အပိုင်း၆၀
Viewers 5k

🥰 Chapter 60 ✅


မင်လျိုရီ ကြောင်အသွားကာ မည်သို့အဖြေပြန်ပေးရမှန်းမသိတော့ပေ။ နာ့စ်မလေးသည် သူမအဖြေကို အကြာကြီးစောင့်နေသော်လည်း မင်လျိုရီက ဘာမှမပြောပေ။ သူမက မင်လျိုရီ ကြောက်နေသည်ဟုယူဆသွားပြီး နောက်လှည့်ကာ မျက်လုံးများပိတ်ထားသည့်ယောင်ကျိကျိုးကိုကြည့်ပြီး စိတ်ရှုပ်စွာဖြင့်လက်ညှိုးထိုးကာ မေးလိုက်သည်။ 


"ရှင့်ကိုရိုက်တာသူလား" 


မင်လျိုရီသည် နောက်ဆုံးတော့ အသိစိတ်ပြန်ဝင်လာပြီး အော်ရယ်မိသွားတော့သည်။ ဤနာ့စ်မလေးသည် ချစ်ဖို့ကောင်းလွန်းသည်။ အိပ်ရာပေါ်မှာလဲနေတဲ့လူတစ်ယောက်က လူရိုက်ဖို့အားရှိဦးမယ်လို့ ဘယ်လိုတောင်တွေးလိုက်တာလဲ....


'ယောင်ကျိကျိုးကို ငါအနိုင်မကျင့်မိတာကမှတော်သေးတယ်ပြောရမယ်' 


မင်လျိုရီက လေသံလေးဖြင့် ပြောလိုက်သည်။ 


"ရှင်ကအကောင်းဆုံးပဲ ကျေးဇူးပါနော် ဒါပေမဲ့ ကျွန်မကိုရိုက်တာသူမဟုတ်ဘူး" 


မင်လျိုရီသည်အနာဂတ်တွင် ယောင်ကျိကျိုးက ယောင်ကျိရန်အား အခက်ခဲများကြားရောက်အောင်တွန်းပို့ပြီး လက်စားချေမည်မှန်းသိသည်။ ရန်သူ၏ရန်သူသည် မိတ်ဆွေဖြစ်ပြီး ပြောရလျှင် မင်လျိုရီနှင့် ယောင်ကျိကျိုးသည် တစ်လှေတည်းသားတွေဟုပင် ပြောလို့ရသည်။ 


ထိုသို့တွေးမိပြီးနောက် မင်လျိုရီက ဆက်ပြောလိုက်သည်။ 


"သူက အခုငါ့ဘက်ကပါ" 


နာ့စ်မလေးသည် မင်လျိုရီစကားကိုနားထောင်ပြီးမှ နားလည်သွားသည် အမူအရာလုပ်ပြလာသည်။ 


မင်လျိုရီသည် သူမဆီမှ အစားအစာသယ်လာသည့် လှည်းလေးကိုယူလိုက်သည်။ ယောင်ကျိကျိုးက သူမကိုကျွေးစေချင်ကြောင်း တကူးတကပြောလာသည်မဟုတ်ပါလား။ နာ့စ်မလေးအလုပ်ရှုပ်နေလောက်မည်ဟုခန့်မှန်းမိပြီး မင်လျိုရီကပြောလိုက်သည်။ 


"ကျွန်မပဲ ဆက်လုပ်ပေးလိုက်ပါ့မယ် ကျေးဇူးတင်ပါတယ်နော်" 


သူမသည် မင်လျိုရီကို ကမ်းပေးလိုက်သော်လည်း စိုးရိမ်နေသေးသည့်ပုံပေါ်သည်။ မင်လျိုရီ၏ ပါးပေါ်တွင် ထင်ရှားသည့်လက်ဝါးရာကြီးရှိနေပြီး မင်လျိုရီကြောက်သွားမှာစိုး၍ သူမများများစားစားလဲမပြောရဲပေ။ နာ့စ်မလေးက သူမအနားကပ်ကာပြောလိုက်သည်။ 


