🥰 Chapter 63 ✅
မင်လျိုရီသည် ယောင်ကျိကျိုးအားထိခိုက်စေလိုစိတ်မရှိဟု ယောင်ကွေကို ရှင်းပြချင်ခဲ့သော်လည်း သူမစကားမပြောနိုင်ခင်မှာပင် ယောင်ကျိကျိုးက သူ၏ဇနီးလေးကို ကာကွယ်ဖို့ရာ အမြန်ဖြတ်ပြောခဲ့သည်။
"သူ့ကိုကျွန်တော် ခေါ်ထားတာ"
မင်လျိုရီသည် ယောင်ကျိကျိုး ကောင်းကောင်းလုပ်နေသည်ကိုသိသော်လည်း သူမကိုယ်သူမရှင်းပြမှရမည်ပင်...မဟုတ်လျှင် ပြဿနာအသေးအဖွဲလေးမှ ပိုမိုဆိုးရွားလာနိုင်သည်။ ယောင်ကွေသည် မင်လျိုရီက ယောင်ကျိကျိုးအပေါ် အမှန်တကယ်ကောင်းပေးသည်ကို မယုံကြည်နိုင်ဖြစ်နေသည်။
သူမက ယောင်ကျိကျိုး၏လက်မောင်းကို နှစ်သိမ့်သည့်အနေနဲ့ ပုတ်ပေးလိုက်ပြီး ယောင်ကွေဘက်သို့လှည့်ကာ ပြောလိုက်သည်။
"အဖေ- အာ ဥက္ကဌယောင်...မနေ့ညက တွေ့ခဲ့တဲ့ အမဲရောင်အရည်တွေက ကျိကျိုးရဲ့ချွေးတွေပါ ကျွန်မပြောခဲ့သလိုပဲ အဲဒါက ကျိကျိုးရဲ့ တိုးတက်မှုလက္ခဏာတွေပါ...ကျွန်မမှာရှင့်ကို ညာဖို့လဲမလိုသလို ကျိကျိုးကိုလဲ ထိခိုက်လိုစိတ်မရှိပါဘူး...အခု ကျိကျိုးလဲနိုးလာပြီဆိုတော့ ကျွန်မကို ယုံကြည်ပေးနိုင်မလား"
ယောင်ကျိကျိုး သတိပြန်ရလာပြီဖြစ်သော်လည်း ယောင်ကွေသည် သတိကပ်ထားနေဆဲဖြစ်သည်။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူကသိနိုင်မှာမလို့လဲ....ယောင်ကွေက မင်လျိုရီနှင့် စကားမပြောချင်ပေ။ ထို့ကြောင့် သူက ယောင်ကျိကျိုးဘက်သို့လှည့်ကာ ပြောလိုက်သည်။
"မင်းက အခုမှသတိရလာရုံရှိသေးတယ် ဆေးရုံမှာရက်နည်းနည်းလောက်ထပ်နေပါလား"
ယောင်ကျိကျိုးက ခေါင်းကိုခါရမ်းလိုက်သည်။ ဤနေရာတွင် မင်လျိုရီလဲအဆင်မပြေသလို သူလဲအဆင်မပြေပေ။ ထို့ကြောင့် အိမ်ပြန်တာက ပိုကောင်းလိမ့်မည်။ ထို့အပြင် ဆေးစစ်ချက်ရလဒ်များကလည်း အကုန်ကောင်းမွန်ပြီး ဆေးရုံတွင် ထပ်နေစရာ မလိုတော့ပေ။ သူကပြောလိုက်သည်။
"ဟင့်အင်း အိမ်ပဲပြန်ရအောင်"
ယောင်ကွေသည် ယောင်ကျိကျိုးအား ထပ်ပြီးဖျောင်းဖျချင်သော်လည်း ယောင်ကျိကျိုး၏ဆုံးဖြတ်ပြီးသည့် အမူအရာကိုတွေ့သောကြောင့် ထပ်ပြောလဲမထူးမည်ကို သိလိုက်သည်။ သို့သော်လည်း သူက ယောင်ကျိကျိုးအား မင်လျိုရီနှင့်နှစ်ယောက်တည်း ပြန်မထည့်ရဲသောကြောင့် အချိန်ခဏလောက်စဥ်းစားပြီးနောက်တွင် ပေါ့ပါးစွာပြောလိုက်သည်။
