🥰 Chapter 64 ✅
မူလအစက ထွက်ပြေးချင်နေခဲ့သော မင်လျိုရီသည် သူမခြေထောက်များကို ချက်ချင်းရပ်တန့်လိုက်ပြီး ထိုအကြံအား လက်လျှော့လိုက်တော့သည်။ သူမက လူအုပ်ကြီးနှင့် တိတ်တဆိတ်ပူးပေါင်းပေးလိုက်ပြီး ယောင်ကျိကျိုးကို ဝှီးချဲပေါ်သို့ တင်ပေးလိုက်သည်။
ယောင်ကျိကျိုး နေရာယူပြီးသွားသည်နှင့် မင်လျိုရီက ပြောလိုက်သည်။
"ကျိကျိုး ကျွန်မအထဲကိုတွန်းပေးမယ်နော် ရှင်ကတော့ သက်သာသလိုနေပါ"
မင်လျိုရီ ဝှီးချဲကိုမထိရသေးခင်မှာပင် ယောင်ကျိကျိုးက ခလုတ်ကိုဖိလိုက်ပြီး ဝှီးချဲအားထိန်းချုပ်ကာ အရှေ့သို့ ရွေ့သွားတော့သည်။ မင်လျိုရီလဲ မတတ်နိုင်တော့ဘဲ အကူအညီမဲ့စွာဖြင့် အနောက်မှလိုက်သွားရတော့သည်။ သူမက ထိုကဲ့သို့သွားခြင်းသည် စိတ်မချရမှာစိုး၍ ဝှီးချဲလက်ကိုင်အားကိုင်ထားပေးပြီး ဦးတည်ရာကို ခဏခဏ တည့်ပေးနေသည်။
ဂျောက်...
ဝှီးချဲလေးသည် ညှပ်သွားပြီး ဆက်မရွေ့လျားတော့ပေ။ ယောင်ကျိကျိုးက ဘာမှမပြောဘဲ မင်လျိုရီ လာကူညီပေးမည်ကို စောင့်နေသည်။ မင်လျိုရီကလဲ ဘာမျှမပြောရဲပေ။ သူမက ဝှီးချဲအား ဖြည်းညင်းစွာတွန်းပေးလိုက်ပြီးနောက် အိမ်ထဲသို့ ချောချောမွေ့မွေ့ရောက်သွားတော့သည်။ သူတို့ဖြတ်လာခဲ့သောခြံထက် အိမ်၏ဖွဲ့စည်းပုံသည် အချိုးအကွေ့များသည့်အတွက် ခက်ခဲနေသည်။
ယောင်ကျိကျိုးသည် ဗီလာနှင့် အတော်လေးရင်းနှီးကျွမ်းကျင်သော်လည်း အလျင်စလိုဖြင့် ကိုယ်တိုင်ရွေ့လျားခြင်းမပြုပေ။ အိမ်အကူများသည် ဘေးတွင်ရပ်နေကြပြီး တိတ်ဆိတ်နေသည့် သူတို့သခင်နှင့်သခင်မကြောင့် မည်သုမျှစကားမပြောရဲကြပေ။ သို့ရာတွင် သူတို့အားလုံးက ထိုနှစ်ဦးအားပျော်ရွှင်စွာကြည့်နေကြသည်။
ယောင်ကျိကျိုးသည် မမြင်ရသော်လည်း စိတ်အားထက်သန်နေကြသည့် မျက်လုံးအကြည့်များကိုခံစားမိသည်။ သူသတိမေ့နေစဥ်က ဤလူများအားလုံးသည် သူ့ကိုကူညီပေးခဲ့ကြသည်ကို သိသောကြောင့် ပေါ့ပါးစွာပြောလိုက်သည်။
"အရင်လက အလုပ်ကြိုးစားခဲ့ကြတာဆိုတော့ လစာထုတ်ရင် ဘောနပ်စ်ပါယူလိုက်ကြ"
ထိုနက်ရှိုင်းပြီး ဆွဲဆောင်မှုရှိသောအသံသည် အခန်းအတွင်းပျံ့နှံ့သွားသည်။ လူတိုင်းသည် ထိုစကားကိုကြားသော် တက်ကြွလာကြသည်။ မင်လျိုရီရှိစဥ်အခါက ဗီလာကြီးသည် သခင်မ၏ ကာကွယ်ပေးမှုအောက်တွင်ရှိခဲ့ပြီး ယခုယောင်ကျိကျိုးသတိရလာသောအခါမိသားစု၏ ထောက်တိုင်ကိုပြန်လည်ရရှိပြီဖြစ်သည်။ လူတိုင်းက တီးတိုးပြောလိုက်သည်။
