🥰 Chapter 65 ✅
ယောင်ကျိကျိုးက ဘာမှမပြောပေ။ မင်လျိုရီက ခါတိုင်းလိုပဲထိုင်ကာ ယောင်ကျိကျိုးတွင် အပူလောင်ရာများ ရှိမရှိ အရင်စစ်ဆေးကြည့်လိုက်သည်။
ခဏအကြာမှ ယောင်ကျိကျိုးသည် သတိရလာပြီ
ဖြစ်၍အရာအားလုံးကို ဆုံးဖြတ်နိုင်နေပြီဖြစ်ကြောင်းသူမသတိရသွားသည်။ အကယ်၍ သူ့အတွက်အဆင်မပြေပါက သူမကို ထုတ်ပြောမည်ဖြစ်သည်။ မင်လျိုရီက ရုတ်တရက်ဘာလုပ်ရမှန်းမသိဖြစ်သွားပြီး ဒီတစ်လျှောက်လုံးသူမလုပ်ပေးခဲ့သမျှသည် ယခုအချိန်မှာတော့ အသုံးမဝင်တော့ပေ။
မင်လျိုရီက ထပ်ပြီးအေးစက်သည့်လေထုသို့ပြောင်းလဲသွားမည်ကို ကြောက်ရွံ့နေသည်။ အကယ်၍ ယောင်ကျိကျိုးသာ ဒေါသကြောင့်မေ့လဲသွားခဲ့လျှင် ရှင်းပြရန်အတော်လေးကို ခက်ခဲပေလိမ့်မည်။ ထို့အပြင်ယောင်ကွေကသူမကို ချက်ချင်းလူလွှတ်ပြီးသတ်ခိုင်းပေလိမ့်မည်။ မင်လျိုရီက စကားပြောရန်ခေါင်းစဥ်ရှာဖွေလိုက်ရတော့သည်။
"ဦးလေးကျန်းရဲ့ လက်ရာတွေက အရမ်းအရသာရှိတာ...ဒီနေ့လဲ သူဘာချက်ထားမလဲ အရမ်းစိတ်ဝင်စားနေပြီ ဟားဟားဟား..."
ယောင်ကျိကျိုး၏ ပါးစပ်ကအပ်နှင့်ချုပ်ခံထားရသလိုတင်းတင်းစေ့နေပြီး မင်လျိုရီပြောသမျှကို တစ်စက်လေးပင် ဂရုမစိုက်ပေ။ မင်လျိုရီအနိုင်ကျင့်ခံရသည့်အကြောင်းကို သူများဆီကနားထောင်ရမည့်အစား သူမကိုယ်တိုင်ပြောပြတာကို သူကြားချင်ခဲ့သည်။ သို့သော် သူမရဲ့ပစ္စည်းတွေကို အခန်းပြောင်းရွေ့လိုက်ခြင်းက သူ့အား ပို၍ဒေါသထွက်စေသည်။
ယခု သူတို့နှစ်ယောက်ထဲသာကျန်ချိန်တွင် မင်လျိုရီသည် သူ့အားအပြစ်တင်ကြိမ်းမောင်းရန် ဆန္ဒရှိပုံမရပေ။ ယောင်ကျိကျိုးလို အမြင်ကျဥ်းပြီး သူမအပေါ် သံသယဝင်ကာမယုံကြည်ခဲ့သည့်သူ့အား သူမ၏ ကြင်နာမှုများပြသခဲ့သည်။
ယခုတော့ နောက်ဆုံးတွင် သူပြန်သတိရလာခဲ့ပြီဖြစ်ကြောင်း သူမရှေ့ကြွားပြချင်သော်လည်း မင်လျိုရီက ဘာတစ်ခုမှပြောမပြလာပေ။ ထိုကြောင့် ယောင်ကျိကျိုးလဲ စိတ်ဆိုးလာပြီး ဘာမှပြန်မပြောတော့ပေ။ သူဘယ်လောက်ပဲ စဥ်းစားစဥ်းစား မင်လျိုရီသည် မင်လျိုရီနှင့် မတူတော့ပေ။
တစ်ခါကမင်လျိုရီသည် ယောင်မိသားစုပိုင်သည့် မောလ်တစ်ခုကိုသွားရောက်ခဲ့ပြီး သူမကိုကောင်းမွန်စွာမကြိုဆိုကြဘူးဟုယူဆကာ ထိုနေရာတွင်ဒေါသတကြီးသောင်းကျန်းခဲ့သည်ကို သူမှတ်မိသေးသည်။ အိမ်ပြန်ရောက်လာသောအခါသူမက အားလုံးကိုအပြစ်တင်ကြိမ်းမောင်းခဲ့သည်။ သို့သော် ယခုသူ့ရှေ့တွင်ရှိနေသော မင်လျိုရီသည် အနေအေးသည့်ပုံပင်။
'သူမ တစ်ခုခုကိုဖုံးကွယ်ဖို့ကြိုးစားနေတာလား ဒါမှမဟုတ် ငါကပဲ အဝေးကြီးလျှောက်တွေးနေမိတာလား...'