"ဒါဖြင့်လဲ ငါနဲ့လိုက်နေပေါ့ အရင်တုန်းကလိုပဲ"
ယောင်ကျိကျိုးက ခေါင်းကိုသာထပ်ခါလိုက်သည်။ မင်လျိုရီသည် ယခုနေရာတွင်အသားမကျသေးပေ။ယောင်ကွေ၏အိမ်ဆိုလျင် ပိုလို့တောင်ဆိုးပြီး နေရခက်နေပေလိမ့်မည်ဖြစ်သည်။ မင်လျိုရီက သူ့အားသေချာစောင့်ရှောက်မည်ဟုလည်း ယောင်ကျိကျိုး ယုံသည်။
"မလိုဘူး ... ဒီတိုင်းပြန်သွားလိုက်ပါ...မင်လျိုရီနဲ့ကျွန်တော် ဗီလာကိုပဲ ပြန်လိုက်မယ်"
ယောင်ကွေ အကူအညီမဲ့စွာ လေပူများမှုတ်ထုတ်
လိုက်သည်။ သူတွေးထားခဲ့သည်မှာ သူ့၏သားသတိပြန်ရလာလျှင် အရာအားလုံးသည် အဆင်ပြေသွားပြီး သူ၏မိသားစုလဲ ပျော်ရမည်ဟုပင်။ သို့သော် သူထင်ထားသလိုမဟုတ်ဘဲ ယောင်ကျိကျိုး၏အကျင့်သည် အရင်ကလိုပင် အေးစက်၊ ခေါင်းမာပြီး ထူးဆန်းနေတုန်းပင်။
တကယ်တမ်းယောင်ကျိကျိုးသည် ယောင်ကွေအပေါ် ရောထွေးနေသည့်ခံစားချက်များရှိနေခြင်းဖြစ်သည်။ သူ့အဖေသည် သူ့အားဂရုတစိုက်နှင့်
ချစ်ခင်သည်ကိုသိသော်လည်း ထိုဖခင်မေတ္တာသည် စေတနာရေစီးကမ်းပြိုသွားပြီး သူ့အပေါ် ပိုမိုနာကျင်စေမည့်အရာများကိုသာ ဖြစ်ပေါ်စေခဲ့သည်။
ဥပမာအားဖြင့် ယောင်ကွေသည် ယောင်ကျိကျိုးကို မင်လျိုရီနှင့် လက်ထပ်စေခဲ့ပြီး မင်လျိုရီ သူ့အပေါ်နှိပ်စက်ရန် အသုံးပြုခဲ့သည့် အမျိုးအမည်မသိသည့် အရာတွေနှင့်လဲ ပူးပေါင်းစေခဲ့သည်။ ယောင်ကျိကျိုးအတွက် လက်မခံနိုင်စရာအလွန်များသော်လည်း မင်လျိုရီ၏ယောင်ကွေအား "အဖေ" ဟုခေါ်လိုက်သည့် ညင်သာနူးညံ့သည့်အသံသည် တစ်ခဏအတွင်း ယောင်ကျိကျိုး၏ နှလုံးသားလဲ လှုပ်ရှားလာရသည်။
ထိုအသံလေးနှင့် "အချစ်ရေ" ဟုသူ့အားခေါ်လျှင် ပို၍ပင် ကြားလို့ကောင်းလောက်မည်။ ယောင်ကျိကျိုးသည် နေ့စဥ်နှင့်အမျှ ကမ်းပါးစွန်းတွင် ရုန်းကန်နေရသည့်လူလိုပင်။
'မင်လျိုရီက ထိခိုက်အောင်လုပ်တယ်...မင်လျိုရီကပဲ ဂရုစိုက်ပေးတယ် မင်လျိုရီက နှိပ်စက်တယ်...မင်လျိုရီကပဲ ထမင်းကျွေးတယ်...'