"အခု သခင်နိုးလာပြီဆိုတော့ ငါတို့တွေထပ်အနိုင်ကျင့်မခံရတော့ဘူး"
"ဟုတ်တယ် အရင်ကဆို အဓိကစံအိမ်ကနေ သူတို့ကြိုက်တဲ့လူကိုဒီကိုပို့ပြီး အရာအားလုံးကိုစောင့်ကြည့်ခိုင်းထားကြတာ"
"ဟုတ်ပါ့ တစ်ချို့ဆို သခင်မကိုတောင် အနိုင်ကျင့်လိုက်သေးတယ် အရမ်းစိတ်တိုဖို့ကောင်းတာပဲ"
"သခင် သတိရလာတာကောင်းလိုက်တာ ငါတို့လစာရတဲ့အပြင် ဘောနပ်စ်ပါရတယ်"
လူအုပ်ထဲမှ စကားသံများကိုကြားတော့ ယောင်ကျိကျိုးက မျက်မှောင်ကျုံ့လိုက်သည်။ သူသတိမေ့နေတုန်းက လူအများအပြားသည် သူ့အိမ်ကလူများကို ပြဿနာရှာဖို့ရောက်လာခဲ့ပြီး သူ့ဇနီးလေးကိုတောင် အနိုင်ကျင့်ရဲသေးတယ်ပေါ့။ သူမဘယ်လောက်ထိ ခံစားခဲ့ရမလဲ သူမသိချေ။
"ပင်ပန်းနေပြီ အပေါ်တက်ရအောင်"
အားလုံးပျော်နေသည့်အတွက် မင်လျိုရီလဲသူတို့နှင့်ထပ်တူပျော်ရွှင်နေချိန်တွင် ယောင်ကျိကျိုး၏ အေးစက်စက်အသံအားကြားလိုက်သောကြောင့် ထိုအပျော်များ ရုတ်ချည်းပျောက်ကွယ်သွားတော့သည်။ သူမကရုပ်တည်သွားပြီး အသံဖျော့ဖျော့ဖြင့် နားလည်ပြီဖြစ်ကြောင်းပြောလိုက်သည်။
သူမက ဝှီးချဲကိုဓာတ်လှေကားဆီသို့ တွန်းသွားလိုက်ပြီး ရှောင်ဖန်းအား အမိန့်ပေးလိုက်သည်။
"ရှောင်ဖန်း ဆေးကြပ်ထုပ်ပြင်ထားလိုက်... ကျောက်ချမ်းက ငါနဲ့လာပြီးနင်တို့သခင်ကို ရေချိုးကူပေး... ဦးလေးကျန်းက နေ့လယ်စာပြင်ပေးပါဦးနော် ပုံမှန်ပဲလုပ်ပေး"
ယောင်ကျိကျိုးက မင်လျိုရီ၏ညွှန်ကြားချက်များကို နားထောင်ပြီးခေါင်းငြိမ့်လိုက်သည်။ အရာအားလုံးက စံပြသခင်မတစ်ယောက်ရဲ့ လက်အောက်မှာရှိသလိုမျိုး သပ်သပ်ရပ်ရပ်နှင့် အစီစဥ်ကျသွားခဲ့သည်။ ဒီအတောအတွင်း မင်လျိုရီသည် အလုပ်ကြိုးစားပေးခဲ့သည်မှာသိသာသည်။ ဒီလိုဗီလာတစ်ခုလုံးပင် သူမညွှန်ကြားမှာအောက်တွင် ရှိနေလေသည်။
အပေါ်သို့တက်ပြီးနောက် ယောင်ကျိကျိုး ရေချိုးနေစဥ်တွင် မင်လျိုရီသည် သူမ၏နေ့စဥ်အသုံးအဆောင်ပစ္စည်းများကိုယူပြီး တခြားအခန်းသို့ တိတ်တိတ်လေး ရွှေ့သွားတော့သည်။ ယခု ယောင်ကျိကျိုးသတိရလာပြီဖြစ်သောကြောင့် လင်မယားဟူသည့် ခေါင်းစဥ်အောက်တွင်ရှိနေသော်လည်း သူတို့နှစ်ယောက်၏ဆက်ဆံရေးသည် တင်းမာလွန်းကာ ညသန်းခေါင်ကြီး ယောင်ကျိကျိုးကသူမအား လည်ပင်းညှစ်သတ်မည်ကိုလဲ ကြောက်ရသေးသည်။ ထိုသို့တွေးမိပြီး သူမ၏လည်ပင်းအနည်းငယ်နာကျင်လာသလိုခံစားလိုက်ရသည်။ တစ်ယောက်စီခွဲအိပ်တာက ပိုပြီးလုံခြုံပါတယ်လေ...