"မကြောက်နဲ့နော် သူတို့ရှင့်ကိုအနိုင်ကျင့်ရင် ကျွန်မကိုပြော မိန်းမသားတွေဆိုတာ အချင်းချင်းကူညီရမှာပေါ့" 


မင်လျိုရီသည် တောက်ပစွာပြုံးပြီး ခေါင်းငြိမ့်ပြလိုက်သည်။ ယောင်ကျိကျိုးသည် မမြင်ရသေးသော်လည်း အကြားအာရုံအလွန်ကောင်းမွန်သည်။ သူတို့ပြောနေသမျှကိုကြားနေရပြီး မင်လျိုရီ သူ့အနားရောက်လာသည်ကို ကြားသောအခါ ယောင်ကျိကျိုးက အေးစက်စွာမေးလိုက်သည်။ 


"မျက်နှာက ဘာဖြစ်တာလဲ" 


မင်လျိုရီ ချက်ချင်းပင် မနေ့ညက ကြောက်ဖို့ကောင်းသည့် အဖြစ်အပျက်ကိုပြန်တွေးမိသွားသည်။ မင်လျိုရီ ပြန်မဖြေနိုင်မှာပင် ယောင်ကျိကျိုး၏ လက် ဆက်ခနဲတုန်သွားသည်အားတွေ့လိုက်သည်။ မနေ့ညက မင်လျိုရီ သူ့လက်ဖမိုးပေါ်သို့ ပြုတ်ကျလာသည်ကိုမှတ်မိသွားသည်။ ထိုအချိန်တုန်းက အပူချိန်မရှိသော်လည်း သူ၏လက်ဖမိုးအပူလောင်သွားသလိုခံစားမိလိုက်သည်။ 


မင်လျိုရီ ယောင်ကျိကျိုး၏လက် တုန်ရီနေသည်ကို မြင်သောကြောင့်လျင်မြန်စွာမေးလိုက်သည်။ 


"လက်က ဘယ်လိုဖြစ်တာလဲ သက်သာရဲ့လား နာ့စ်ခေါ်ပေးရမလား" 


မင်လျိုရီ၏ အဆက်မပြတ်မေးလာသည့် မေးခွန်းများကိုကြားသောအခါ ယောင်ကျိကျိုး၏ နှလုံးသားက နာကျင်လာသည်။ မင်လျိုရီသည် အနိုင်ကျင့်မှုများစွာကိုခံခဲ့ရသော်လည်း သူ့အပေါ်အမြဲဂရုစိုက်ပေးခဲ့ပြီး သူသည် မင်လျိုရီအတွက် အနီးကပ်ဆုံးနှင့်အချစ်ခင်ရဆုံးလူတစ်ယောက်အလားပင်။ ဒါပေမဲ့ ဒီလိုဆို ဘာကြောင့်များ သူမက ထွက်သွားချင်ရတာလဲ...


ယောင်ကျိကျိုးသည် အရင်တုန်းက မသေချာခဲ့သော်လည်း ယခုတွင်တော့ သေချာသည့်အဖြေရှိပြီဖြစ်သည်။ သူမက မင်လျိုရီဖြစ်နေလျှင်တောင် ယောင်ကျိကျိုးသူမကို လက်လွှတ်အဆုံးရှုံးမခံနိုင်ပေ။ သူမနှင့်ပတ်သတ်ပြီးမှတော့ သူမတစ်ဘဝလုံးကို တာဝန်ယူရန် သူ့တွင်တာဝန်ရှိသည်။ 


ယောင်ကျိကျိုးက မင်လျိုရီ၏ အမေးကိုမဖြေခဲ့ပေ။ သူက သူမနှင့်နာ့စ်မ၏စကားဝိုင်းကို ပြန်လည်စဥ်းစားနေခဲ့သည်။ ဘာတွေဖြစ်ပျက်ခဲ့တာလဲ ဘယ်သူက မင်လျိုရီကို ရိုက်ရဲတာလဲ...


