ။ မင်လျိုရီ သူမခေါင်းကို ဂရုတစိုက်နှင့်ပြန်မော့လိုက်ရာ ယောင်ကျိကျိုး သတိမေ့သွားကြောင်း သိရှိလိုက်ရသည်။ 


မင်လျိုရီ၏ နှလုံးသားထဲတွင်ထိတ်လန့်နေသည်။ ဤကိစ္စသည် မပြီးဆုံးသေးပေ။ ယောင်ကျိကျိုးသည် ရုတ်တရက်နိုးထလာပြီး သူမကို ထွက်ပြေးရန်အချိန်မပေးခဲ့ပေ။ 


'ယောင်ကျိကျိုးက ဘာလို့ အခုလိုရုတ်တရက်ကြီး နိုးထလာရတာလဲ...ဒါက မူလဇာတ်ကြောင်းနဲ့ လုံးဝသွေဖီနေတာကြီးလေ...'


ယောင်ကျိကျိုး၏ နောက်ဆုံးမှတ်ဥာဏ်သည် မင်လျိုရီသူ့အား လသာဆောင်မှ တွန်းချခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် "မင်းက ဘယ်သူလဲ" ဆိုသည့် အမေးစကားသည် မုဆိုးကသားကောင်ကို အတည်ပြုနေခြင်းသာဖြစ်သည်။ မင်လျိုရီသည် ကျည်ဆံက သူမခေါင်းထဲသို့ အချိန်မရွေးဖောက်ထွက်သွားနိုင်သည်ဟု ခံစားမိလိုက်သည်။ 


မင်လျိုရီသည် ညသန်းခေါင်တွင် အဝတ်အစားများ ထုတ်ပိုးကာ ထွက်ပြေးရန်စဥ်းစားနေချိန်တွင် ဆေးရုံကားရောက်လာခဲ့သည်။ အိမ်အကူများသည် ယောင်ကွေနှင့် ယောင်ကျိကျိုးကို ဆေးရုံကားပေါ်သို့ တင်ပေးလိုက်သည်။ 


မင်လျိုရီသည် ထိုသူနှစ်ဦးအား ဆေးရုံကားပေါ်သို့ တင်သွားသည်ကိုတွေ့သောအခါ နေရာမှချက်ချင်းထွက်ပြေးချင်သွားမိသည်။ သို့သော် ကြည့်ရတာ ကောင်းကင်ဘုံက သူမအား အလွတ်ပေးချင်ပုံမရပေ။ ဆေးရံကားနှင့်အတူပါလာသော ဝန်ထမ်းလေးသည် လူအုပ်ထဲသို့ စိုးရိမ်စွာကြည့်ပြီးမေးလိုက်သည်။ 


"လူနာရှင်ဘယ်မှာပါလဲ ဆေးရုံကိုအတူလိုက်ခဲ့ဖို့ လူနာရှင်လိုပါတယ်" 


အိမ်အကူများသည် ယောင်ကျိရန် ဘယ်ကိုရှောင်ပြေးသွားလဲမသိ၍မင်လျိုရီကိုသာ ကြည့်လိုက်ကြသည်။ နေရာမှထွက်ပြေးရန်ဟန်ပြင်နေ

သော မင်လျိုရီသည် ရုတ်တရက်ရပ်တန့်သွားပြီး ရွေးချယ်စရာမရှိတော့ဘဲ ကြောင်တောင်တောင်နိုင်စွာ ပြုံးပြလိုက်သည်။


 "ကျွန်မပါ လူနာရှင်က"


ထို့နောက် သူမ သတ္တိမွေးလိုက်ပြီး ဆေးရုံကားထဲသို့ ဝင်လိုက်သည်။ မင်လျိုရီ မည်သို့လုပ်ရမလဲမသိတော့ပေ။ ကံကောင်းသည်မှာ ယောင်ကွေ၏ အတွင်းရေးမှူးသည် ဆေးရုံတွင်ရောက်နှင့်နေပြီး ကျန်သည့်အရာများကိုလုပ်ဆောင်ပေးလိမ့်မည်ဖြစ်သည်။


မင်လျိုရီ၏ မျက်နှာပေါ်မှ နီရဲနေသည့်လက်ဝါးရာကိုမြင်သွားသောအတွင်းရေးမှူးသည် ချက်ချင်းပဲသူနာပြုအားခေါ်ကာ ရေခဲကပ်ခိုင်းခဲ့သည်။ ယောင်ကျိကျိုးနှင့် သူ၏ဖခင်သည် စစ်ဆေးမှုခံယူပြီးနောက် သက်ဆိုင်ရာဌာနသို့ပို့ဆောင်ခဲ့ပြီး နှစ်ဦးစလုံး​၏အခြေအနေမှာ ကောင်းမွန်သွားကြသည်။


wardထဲတွင် သူနာပြုများနှင့်ကျန်းမာရေးအကူများရှိပြီး မင်လျိုရီသည် အပိုလူလုံးလုံးဖြစ်နေသည်။ အချိန်အတော်ကြာသည်အထိ မင်လျိုရီသည် ညအိပ်ဝတ်စုံနှင့်ပဲဖြစ်ပြီး ဆေးရုံသို့ကုတ်အင်္ကျီတစ်ထည်သာ ယူလာခဲ့ရသည်။ ဆေးရုံမှသူနာပြုများသည် ယောင်ကျိကျိုး၏ ခန္ဓာကိုယ်အား သန့်ရှင်းပေးပြီးပြီဖြစ်သည်။