ယောင်ကျိကျိုးသည် ရေချိုးပြီးအပြင်သို့ထွက်လာသောအခါ မင်လျိုရီ၏လှုပ်ရှားနေသည့်အသံများကိုကြားရသော်လည်း သူမဘာလုပ်နေမှန်းမသိပေ။ ထိုအရာကသူ့အားကသိကအောက်ဖြစ်စေပြီး မင်လျိုရီအားအေးစက်စွာပြောလိုက်သည်။
"အသံကျယ်လွန်းတယ် လျှောက်ဆော့မနေနဲ့"
မင်လျိုရီသည် လုပ်လက်စများကို ရပ်လိုက်ပြီး ယောင်ကျိကျိုး၏စိတ်မရှည်ဖြစ်နေသည့် မျက်နှာအားကြည့်လိုက်သည်။ သူမက ညဘက်တွင် တစ်ယောက်စီခွဲအိပ်တာကကောင်းကြောင်း ပို၍ပင်သေချာသွားသည်။ မဟုတ်လျှင် သူမလည်ပင်းညှစ်သတ်ခံရနိုင်သည်။ မင်လျိုရီက ရှင်းပြလိုက်သည်။
"ရှင်အနားယူနေတာကို နှောင့်ယှက်မိမှာစိုးလို့ ကျွန်မ ပစ္စည်းတွေကို ဟိုဘက်အခန်းကိုရွှေ့နေတာပါ"
ထိုသို့ပြောလိုက်သည်နှင့်အခန်းအတွင်းထဲရှိ ထိုင်းမှိုင်းနေသောလေထုသည် ချက်ချင်းပင် အေးခဲသွားပြီး ယောင်ကျိကျိုး၏ မျက်နှာလဲပို၍မှောင်မဲလာတော့သည်။ သူက နှာခေါင်းရှုံ့လိုက်ပြီး သွားကြားထဲမှ အသံဖြင့်ပြောလိုက်သည်။
"သိပ်ကိုအတင့်ရဲနေတယ်ပေါ့ မင်လျိုရီ"
မင်လျိုရီသည် ငယ်စဥ်ကတည်းက အလိုလိုက်ခံကာ ကြီးပြင်းလာခဲ့သည့်အတွက် မိသားစုတွင်ရှိသင့်သည့် လေထုသည် ဘယ်လိုဆိုတာကိုကောင်းကောင်းသိသည်။ သူမကယောင်ကျိကျိုး ဘာကြောင့် ရုတ်တရက်ကြီး မပျော်မရွှင်ဖြစ်လာရသည်ကိုမသိသော်လဲ သူမလုပ်နေသည်များကို ချက်ချင်းရပ်လိုက်ပြီး နေရခက်တာကိုပျောက်စေရန်ခေါင်းစဥ်ပြောင်းလိုက်လေသည်။
"ရေချိုးပြီးသွားပြီလား ဒါဆို ကြပ်ထုပ်ကပ်ပေးရမဲ့အချိန်ပဲ"
🥰