အပိုင်း၅၈
Viewers 6k

🥰 Chapter 58 ✅


မင်လျိုရီသည် ရှောင်ဖန်း၏စကားများကို နားထောင်ပြီးနောက် ခေါင်းငြိမ့်ကာ အိမ်အကူများကို ယောင်ကျိကျိုးနှင့်သူ့အဖေအတွက် ညစာပြင်ပေးရန်ပြောလိုက်သည်။ ထို့နောက် သူမကိုယ်ပေါ်မှအနံ့သည်အလွန်ဆိုးရွားနေသောကြောင့် သူမအခန်းဆီ ရေချိုးရန်အမြန်ပြန်သွားသည်။ 


ယနေ့တွင် အဖြစ်အပျက်များစွာဖြစ်သွားပြီးနောက် မင်လျိုရီသည် အရာအားလုံးကို စဥ်းစားကြည့်ဖို့ရာ အချိန်လိုအပ်သည်။ 


ပထမဦးစွာသူမသည် ယောင်ကျိကျိုးနှင့်ခွဲအိပ်ခဲ့ပြီး ဝိညာဥ်စမ်းချောင်းသည် သူမတောင့်မခံနိုင်လောက်သည်အထိ လျင်မြန်စွာခြောက်သွေ့သွားခဲ့သည်။ ယောင်ကျိကျိုးအနားသို့ ရောက်သွားသည်နှင့် သူမ၏ ဝိညာဥ်စမ်းချောင်းသည် ပြန်လည်ကောင်းမွန်လာပြီး ယောင်ကျိကျိုးလဲ နိုးထလာခဲ့သည်။ မင်လျိုရီသည် သူမယောင်ကျိကျိုးဆီမှ ထွက်သွားပါက ဝိညာဥ်စမ်းချောင်းလဲ ခမ်းခြောက်သွားလိမ့်မည်ဟု ခန့်မှန်းကြည့်ခဲ့ပြီး ဒီည စမ်းသပ်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။ 


ဒုတိယအနေဖြင့် သူမသာယောင်မိသားစုမှ ထွက်မသွားလျှင် သူမဘဝကို ဆုံးရှုံးရမည်ဖြစ်သည်။ မင်လျိုရီသည် ပထမက ပြည်ပသို့ပညာသင်သွားရန်စဉ်းစားခဲ့သော်လည်း အခုထိ တက်ရောက်ရမည့် ကျောင်းနှင့်နိုင်ငံကို ရွေးချယ်နေဆဲဖြစ်သည်။ ထိုမျှလျင်လျင်မြန်မြန်ကြီး ဖြစ်ပျက်သွားသည့်အတွက်သူမ အစီအစဉ်များ အဆင့်သင့်ဖြစ်ဖို့ရာ ဝေးကွာနေသေးသည့်အပြင် ယောင်ကျိကျိုးကလဲ နိုးထလာပြီဖြစ်သည်။


မင်လျိုရီသည် ယခုအချိန်တွင် ယောင်မိသားစုဆီမှ ခဏတာရွှေ့ပြောင်းနေရန်သာ တတ်နိုင်တော့သည်။ ကံကောင်းစွာဖြင့်သူမကဒ်ထဲတွင် ကျန်သည့်ပိုက်ဆံသည် သူမသက်တမ်းတစ်လျှောက်နေထိုင်ရန်အလုံအလောက်ကျန်ရှိနေခြင်းပင်။ သို့သော်လည်း ပြည်ပထွက်မည့်ကိစ္စကိုတော့ ပြန်စဉ်းစားရမည်ဖြစ်သည်။ သူမပိုက်ဆံများသည် ပြည်ပတွင်နေထိုင်ရန်အတွက်အလုံအလောက်မရှိပေ။ 


ယောင်ကျိကျိုးအကြောင်း ခေါင်းထဲရောက်လာတော့ မင်လျိုရီတွင် ရှုပ်ထွေးသည့်ခံစားချက်များ ဖြစ်ပေါ်လာသည်။ နှစ်ယောက်အတူအိပ်ခဲ့တာလဲ ကြာပြီဆိုတော့ သူမ သူ့ကို နှုတ်ဆက်စကားသွားပြောသင့်လား...ဒါမှမဟုတ် သူ့အခြေအနေကိုလဲ ကြည့်ရတာပေါ့။ သူမနှလုံးသားထဲတွင် အနည်းငယ်တက်ကြွလာခဲ့သည်။


