🥰 Chapter 62 ✅
ယခင်တုန်းက ယောင်ကျိကျိုးကို မနက်စာစားပြီးချိန်တွင်ကြပ်ထုပ်ထိုးပေးနေကျဖြစ်ပြီး ယခုတွင်သတိရလာပြီဖြစ်သောကြောင့် မြောင်လွေ့မင်သည် သူ့ကိုလာမကြည့်တော့ပေ။ ထို့ကြောင့် မင်လျိုရီလဲ မည်သို့လုပ်ရမလဲမသိပေ။ သူမက ယခု ယောင်ကျိကျိုး သတိရလာပြီဖြစ်တာကြောင့် သူ့သဘောထားကို အရင်မေးကြည့်ရမည်ဟု လျင်လျင်မြန်မြန်သဘောပေါက်သွားခဲ့သည်။
"ပုံမှန်ဆို ဒီအချိန်က ရှင်ကြပ်ထုပ်ကပ်ရမဲ့အချိန်ပါ အခုသတိရလာပြီဆိုတော့ ကပ်ဦးမှာလားဟင်"
ယောင်ကျိကျိုးသည် သူမ မနေ့ညကပြောခဲ့သည့် သူ့မျက်လုံးနှင့်ခြေထောက်များ ပြန်ကောင်းလာမည်ဆိုသည့်စကားကိုပြန်သတိရသွားပြီး ထိုအရာများသည် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်လောက်မည်ဟုတွေးမိသည်။ ယောင်ကျိကျိုး သဘောမတူချင်သော်လည်း မင်လျိုရီ၏ မျက်လုံးအကြည့်များကိုခံစားမိသောကြောင့် မငြင်းပယ်နိုင်တော့ဘဲ ပြောလာသည်။
"ကပ်လို့ရပါတယ်"
ယောင်ကျိကျိုး၏ စကားကိုကြားကြားချင်း မင်လျိုရီသည် ဆေးကြပ်ထုပ်ကို လိုက်ရှာသော်လည်း ရှာလို့မတွေ့ပေ။ နောက်မှ ကြပ်ထုပ်သည် အိမ်တွင်ကျန်ခဲ့ပြီး သူမဆေးရုံသို့မယူလာမိကြောင်း သတိရသွားတော့သည်။ သူမ မနေ့ညက နှုတ်ဆက်ရန်ရောက်လာခဲ့သောကြောင့် ဘာမှမယူလာမိခဲ့ပေ။ မင်လျိုရီသည်သူမခေါင်းကိုရိုက်လိုက်ပြီး ယောင်ကျိကျိုးဘက်သို့ အပြစ်ရှိသည့်ပုံဖြင့် လှည့်လိုက်သည်။
"ဆေးကြပ်ထုပ်က အိမ်မှာကျန်ခဲ့တယ် လူလွှတ်ပြီးယူခိုင်းလိုက်ရမလား"
ယောင်ကျိကျိုးက လက်ရမ်းပြလိုက်သည်။ သူဆေးရုံကိုငြီးငွေ့နေပြီဖြစ်သည်။ အိမ်မှာလောက် သက်တောင့်သက်သာမရှိသည့်အပြင် မင်လျိုရီကြည့်ရတာလဲ အသားကျမည့်ပုံမပေါ်... ဘာလို့ ဆေးရုံကဆင်းပြီး အိမ်မှာမနားရမှာလဲ....အိမ်မှာလဲ ဆေးကုလို့ရတာပဲ အိမ်အကူတွေမှအများကြီး သူမတစ်ယောက်တည်း လိုက်ဂရုစိုက်ပေးနေစရာမလိုတော့ဘူးပေါ့...