ယောင်ကျိကျိုးက နောက်တစ်ကြိမ်အေးစက်စွာမေးလိုက်သည်။ 


"မျက်နှာက ဘာဖြစ်တာလဲ" 


မင်လျိုရီသည် နောက်ဆုံးတွင်ယောင်ကျိကျိုး​၏ဆိုလိုရင်းကို သဘောပေါက်သွားသော်လည်း သူ့ခေါင်းထဲတွင် မည်သို့တွေးနေသည်ကိုမသိသောကြောင့် သူမပြောသင့်မပြောသင့်ကိုမသိတော့ပေ။


မင်လျိုရီ သူ့အားမယုံနိုင်သေးသည်ကို သိသဖြင့် ယောင်ကျိကျိုး သက်ပြင်းချလိုက်သည်။ ထို့နောက် သူက စိတ်မရှည်စွာပြောလာသည်။


"မင်းငါ့ကိုမပြောပြဘူးလား ခုနကလေးတင် မင်းက ငါ့ဘက်ကလို့ မပြောခဲ့ဘူးလား" 


ယောင်ကျိကျိုးသည် သူမနှင့်နာ့စ်မ ပြောခဲ့သည်များကို အကုန်ကြားသွားမှန်းနားလည်လိုက်ပြီး သူမရှက်သွားတော့သည်။ 


"ယောင်ကျိရန်က ကျွန်မရှင့်ကို သတ်လိုက်တယ်လို့ထင်ပြီး....ပါးနှစ်ချက်ရိုက်လိုက်တာ"


ထို့သို့ပြောပြီးနောက် မင်လျိုရီသည် သူမကိုယ်သူမ နောက်ထပ်ပါးနှစ်ချက်လောက် ထပ်ရိုက်ချင်သွားမိသည်။ ဆင်ခြေတစ်ခုဖြစ်သော်လည်း သူမကဘာလို့ ယောင်ကျိရန်က သူမကိုပါးရိုက်ပြီး တရားမျှတမှုကို ရှာဖွေပေးခဲ့သလိုမျိူး ပြောမိသွားတာလဲ....သူမခမျာ ဆင်ခြေကောင်းကောင်းတောင် မပေးတတ်ရှာပေ။ 


ယောင်ကျိကျိုးသည် မင်လျိုရီ၏အဖြေကိုကြားပြီးနောက် ပတ်ပတ်လည်မှ လေထုဖိအားများ ရုတ်တရက် လျော့ကျသွားတော့သည်။ သူ၏ မျက်နှာသည် မှောင်မဲလာပြီး နှလုံးသားထဲတွင် ဒေါသများ ဖိနှိပ်ထားရသည်။ မင်လျိုရီသည် အရင်က သူ့အားသတ်မိမလိုဖြစ်ခဲ့သော်လည်း ယခုကိစ္စကတော့မတူညီပေ။


ယောင်ကျိကျိုးကပေါ့ပါးစွာမေးလိုက်သည်။ 


"မင်းပဲလား ဒီတစ်ကြိမ်လဲ" 


မင်လျိုရီ မည်သို့အဖြေပြန်ပေးရမလဲမသိချေ။ သူမက "အာ" ဟူသည့် အသံသာထွက်နိုင်ခဲ့ပြီး ယောင်ကျိကျိုး ဆိုလိုတာကို နားမလည်ခဲ့ပေ။ "ဒီတစ်ကြိမ်" ဆိုတာ ဘာကိုပြောတာလဲ...


ယောင်ကျိကျိုး၏ မျက်နှာသည်အေးစက်နေပြီး မေးခွန်းမေးလိုက်သည့်အသံမှာတည်ငြိမ်နေသည်။


"မင်းငါ့ကို ဒီတစ်ကြိမ် သတ်ဖို့ကြိုးစားခဲ့တာလား" 


မင်လျိုရီ ချက်ချင်းပဲ တုန့်ပြန်လိုက်သည်။


'ဒါက စွပ်စွဲတဲ့သဘောနဲ့မေးတာမဟုတ်ဘူးလား' 


ယောင်ကျိကျိုးသည် ဇာတ်လိုက်ဖြစ်သော်လည်းသူ၏မေးခွန်းသည် တည့်တိုးဆန်လွန်းသည်။ မင်လျိုရီမှာ ကြောက်လွန်း၍ဆက်တိုက်ကြို့ထိုးနေပြီး မရပ်တော့ချေ။



🥰