ထိုပြောင်းလဲမှုက မင်လျိုရီအပေါ် အလွန်သံသယဝင်စရာကောင်းသည်။ ယောင်ကျိကျိုး ဘာတစ်ခုမှပြန်မပြောသည့်အတွက် မင်လျိုရီကလေထုကို ပြောင်းလဲရန် ဆက်ကြိုးစားလိုက်သည်။
"ရှင်သိလား ဦးလေးကျန်းက အရသာရှိတဲ့ဟင်းလျာအများကြီး ချက်နိုင်တယ်တဲ့... ကျွန်မကတော့ မလုပ်တတ်ဘူးရယ်....အဓိကစံအိမ်ကနေ ထူးခြားတဲ့ဟင်းပွဲမျိုးစုံကို ပို့ပေးခဲ့ပေမဲ့ ဦးလေးကျန်းကသာ ဘက်စုံတော်တဲ့လူမှန်း နားလည်လိုက်တယ်သိလား...သူက အကုန်လုံးကိုသေချာနှံ့နှံ့စပ်စပ်သိပြီး သူချက်သမျှကလဲ အရသာရှိတယ် အထူးသဖြင့် စီချွမ်ဟင်းလျာတွေလေ...ရှင်ဒီထက်ပိုသက်သာပြီး အရသာလေးပင်တဲ့အစားအစာတွေစားလို့ရပြီဆိုတာနဲ့ စမ်းစားကြည့်ပေါ့"
မင်လျိုရီပြောသမျှအား နားထောင်ရင်း ယောင်ကျိကျိုး၏ နှုတ်ခမ်းများ ကွေးညွတ်သွားသည်။
'သူမ စပြီးအပြစ်တင်တဲ့ စကားတွေပြောတော့မှာလား... ဟုတ်တာပေါ့ သူများကိုအပြစ်မတင်ခင် အရင်ဆုံး စကားပလ္လင်ခံရမှာပေါ့...'
ယောင်ကျိကျိုးသည် သူမထပ်ပြောလာမည့်စကားကို သေချာအာရုံစိုက်နားထောင်လိုက်သည်။
မင်လျိုရီက ယောင်ကျိကျိုးအား သတိမထားမိဘဲ ဆက်လက်ပြောဆိုနေသည်။
"ဒါနဲ့လေ ကန်တုံအစားအစာဆိုတာလဲရှိတယ်သိလား ဦးလေးကျန်းလုပ်ပေးတဲ့ ကန်တုံဟင်းတွေက အကောင်းဆုံး"
ယောင်ကျိကျိုးက တိတ်တိတ်လေး နားထောင်နေလိုက်သည်။
'ဒါပဲလား...မဟုတ်ဘူးလေ သူမ တစ်ခုခုကို အပြစ်တင်ရတော့မှာမဟုတ်ဘူးလား'
မင်လျိုရီက တစ်ခုခုကိုစဥ်းစားမိသွားသည့်ပုံပင် ယောင်ကျိကျိုးတစ်ခုခုဖြစ်နေသည်ကိုလဲ သတိထားမိပုံမရဘဲ စကားဆက်လိုက်သည်။
"ဟုတ်သား စွပ်ပြုတ်လဲရှိသေးတယ်...ဦးလေးကျန်းရဲ့စွပ်ပြုတ်တွေက အရမ်းအရသာရှိတာနော် ခဏခဏသောက်တာတောင် မငြီးငွေ့သွားဘူး"
ယောင်ကျိကျိုး၏ မျက်နှာသည် ရုတ်ချည်းမဲမှောင်သွားတော့သည်။
'အပြစ်တင်ဝေဖန်မယ်ဆိုရင်လဲ ဒီတိုင်းပြောလိုက်ပါတော့လား ဘာလို့ အရေမရအဖက်မရတွေ ထိုင်ပြောနေတာလဲ'
ယောင်ကျိကျိုးကိုယ်တိုင် နောက်ပိုင်းကျလျှင် ဦးလေးကျန်း၏ လက်ရာသည် ကောင်းလားမကောင်းလား စမ်းကြည့်သင့်သည်ဟု တွေးမိသွားသည်။
တိတ်ဆိတ်နေပြီးနောက် ယောင်ကျိကျိုးက မသက်သာတော့ဘဲ ထုတ်ပြောလိုက်သည်။
"လိုရင်းကိုပြော မဟုတ်ရင်လဲ ပါးစပ်ပိတ်ထား"
မင်လျိုရီသည် တောင့်ခဲသွားတော့သည်။
'ဘာလိုရင်းလဲ လိုရင်းကဘာပါလိမ့်...'