ယောင်ကျိကျိုးက မင်လျိုရီအား တည်ငြိမ်စွာပြောလိုက်သည်။
"ထားလိုက်တော့ ပြီးရင် ဆေးရုံဆင်းတော့မှာပဲ... အိမ်ကျမှပဲ ကြပ်ထုပ်ကပ်ပေးတော့"
သူ့စကားနားထောင်ပြီး မင်လျိုရီ တစ်ခဏလောက် တောင့်ခဲသွားရသည်။
'ဒီလောက်မြန်မြန်ကြီး ဆေးရုံဆင်းမလို့လား ရောက်တာဘယ်လောက်မှ မကြာသေးဘူးလေ အိမ်ပြန်လို့ရပါ့မလား ဆေးရုံမှာခဏနေလိုက်တာက ပိုကောင်းမယ်ထင်တယ် အိမ်မှာက ပိုသက်တောင့်သက်သာရှိတယ်ဆိုပေမဲ့ ဆေးရုံမှာက ပိုစိတ်ချရတာပေါ့'
မင်လျိုရီက ယောင်ကျိကျိုးကို စိတ်ပူနေသည့်မျက်နှာနှင့် ကြည့်လိုက်ပြီး ညင်သာစွာပြောလိုက်သည်။
"ဆေးရုံဆင်းဖို့က အရမ်းမြန်မနေဘူးလား... အခုမှ သတိရတဲ့လူနာကို ဆရာဝန်တွေက ဆေးရုံပေးမဆင်းလောက်ဘူး"
ယောင်ကျိကျိုး နှာခေါင်းရှုံ့လိုက်သည်။ ဒီလို အဓိပ္ပါယ်မရှိတဲ့မေးခွန်းမျိုးက ဖြေဖို့ပင်မလို။ သူ သတိမေ့စဥ်က အားလုံးသည် သူ့အတွက် ဆုံးဖြတ်ပေးခဲ့ကြပြီး ယခုသူသတိရနေချိန်တွင် သူ့ကိုဆုံးဖြတ်ပေးမဲ့လူသည် သူကိုယ်တိုင်ပဲဖြစ်ရမည်။ ထို့အပြင် သူသည်ခန္ဓာကိုယ်ကို ဆေးစစ်ကြည့်ပြီးပြီဖြစ်ရာ ရလဒ်စောင့်ဆိုင်းရန်သာ လိုတော့သည်။
မကြာခင်မှာပင် ဆရာဝန်သည် ဆေးမှတ်တမ်းတစ်ထပ်ကြီးနှင့် အခန်းထဲသို့ဝင်လာသည်။ ယောင်ကျိကျိုးသည် ကိုမာဝင်ခဲ့သော်လည်း ကံကောင်းစွာဖြင့် အချိန်အကြာကြီးမဖြစ်ခဲ့ပေ။ ထို့အပြင် ပြင်ပဒဏ်ရာလဲ မရခဲ့ဘဲ ကောင်းမွန်စွာစောင့်ရှောက်ပေးခြင်းခံခဲ့ရသောကြောင့် ဆေးရုံဆင်းလို့ ရပြီဖြစ်သည်။
သို့သော်လည်း ယောင်ကျိကျိုးသည် ရုတ်တရုတ် သတိပြန်လည်လာခြင်းဖြစ်သောကြောင့် ပြဿနာရှိနိုင်ချေရှိပြီး ဆရာဝန်ကပြောလိုက်သည်။
"အခု ခန္ဓာကိုယ်က အဆင်ပြေနေပေမဲ့ နောက်ထပ်စစ်ဆေးကြည့်လို့ရနိုင်အောင် ဆေးရုံမှာ ရက်အနည်းငယ်လောက် ထပ်နေဖို့အကြံပြုချင်တယ်...ပြီးတော့ ဆေးရုံမှာ ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းတွေလာလုပ်ဖို့လဲ အကြုံပေးချင်တယ် ပြဿနာမရှိကြောင်း သေချာအတည်ပြုပြီးရင်တော့ ဆေးရုံကဆင်းနိုင်ပါပြီ"
ယောင်ကျိကျိုးသည် မစဥ်းစားဘဲချက်ချင်း ငြင်းပယ်လိုက်သည်။သူသည် ငွေကုန်မှာမစိုးရိမ်သလို ဆေးရုံကိုမယုံ၍လဲမဟုတ်ပေ။ ဆေးရုံတွင် အချိန်အကြာကြီးမနေချင်ရုံသာဖြစ်ပြီး ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းများသည် အိမ်တွင်ပြုလုပ်လဲရသည့်အရာဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးချက်များကိုတော့ ဆေးရုံတွင်ပုံမှန်လာစစ်ဆေးလို့ရသည်။