အရာအားလုံးစီစဥ်ပြီးသွားသည့်နောက် မင်လျိုရီသည် ဝိညာဥ်စမ်းချောင်း အမှန်တကယ်ခြောက်သွေ့သွားလား စမ်းကြည့်ရန်တစ်ယောက်ထဲအိပ်ဖို့ဆုံးဖြတ်လိုက်သည်။ နောက်တစ်နေ့တွင် သူမသာယောင်မိသားစုအိမ်မှ ခိုးမထွက်ရင် သူမဘဝဆုံးပြီဖြစ်သည်။


ထိုနေ့ညတွင် မင်လျိုရီညစာကို ကိုယ်တိုင်မပို့ဘဲ ဒရိုက်ဘာကို ထမင်းဗူးနှင့်သာ လွှတ်လိုက်သည်။ ညသန်းခေါင်းတွင်တော့ မင်လျိုရီသည် ဆေးရုံသို့ တိတ်တိတ်လေးလာခဲ့သည်။ လူနာဆောင်မှ မီးများသည်ပိတ်ထားပြီး ကောရီတာမှမီးများသည်လဲ ညအချိန်နှင့် သင့်တော်အောင် အလင်းရောင်ကိုညှိပေးထားသည်။ 


မင်လျိုရီသည် ယောင်ကျိကျိုးအခန်းထဲသို့ ဝင်သွားစဥ် ကုတင်ဘေးတွင် အနားယူနေသော နာ့စ်မလေးအား တွေ့လိုက်သည်။ နာ့စ်မလေးသည် မင်လျိုရီအသံကြားသောအခါ မတ်တပ်ရပ်လာပြီး တစ်ခုခုပြော

ရန်ပြင်လိုက်သော်လည်း မင်လျိုရီသည် တိတ်တိတ်နေဖို့အမူအရာပြလိုက်ပြီး တံခါးသို့ညွှန်ပြလိုက်သည်။ နာ့စ်မလေးသည် ချက်ချင်းထွက်သွားပြီး တံခါးရှေ့တွင်စောင့်နေခဲ့သည်။ 


မင်လျိုရီသည် ကုတင်ပေါ်မှယောင်ကျိကျိုးကို သေချာကြည့်လိုက်သည်။ သူမ ထိုလူအား အကြိမ်ရေမတွက်နိုင်အောင် မြင်ဖူးသော်လည်း ဘယ်အချိန်ကြည့်ကြည့် ရင်သက်ရှုမောဖွယ်ကောင်းနေတုန်းပင်။ မင်လျိုရီသည် ကုတင်ဘေးတွင် တိတ်ဆိတ်စွာဝင်ထိုင်လိုက်ပြီး အရင်အချိန်တုန်းက ပြုမူနေကျလိုပဲ ယောင်ကျိကျိုး၏အပူချိန်ကိုစမ်းပေးရန် လက်လှမ်းလိုက်သည်။


သို့သော် ယောင်ကျိကျိုးနိုးထလာပြီဖြစ်ကြောင်း သတိရသွားပြီး မင်လျိုရီသည် သူမလက်အား ပြန်ရုတ်လိုက်သည်။ သူမက ယောင်ကျိကျိုးကို အကူအညီမဲ့စွာကြည့်လိုက်ပြီး တစ်ခဏလောက် တိတ်ဆိတ်သွားပြီးနောက် နှုတ်ခမ်းအားကိုက်ကာ သူ့အားနူးညံ့စွာပြောလိုက်သည်။ 


"ယောင်ကျိကျိုး ဒီလိုမြန်မြန်နိုးထလာနိုင်လို့ ရှင့်အတွက်ဝမ်းသာပါတယ်" 


အိပ်ရာပေါ်တွင် လှဲနေသောယောင်ကျိကျိုး၏ မျက်တောင်များသည် အနည်းငယ်လှုပ်ခတ်သွားသော်လည်း မင်လျိုရီ သတိမထားမိလိုက်ပေ။ သူမက ယောင်ကျိကျိုး၏မျက်နှာအား ရှုပ်ထွေးနေသော မျက်နှာအမူအရာဖြင့် ကြည့်နေခဲ့သည်။ မနက်ဖြန်ကစပြီး သူတို့ထပ်ပြီးတွေ့ရတော့မည်မဟုတ်ပေ။ 