ယောင်ကျိကျိုး၏ စိတ်ခံစားချက်များသည် ရိုလာကိုစတာကဲ့သို့ပင်... အချိန်ခဏလေးအတွင်း မြင့်တက်သွားပြီး နောက်တစ်ခဏတွင် အောက်ခြေသို့ ပြန်လည်ပြုတ်ကျသွားသည်။ သူ့ကိုယ်သူ စိတ်ဓာတ်ကျခြင်းမှကာကွယ်ရန်အတွက် ယောင်ကျိကျိုးသည် အိမ်သို့ပြန်ရောက်သည်နှင့် မင်လျိုရီအား ထိုအကြောင်းမေးမည်ဟု တိတ်တိတ်လေး ဆုံးဖြတ်လိုက်သည်။
စီးပွားရေးလောကတွင် တစ်ချိန်ကအင်အားကြီးခဲ့သည့် လူတစ်ယောက်အနေနှင့် ယောင်ကျိကျိုးသည် သူများအားနည်းချက်ကို မည်သို့ဆုပ်ကိုင်မည်ကိုသိသည်။ မင်လျိုရီသည် သူ့အားအနည်းနဲ့အများကြောက်ရွံ့နေမှန်း ယောင်ကျိကျိုးသိပြီးဖြစ်သည်။ မေးခွန်းအနည်းငယ်နှင့်ပင် မင်လျိုရီက အကြောက်လွန်ပြီး ကြို့ပင်ထိုးလာခဲ့သည်။
အချိန်ခဏအထိ ယောင်ကျိကျိုးသည် တမင်တကာ အေးစက်စက်မျက်နှာထားလုပ်ထားပြီး စကားမပြောပေ။ မင်လျိုရီ ဘာမေးမေး ယောင်ကျိကျိုးက ပြန်မဖြေခဲ့ပေ။ မင်လျိုရီလဲ ယောင်ကျိကျိုး၏ မျက်နှာကြောင့် အလွန်ကြောက်ရွံ့သွားပြီး မုန်တိုင်းမတိုက်ခင် တည်ငြိမ်နေခြင်းဖြစ်မည်ဟုပင် တွေးနေခဲ့သည်။
မင်လျိုရီ၏ အသံသည် အမှားလုပ်ထားသော ကလေးတစ်ယောက်ကဲ့သို့ တဖြည်းဖြည်း ပျော့သထက် ပျော့လာသည်။
သူမက နောင်တအနည်းငယ် ရနေတော့သည်။ ထွက်ပြေးခဲ့သင့်သော်လည်း နောက်ဆုံးတွင်တော့ အခြေအနေက ယခုလိုဖြစ်သွားသည်။ မင်လျိုရီသည် ယောင်ကျိကျိုး၏နတ်ဆိုးလို ဖမ်းချုပ်ထားမှုမှ လွတ်မြောက်နိုင်ပါ့မလား မသေချာတော့ပေ။
ကားအတွင်းရှိ တိတ်ဆိတ်မှုသည် ထိတ်လန့်စရာကောင်းနေပြီး မင်လျိုရီသည် စကားတစ်ခွန်းပင်မပြောရဲတော့ချေ။ ကားလေးသည် ဗီလာရှေ့တွင်ချော့မွေ့စွာရပ်တန့်သွားပြီး အိမ်အကူများသည် သတင်းများကြားထားပြီးသည်ဖြစ်၍ တံခါးဝတွင်အချိန်အကြာကြီးစောင့်နေခဲ့ကြသည်။ အိမ်အရှင်သခင် သတိပြန်ရလာသည့်ကိစ္စသည် ကောင်းမွန်သည့်အရာပင်။ လူတိုင်း၏မျက်နှာတွင် အပျော်များဖြင့်ပြည့်နှက်နေတော့သည်။
မင်လျိုရီသည် သူမအားတံခါးလာဖွင့်ပေးသည်ကိုမစောင့်ဘဲ ကားထဲမှ ထွက်လာခဲ့သည်။ သူမ၏ နှလုံးသားထဲတွင် တွက်ချက်နေမိသည်...
'အကယ်၍ မီတာတစ်ရာပြေးပွဲပြေးသလိုသာ သူမထွက်ပြေးနိုင်ခဲ့ရင် အောင်မြင်စွာ လွတ်မြောက်နိုင်ချေ ဘယ်လောက်ရှိမလဲ...'
သို့သော် ဒရိုင်ဘာသည် ကားတံခါးဖွင့်လိုက်သည်နှင့် ယောင်ကျိကျိုး၏ အေးစက်နေသောတည်ရှိမှုကြောင့် ခိုက်ခိုက်တုန်နေသည့်မင်လျိုရီအား တွေ့လိုက်ရသည်။ နွေရာသီဖြစ်သော်လည်း ရေခဲအကျဥ်းထောင်ထဲသို့ ရောက်သွားသည့်အလား လေထုသည် အလွန်တရာကို အေးစက်လာပြီး နွေးထွေးမှု တစ်ခုတစ်လေကိုပင် မခံစားရတော့ပေ။
🥰