မင်လျိုရီက အချိန်အကြာကြီး စဥ်းစားလိုက်သော်လည်း လိုရင်းကဘာလဲ မသိသေးပေ။ ထို့ကြောင့် ပွစိပွစိပြောနေတာကိုရပ်ပြီး သူမပါးစပ်ကိုသာ တိတ်တိတ်လေး ပိတ်ထားလိုက်ရသည်။
သူမအလုပ်ရှုပ်နေတာကြောင့် ဒီအတောတွင်း ယိုလင်လင်နှင့် အဆက်အသွယ်မလုပ်မိသည်ကို သတိရသွားပြီး မင်လျိုရီက ဖုန်းကိုထုတ်ကာ ယိုလင်လင်အား မက်ဆေ့ပို့လိုက်သည်။ ယောင်ကျိကျိုးသည် မင်လျိုရီ ပါးစပ်ပိတ်သွားမှန်းသိသော်လည်း သူမဖုန်းမှ အချက်ပေးသံများက ဆက်တိုက်မြည်နေတော့သည်။
ယောင်ကျိကျိုးတွင် ပြောစရာစကားများ မရှိတော့ပေ။ သူ့ဘဝတွင် ဒီနေ့လောက် ဆွံ့အခဲ့ရသော အခိုက်အတန့်မရှိခဲ့ဖူးပေ။ ခဏအကြာတွင်တော့ ကြပ်ထုပ်ကိုဖယ်ရန်အချိန်ရောက်လာပြီဖြစ်သောကြောင့် အိမ်အကူများရောက်လာကာ ဖယ်ပေးသွားခဲ့သည်။ မင်လျိုရီလဲ သူမဖုန်းကိုချလိုက်ပြီး ယောင်ကျိကျိုးကို နှိပ်ပေးရန်ရောက်လာခဲ့သည်။
ယောင်ကျိကျိုးသည် မင်လျိုရီက သူ၏ဘောင်းဘီအား လိပ်တင်ပေးနေသည်ကိုတွေ့တော့ ရုတ်တရက် ရင်ထဲထိတ်သွားရသည်။ မတော်တဆဖြစ်ပြီးနောက်ပိုင်းတွင် အမြင်အာရုံကွယ်ပျောက်နေသောကြောင့် သူ၏ဒူးခေါင်းအား မမြင်ဖူးသော်လည်း အကြိမ်ပေါင်းမအရေတွက်နိုင်အောင် ထိကြည့်ခဲ့ဖူးသဖြင့် ဒူးနှစ်ဖက်တွင်အကျည်းတန်လှသည့် ချုပ်ရိုးရာနှစ်ခုရှိနေမှန်း ခံစားမိသည်။
ယောင်ကျိကျိုးက အလောတကြီးပြောလိုက်သည်။
"ငါ့ကိုမထိနဲ့"
ယောင်ကျိကျိုးကိုယ်တိုင်တောင်မှ ထိုဒဏ်ရာများကို မမြင်ချင်လျှင် မင်လျိုရီအတွက်တော့ မေးနေစရာပင်မလို။ မင်လျိုရီက ထိုဒဏ်ရာများကို အကြိမ်များစွာ မြင်ဖူးမှန်းသိသော်လည်း ယခု သူသတိရလာချိန်တွင်တော့ လက်သင့်မခံနိုင်ပေ။
🥰