"အတိတ်က မင်လျိုရီက ရှင့်အပေါ်အမှားတွေအများကြီးလုပ်ခဲ့တယ် ဒါပေမဲ့ ကျွန်မ ရှင့်ကိုဒီအတောအတွင်း ကောင်းကောင်းဂရုစိုက်ပေးခဲ့ပါတယ်...မင်လျိုရီလုပ်ခဲ့တဲ့ ထိခိုက်မှုတွေကို ပြန်ပြင်ဆင်ပေးဖို့ပေါ့... ကျွန်မက ရှင့်ကို နောင်တရအောင်လုပ်ဖို့ နည်းလမ်းတွေအသုံးပြုနေတာမဟုတ်ဘူး... ရှင်ကျွန်မကို ခွင့်မလွှတ်လဲ အဆင်ပြေပါတယ်... ကျွန်မအရင်က ပြောဖူးတာကို ရှင်ကြားခဲ့လားတော့မသိဘူး... ရှင်မနိုးလာခင် ထွက်သွားပါ့မယ်လို့ ပြောခဲ့ဖူးတာလေ...ကျွန်မကတိကိုမချိူးဖောက်ချင်ပါဘူး ဒါပေမဲ့ ရှင်က အခုလို ရုတ်တရက်ကြီး နိုးလာတော့ ကျွန်မအတွက်ပြင်ဆင်ချိန်မရဘူးဖြစ်သွားတာ"


"ဒါပေမဲ့ စိတ်မပူပါနဲ့ ဒီညကျော်သွားရင် ကျွန်မ တကယ်ထွက်သွားမှာပါ... ရှင်က စွမ်းအားကြီးပါတယ် ကျွန်မထွက်သွားရင်တောင် ရှင်အဆင်ပြေမယ်လို့ ယုံကြည်တယ်... ရှင့်ရဲ့မျက်လုံးနဲ့ ခြေထောက်တွေလဲ ပြန်ကောင်းလာမှာမလို့ မင်လျိုရီပေးခဲ့တဲ့ နာကျင်မှုတွေကို မေ့ပစ်လိုက်ပါတော့နော် ပြီးတော့ ရှင်ကြုံတွေ့ခဲ့ရတဲ့ အမှောင်မိုက်ဆုံးနေ့ရက်တွေကိုလဲ မေ့ပစ်လိုက်ပြီး အရင်လိုပဲ ယုံကြည်မှုရှိရှိနဲ့ ဂုဏ်ယူစွာနဲ့ ဘဝကိုဖြတ်သန်းပါ" 


ထိုသို့ပြောဆိုနေစဥ် မင်လျိုရီသည် သူမကိုယ်သူမ ရယ်မိသွားသည်။ သူမသာစောစောစီးစီး ကူးပြောင်းလာခဲ့လျှင် ဒါတွေအကုန်လုံးကို ရှောင်ရှားနိုင်ခဲ့လောက်မလား... ယောင်ကျိကျိုးရော ဒီလိုမျိုး အဆုံးသတ်သွားပါ့မလား...


မင်လျိုရီက စကားဆက်သည်။


"ကျွန်မဒီမှာဆက်နေရင် ရှင့်ကိုမှောင်မိုက်တဲ့ အတိတ်နေ့တွေဆီကိုပဲ သတိရအောင်လုပ်မိနေလိမ့်မယ် ရှင်ကျွန်မကို သေချာပေါက်မတွေ့ချင်လောက်ဘူး" 


ပြောနေရင်း မင်လျိုရီ၏မျက်လုံးများ နီရဲလာသည်။ ဒီရက်များအတွင်း မင်လျိုရီသည် ယောင်ကျိကျိုးကို စိတ်ရင်းနှင့်ဂရုစိုက်ပေးခဲ့သည့်အတွက် ထိုလူ့အပေါ် ခံစားချက်အချို့ဖြစ်တည်လာခြင်း ဖြစ်မည်။ မင်လျိုရီ၏အသံသည် အက်ကွဲနေပြီး သူမကဆက်ပြောသည်။ 


"ဒီလောက်ပါပဲ...ယောင်ကျိကျိူး ရှင်နောက်ကျရင် ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်ရမယ်နော် ကျွန်မသွားတော့မယ်"



🥰