ယောင်ကျိကျိုးက သူ၏လက်ကိုဝှေ့ရမ်းလိုက်ပြီး အေးစက်စက်ပြောလိုက်သည်။
"ဆေးစစ်ချက်ရလဒ်တွေအကုန်လုံးက အဆင်ပြေတယ်ဆိုမှတော့ ဒီနေ့ပဲ ဆေးရုံကဆင်းလိုက်ပါမယ်"
ဆရာဝန်သည် ယောင်မိသားစုအကြောင်း ကောင်းကောင်းကြီးသိသည်။ မတော်တဆမဖြစ်ခင်က ယောင်ကျိကျိုးသည် လိုအပ်တာကိုသာ ပြောတတ်သူဖြစ်ပြီး ယခုတွင်လဲ သူ့အဖြေက ရှင်းလင်းနေသောကြောင့် ဆရာဝန်က ဘာမှထပ်မပြောရဲတော့ပေ။ ယောင်ကျိကျိုး၏ရုပ်ပိုင်းဆိုင်ရာ ဆေးစစ်ချက်အရ သူ၏ခန္ဓာကိုယ်သည် အမှန်တကယ်ကို ကောင်းမွန်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းအချို့ပြုလုပ်ရန်သာလိုအပ်သည်။
ဆရာဝန်က ခေါင်းငြိမ့်ကာ ပျော့ပျောင်းသောလေသံဖြင့်ပြောလိုက်သည်။
"ကောင်းပါပြီ ဥက္ကဌယောင်လဲဆေးရုံဆင်းလို့ရပါပြီ...ဆေးရုံဆင်းဖို့လိုအပ်တာတွေကို အတူတူလုပ်ဆောင်လို့ရပါတယ်"
ယောင်ကျိကျိုး၏ ခေါင်းအုံးဘေးတွင် ဘဲလ်တစ်ခုရှိပြီး ယောင်ကွေ၏အတွင်းရေးမှူးမှ အထူးတလယ်ပြင်ဆင်ပေးခဲ့ခြင်းဖြစ်သည်။ ဘဲလ်ကိုနှိပ်လိုက်သည်နှင့် အတွင်းရေးမှူးဆီ ဖုန်းဝင်သွားပေလိမ့်မည်။ ထိုမှသာ အတွင်းရေးမှုးသည် ယောင်ကျိကျိုးဆီသို့ရောက်လာပြီး ပေးလာမည့်အမိန့်များကို လုပ်ဆောင်ပေးမည်ဖြစ်သည်။
ယောင်ကျိကျိုးက ဘဲလ်ကိုနှိပ်လိုက်သောကြောင့် အပြင်ဘက်တွင်စောင့်နေသော အတွင်းရေးမှူးသည် ချက်ချင်းအခန်းထဲသို့ရောက်လာခဲ့သည်။
"ဥက္ကဌနဲ့အတူတူ ဆေးရုံကဆင်းမယ် ပြင်ဆင်ထားလိုက်"
အတွင်းရေးမှူးထွက်သွားသည်နှင့် ယောင်ကွေသည် အခန်းထဲသို့ဝင်လာခဲ့သည်။ နှလုံးရှော့ရမှုကြောင့် သတိလစ်သွားသော်လည်း အနားယူပြီးနောက် ပြန်လည်သက်သာလာသည်။
ယောင်ကွေက နိုးလာသည်နှင့်ယောင်ကျိကျိုးကိုတွေ့ရန် အပြေးလာခဲ့သည်။ အခန်းထဲသို့ရောက်သည်နှင့် သူသည် အိပ်ရာပေါ်တွင်ထိုင်နေသော ယောင်ကျိကျိုးကိုတွေ့လိုက်ပြီး အနည်းငယ် စိတ်လှုပ်ရှားလာတော့သည်။ သူက အိပ်ရာသို့လျှောက်လာပြီးနောက် ယောင်ကျိကျိုးဘေးတွင်ရပ်နေသည့် မနှစ်မြို့စရာပုံရိပ်ကိုမြင်လိုက်ရသည်။
ယောင်ကွေသည် မနေ့ညက နံ့စော်နေသည့်အမဲရောင်အရည်များအကြားတွင် လဲလျောင်းကာ သေအံ့ဆဲဆဲဖြစ်သွားသော ယောင်ကျိကျိုးအဖြစ်ကို ပြန်တွေးမိသွားပြီး ချက်ချင်းဒေါသထွက်သွားကာ မေးလိုက်သည်။
"မင်လျိုရီ ဒီမှာနင်ဘာလာလုပ်နေတာလဲ ဒီတစ်ကြိမ်တော့ ကျိကျိုးရဲ့ ကံကောင်းမှုကို ကျေးဇူးတင်လိုက် မဟုတ်ရင် နင့်ကိုအသေသတ်ပြီးနေလောက်ပြီ"
🥰