မင်လျိုရီ၏ အဝတ်အစားများပေါ်မှ အရည်များသည် ခြောက်သွေ့သွားပြီဖြစ်ပြီး အနံ့သည်ပြင်းထန်လွန်းလှသည်။ မင်လျိုရီသည် တတ်နိုင်သမျှမြန်မြန်အိမ်သို့ပြန်ကာ ရေချိုးပြီး ရှေ့ဆက်ရမည့်အကြောင်းကိုတွေးနေချင်သည်။


သူမက ဆင်ခြေတစ်ခုရှာတွေ့သွားပြီး အတွင်းရေးမှူးအားပြောလိုက်သည်။


"ကျွန်မခဏနားပြီး ညစာပြင်ဖို့ အိမ်ပြန်လို့ရမလား" 


အတွင်းရေးမှူးသည် သံသယတစ်စုံတစ်ရာမဝင်ဘဲ မင်လျိုရီအား အိမ်ပြန်လိုက်ပို့ပေးရန် ဒရိုက်ဘာအား ပြောလိုက်သည်။ မင်လျိုရီအိမ်သို့ပြန်ရောက်သောအခါ ရှောင်ဖန်းသည် စိုးရိမ်ပူပန်စွာနှင့် တံခါးဝတွင် အရှေ့အနောက် လျှောက်နေသည်ကို တွေ့လိုက်ရသည်။ ရှောင်ဖန်းသည် ချက်ချင်းပြေးလာပြီး သူမလက်အား ဆုပ်ကိုင်လိုက်သည်။ 


"သခင်မ အခြေအနေဘယ်လိုလဲ အဆင်ပြေရဲ့လား" 


မင်လျိုရီ၏ မျက်နှာပေါ်မှ နီရဲနေသောလက်ဝါးရာကြီးကိုမြင်တော့ ရှောင်ဖန်းနှလုံးနာသွားရသည်။ သူမက မျက်ရည်ဝဲလာသည့်အတွက် မင်လျိုရီသည် သူမပခုံးကိုပုတ်ပေးလိုက်ပြီး ပြုံးပြလိုက်သည်။ 


"ငါအဆင်ပြေပါတယ် ယောင်ကျိကျိုးလဲ နိုးလာပြီ...ဥက္ကဌယောင်လဲ အဆင်ပြေပါတယ်"


မင်လျိုရီသည် အစကဘာတွေဖြစ်ပျက်ခဲ့သည်ကို မေးချင်ခဲ့သော်လည်း ရှောင်ဖန်းသည် သူမမမေးခင် ဖြစ်ပျက်သမျှကို ပြောပြလာသည်။ အဖြစ်အပျက်ကတော့ အိမ်အကူများသည် အနံ့ဆိုးကြီးကြောင့် နိုးလာခဲ့ကြပြီး လှမ်းမေးခဲ့ရာမှစခဲ့သည်ပင်။ အားလုံးသည် တစ်ခဏလောက် ရှာဖွေခဲ့ပြီးနောက် အနံ့သည် မင်လျိုရီနှင့်ယောင်ကျိကျိုး၏အခန်းထဲမှဖြစ်ကြောင်း တွေ့ရှိသွားတော့သည်။ ရှောင်ဖန်းက ချက်ချင်းပဲ အခန်းတံခါးခေါက်ကာ ဘာဖြစ်တာလဲဟု မေးခဲ့သော်လည်း မည်သူမျှပြန်မဖြေခဲ့ပေ။ 


အနံ့သည် အလွန်ထူးဆန်းသောကြောင့် အိမ်အကူများလဲ အထဲတွင်တစ်ခုခုဖြစ်နေပြီဟု သံသယဝင်လာကြသည်။ တခြားအိမ်အကူများက ရှောင်ဖန်းမဖြေရှင်းနိုင်လောက်ဘူးဟု ယူဆလိုက်ကြသည်။ သူတို့က အပြစ်ပေးခံရမည်ကို ကြောက်ရွံ့သောကြောင့် တစ်ချို့တစ်ဝက်သည် ယောင်ကွေကို အကြောင်းကြားလိုက်ကြသည်။ 


နောက်ဆက်ဖြစ်တာကတော့ မင်လျိုရီသည် ယောင်ကျိရန်၏ ကုတင်ပေါ်မှဆွဲချခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။ မင်လျိုရီသည် ကိုယ်တိုင်ကိုယ်ကျ ထိုအဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရသည်။ 


သူမ အိပ်ပျော်နေစဥ် ဖြစ်ပျက်သွားသည်များကို နားထောင်နေရင်း မင်လျိုရီသည် ယောင်ကျိရန်အား ဘယ်နေရာမှာမှ ရှာမတွေ့သည်ကို သတိရသွားတော့သည်။ 


သူမက ချက်ချင်း မေးလိုက်သည်။ 


"ရှောင်ဖန်း ယောင်ကျိရန် ဘယ်ရောက်သွားတာလဲ"


ရှောင်ဖန်း မျက်မှောင်ကျုံ့လိုက်မိသည်။ ယနေ့အဖြစ်အပျက်သည် အလွန်ကိုရှုပ်ထွေးသည်။ ရှောင်ဖန်းသည် တစ်ချိန်လုံး သူ့သခင်မကို စိတ်ပူနေခဲ့သောကြောင့် တခြားသူများကို အာရုံမထားမိခဲ့ပေ။ ခဏလောက်စဥ်းစားပြီးနောက် ရှောင်ဖန်းသည် ခေါင်းထဲသို့ပေါ်လာသော တစ်စုံတစ်ခုကို သတိရသွားသည်။ 


"သခင်မ ကျွန်မ မှတ်မိပြီ...ယောင်ကျိရန်က ဆေးရုံကားထွက်သွားမှ ပြန်ပေါ်လာခဲ့တာ သူကဘာမှတော့မပြောပေမဲ့ တစ်ကိုယ်လုံး တုန်ရီနေတာပဲ" 



🥰